ရဲဖန် အစစ်နှင့် အတု (၁)
Vol. 15 Ch. 198
ပေါက်ခူ့အာဆိုသူကို ရှင်းလင်းပြီးသွားသည့်အခါတွင်တော့ ရဲရှင်းဟွေ့က သူ့နောက်ကျောဘက်မှ အရိပ်ဆူးဆိုသူကို တစ်စုံတစ်ရာကို စူးစမ်းသလို တစ်ချက်တစ်ချက်တွင် အကဲခတ်သလို ထူးဆန်းသည့်အကြည့်မျိုးဖြင့် လှည့်ကြည့်လိုက်၏။
“ကျွန်တော်တစ်ခုလောက်တော့ ပွင့်ပွင့်လင်းလင်းမေးပါရစေ ဦးလေး... ကိုယ့်ဇနီးကိုစွန့်ပစ်ခဲ့တဲ့ လူယုတ်မာတစ်ယောက်ဖြစ်နေလိမ့်မယ်လို့တော့ ကျွန်တော် တကယ်မထင်ခဲ့မိဘူးဗျာ။”
ရဲရှင်းဟွေ့၏ စကားကိုကြားလိုက်ရသောအခါ အရိပ်ဆူးမှာတော့ ခေါင်းကိုသာ ငိုက်စိုက်ချလိုက်မိတော့သည်။ မူလက သူက သူ၏ဦးလေးမဟုတ်ကြောင်း ရှင်းပြရန် ကြံရွယ်ထားခဲ့သော်လည်း 'ဇနီးကိုစွန့်ပစ်ခြင်း' ဆိုသည့် စကားရပ်က သူ၏ရင်ကို ဆောင့်ကန်လိုက်သလို ခံစားလိုက်ရ၏။
ယုတ္တိရှိရှိတွေးကြည့်လျှင် သူသည် အမှန်ပင် ဇနီးကိုစွန့်ပစ်ခဲ့သော ယောက်ျားတစ်ဦးဖြစ်သည်။ သို့သော် သူ အရာရာကို အစားပြန်ပေးဆပ်လိုသောအခါတွင်မူ သူ့ကိုစောင့်ဆိုင်းနေမည့်သူမှာ မရှိတော့ချေ။
ဤသို့တွေးရင်း အရိပ်ဆူးသည် သူ၏လည်ပင်းတွင်ဆွဲထားသော ဝိဉာည်ပုလဲနီလေးကို အလိုအလျောက်ပင် တို့ထိလိုက်မိပြန်သည်။ ဤကမ္ဘာလောကကြီးတွင် လူများကိုပြန်လည်ရှင်သန်စေနိုင်သော နည်းလမ်းတစ်ခုခုတော့ ရှိလိမ့်မည်ဟု သူယုံကြည်နေမိသည်။ သို့သော် ထိုသို့သောနည်းလမ်းကို သူသည် အဘယ်မှာ သွားရှာဖွေနိုင်မည်နည်း...။
သူ၏သမီးငယ်လေးအား “စိတ်မပူပါနဲ့... မေမေက သေချာပေါက်ပြန်လာမှာပါ...” ဟု သူ အဆက်မပြတ်ပြောဆိုနေခဲ့သော်ငြားလည်း ဤစကားမှာ အမှန်စင်စစ် သူ့ကိုယ်သူအတွက်ပင် ဖြစ်နေခဲ့သည်တကား။
…………..
