← Chapters

ရဲဖန် အစစ်နှင့် အတု (၂)

Vol. 15 Ch. 199

ရဲဖန် အစစ်နှင့် အတု (၂)

Vol. 15 Ch. 199

ရဲညီအစ်ကိုတို့၏ နေအိမ်အတွင်း၌။

ရဲရှင်းဟွေ့သည် ရဲဖန်က ဤမျှလောက် ခေါင်းမာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏ အငယ်အနှောင်းကိစ္စကို ချန်ယင်းယင်း ကြားသိသွားခဲ့လျှင် သူနှင့် ဦးလေး-တူ တော်စပ်သည့် ဆက်ဆံရေးကို ဖြတ်တောက်မည်ဟုပင် အရိပ်အမြွက် ပြောဆိုလာခဲ့လေသည်။

သို့သော်... ဤအရာအားလုံးမှာ ရဲရှင်းဟွေ့၏ နားလည်မှုလွဲခြင်းတစ်ခုသာ ဖြစ်လေသည်။

အရိပ်ဆူး ပြောလိုက်သည့် "ငါက မင်းဦးလေး မဟုတ်ဘူး" ဆိုသည့် စကား၏ အဓိပ္ပာယ်မှာ အလွန်ပင် ရှင်းလင်းလှသည်။ သူဆိုလိုသည်မှာ စကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ် အတိုင်းပင်။

"ကောင်းတယ်။ မင်း တော်တော် သတ္တိရှိတာပဲ။"

ရဲရှင်းဟွေ့သည် အရိပ်ဆူးအား လက်မထောင်ပြလိုက်ပြီးနောက် သူ သတိမထားမိသည့် အခိုက်အတန့်တွင် သူ့နောက်ကျော၌ မီးလျှံဝင်ပေါက်တစ်ခုကို တိုက်ရိုက် ဖွင့်ချလိုက်လေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အရိပ်ဆူးသည် ရဲရှင်းဟွေ့ ဘာလုပ်မည်ကို မသိသော်လည်း အလိုအလျောက်ပင် ရှောင်တိမ်းလိုက်မိသည်။

အရိပ်ဆူးက ဤသို့ တုံ့ပြန်လိမ့်မည်ကို ရဲရှင်းဟွေ့ ကြိုတင်မှန်းဆထားပြီးဖြစ်ရာ သူ၏ သစ်သားဓားကို ချက်ချင်းထုတ်ယူလိုက်ပြီး သူ၏ ‘လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်း’ စွမ်းရည်ဖြင့် အရိပ်ဆူးထံသို့ ရိုက်ချလိုက်တော့သည်။

နောက်တစ်ခဏ၌ အရိပ်ဆူးသည် ဓားကို ဖမ်းယူရန် ဟန်ပြင်လိုက်စဉ်မှာပင် ရဲရှင်းဟွေ့က သူ့ကို မီးလျှံဝင်ပေါက်အတွင်းသို့ တိုက်ရိုက် ကန်သွင်းလိုက်လေ၏။

.......

တစ်ချိန်တည်းမှာပင်။

ချန်ယင်းယင်း၏ နေအိမ်ဧည့်ခန်းထဲ၌။

ချန်ယင်းယင်းသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမ၏ ဝမ်းကွဲညီမ ချန်ရွှယ့်ကမူ သူမ၏ ရှေ့တွင် ထိုင်နေလေသည်။

"အစ်မ အဲ့ဒီ ရဲဖန်ဆိုတဲ့လူက လဝက်ကျော်ကြာ ပျောက်ချင်းမလှ ပျောက်နေတာ။ သူ ပြန်လာမှာ မဟုတ်တော့ဘူး…သူက အပြင်မှာ တခြားတစ်ယောက်နဲ့ ကလေးတောင် ရနေလောက်ပြီ…အစ်မက ဦးလေးနဲ့ အန်တီတို့စကားကို နားထောင်ပြီး ကွာရှင်းလိုက်တာ အကောင်းဆုံးပဲ…."

