ပျော်ရွှင်သော စုံတွဲတစ်တွဲ
Vol. 14 Ch. 186
"အိုး ရှင်းဟွေ့၊ ငါတို့ ဘယ်ရောက်နေတာလဲ။"
တောင်တန်းနှင့်မြစ်ချောင်းများမြေပုံသို့ ရောက်ရှိပြီးနောက် လောင်ရှူံးသည် တအံ့တဩဖြစ်နေ၏။ မည်သို့ပင်ဆိုစေကာမူ သူသည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်သည်။
သို့သော် သူဝင်ရောက်ပြီး သုံးစက္ကန့်ပင်မပြည့်သေးခင်မှာပင် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်ချီများသည် ရုတ်တရက် သူ့ထံသို့ စီးဝင်လာပြီး ဝိညာဉ်စွမ်းအင်ချီဒီရေအသေးစားတစ်ခု ဖြစ်ပေါ်လာသည်။
ရဲရှင်းဟွေ့သည် ဤမြင်ကွင်းကိုမြင်သော် သူ့ဘေးတွင်ရပ်နေသော ရဲရှင်းချန်ကို အမြန်ကြည့်လိုက်သည်။
"စိတ်မပူနဲ့၊ ဘာမှမဖြစ်ဘူး။"
သူ၏အစ်ကိုက ဘာမှမဖြစ်ဟုဆိုသောအခါ ရဲရှင်းဟွေ့သည် စိတ်သက်သာရာရသွားပြီး သူ၏အာရုံကို သူ့အားဝန်းရံနေသော ညီငယ်များထံသို့ ပြောင်းလိုက်သည်။
တောင်တန်းနှင့်မြစ်ချောင်းများမြေပုံသို့ ဝင်ရောက်ပြီးနောက် ရဲရှင်းဟွေ့၏ညီငယ်များသည် သူရောက်ရှိလာသည်ကို ခံစားမိကြပြီး ချက်ချင်းပင် စုရုံးရောက်ရှိလာကြသည်။
ယင်းလုံသည်လည်း ရဲရှင်းဟွေ့၏ညီငယ်များနှင့် ရောနှောနေပြီး သူသည် အဆင်ပြေနေပုံရ၏။
အစပိုင်းတွင် ယင်းလုံသည် ဝိညာဉ်စာချုပ်ကို အတင်းအကျပ်ချုပ်ဆိုခံရသောအခါ အလွန်မကျေမနပ်ဖြစ်ခဲ့ချေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအခါ ခံ့ညားထည်ဝါသော ယင်းလုံတစ်ကောင် ဖြစ်နေပြီဖြစ်သည်။ သူသည် မကြာသေးမီကမှ ဆင့်ကဲပြောင်းလဲခဲ့သော်လည်း သူသည် စစ်မှန်သောနဂါးတစ်ကောင် ဖြစ်နေဆဲပင်။
သူသည် မည်သို့လျှင် တစ်စုံတစ်ယောက်၏ စီးတော်ယာဉ် သို့မဟုတ် ညီငယ်အဖြစ် အမှုထမ်းနိုင်မည်နည်း။
သို့သော် သူသည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံသို့ ဝင်ရောက်လာသောအခါ အခြားအကြောင်းကြောင့်မဟုတ်ဘဲ အဓိကအားဖြင့် ဤနေရာမှပတ်ဝန်းကျင် အလွန်ကောင်းမွန်သောကြောင့် ချက်ချင်းပင် အလွန်ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။
ယင်းလုံ၏ဇာတိမှာ နတ်ဘုရားနှင့်နတ်ဆိုးလောကတွင်ဖြစ်သော်လည် သူ၏နယ်မြေရှိ ဝိညာဉ်စွမ်းအင်ချီသည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံမှာလောက် အားမကောင်းသည့်အပြင် ဧရိယာမှာလည်း ဤမျှမကျယ်ဝန်းပေ။
အရေးကြီးဆုံးအချက်မှာ သေစေနိုင်သော သဘာဝရန်သူများ မရှိခြင်းပင်ဖြစ်သည်။
ဤနေရာတွင် တစ်ဦးတည်းသော သဘာဝရန်သူမှာ ရဲရှင်းဟွေ့ပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
