လောင်ရှူံး အချစ်တွေ့နေပြီ။ သူ့ရဲ့တွဲဖက်က ကူတဲ့လား။
Vol. 14 Ch. 185
သူတို့ ကူယန်မြို့သို့ ပြန်ရောက်သောအခါ ညနေပင် စောင်းနေလေပြီ။
ကားသည် ကျင်တုစံအိမ်ရာအသိုက်အဝန်းသို့ ရောက်သည်နှင့် အသိုက်အဝန်း၏ဝင်ပေါက်တွင် စောင့်ဆိုင်းနေသော ချွေ့ယာကျဲကို တွေ့လိုက်ရသည်။
"ခရီးစဉ်က ဘယ်လိုလဲ။ အစွမ်းထက်ဆေးပင် ရှာတွေ့ခဲ့လား။"
ရဲရှင်းဟွေ့နှင့် အခြားသူများ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ချွေ့ယာကျဲက မစောင့်နိုင်တော့ဘဲ မေးလိုက်၏။
ဖန်လုံက အဖြေမပေးဘဲ သူ့ဘေးမှ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်ကို ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အစွမ်းထက်ဆေးပင်အားလုံးမှာ ယခု သူတို့၏လက်ထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။
ထိုအခြင်းအရာကိုမြင်သော် ချွေ့ယာကျဲသည်လည်း ရဲရှင်းချန်ကို ကြည့်လိုက်သည်။
ရဲရှင်းချန်က ခေါင်းညိတ်ကာ
"ရှာတွေ့ခဲ့ပါတယ်။ ကျွန်တော် ဆေးလုံးဖော်ပြီးရင် ခင်ဗျားကို ဆက်သွယ်လိုက်ပါ့မယ်"
ရဲရှင်းချန်၏စကားကိုကြားသောအခါ ချွေ့ယာကျဲသည် အလွန်အမင်း ဝမ်းသာသွားချေသည်။
"ကျေးဇူးတင်ပါတယ်၊ သခင်လေးရဲ။"
ချွေ့ယာကျဲသည် အလွန်ပျော်ရွှင်မိ၏။ သူမ၏အဘိုး၊ ချွေ့မိသားစု၏ အကြီးအကဲသည် ကုသ၍မရနိုင်သောရောဂါ မရှိသော်လည်း သူ၏လက်ရှိကိုယ်ခန္ဓာအခြေအနေအရ နောက်ထပ်နှစ်နှစ်ထက်ပို၍ အသက်ရှင်နိုင်မည်မဟုတ်ပေ။
နှစ်နှစ်ဆိုသောအချိန်သည် ချွေ့မိသားစု၏ နောက်မျိုးဆက်ကြီးပြင်းရန် မလုံလောက်သောကြောင့် ချွေ့မိသားစုအကြီးအကဲ အသက်ပိုရှည်ရှည်နေနိုင်ရေးမှာ မိသားစုအတွက် အလွန်အရေးကြီးလှသည်။
"ကောင်းပြီ။ အချိန်လည်းမိုးချုပ်နေပြီ၊ ပြန်တော့နော် ကျွန်တော် ဆေးလုံးဖော်ပြီးရင် အကြောင်းကြားလိုက်ပါ့မယ်။"
ထိုသို့ပြောပြီးနောက် ရဲရှင်းချန်က ရှေ့မှဦးဆောင်ကာ အသိုက်အဝန်းဆီသို့ လျှောက်သွားသည်။
ပတ်ဝန်းကျင်မှ ကျီးကန်းများကို အကဲခတ်နေသော ရဲရှင်းဟွေ့သည်လည်း မကြာမီ နောက်မှလိုက်ပါသွား၏။
…
နံနက်နှစ်နာရီကျော်နေပြီဖြစ်သော်လည်း ရဲရှင်းဟွေ့ တံခါးဖွင့်လိုက်သောအခါ ဧည့်ခန်းထဲမှမီးများမှာ လင်းထိန်နေဆဲဖြစ်သည်။
"ငါ့ကို red ပေး။"
"အင်း။"
"ငါ red ယူပြီးရင် နဂါးသွားယူရအောင်။ နားလည်လား။"
"သိပါတယ်၊ သိပါတယ်"
…
ဧည့်ခန်းထဲသို့ ဝင်ရောက်လိုက်သောအခါ ရဲရှင်းဟွေ့သည် ထိုစကားပြောဆိုမှုကို နားလည်သွားသည်။
"ဒီလောက်မိုးချုပ်နေတာတောင် ကစားနေတုန်းလား။ ဒီလောက်တောင် စွဲနေကြတာလား။"
ထိုသို့ တီးတိုးရေရွတ်လိုက်ပြီးနောက် ရဲရှင်းဟွေ့သည် ဂိမ်းခန်းဆီသို့ လျှောက်သွား၏။
ဂိမ်းခန်း၏တံခါးမှာ ဟနေချေသည်။ ဂိမ်းခန်းထဲတွင် ပေါင်ပေါင်းနှင့် ဝက်ဝံကန်းတို့သည် ကွန်ပျူတာရှေ့တွင် League of Legends ကစားနေကြပြီ။