"ရှောင်ရွှယ့် တော်တော့….ရဲဖန်က အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူးလို့ ငါယုံတယ်…. သူ့မှာ ကိစ္စတစ်ခုခုကြောင့် ကြန့်ကြာနေပြီး ပြန်မလာနိုင်တာ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်"

ပြီးခဲ့သည့် နားလည်မှုလွဲခြင်းတစ်ခုပြီးနောက် ချန်ယင်းယင်း၏ ရဲဖန်အပေါ် ယုံကြည်မှုမှာ အလွန်တိုးမြင့်လာခဲ့သည်။ သူမအမေ၏ ဘက်မှနေ၍ ရဲဖန်နှင့် ကွာရှင်းရန် အမြဲလာစည်းရုံးနေသော ချန်ရွှယ့်အပေါ်တွင်မူ အနည်းငယ် စိတ်မရှည်တော့သည့်ဟန် ပေါက်နေလေသည်။

ချန်ရွှယ့်က ယခုတစ်ကြိမ် ချန်ယင်းယင်းကို ကွာရှင်းရန် လာတိုက်တွန်းခြင်းမှာ ချန်ယင်းယင်း၏ မိခင်ကြောင့်သာမက ချန်မိသားစု တစ်ခုလုံးကြောင့်လည်း ဖြစ်ပေသည်။

အကြောင်းအရင်းကို သူမ မသိသော်လည်း မကြာသေးမီက နဂါးဘုရားကျောင်းနှင့် ချန်မိသားစုကြားမှ ပူးပေါင်းဆောင်ရွက်မှုများမှာ အခြေခံအားဖြင့် ပြတ်တောက်လုနီးပါး ဖြစ်သွားခဲ့ရာ ချန်မိသားစုမှာ တစ်နေ့တခြား ပို၍ စိုးရိမ်ထိတ်လန့် လာခဲ့ကြသည်။

ချန်မိသားစု၏ ကုမ္ပဏီမှာ စူးကျိုးမြို့တွင် ဒုတိယတန်းစားအဆင့်သာ ရှိပြီး ပထမတန်းစားအဆင့်သို့ ခြေတစ်လှမ်းမျှပင် မမီနိုင်ခဲ့ချေ။

သူတို့ စူးကျိုးမြို့တွင် မည်သူမျှ အနှောင့်အယှက်မပေးဘဲ ကြီးပွားနေနိုင်ရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ နဂါးဘုရားကျောင်းနှင့် ချန်မိသားစု၏ မိတ်ဖက်ဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။

လွန်ခဲ့သော အချိန်အတန်ကြာက နဂါးဘုရားကျောင်း ဌာနချုပ်၌ ရှယ်ယာရှင်အများအပြားမှာ ပုန်ကန်ခြင်း သို့မဟုတ် သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့သည်။

ဤအကြောင်းကြောင့်ပင် နဂါးဘုရားကျောင်းသည် သူတို့၏ နိုင်ငံရပ်ခြားရှိ ကုမ္ပဏီကြီးများကို စီမံခန့်ခွဲနေရဆဲဖြစ်ပြီး ချန်မိသားစု၏ ကုမ္ပဏီငယ်လေးကိုမူ ယာယီအားဖြင့် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

ဤအဖြစ်အပျက်များ ဖြစ်ပျက်နေစဉ်အတွင်း ချန်မိသားစုဝင် တစ်ဦးတစ်ယောက်မျှ သိရှိခဲ့ခြင်း မရှိခဲ့ကြ။

နဂါးဘုရားကျောင်း၏ အကူအညီမရှိဘဲ ချန်မိသားစုသည် ရုတ်တရက် အနည်းငယ် အခြေအနေ ကျဆင်းလာခဲ့သည်။

ချန်မိသားစုကုမ္ပဏီ ဆက်လက် မကျဆင်းစေရန် တားဆီးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အခြားကုမ္ပဏီကြီးများနှင့် ပူးပေါင်းရန် နည်းလမ်းရှာဖွေခြင်းပင် ဖြစ်လေသည်။

သို့သော် နဂါးဘုရားကျောင်းက ချန်မိသားစုကို အမြဲတစေ ထောက်ပံ့ပေးခဲ့သောကြောင့် ချန်မိသားစု၏ အထက်ပိုင်းအရာရှိများသည် အများအားဖြင့် အလွန် မာနကြီးလေ့ရှိကြသည်။

ယခုအခါတွင်မူ သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လူတစ်ယောက် ရှာဖွေဖို့ဆိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သလောက်ပင်။

လူတိုင်းက ဆူဖြိုးသည်ဟုပင် မဆိုနိုင်သော ချန်မိသားစု၏ အသားကို မည်သို့မျိုချရမည်ကိုသာ စဉ်းစားနေကြသည်။ မည်သူက သူတို့နှင့် ပူးပေါင်းရန် စိတ်ရှိပါမည်နည်း။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က လူတစ်ယောက်သည် ချန်မိသားစုထံ ပူးပေါင်းဆောင်ရွက်ရန် ချဉ်းကပ်လာခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်ချက်မှာမူ ချန်မိသားစု၏ နာမည်ကျော် အလှပဂေး ချန်ယင်းယင်းပင် ဖြစ်လေသည်။