"ဘော့စ်။"
ဖားယားတတ်သောခွေးတစ်ကောင်ကဲ့သို့ မဟုတ်သေး ဖားယားတတ်သောနဂါးတစ်ကောင်ကဲ့သို့ ယင်းလုံသည် ရဲရှင်းဟွေ့ထံသို့ ပထမဆုံးရောက်ရှိလာပြီး ဝပ်တွားလိုက်သည်။
ထိုအချိန်တွင် ကျားနှစ်ကောင်သည်လည်း ရောက်ရှိလာပြီး "ကျွန်တော်တို့ကို လက်ခံပေးပါ" ဟု ရိုသေစွာ ပြောလိုက်ကြ၏။
ထိုအခြင်းအရာကိုမြင်သော် ရဲရှင်းဟွေ့သည် တုံ့ဆိုင်းမနေဘဲ ဤညီငယ်နှစ်ဦးကို ပြတ်ပြတ်သားသား လက်ခံလိုက်သည်။
"ကောင်းပြီ။ ဒါဆို မင်းတို့ကို အရင်ဆုံး နာမည်ပေးလိုက်မယ်။"
ရဲရှင်းဟွေ့က သူ၏မေးစေ့ကို ပွတ်သပ်ကာ ခဏစဉ်းစားပြီးနောက် ကျားထီးကို
"မင်းနာမည်က တိုက်ဂါး"
ထို့နောက် သူက ကျားမကို ညွှန်ပြကာ "မင်းနာမည်က ဟူနျို" ဟု ပြောလိုက်၏။
နောက်ဆုံးတွင် သူက ယင်းလုံကို ကြည့်လိုက်သည်။ သူသည် ရွှေဝါရောင်အကြေးခွံများကို ကြည့်ကာ Sesame Street ကို အမှတ်ရသွားသည်။
"မင်းကတော့... ကိုယ့်ကိုယ်ကိုယ် ငှက်ကြီးလို့ပဲ ခေါ်လိုက်တော့။"
"ဒါပေမဲ့ သခင်... ကျွန်တော်က နဂါးတစ်ကောင်လေ။"
ယင်းလုံမှာ အနည်းငယ် စိတ်မပါဖြစ်နေချေသည်။ ခံ့ညားထည်ဝါသော ယင်းလုံတစ်ကောင်ဖြစ်သော သူက မည်သို့လျှင် ငှက်တစ်ကောင်ဟု ခေါ်ဆိုနိုင်မည်နည်း။
"ဒါဆို... ရှတားလုံ။"
အိမ်မွေးတိရစ္ဆာန်အသစ်သုံးကောင်ကို နာမည်ပေးပြီးနောက် ရဲရှင်းဟွေ့က သူ၏အစ်ကိုနှင့် လောင်ရှူံးကို ကြည့်လိုက်သည်။
လောင်ရှူံးသည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံသို့ ဝင်ရောက်ပြီးနောက် အစပိုင်းတွင် တအံ့တဩဖြစ်သွားပြီးနောက် သူ့ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်ချီများသည် သူ၏ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် စီးဝင်လာသည်။
၎င်းသည် ရဲရှင်းဟွေ့ အရင်က ထုတ်လုပ်ခဲ့သော ဝိညာဉ်စွမ်းအင်ချီဒီရေလောက် မကောင်းမွန်သော်လည်း ဤဝိညာဉ်စွမ်းအင်ချီဒီရေအသေးစားမှာလည်း အလွန်ရှားပါးလှသည်။
ရဲရှင်းချန်က လောင်ရှူံးကိုကြည့်ကာ
"အင်း... ကြည့်ရတာ... လောင်ရှူံးရဲ့ကိုယ်ထဲက ကူက တကယ်ပဲ သာမန်အရာမဟုတ်ဘူးပဲ"
"ဟားဟား။ လောင်ရှူံးကို ချစ်ကြိုက်သွားစေနိုင်တဲ့ ကူက ဘယ်လိုလုပ် သာမန်ဖြစ်နိုင်မှာလဲ"
ရဲရှင်းဟွေ့က အနည်းငယ် ဆွံ့အစွာ ပြောလိုက်၏။
ရဲရှင်းချန်က ရဲရှင်းဟွေ့၏ ညည်းညူသံများကို လျစ်လျူရှုကာ ဆက်လက်ရှင်းပြသည်။