ဝက်ဝံကန်းမှာ ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း ပေါင်ပေါင်း၏ပုံစံမှာမူ ရဲရှင်းဟွေ့ကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။
သူမသည် အပြာနှင့်အဖြူကွက် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်တွင် ဆီကွက်အနည်းငယ် စွန်းထင်းနေ၏။ သူမ အဝတ်အစားမလဲသည်မှာ အချိန်ကြာပြီဖြစ်ကြောင်း ထင်ရှားလှသည်။
ထို့အပြင် သူမ၏မျက်ကွင်းများမှာ ညိုမည်းနေပြီး ဆံပင်များမှာလည်း မီးရောင်အောက်တွင် အနည်းငယ် ပြောင်လက်နေပေသည်။
"ဟူး... မင်းတို့ ဒီမှာ ကစားနေတာ ဘယ်နှရက်ရှိပြီလဲ။"
နဂါးကို အာရုံစိုက်နေသော ဝက်ဝံကန်းသည် ရဲရှင်းဟွေ့၏စကားကိုကြားသော် ပထမဦးစွာ သူ့ဘေးမှ ပေါင်ပေါင်းကို တစ်ချက်ကြည့်လိုက်ပြီးမှ
"ရက်နည်းနည်းလေးပါပဲ။ ငါတို့ ရက်နည်းနည်းပဲ ကစားတာပါ။ ခမင်းထွက်သွားတဲ့အချိန်လောက်ပဲ ရှိမယ်"
"ဟေ့။ နေ့တိုင်း ဒီလိုညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတာ မကောင်းဘူးနော်"
ရဲရှင်းဟွေ့က လေသံမာမာဖြင့် ပြောလိုက်၏။
ပေါင်ပေါင်းသည် ရဲရှင်းဟွေ့၏စကားကိုကြားသော် သူမလုပ်နေသည်ကို ရပ်တန့်လိုက်ပြီး ရဲရှင်းဟွေ့ကို နောက်ပြန်လှည့်ကြည့်ကာ လေသံအေးအေးဖြင့်
"ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတာ မကောင်းဘူးဆိုတာ ငါသိပါတယ်"
"သိရဲ့သားနဲ့ ညဉ့်နက်တဲ့အထိ နေတုန်းလား။"
"မကောင်းဘူးဆိုတာ သိလို့ ညဉ့်နက်တဲ့အထိ မနေပါဘူး။ ဒါကြောင့် တစ်ညလုံး မအိပ်ဘဲနေလိုက်တာ"
ပေါင်ပေါင်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
ရဲရှင်းဟွေ့ - "..."
ပေါင်ပေါင်း၏အဖြေမှာ ရဲရှင်းဟွေ့ကို စကားမပြောနိုင်အောင် ဖြစ်သွားစေချေသည်။
သူမပြောလိုက်သည်မှာ တစ်နည်းတစ်ဖုံ ယုတ္တိရှိနေသလိုပင်။
ထို့နောက် ရဲရှင်းဟွေ့က ဝက်ဝံကန်းကို ကြည့်ကာ
"မင်းလည်း တစ်ညလုံး မအိပ်ဘဲနေတာလား"
ဝက်ဝံကန်းက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ကျွန်တော်လည်း တစ်ညလုံး မအိပ်ဘဲနေတာပဲ၊ ဒါပေမဲ့ နေ့ဘက်မှာ အိပ်တယ်"
ပေါင်ပေါင်း၏ အခြေအနေကို သိရှိပြီးနောက် ရဲရှင်းဟွေ့သည် သူမ၏နောက်တွင်ရပ်ကာ ဂိမ်းပြီးဆုံးသည်အထိ စောင့်ဆိုင်းနေလိုက်သည်။
ရန်သူ့အခြေစိုက်စခန်း ပေါက်ကွဲသွားသောအခါ ရဲရှင်းဟွေ့က အင်တာနက်ကြိုးကို ပြတ်ပြတ်သားသား ဆွဲဖြုတ်လိုက်၏။
ရဲရှင်းဟွေ့သည် ယခုတစ်ကြိမ် တစ်ပတ်ကျော်ကြာ ထွက်သွားခဲ့သည်။ အကယ်၍ ရဲရှင်းဟွေ့က အရေးမယူပါက ပေါင်ပေါင်းသည် ဆက်လက်၍ ကစားနေမည်ဖြစ်ပြီး အသည်းရောဂါပင် ရသွားနိုင်ဖွယ်ရှိသည်။
"နင် ဘာလုပ်တာလဲ။"
"ဘာလုပ်ရမလဲ။ ငါ ဘာလုပ်စေချင်လဲ။ မင်း အိပ်တော့။ ကောင်းကောင်းမအိပ်ရင် မနက်ဖြန်ကစပြီး အင်တာနက်ကို ဖြတ်တောက်ပစ်မယ်။"
ပေါင်ပေါင်းက သူမ၏ခေါင်းကိုကုတ်လိုက်ပြီး အင်တာနက်ချိတ်ဆက်မှု ပြတ်တောက်သွားသော ကွန်ပျူတာကို ကြည့်လိုက်သည်။
"ကောင်းပြီလေ..."