ချန်ယင်းယင်းအတွက် ချန်မိသားစုနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သူမှာ အခြားသူမဟုတ်ဘဲ သူမကို အောင်မြင်မှုမရရှိဘဲ လိုက်လံပိုးပန်းနေခဲ့သော နဂါးနီကုမ္ပဏီ၏ သူဌေးငယ် လုံရှောက် ပင်ဖြစ်လေသည်။

ဤအကြောင်းကြောင့်ပင် ယခုအခါ ချန်မိသားစုဝင်များသည် ချန်ယင်းယင်းကို ရဲဖန်အား စွန့်ပစ်ရန် အစွမ်းကုန် ကြိုးစားစည်းရုံးနေကြခြင်း ဖြစ်တော့သည်။

........

သခင်လေးလုံက ဘယ်လောက်ကောင်းကြောင်း ဘယ်လောက်ချမ်းသာကြောင်း အရပ်ဘယ်လောက်ရှည်ကြောင်း ဘယ်လောက်ခန့်ညားကြောင်း စသည်ဖြင့် သူမ၏နားထဲတွင် အဆက်မပြတ် ပြောဆိုနေသော ချန်ရွှယ့်၏ စကားသံများကို ကြားနေရသောအခါ။

ချန်ယင်းယင်းသည် ပို၍ စိတ်တိုလာရတော့သည်။

သူမက လူကို မောင်းထုတ်ရန် ပြင်ဆင်နေစဉ်မှာပင် မီးကွင်းတစ်ခုသည် ချန်ရွှယ့်၏ နောက်ကျောဘက်၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ချန်ရွှယ့်မှာမူ သဘာဝအတိုင်း မသိလိုက်ပေ။ သို့သော် ချန်ယင်းယင်းသည် ထိုမီးကွင်းနှင့် မီးကွင်းထဲမှ ယိမ်းယိုင်ကာ ထွက်လာသော လူကို မြင်လိုက်ရသောအခါ အနည်းငယ် မှင်သက်သွားလေသည်။

"ရဲဖန်... မင်း ဘာဖြစ်လာတာလဲ"

ချန်ယင်းယင်းသည် မယုံနိုင်သော မျက်လုံးများဖြင့် ရဲဖန်ကို ကြည့်ရင်း မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့သည်လည်း လင်အာလေးကို ချီပိုးရင်း ဝင်ပေါက်ထဲမှ လျှောက်ထွက်လာခဲ့သည်။

ရဲရှင်းဟွေ့ ထွက်လာပြီးနောက် သူသည် သူ့ဘေးရှိ အရိပ်ဆူးကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ချန်ယင်းယင်းနှင့် မျက်နှာချင်းဆိုင် တွေ့နေရသော်လည်း သူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်ကို မြင်သောအခါ ရဲရှင်းဟွေ့ အနည်းငယ် ရှုပ်ထွေးသွားလေသည်။

ဘာတွေဖြစ်ကုန်တာလဲ။ ရဲဖန်ရဲ့ စိတ်ဓာတ်က အခု ဒီလောက် တည်ငြိမ်နေပြီလား။

ရဲရှင်းဟွေ့သည် သူ အမှားအယွင်းအချို့ ပြုလုပ်မိပြီဟု ခံစားလိုက်ရသည်။ ရဲဖန်တည်းဟူသော ဤကြက်သွန်မြိတ်ပင်လေးက ရိတ်သိမ်းရန် ဤမျှခက်ခဲလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ချေ။

'ကျစ်။ ရှောင်ဟာ့ကို ဦးလေးဆီ ပေးမယ့်အစီအစဉ်ကို ကြိုတင်အကောင်အထည် ဖော်ရတော့မယ်ထင်တယ်။'

မူလက ရဲရှင်းဟွေ့ စဉ်းစားထားသည်မှာ ရှောင်ဟာ့ သူ့ကျင့်ကြံမှု အောင်မြင်သည့်အခါ သူသည် ကောင်းကင်ရှိ ဂြိုလ်တုများနှင့် ရေငုပ်သင်္ဘောများကို ဖြုတ်ချနိုင်လိမ့်မည်ဖြစ်ပြီး ထိုအခါမှ ရဲဖန်ထံ ပေးအပ်ရန်ဖြစ်သည်။ သို့သော် ယခုကြည့်ရသည်မှာ ရှောင်ဟာ့ကို ကြိုတင်ပို့ဆောင်ရန် လိုအပ်နေပုံရပေသည်။

.......