ရဲရှင်းဟွေ့က သူ၏ဦးလေး တိတ်ဆိတ်နေသည်ကို တွေ့လိုက်သည်။ သူ၏ဦးလေးမှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သူရိပ်စားမိလိုက်သည်။
သူ၏နှလုံးသားထဲတွင် တစ်ခုခုဖြစ်မနေပါက သူသည် ရုတ်တရက် သူ၏အသွင်အပြင်ကို ပြောင်းလဲမည်မဟုတ်သလို သူ၏ဝတ်စားဆင်ယင်ပုံမှာလည်း ဤမျှ ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။
'အင်း... ဒါက အပြစ်ရှိတယ်လို့ ခံစားနေရလို့ဖြစ်မှာပဲ...' ရဲရှင်းဟွေ့က သူ့စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်။ 'နောက်ဆုံးတော့ သူက ပေါ့ပေါ့ပါးပါးတွဲခဲ့တဲ့ကောင်မလေးက သူ့အတွက်သမီးတစ်ယောက်ကို အမှန်တကယ်မွေးဖွားပေးခဲ့ပြီး ရောဂါသည်ဘဝနဲ့တောင် သူ့ဆီကိုရောက်လာခဲ့တယ်ဆိုတာကို ရုတ်တရက်သိလိုက်ရတာကိုး။ ဘယ်သူက စိတ်မကောင်းဘဲ နေနိုင်မှာလဲ... အပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်တစ်ခုတည်းကပဲ ဦးရဲဖန်ကို အခုလိုတိတ်ဆိတ်သွားစေပြီး ခဏတာလောက် ပေါ့ပေါ့ပါးပါးမနေနိုင်တော့အောင် လုပ်နိုင်မှာပေါ့...'
အရိပ်ဆူးကို လျစ်လျူရှုကာ ရဲရှင်းဟွေ့သည် ပထမဦးစွာ ရှသာ့လုံကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပို့ဆောင်လိုက်ပြီးနောက် လင်အာကို ကောက်ချီလိုက်ကာ ဆိုလိုက်၏။
“သွားကြစို့... လင်အာ... ငါမင်းကို အိမ်ပြန်ခေါ်သွားမယ်...”
ထိုသို့ဆိုပြီးနောက် ရဲရှင်းဟွေ့သည် သူ၏အိမ်သို့ဦးတည်သော ဝင်ပေါက်တစ်ခုကို တိုက်ရိုက်ဆွဲဖွင့်လိုက်သည်။
အရိပ်ဆူးမှာတော့ သည်အရာအားလုံးကိုကြည့်ကာ အနည်းငယ်တုန်လှုပ်သွားမိသည်။ သို့သော် သူ၏သမီးမှာ ရဲရှင်းဟွေ့၏လက်ထဲတွင်ရှိနေပြီး ရဲရှင်းဟွေ့မှာလည်း ဝင်ပေါက်ထဲသို့ ခုန်ဝင်သွားခဲ့လေပြီဖြစ်ရာ သူသည် သူမနောက်သို့ မလိုက်ဘဲ မနေနိုင်တော့ပေ။
မူလက အရိပ်ဆူးသည် သူ၏ ပုံစံအစစ်အမှန် ထုတ်ဖော်ရန်စီစဉ်ထားခဲ့ပြီး သူ၏ရှေ့မှလူ၏ ဦးလေးမဟုတ်ကြောင်းကို ဖွင့်ဟပြောရန်ပင်။ သို့သော် ထို့နောက် သူက သူ၏အိမ် သို့မဟုတ် သူ၏မိသားစုမှာ မည်သို့သောပုံပန်းသဏ္ဌာန်ရှိသည်ကို ကြည့်ရှုလိုသည်ဟု တွေးတောမိလိုက်သည်။
...