ထိုသို့ပြောပြီးနောက် ပေါင်ပေါင်းသည် သူမ၏အခန်းဆီသို့ လျှောက်သွားသည်။
"ဟေ့။ ရေချိုးပြီး အဝတ်အစားလဲဖို့ မမေ့နဲ့ဦး။"
"သိပါတယ်၊ သိပါတယ်..."
ပေါင်ပေါင်း ထွက်သွားသည်ကို မြင်ပြီးနောက် ရဲရှင်းဟွေ့က လောင်ရှူံးကို ကြည့်လိုက်သည်။
"လောင်ရှူံး၊ ငါနဲ့လိုက်ခဲ့။ မင်းရဲ့ခန္ဓကိုယ်ာအခြေအနေကို ငါကူပြီးဖြေရှင်းပေးမယ်။"
လောင်ရှူံးသည် ထိုစကားကိုကြားသော် အနည်းငယ် ရှုပ်ထွေးသွားသည်။
"ငါ့ကိုယ်ခန္ဓာအခြေအနေလား။ ဘယ်လိုဖြေရှင်းပေးမှာလဲ"
"မင်းဆီက အဆိပ်ကို ထုတ်ပေးမလို့"
ရဲရှင်းဟွေ့က ပြန်ဖြေလိုက်၏။
လောင်ရှူံးက ခဏမျှစဉ်းစားပြီးနောက်
"မေ့လိုက်ပါတော့။ ဒီ ကူက... ကျွန်တော်နဲ့အတူရှိနေတာ အချိန်အကြာကြီးရှိပြီ၊ ပြီးတော့... ကျွန်တော်တို့ အခု အချင်းချင်း ဆက်သွယ်လို့ရနေပြီ"
လောင်ရှူံးက ကူကို ထုတ်မပစ်လိုသည့်အကြောင်းမှာ နှစ်ဦးနှစ်ဖက် ဆက်သွယ်နိုင်သောကြောင့်သာမက ထိုကောင်မှာ အမဖြစ်သောကြောင့်လည်း ဖြစ်သည်။
အတူတကွရှင်သန်နေသောကြောင့်လားမသိ။ထိုကူအမသည် လောင်ရှူံးကို အလွန်နားလည်ပြီး အလွန်ဂရုစိုက်တတ်သည်။
လောင်ရှူံးသည် ချစ်သူမရှိဘဲ ဤကူနှင့်ပင် ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားရလျှင် ကောင်းမည်ဟုပင် တွေးမိသည်။
"ဟေ့ကောင်။ မင်း ငါ့ကို နောက်နေတာလား။ ဒီကောင်က မင်းကို အချိန်မရွေး သတ်နိုင်တယ်ဆိုတာ မင်းသိသင့်တယ်နော်"
ရဲရှင်းဟွေ့က သူ့ကို ဖျောင်းဖျရန် ကြိုးစားလိုက်၏။
သို့သော် လောင်ရှူံးက ခေါင်းခါကာ
"ဟင့်အင်း။ ရှောင်ကူက ငါ့ကို မသတ်ပါဘူး"
ထိုသို့ပြောလိုက်ချိန်တွင် လောင်ရှူံး၏ မျက်နှာအမူအရာသည် အနည်းငယ် ရှက်သွေးဖြန်းသွားသည်။
ဤမြင်ကွင်းကိုမြင်သော် ရဲရှင်းဟွေ့သည် သူ၏ကမ္ဘာအမြင်များ ပြိုလဲသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။
ဘဝနှစ်ခုနေထိုင်ခဲ့သော လူသားတစ်ဦးအနေဖြင့် ရဲရှင်းဟွေ့သည် အရုပ်များကို ချစ်ကြိုက်သူများ၊ ရုပ်တုများကို ချစ်ကြိုက်သူများနှင့် မိမိ၏လက်နှင့်ပင် လက်ထပ်သူများကို မြင်ဖူးခဲ့သည်။
သို့သော် ကူနှင့် ခံစားချက်ရှိနိုင်သောသူကိုမူ ရဲရှင်းဟွေ့ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး လောကတွင် အချိန်ကြာကြာနေမှ အရာရာကို မြင်ဖူးကြားဖူးမည်ဟုသာ သူဆိုနိုင်တော့သည်။
"လောင်ရှူံး... မင်း ငါ့ကို နောက်နေတာလား။ မင်း အဲ့ဒီကောင်ကို ချစ်နေတာလား။"
"အင်း..."
