မောင်နှမနှစ်ယောက်၏ ကြွားဝါခြင်း
Vol. 15 Ch. 201
အရိပ်ဆူးက ထိုင်ပြီး စကားပြောဖို့ သဘောတူလိုက်သည်ကို မြင်သောအခါ ရဲရှင်းဟွေ့သည် မီးလျှံဝင်ပေါက်တစ်ခုကို ဖွင့်ကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်လေသည်။
“ယင်းယင်း ငါနဲ့လိုက်ခဲ့လေ။ အဆင်ပြေရင် ငါ့တူမလေးနဲ့ နောက်ထပ်တူလေးတစ်ယောက်ကိုပါ သိသွားအောင်လို့”
ရဲဖန်သည် ဝင်ပေါက်ထဲသို့ မဝင်မီ ချန်ယင်းယင်းကို ဖိတ်ခေါ်လိုက်သည်။
ချန်ယင်းယင်းမှာ များများစားစားမစဉ်းစားဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်လေ၏။
ထိုသို့ဖြင့် မူလက စည်ကားလှသော ဧည့်ခန်းကျယ်ကြီးထဲတွင် မျက်နှာပေါ်၌ လက်ဝါးရာနှင့် ခြေရာတစ်ဖက်စီ ကျန်ရစ်ခဲ့သော ချန်ရွှယ့်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
........
အိမ်ပြန်ရောက်ပြီးနောက် ရဲရှင်းဟွေ့သည် သူ့အစ်မကြီးကို နှုတ်ဆက်လိုက်လေသည်။ ထို့နောက် သူသည် သူ့အခန်းထဲပြန်ဝင်ကာ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ဝင်၍ သူ့အစ်ကိုကြီးကို သွားခေါ်ထုတ်လေတော့သည်။
ရဲရှင်းချန်သည် လက်ရှိတွင် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲ၌ တကိုယ်တည်း သီးသန့်ကျင့်ကြံနေသည့် အချိန်ဖြစ်ပေသည်။ ရဲရှင်းဟွေ့က သူ့အား လာခေါ်ထုတ်သောအခါ သူအနည်းငယ် မကျေမနပ်ဖြစ်သွားသေး၏။ သို့သော် အရိပ်ဆူးအကြောင်းကို သိလိုက်ရပြီးနောက်တွင်တော့ သူဘာမှထပ်မပြောတော့ဘဲ ရဲရှင်းဟွေ့နှင့်အတူ အပြင်သို့ ထွက်လာခဲ့လေသည်။
ထိုသို့ဖြင့် ဧည့်ခန်းထဲတွင် ရုတ်တရက် လူများပြည့်သွားလေတော့သည်။
မူလက ဂိမ်းဆော့ကစားနေကြသော ဝက်ဝံကန်းနှင့် ပေါင်ပေါင်းတို့သည် ကြည့်ကောင်းမည့် အကြောင်းအရာတစ်ခုရှိကြောင်း သိလိုက်ရသောအခါ ဂိမ်းကိုစွန့်လွှတ်ကာ ဧည့်ခန်းဆီသို့ ရောက်လာကြလေသည်။
ဒီ ပွဲကြည့်ပရိသတ်နှစ်ယောက်မှာ အခုတော့ တကယ့်ဖရဲသီးအစစ်တွေကို စားနေကြလေသည်။ လူအများကြီး ရောက်လာသည်ကို မြင်သောအခါ ယခုအခါ အိမ်ရဲ့ထမင်းချက်ဟူသော ဘွဲ့ကို ရထားသည့် ဇီးကွက်က ဖရဲသီးအစစ်နှင့် တခြားသစ်သီးမုန့်ပဲသရေစာအချို့ကို ပြင်ဆင်ပေးလိုက်လေသည်။
...