"လောင်ရှူံးရဲ့ ခန္ဓာကိုယ်ထဲက ကူက အစကတော့ အသိဉာဏ်မရှိဘူး၊ ဒါပေမဲ့ မကြာသေးခင်က သူစားလိုက်တဲ့ တစ်ခုခုကြောင့် ဝိညာဉ်စဝင်သွားတာဖြစ်မယ်။ ဝိညာဉ်နိုးထခြင်းအဆင့်ကို ရောက်သွားတာက ဘာမှမဟုတ်ဘူး။ အရေးကြီးဆုံးက ဒီကောင်မှာ သူ့ကိုယ်ပိုင်အမွေအနှစ် ရှိနေလို့ပဲ။ မဟုတ်ရင် သူက ဝိညာဉ်စွမ်းအင်ချီတွေကို ဒီလောက်ရူးသွပ်မတတ် စုပ်ယူနေမှာမဟုတ်ဘူး။"
သူ၏အစ်ကိုကြီး၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ရဲရှင်းဟွေ့က သေချာစဉ်းစားကြည့်လိုက်သည်။ လွန်ခဲ့သောအချိန်အနည်းငယ်က လောင်ရှူံး ဘာစားခဲ့ပါသနည်း။
အင်း…သူသည် ရဲရှင်းဟွေ့ပေးခဲ့သော ဂျင်ဆင်းကို စားခဲ့ပုံရသည်။
သေစမ်း။ လောင်ရှူံး၏ လူနှင့် ကူကြားမှ ချစ်ဇာတ်လမ်းသည် တကယ်တမ်းတွင် သူ၏အမှားကြောင့် ဖြစ်နေသည်လား။
ရဲရှင်းဟွေ့သည် လောင်ရှူံးအတွက် ရုတ်တရက် အနည်းငယ် အားနာသွားသည်။
အချိန်သည် တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွား၏။
ရဲရှင်းဟွေ့သည်လည်း ဤအချိန်အတောအတွင်း သူ၏ကိုယ်ပွားများ၏ ကြိုးစားအားထုတ်မှုအသီးအပွင့်များကို ရိတ်သိမ်းလိုက်သည်။
သူသည် ကိုယ်ပွားများ၏နေရာသို့ ရောက်ရှိလာသောအခါ ဘဝတွင် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားပုံရသော ခွေးတစ်ကောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲခံထားရသည်ကို တွေ့ရှိခဲ့သည်။
ထိုခွေးမှာ ရှောင်ဟာ့ဖြစ်သည်။
သူသည် ကိုယ်ပွားများ၏ အတွေ့အကြုံများကို ရရှိသောအခါ ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကိုလည်း သိရှိသွားသည်။
ကျားနှစ်ကောင်ကို ရန်စခဲ့သည်မှာ ရှောင်ဟာ့ဖြစ်ပြီး ထို့နောက် ဤကျိန်စာသင့်ခွေးသည် သူ၏ကိုယ်ပိုင်ကိုယ်ပွားများကိုပင် ရန်စခဲ့သည်။ အဆုံးတွင် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ သက်ရှိအားလုံးသည် ရှောင်ဟကို အသုံးပြု၍ ပြုပြင်ထားသော whack-a-mole ဂိမ်းကို ကစားခဲ့ကြသည်။
"ဟားဟား။ ဒီခွေးကတော့ သေချင်နေတာပဲ။"
ထိုသို့ပြောရင်း ရဲရှင်းဟွေ့က ရှောင်ဟာ့ကို သစ်ပင်ပေါ်မှ ချပေးလိုက်သည်။
"ငါမင်းကို ပြောသားပဲ၊ မင်းသာ သေချင်ရင် သေချင်တဲ့အဖိုးအခကို ပေးဆပ်ရလိမ့်မယ်လို့။"
ရှောင်ဟာ့သည် ရဲရှင်းဟွေ့၏စကားကိုကြားသော် ချက်ချင်းပင် ငိုယိုလိုက်ပြီး နောက်ဆုံးတွင် ရဲရှင်းဟွေ့၏ပေါင်ကို ဖက်ထားလိုက်သည်။