လောင်ရှူံးက ခေါင်းညိတ်လိုက်ပြီး မငြင်းဆိုခဲ့ပေ။
ရဲရှင်းဟွေ့သည် လောင်ရှူံးအတွက် ကူကို ထုတ်ပေးမည့်အကြောင်း ဆက်မပြောတော့ဘဲ သူ၏အစ်ကိုကြီးထံသို့ တိုက်ရိုက်သွားလိုက်သည်။
သူ၏အစ်ကိုကြီးမှာ အတွေ့အကြုံများသူဖြစ်၏။ သူသည် ကူနှင့် ချစ်ကြိုက်သူများကို အရင်က မြင်ဖူးကောင်းမြင်ဖူးပေလိမ့်မည်။
"ဟင်။ လောင်ရှူံးက သူ့ကိုယ်ထဲက ကူကို ချစ်နေတယ် ဟုတ်လား။"
"ဟုတ်တယ်။ ဒါကြောင့် ကျွန်တော် အစ်ကို့ကို မေးချင်တာ၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။"
"တခြားဘာလုပ်နိုင်ဦးမှာလဲ။ သူက တစ်ယောက်ယောက်ကို ကြိုက်နေတာပဲ၊ ကြိုက်ပါစေပေါ့။ ငါတို့က လူရဲ့ လွတ်လပ်စွာချစ်ခွင့်ကို ကန့်သတ်ချင်လို့လား"
ရဲရှင်းချန်က ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူးလေ... အဲ့ဒါက ကူလေ။ ပြီးတော့... ကူတွေက တကယ်ပဲ အထီးအမ ခွဲထားတာလား။ ကျွန်တော်ကတော့ အဆုံးမှာ ဓားချင်းယှဉ်ခုတ်တဲ့အဖြစ်မျိုး မဖြစ်စေချင်ဘူး။"
ရဲရှင်းချန်က ခဏစဉ်းစားပြီးနောက်
"ဓားချင်းယှဉ်ခုတ်တာဖြစ်မလား၊ မဖြစ်မလားဆိုတာကတော့ လောင်ရှူံးရဲ့ကိုယ်ထဲကနေ အဲ့ကောင်ကို ဆွဲထုတ်လိုက်မှ သိရမှာပဲ"
လောင်ရှူံးက သဘောမတူရင် ဘာလုပ်ရမလဲဟု ရဲရှင်းဟွေ့က ပြောချင်နေသည်။
သို့သော် ရဲရှင်းဟွေ့ စကားမပြောမီမှာပင် ရဲရှင်းချန်က ဖြတ်ပြောလိုက်၏။
"စိတ်မပူနဲ့၊ သူသဘောတူမှာပါ။ ကူကို ဆွဲထုတ်လိုက်ရင်တောင် အဲ့ကောင်ကိုယ်တိုင်က မသေဘူး၊ ဝိညာဉ်စွမ်းအင်ချီ လုံလုံလောက်လောက်ရှိနေသရွေ့ပေါ့။ ပြီးတော့... အဲ့ကောင်က မသေရုံတင်မကဘူး၊ လူသားပုံစံပြောင်းနိုင်တဲ့အထိတောင် ကျင့်ကြံနိုင်သေးတယ်။"
"သေစမ်း။ အဲ့လိုမျိုးရှိသေးတာကို ငါမေ့နေတာပဲ။"
သို့သော် အကယ်၍ ထိုကောင်က ကျင့်ကြံပြီး လူသားပုံစံရလာသော်လည်း တကယ်တမ်း အထီးဖြစ်နေခဲ့လျှင် လောင်ရှူံးမှာ တကယ်ပင် ဓားချင်းယှဉ်ခုတ်ရတော့မည် မဟုတ်လား။
ထိုသို့တွေးမိသော် ရဲရှင်းဟွေ့မှာ အနည်းငယ် တုန်လှုပ်သွားသည်။
×××××××××