ထိုအချိန်၌ ရဲရှင်းဟွေ့ အိမ်ပြန်ရောက်သောအခါ ပေါင်ပေါင်းနှင့် ဝက်ဝံကန်းတို့မှာ ဂိမ်းကစားနေဆဲဖြစ်၏။
ယခုအခါတွင် ဝက်ဝံကန်းမှာ အလွန်အံ့ဩဖွယ်ကောင်းသောစွမ်းရည်တစ်ခုကို ကျွမ်းကျင်နေလေပြီ။ ၎င်းမှာ သူ၏ချစ်သူနှင့် စိတ်ချင်းဆက်သွယ်ကာ စကားပြောရင်း ဂိမ်းကစားခြင်းပင်တည်း။ တစ်ခါတစ်ရံတွင် သူ၏ခန္ဓာကိုယ်ထဲမှ ရို့စ်ကပင် ဝက်ဝံကန်းကို ဂိမ်းထဲတွင် လမ်းညွှန်ကူညီပေးနိုင်သေး၏။ ဤစွမ်းရည်ကို ဂိမ်းကစားခြင်းနှစ်သက်ပြီး ချစ်သူရှိသော ယောက်ျားလေးအများစုက အားကျကြသည်ဟု ဆိုနိုင်ပေသည်။ ဤစွမ်းရည်သာရှိပါက ချစ်သူက
“ရှင် ကျွန်မနဲ့ဂိမ်း... ဘယ်တစ်ခုကိုရွေးမလဲ...” ဟုမေးလာလျှင်
“ကျွန်တော်က နှစ်ခုလုံးကိုရွေးမှာပေါ့... ဂိမ်းကစားတာက မင်းကိုချော့မော့တာ ဒါမှမဟုတ် မင်းနဲ့စကားပြောတာကို နှောင့်နှေးစေမှာမဟုတ်ဘူး...” ဟု အမှန်တရားကိုပြောသကဲ့သို့ ဖြေဆိုနိုင်ပေလိမ့်မည်။
သူတို့နှစ်ဦးအပြင် ဇီးကွက်လည်းရှိနေခဲ့ပြီး သူက သူ၏ဖုန်းကိုအသုံးပြု၍ သူ၏အချိန်ပိုင်းအလုပ်အတွက် ဖောက်သည်များနှင့် ကျောင်းသားများကို ဆွဲဆောင်နေခဲ့သည်။
ဇီးကွက်က သူ၏လက်ရှိဘဝကို အလွန်နှစ်သက်၏။ သူ တိုက်ခိုက်သတ်ဖြတ်ရန်မလိုအပ်တော့သည့်အပြင် သူ၏ကားမောင်းနည်းပြဂုဏ်ကိုအသုံးပြုကာ မိန်းကလေးများကို ပိုးပန်းနိုင်သေးပြီး နည်းပြနှင့် ကိုယ်ရံတော်အဖြစ် လစာနှစ်ဆကိုလည်း ရရှိနိုင်သေးသည်။ သည်ဘဝမှာ အလွန်အမင်းကောင်းမွန်လှသည်ပင်။
...
ရဲရှင်းဟွေ့သည် အိမ်ပြန်ရောက်ပြီးနောက် ပေါင်ပေါင်း ပုံမှန်စားသုံးသော မုန့်အချို့ကိုယူကာ လင်အာအား စားသုံးရန်ပေးအပ်ခဲ့သည်။ ထို့နောက် သူက အရိပ်ဆူးဘက်သို့လှည့်ကာ တည်ငြိမ်သောလေသံဖြင့်
“ဦးလေး... ကျွန်တော်ခင်ဗျားကို မေးစရာကိစ္စတစ်ခုရှိတယ်... ခင်ဗျား အန်တီ့ကို ဘယ်လိုရှင်းပြမှာလဲ...”
ရဲရှင်းဟွေ့ ယုံကြည်သည်မှာ ချန်ယင်းယင်းကို ပြောပြခြင်းက ဆုလာဘ်များစွာကို သေချာပေါက်ရရှိစေလိမ့်မည်ဟူ၍ပင်။ သို့သော် သူ မမျှော်လင့်ထားခဲ့သည်မှာ သူ၏မျက်နှာချင်းဆိုင်တွင်ထိုင်နေသော သူ၏ဦးလေးမှာ လုံးဝတုံ့ပြန်မှုမရှိခြင်းပင်။
ခဏတာစောင့်ဆိုင်းပြီးနောက် အရိပ်ဆူးက ငြိမ်သက်စွာပင်
“ငါ မင်းဦးလေးမဟုတ်ဘူး...” ဟုဆိုလိုက်သည်။
ရဲရှင်းဟွေ့: “…”
“ကျစ်... ဒါမဖြစ်နိုင်တာ...”
ရဲရှင်းဟွေ့ ထင်မှတ်သည်မှာ သူ၏ဦးလေးက သူ့ကိုမိသားစုသံယောဇဉ်ဖြင့် ခြိမ်းခြောက်နေသည်ဟူ၍ပင်။ သို့သော် သူက ဤမျှကြီးမြတ်သောတူတစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းမှာ ကမ္ဘာတစ်ခုလုံးကို ဆုံးရှုံးလိုက်ရခြင်းနှင့် အခြေခံအားဖြင့်ညီမျှသည်ကို လုံးဝမသိရှိခဲ့ပေ။
“ဟေး... ခေါင်းမာမနေနဲ့... ကျွန်တော် တကယ်ပဲ အန်တီချန်ယင်းယင်းကို သွားရှာမှာ...”