ရဲလန်ယွဲ့ ကြည့်နေသော ဓာတ်ပုံစာအုပ်ကို ရဲဖန် ယူလိုက်ပြီးနောက် သူသည် စာအုပ်ကို ကလေးငယ်နှစ်ယောက်၏ စာမျက်နှာဆီသို့ လှန်လိုက်သည်။
ကလေးငယ်နှစ်ယောက်မှာ အသက်တစ်နှစ်ပင် မပြည့်သေးချေ။ ကလေးနှစ်ယောက်လုံးက ချစ်စဖွယ်ကောင်းပြီး နှစ်ယောက်လုံး၏ ဘယ်ဘက်ပုခုံးပေါ်တွင် တံဆိပ်တစ်ခုစီ ရိုက်နှိပ်ထားလေသည်။
ရဲဖန်က ကလေးငယ်နှစ်ယောက်ကို လက်ညှိုးထိုးပြကာ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်မှာ…
“ဘယ်တစ်ယောက်က ငါလဲတော့ ငါမသိဘူး။ ငါက အစ်ကိုကြီးလား ညီလေးလားဆိုတာတောင် ငါမသိဘူး။ ငါသိတာကတော့ ဒီကလေးနှစ်ယောက်ထဲက တစ်ယောက်နာမည်က ရဲဖန် နောက်တစ်ယောက်က ရဲနျဉ် ဆိုတာပဲ”
ဤစကားကို ကြားသောအခါ အရိပ်ဆူး၏ မျက်လုံးများမှာ အနည်းငယ် ဝေဝါးသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်မှာ…
“ဒါဆို... ငါ့နာမည်က ရဲနျဉ်... ဟုတ်တယ်မလား။”
“ဟုတ်တယ်။” ရဲဖန်က ခေါင်းညိတ်ကာ ဆက်ပြောလေသည်။ “ငါတို့မိဘတွေ အိမ်ကထွက်သွားတုန်းက ငါတို့ညီအစ်ကိုနှစ်ယောက်ကို မိဘမဲ့ဂေဟာတစ်ခုဆီ အပ်ခဲ့ကြတယ်။ နောက်တော့ အစ်ကိုအကြီးဆုံးက နိုင်ငံခြားကနေ ငါတို့ကို ပြန်လာခေါ်တဲ့အခါမှာ ငါတစ်ယောက်တည်းပဲ ကျန်တော့ပြီး မင်းက ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း မသိတော့ဘူး။ အစ်ကိုကြီးက သူ့ရဲ့ကိုယ်ပိုင်အဆက်အသွယ်တွေသုံးပြီး မင်းကိုရှာခဲ့သေးတယ် ဒါပေမဲ့ ဘယ်တော့မှ ပြန်မတွေ့ခဲ့ဘူး”
ရဲဖန်၏ ရှင်းပြချက်မှာ သိပ်မပြည့်စုံလှချေ။ အကြောင်းမှာ ထိုအချိန်က သူသည် အလွန်ငယ်သေးပြီး အများကြီးမသိသောကြောင့် ဖြစ်သည်။ ဒီအကြောင်းအရာတွေကိုတောင် ယဲ့ချန်က နောက်ပိုင်းမှာ သူ့ကို ပြောပြမှသာ သူသိခဲ့ရခြင်းဖြစ်သည်။
စကားအနည်းငယ်မျှသာ ဖြစ်သော်လည်း အရိပ်ဆူးမှာ အလွန်ကျေနပ်နေပေပြီ။
ကလေးဘဝကတည်းက မိဘမဲ့ဂေဟာကို အပို့ခံရတဲ့အတွက် သူ မုန်းတီးမိသလားဆိုလျှင်တော့…
မုန်းတီးမှုအချို့တော့ သေချာပေါက်ရှိပေသည်။
သို့သော် အရိပ်ဆူးဆိုသည်မှာ မည်သူနည်း။ ကမ္ဘာ့နံပါတ်တစ် လူသတ်သမားဖြစ်လေသည်။
ကမ္ဘာ့နံပါတ်တစ်ဖြစ်လာရန် သူသည် ဘဝအမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီး လူပေါင်းထောင်သောင်းမကကို တွေ့ကြုံခဲ့ဖူးပေပြီ။
အခြေအနေများမှာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်း မဟုတ်သည့်အတွက် သူသည် ဘက်လိုက်တဲ့ ကောက်ချက်များ မချလိုချေ။ ထို့ကြောင့် သူ၏မိဘများက ညီအစ်ကိုနှစ်ယောက်ကို အစကတည်းက ဘာကြောင့် မိဘမဲ့ဂေဟာသို့ ပို့ခဲ့သလဲဆိုသည်ကို သူ စီရင်ဆုံးဖြတ်မည် မဟုတ်ပေ။
...