"သခင်... ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော်မှားသွားပါတယ်။ နောက်တစ်ခါ တစ်ယောက်ယောက်က ခွေးသားစားချင်တယ်ဆိုရင် ကျွန်တော် သခင့်ကိုပဲ အရင်တွန်းထုတ်လိုက်... ဟင့်အင်း၊ ကျွန်တော်ဆိုလိုတာက ကျွန်တော် သခင့်ကို ဘယ်တော့မှ တွန်းမထုတ်ပါဘူးလို့။ ကျွန်တော် ကျိန်ရဲပါတယ်။"
ဤသို့ပြောလိုက်သောအခါ ရှောင်ဟာ့၏ မျက်နှာအမူအရာသည် ရုတ်တရက် လေးနက်သွားသည်။
"သခင်၊ ကျွန်တော့်ကို ကျင့်ကြံနည်း သင်ပေးပါ။ ကျွန်တော် အဲ့ဒီကြောင်တွေရဲ့ အနိုင်ကျင့်တာကို မခံချင်တော့ဘူး။ ကျွန်တော်တို့ ခွေးမျိုးနွယ်ရဲ့ နာမည်ကို ပြန်လည်အဖတ်ဆယ်ချင်တယ်။"
"ကောင်းပြီ။ မင်း ကျင့်ကြံချင်တယ်ဆိုရင် ငါ့အလုပ်ပြီးတဲ့အထိ စောင့်။"
ရဲရှင်းဟွေ့၏စကားကိုကြားသော် ရှောင်ဟသည် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သူ၏မူလသနားစရာကောင်းသောအသွင်မှာ ပျောက်ကွယ်သွားပြီး မျက်လုံးတစ်ဖက်လပ်နဂါးနှင့် ဝတုတ်ကြောင်နှစ်ကောင်ထံသို့ ဝမ်းသာအားရ ပြေးသွား၏။
"မင်းတို့သုံးကောင်၊ စောင့်နေလိုက်၊ ငါကျင့်ကြံပြီးရင် မင်းတို့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေ။"
မျက်လုံးတစ်ဖက်လပ်နဂါး - "..."
တက်ဘီကြောင် - "..."
လိမ္မော်ရောင်ကြောင် - "..."
ကြောင်သုံးကောင်လုံး အနည်းငယ် ရှုပ်ထွေးသွားကြသည်။
"မင်းက ဘာလို့ ငါတို့ကို ရန်တွေ့နေတာလဲ။ ငါတို့ မင်းကို ရန်မစပါဘူး။ မင်းကိုရိုက်တာ အဲ့ကျားနှစ်ကောင်လေ။"
ရှောင်ဟာ့သည် သူ့ကိုရိုက်သည်မှာ ကျားနှစ်ကောင်ဖြစ်ကြောင်း သဘာဝကျကျပင် သိရှိသော်လည်း သူသည် ကျားနှစ်ကောင်ကို မနိုင်သည့်အပြင် ကျင့်ကြံအောင်မြင်ပြီးနောက်တွင်ပင် ယုံကြည်မှုမရှိပေ။
သို့သော် ကြောင်သုံးကောင်မှာမူ ခြားနားသည်။ ဤကြောင်များနှင့် ရင်ဆိုင်ရာတွင် ခွေးများတွင် သဘာဝအားဖြင့် သာလွန်သည်ဟူသော ခံစားချက်ရှိသည်။ ခွေးများသည် ကြောင်များထက် ပိုကြီးပြီး ပိုသန်မာသည်။
မူလက ရှောင်ဟာ့သည် ဆက်လက်ကြွားဝါလိုသော်လည်း အမှန်တကယ်တွင် ကျင့်ကြံခြင်းကို ပိုစော၍စတင်ခဲ့သော ကြောင်သုံးကောင်မှာမူ သည်းမခံနိုင်တော့သောကြောင့် သူ့ထံသို့ ပြေးတက်လာပြီး ကောင်းကောင်းတစ်ပွဲ ဆုံးမလိုက်ကြသည်။
ရဲရှင်းဟွေ့သည် အရာအားလုံးကို သူ၏မျက်စိရှေ့တွင် မြင်နေပြီး "အိုး။ ဒီဟက်စကီးကတော့ မျှော်လင့်ချက်မရှိတော့ဘူး" ဟု တီးတိုးရေရွတ်ကာ တိတ်တဆိတ် ခေါင်းခါလိုက်သည်။
ရဲရှင်းဟွေ့သည် လောင်ရှူံး၏ကိစ္စပြီးပြတ်ပြီးနောက် ရှောင်ဟာ့ကို ကျင့်ကြံနည်း သင်ပေးရန် ဆုံးဖြတ်လိုက်၏။ သို့မဟုတ်လျှင် သူသည် တစ်နေ့နေ့တွင် မတော်တဆ အရိုက်ခံရ၍ သေသွားနိုင်ဖွယ်ရှိသည်။