ရဲရှင်းဟွေ့က တစ်ဖန်ပြန်ခြိမ်းခြောက်လိုက်၏။ သူက ဤမျှလွယ်လွယ်နှင့် အလျှော့ပေးမည့်သူတစ်ယောက် မဟုတ်သည်ကို သူ ယုံကြည်သည်။
...
ထိုစဉ် တစ်ဖက်၌။
ရဲရှင်းဟွေ့နှင့် အခြားသူများ ယခင်ကတိုက်ခိုက်ခဲ့သော ပင်လယ်ရေမျက်နှာပြင်အထက်တွင် နည်းပညာအဆင့်မြင့်သော လူတစ်ဦးစီးလေယာဉ်တစ်စင်း ရောက်ရှိလာခဲ့၏။
ချက်ချင်းဆိုသလိုပင် ရဲလန်ယွဲ့၏ လှပသောပုံရိပ်မှာ လေယာဉ်မှထွက်လာခဲ့သည်။
“ဟမ်... ဒီမှာဖြစ်ရမှာ... ငါ့ဦးလေးနဲ့ ရှင်းဟွေ့ရော ဘယ်ရောက်သွားကြတာလဲ...”
ယခင်က ရဲလန်ယွဲ့သည် သူမ၏ကိုယ်ပိုင်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေခဲ့ပြီး အခါအားလျော်စွာ ဂြိုဟ်တုများကို စစ်ဆေးကာ သူမ၏မိသားစု၏ လှုပ်ရှားမှုများကို ကြည့်ရှုနေခဲ့၏။ မကြာမီမှာပင် သူမက ရဲရှင်းဟွေ့ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို တွေ့မြင်ခဲ့ရပြီး အနီးအနားတွင် လုပ်ကြံသူမဟာမိတ်အဖွဲ့နှင့် ထုံရှင်းအဖွဲ့အစည်းမှ လူအများအပြားလည်း ရှိနေခဲ့သည်။
ရဲလန်ယွဲ့က ထုံရှင်းအဖွဲ့အစည်းမှာ ရဲမိသားစု၏ တကယ့်ရန်သူဖြစ်ကြောင်းကို သိ၏။ ထို့ကြောင့် သူမသည် ဤနေရာသို့ အလျင်အမြန်ပြေးလာခြင်းကို မတားဆီးနိုင်ခဲ့ပေ။
လေယာဉ်ပေါ်တွင် သူမက အချက်အလက်များကိုစစ်ဆေးခဲ့ပြီး ရဲရှင်းဟွေ့အပြင် သူမ၏ဦးလေး ရဲဖန်မှာလည်း အတူတူနေရာသို့ ရောက်ရှိလာခဲ့ကြောင်းကို တွေ့ရှိခဲ့၏။
...
ရဲလန်ယွဲ့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် မလှမ်းမကမ်း၌ မှန်တစ်ချပ်ကွဲအက်သွားသလိုအသံမျိုး ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အနည်းငယ်ရှုပ်ထွေးစွာဖြင့် ရဲလန်ယွဲ့က အသံကြားရာဘက်သို့ ပတ်ပတ်လည်ကြည့်လိုက်ရာ တစ်နေရာမှအာကာသမှာ ရုတ်တရက်ကွဲကြေသွားပြီးနောက် လက်တစ်ဖက်က ထိုကွဲကြေနေသောအာကာသမှ ဆန့်တန်းထွက်လာသည်ကို သူမ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရ၏။
ခဏအကြာတွင် လူတစ်ဦးက ကွဲကြေနေသောအာကာသမှ ထွက်လာခဲ့သည်။
“ပေါ့ဆလိုက်တာ...”