အခြားတစ်ဖက်တွင်မူ ရဲရှင်းဟွေ့က ဝင်ပေါက်ကို ပိတ်လိုက်ပြီးနောက် ချန်ရွှယ့်သည်လည်း နောက်သို့ လှည့်ကြည့်လိုက်သည်။

လောကဓံ အတက်အကျများစွာ ဖြတ်သန်းခဲ့ဖူးသည့်ဟန်ရှိသော အရိပ်ဆူးကို မြင်လိုက်ရသောအခါ သူမက အနည်းငယ် မချေမငံသော လေသံဖြင့် ဆိုလိုက်သည်။

"ရဲဖန် မင်း ပြန်လာရဲသေးတယ်ပေါ့လေ။ ငါက ငါ့အစ်မနဲ့ ညှိနှိုင်းပြီးသွားပြီ။ မင်းနဲ့ မကြာခင် ကွာရှင်းတော့မှာ။"

ချန်ရွှယ့်၏ စကားကို ကြားပြီးနောက် ချန်ယင်းယင်း၏ မျက်နှာမှာ အလွန်ပင် အရုပ်ဆိုးသွားပြီး မချေမငံသော လေသံဖြင့် သူမကို ပြန်ဆူလိုက်သည်။

"ချန်ရွှယ့်...."

ယခင်အချိန်များအားလုံးတွင် ချန်ယင်းယင်းသည် ချန်ရွှယ့်ကို ရှောင်ရွှယ့်ဟုသာ ခေါ်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမကို နာမည်အရင်းခေါ်လိုက်သည့် အမူအရာက သူမ၏ ဝမ်းကွဲညီမ၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်ကြောင်း ချန်ရွှယ့်ကို သိရှိသွားစေခဲ့သည်။

"ဒီရဲဖန်မှာ ဘာကောင်းလို့လဲ။ ရုပ်ချောတာကလွဲရင် သူက ဘာမှ အသုံးမဝင်ဘူး။ ပြီးတော့ အခု..."

ဤသို့တွေးရင်း ချန်ရွှယ့်သည် လောကဓံ အထုအထောင်းများစွာ ခံခဲ့ရပုံပေါက်သော အရိပ်ဆူး၏ မျက်နှာကို ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင်သာ ရယ်မောနိုင်တော့သည်။

...

ချန်ရွှယ့်ကို လျစ်လျူရှုလိုက်ပြီး ချန်ယင်းယင်းက အရိပ်ဆူးကို ကြည့်ကာ မေးလိုက်သည်။

"ရဲဖန် မင်း မကြာသေးခင်က ဘာတွေလုပ်နေခဲ့တာလဲ"

အရိပ်ဆူးသည် သူ ရဲဖန်မဟုတ်ကြောင်း ပြောလိုသော်လည်း သူ စကားမပြောမီမှာပင် ပြဿနာရှာသူ ရဲရှင်းဟွေ့က ရှေ့ထွက်လာခဲ့သည်။

"အဲဒါက... အန်တီ ကျွန်တော် တောင်းပန်ပါတယ်။"

ရဲရှင်းဟွေ့၏ ရုတ်တရက် တောင်းပန်စကားက ချန်ယင်းယင်းကို သူ့အား လှည့်ကြည့်စေခဲ့သည်။

သို့သော် ရဲရှင်းဟွေ့ စကားမပြောမီမှာပင် သူ၏လက်ထဲမှ လင်အာလေးက သူ့ဘေးရှိ အရိပ်ဆူးကို မေးလိုက်လေသည်။

"ဖေဖေ ဖေဖေ။ သားတို့ ဘယ်ရောက်နေတာလဲ။ ဖေဖေ ဖေဖေ့နာမည်က ရဲဖန်လား"

ဤမေးခွန်းနှစ်ခု ထွက်ပေါ်လာခြင်းက ချန်ယင်းယင်းကို ထိုနေရာ၌ပင် ချက်ချင်း ကျောက်ရုပ်ဖြစ်သွားစေခဲ့သည်။ သူမ သတိပြန်ဝင်လာသောအခါ သူမ၏ မျက်လုံးများမှာ နီရဲလာလေတော့သည်။