အရိပ်ဆူး၏ တည်ငြိမ်လှသော အမူအရာကို မြင်သောအခါ ရဲဖန်သည် ဓာတ်ပုံစာအုပ်ကိုပိတ်ကာ မေးလိုက်သည်။ “ငါတို့မိဘတွေက ငါတို့ကို အစကတည်းက ဘာလို့ မိဘမဲ့ဂေဟာကို ပို့ခဲ့လဲဆိုတာ မင်းမမေးချင်ဘူးလား”
“ဘာလို့လဲ” အရိပ်ဆူးက တည်ငြိမ်စွာပင် ပြန်မေးလိုက်သည်။
“မင်းသိချင်တယ်ဆိုရင်တော့ အစ်ကိုကြီး ပြန်လာတဲ့အခါ သူ့ကိုယ်တိုင် ပြောပြခိုင်းရမှာပေါ့။ အချိန်ကိုက်ပဲ… အချိန်ကိုက်ပဲ… ငါတို့မိသားစု ခဏနေရင် ခွန်းလွန်တောင်ကို သွားသင့်တယ်”
ဤစကားကိုကြားသောအခါ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
ခွန်းလွန်တောင်...။ သူတို့နှစ်ယောက် ထိုနေရာကနေ ပြန်ရောက်လာသည်မှာ မကြာသေးပေ။
ထိုအချိန်တုန်းက သူတို့နှစ်ယောက်သည် ခွန်းလွန်တောင်ပေါ်တွင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက သူတို့၏ ဘိုးဘွားများ နေထိုင်ခဲ့သည့် နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ ဝင်ပေါက်ကိုပင် တွေ့ရှိခဲ့ကြသည်။
ယခုအခါ ရဲရှင်းဟွေ့အနေဖြင့် နတ်ဘုရားနှင့်နတ်ဆိုးလောကထဲသို့ ဝင်လိုလျှင် သူလုပ်ရန်လိုအပ်သည်မှာ စက်ဝိုင်းတစ်ခုဆွဲပြီး မီးလျှံဝင်ပေါက်တစ်ခု ပြုလုပ်လိုက်ရုံသာ ဖြစ်လေသည်။
.......
“ရဲနျဉ် ဒီနှစ်တွေအတွင်း မင်းဘယ်လိုနေထိုင်ခဲ့လဲ”
အနည်းငယ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရဲဖန်က အရိပ်ဆူး၏ အတိတ်အကြောင်းကို မေးလိုက်သည်။
သို့သော် အရိပ်ဆူး ဘာမှမပြောရသေးမီမှာပင် ရဲရှင်းဟွေ့က လက်ထောင်ကာ ကန့်ကွက်လိုက်လေသည်။ “ဦးလေး ကျွန်တော်ထင်တာတော့ ဦးလေးက ညီလေးဖြစ်မှာပဲ”
ရဲဖန်က ရဲရှင်းဟွေ့ကို တစ်ချက်စောင်းကြည့်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။ “ငါက ညီလေးဖြစ်မယ်ဆိုတာ မင်းဘယ်လိုသိတာလဲ”
“ဒါများ မေးဖို့လိုသေးလို့လား” ထိုသို့ပြောရင်း ရဲရှင်းဟွေ့က တခြားသူများကို ကြည့်ကာ မေးလိုက်သည်။ “ပြောစမ်းပါဦး သူတို့နှစ်ယောက်ကိုကြည့်ပြီး ဘယ်တစ်ယောက်က ညီလေးနဲ့တူပြီး ဘယ်တစ်ယောက်က အစ်ကိုကြီးနဲ့တူလဲဆိုတာ”