အပြင်သို့ထွက်လာပြီးနောက် ရဲဖန် ပထမဆုံးဆိုလိုက်သောအရာမှာ သူပေါ့ဆခဲ့သည်ဟူ၍ပင်။ ထိုအချိန်က သူသည် အမှန်ပင် ပေါ့ဆခဲ့၏။ သူ ကြွားဝါနေခဲ့ပြီး ခုန်းယို့နှင့် ခုန်းဖေးဟူသော အမှိုက်နှစ်ကောင်၏ လှုပ်ရှားမှုများကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ပေ။
“ဦးလေး... ဘာတွေဖြစ်နေတာလဲ...”
ရဲလန်ယွဲ့က ရဲဖန်ထံသို့ရောက်ရှိလာပြီး အနီးအနားတွင် နေရာအနှံ့မျောနေသော ငါးသေများနှင့် မလှမ်းမကမ်းရှိရဟတ်ယာဉ်အပျက်အစီးများ ပင်လယ်ပေါ်မှ လောင်ကျွမ်းနေသောမီးတောက်များကို လက်ညှိုးထိုးပြလိုက်၏။
ရဲဖန် ဤစကားကိုကြားသောအခါ သူကလည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ပခုံးတွန့်ကာ ပြော၏။
“ငါမသိဘူး... ငါစောစောက အရမ်းပေါ့ဆသွားတယ်... ပြီးတော့ အာကာသဖိအားစွမ်းရည်နဲ့ ချောင်းတိုက်ပြီး တံဆိပ်ခတ်တာခံလိုက်ရတယ်...”
“မင်း ရှင်းဟွေ့ကို မတွေ့ခဲ့ဘူးလား...” ရဲလန်ယွဲ့က ထပ်မေးလိုက်၏။
“မဟုတ်ဘူး... စောင့်ပါဦး... အဲ့ဒီကောင်လေး ရှင်းဟွေ့က ဒီမှာလည်း ရှိနေတာလား...”
ရဲဖန်၏ အဖြေကိုကြားသောအခါ ရဲလန်ယွဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လေယာဉ်သို့ပြန်သွားကာ ကွန်ပျူတာကိုဖွင့်ပြီး ဂြိုဟ်တုနှင့်ချိတ်ဆက်လိုက်သည်။ သူမသည် ရဲရှင်းဟွေ့၏ လက်ရှိတည်နေရာကို မကြာမီမှာပင် ရှာဖွေတွေ့ရှိခဲ့ရာ ၎င်းမှာ သူတို့၏အိမ်ပင် ဖြစ်၏။ ချက်ချင်းပင် ရဲလန်ယွဲ့က ယခင်ကရိုက်ကူးထားသော ဤနေရာမှမြင်ကွင်းကို တစ်ဖန်ပြန်ဖွင့်ပြလိုက်၏။
ရဲဖန်နှင့် တစ်ထပ်တည်းတူသောလူတစ်ဦးကို သူမမြင်သောအခါ ရဲလန်ယွဲ့မှာ တည်ငြိမ်သောအသွင်သို့ပြောင်းလဲသွားပြီး ရဲဖန်မှာမူ ခေါင်းငုံ့ကာ တွေးတောနေခဲ့သည်။
ရဲဖန်၏ အမူအရာကိုမြင်သောအခါ ရဲလန်ယွဲ့သည် အနည်းငယ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ဦးလေး... ဦးလေး ဒီလူကိုသိလား...”
ယုတ္တိရှိစွာပင် သူနှင့်တစ်ထပ်တည်းတူသော တစ်စုံတစ်ယောက်ကိုမြင်သောအခါ ရဲဖန်မှာ သာမန်အခြေအနေများအောက်တွင် ဤသို့ငြိမ်သက်စွာ တုံ့ပြန်သင့်သည်မဟုတ်ပေ။
...ရဲဖန်က ထိုလူ သို့မဟုတ် သူ၏တည်ရှိမှုကို သိရှိနေပြီးသားမှလွဲ၍။
“အင်း...” ရဲဖန်က ခေါင်းညိတ်လိုက်ပြီး
“သူဘယ်သူလဲဆိုတာ ငါသိနိုင်လောက်တယ်... သူက ငါ့အစ်ကို... ခင်ဗျားတို့ရဲ့ နောက်ဦးလေးတစ်ယောက် ဖြစ်နိုင်တယ်...” ဟုဆိုလိုက်၏။