ကျင့်ကြံခြင်းအတွေ့အကြုံတစ်သုတ် ရရှိပြီးနောက် ရဲရှင်းဟွေ့သည် ရဲရှင်းချန်၏ဘေးတွင် တစ်ဖန်ပြန်လည်ရပ်လိုက်သည်။
ထိုအချိန်တွင် လောင်ရှူံး၏ကိုယ်ခန္ဓာပတ်လည်တွင် တိုက်ခတ်နေသော ဝိညာဉ်စွမ်းအင်ချီဒီရေအသေးစားမှာ ပြယ်လွင့်သွားပြီး လောင်ရှူံး၏ မူလအရပ်ရှည်သော ကိုယ်လုံးမှာ ပို၍ပင် ကြီးထွားလာသည်။
အကယ်၍ သူသည် ယခု မတ်တပ်ရပ်လိုက်မည်ဆိုလျှင် သူသည် နှစ်မီတာခွဲခန့် အရပ်ရှည်ပေလိမ့်မည်။
"ဘာဖြစ်ရတာတုန်း။ ကူက ကိုယ်ခန္ဓာကြီးထွားမှုကို အားပေးနိုင်လို့လား"
ရဲရှင်းဟွေ့က အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မဟုတ်ဘူး။ အဲ့ကောင်က လောင်ရှူံးကို ကာကွယ်ပေးနေတာ။ သူက ပိုပြီးသန်မာလာလေလေ၊ လက်ခံခန္ဓာက မခံနိုင်ဖြစ်လာမှာစိုးလို့ သူ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို လောင်ရှူံးကို ပေးလိုက်တာ။"
"ဟေး။ ဒီကောင်က တကယ်ပဲ လောင်ရှူံးကို ချစ်နေတာလား။ သူ့အတွက် တကယ်ကို ဂရုစိုက်ပြီး စဉ်းစားပေးတာပဲ။"
အမှန်တကယ်တွင် ရဲရှင်းဟွေ့က ပါးစပ်ကသာ ထိုသို့ပြောနေခြင်းဖြစ်သည်။ ရဲရှင်းချန်ရှိနေသဖြင့် ဤကောင်သည် လောင်ရှူံးကို ထိခိုက်နာကျင်စေမည့် မည်သည့်အရာကိုမျှ မလုပ်ဝံ့သလို လုပ်နိုင်မည်လည်းမဟုတ်ပေ။
နာရီဝက်ကျော်ကြာပြီးနောက် လောင်ရှူံးသည် နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
လောင်ရှူံးသည် မျက်လုံးဖွင့်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ ခံ့ညားထည်ဝါသောစွမ်းအားကို ခံစားမိသောအခါ အနည်းငယ်တွေဝေသွား၏။
"ဘာဖြစ်သွားတာလဲ။"
လောင်ရှူံး မေးလိုက်သည်နှင့် သူ၏လက်ကောက်ဝတ်တွင် ဒဏ်ရာတစ်ခု ရုတ်တရက်ပေါ်လာပြီး သွေးအနည်းငယ် ပန်းထွက်လာသည်။
ထိုသွေးများသည် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်ချီများကို စတင်စုပ်ယူလာပြီး မကြာမီမှာပင် လူသားပုံစံအဖြစ်သို့ စုဖွဲ့သွားသည်။
တဖြည်းဖြည်းနှင့် ဤသွေးရောင်လူသားရုပ်သည် လောင်ရှူံး နေ့ရောညပါ တမ်းတနေခဲ့သော အမျိုးသမီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအမျိုးသမီးသည် စွဲမက်ဖွယ်မြွေဟောက်မက နှင်းဆီဟူသော အမည်ဝှက်ကိုသုံးစဉ်က အယောင်ဆောင်ခဲ့သော အမျိုးသမီးနှင့် တစ်ပုံစံတည်း တူနေ၏။
"နှင်းဆီ..."
လောင်ရှူံးက မသိလိုက်စွာဖြင့် ရေရွတ်လိုက်သည်။
"အစ်ကိုရှုံး"
နှင်းဆီဟုခေါ်သော ကူကလည်း ညင်သာစွာ ပြန်ခေါ်လိုက်သည်။
××××××