သို့သော် တိတ်ဆိတ်နေခဲ့သော ချန်ရွှယ့်ကမူ စိတ်လှုပ်ရှားစွာဖြင့် ခုန်ထလိုက်သည်။

"အစ်မ မြင်တယ်မလား။ ကျွန်မပြောတာ မှန်တယ်။ ရဲဖန်က လူကောင်းတစ်ယောက် လုံးဝမဟုတ်ဘူး။ သူက တခြားသူတွေနဲ့တောင် ရှုပ်နေပြီး အခု ကလေးတွေပါ ရနေပြီ"

ချန်ယင်းယင်းသည် ချန်ရွှယ့်၏ စကားများကို လျစ်လျူရှုလိုက်သည်။ သူမသည် အရိပ်ဆူးကို တိတ်ဆိတ်စွာ ကြည့်နေပြီး ရှင်းပြချက်တစ်ခု ပေးရန်သာ လိုလားနေတော့သည်။

"မင်းတို့ ပြောလို့ ဝပြီလား။ ငါပြောပြီးပြီ ငါက ရဲဖန် မဟုတ်ဘူး ရဲဖန်က သေပြီ။"

ဤစကားကို ကြားလိုက်ရသောအခါ ချန်ယင်းယင်း၏ မျက်လုံးများမှာ ချက်ချင်း နီရဲလာပြီးနောက် သူမက အတွေးနယ်ချဲ့နေတော့သည်။

သဘာဝအတိုင်းပင်... သူမ တွေးတောနေသည်မှာ ရဲဖန် မည်သို့သေဆုံးသွားသည်ကို မဟုတ်ဘဲ ရဲဖန်က အဘယ်ကြောင့် ရဲဖန်သေပြီဟု ပြောရသည်ကိုသာ ဖြစ်လေသည်။

"ဒါဆို... ငါသိတဲ့ ဒါမှမဟုတ် ငါချစ်တဲ့ ရဲဖန် ပြီးတော့ ငါ့ကိုချစ်တဲ့သူက သေသွားပြီပေါ့ ဟုတ်လား"

ဘေးတွင် ရပ်နေသော ရဲရှင်းဟွေ့သည်လည်း တစ်ခုခု မှားယွင်းနေပြီဟု ခံစားလာရသည်။

"ဘာတွေဖြစ်ကုန်တာလဲ။"

ဤအချိန်တွင်မူ ရဲရှင်းဟွေ့သည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း နောက်ဆုံးတွင် သိရှိသွားလေပြီ။

ယခင်က ရဲဖန်က သူနှင့် ဦးလေး-တူ ဆက်ဆံရေးကို ဖြတ်တောက်လိုကြောင်း အရိပ်အမြွက်ပြသောအခါ ရဲရှင်းဟွေ့သည် သူ့ကို ရပ်တန့်စေရန် ဖိအားပေးနေသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမူကား။ သူက သူသေပြီဟု တိုက်ရိုက်ပြောဆိုလိုက်သည်တကား...

ဤအရာမှာ အနည်းငယ် လွန်စွာ ပုံမှန်မဟုတ်တော့ပေ။

အရေးကြီးဆုံးအချက်မှာ ရဲဖန်သည် ချန်ယင်းယင်းကို ရင်ဆိုင်နေရချိန်တွင် ဤသို့သော အေးစက်စက် သဘောထားမျိုးကို ဆက်လက်ထိန်းသိမ်းထားခြင်းပင် ဖြစ်လေသည်။

ဤအချက်ကပင် ရဲရှင်းဟွေ့ကို တစ်ခုခု မှားယွင်းနေကြောင်း သေချာသွားစေခဲ့သည်။

ရဲရှင်းဟွေ့သည် အရိပ်ဆူး၏ မျက်နှာကို နောက်တစ်ကြိမ် အနီးကပ် သေချာကြည့်ရှုလိုက်သည်။ ထိုအခါမှသာ ဤမျက်နှာသည် သူ့ဦးလေးနှင့် တစ်ပုံစံတည်းနီးပါး တူညီနေသော်လည်း သိမ်မွေ့သော ခြားနားချက်များလည်း ရှိနေကြောင်း သူ သတိပြုမိလေသည်။

"ဘာတွေလဲ။ မင်း ဆံပင်ညှပ်လိုက်တာလား"

...

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံဘက်သို့ ပျံသန်းနေသော ရဲဖန်သည် ရုတ်တရက် နှာချေလိုက်လေသည်။

"ဘာဖြစ်တာလဲ။ ဘာလို့ ရုတ်တရက် နိမိတ်မကောင်းသလို ခံစားနေရတာပါလိမ့်"

All Chapters