ရဲရှင်းဟွေ့၏ မေးခွန်းကို ကြားပြီးနောက်တွင်တော့ ရှိနေကြသူအားလုံးက အရိပ်ဆူးကသာ အစ်ကိုကြီးနှင့် ပိုတူကြောင်း ပြောကြလေသည်။
အင်းလေ အဓိကအားဖြင့်တော့ အရိပ်ဆူးက အလွန်တည်ငြိမ်ပြီး ခိုင်မာသောကြောင့် ဖြစ်ပေသည်။
ပြီးတော့ ရဲဖန်ကကော။ ပုံမှန်ဆိုလျှင် သူသည် အတော်လေးတည်ငြိမ်သူဖြစ်၏။ သို့သော် သူ သမက်ဘဝဖြင့် နေခဲ့ရသည်မှာ ကြာပြီဖြစ်သောကြောင့်လားမသိ ရဲရှင်းဟွေ့လို တူတစ်ယောက်ပါ ပေါင်းထည့်လိုက်သည့်အခါ သူ့ရဲ့ပုံစံက တဖြည်းဖြည်း ဟာသဘက်သို့ ရောက်လာတော့သည်။
နောက်ဆုံးတွင် ရဲဖန်မှာ သူ၏အကြည့်ကို အရိပ်ဆူး သို့မဟုတ် ရဲနျဉ်ထံသို့သာ လွှဲနိုင်တော့သည်။
ထိုအဖြစ်ကိုမြင်သောအခါ ရဲနျဉ်က ပုခုံးတွန့်ပြရင်း သူက အကြီးဖြစ်ဖြစ် အငယ်ဖြစ်ဖြစ် သူ့အတွက် အရေးမကြီးကြောင်း ပြောလိုက်လေသည်။
ရဲနျဉ်၏ အပြုအမူကို မြင်သောအခါ ရဲဖန်နှင့် ရဲရှင်းဟွေ့တို့နှစ်ယောက်လုံးမှာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြသည်။
ရဲနျဉ်က ဒီလိုပြုမူနိုင်ခြင်းက သူတို့သည် သူ့မိသားစုဖြစ်ကြောင်းကို သူ့နှလုံးသားထဲက အသိအမှတ်ပြုလိုက်ပြီဆိုတာ ပြနေခြင်းပင်။
“ဦးလေးနှစ် ပြောပြပါဦး ဒီနှစ်တွေအတွင်း ဦးလေးရဲ့ ဘဝအကြောင်းကို ပြောပြပါ”
ရဲလန်ယွဲ့က ဒီတစ်ခါတော့ တပ်ခေါ်ရမည့် အမည်ကို တိုက်ရိုက်ပင် ဆုံးဖြတ်ပေးလိုက်တော့သည်။
ရဲနျဉ်က ထိုစကားကိုကြားပြီးနောက် ခဏစဉ်းစားလိုက်ပြီးမှ ဒီနှစ်တွေအတွင်းက သူ၏ ယေဘုယျအတွေ့အကြုံများကို ပြန်ပြောပြလေသည်။
သဘာဝအတိုင်းပင် သူပြောပြသည်မှာ အလွန်တစ်ဖက်စောင်းနင်းနိုင်လှသည်။ အဓိကအားဖြင့်တော့ သူဘာပြောရမှန်း တကယ်မသိသောကြောင့် ဖြစ်ပေသည်။ အကြောင်းမှာ သွေးထွက်သံယိုမှုများနှင့် အကြမ်းဖက်မှုများကသာ သူ၏ဘဝကို အမြဲတမ်း ဝန်းရံထားခဲ့သောကြောင့်တည်း။
တစ်ခုတည်းသော နွေးထွေးသည့် ခိုနားရာဆိပ်ကမ်းဆိုသည်မှာ လင်အာ၏မိခင်ဖြစ်သူ ယန်အန်နာသာ ဖြစ်ကောင်းဖြစ်လိမ့်မည်။
“ကျွန်တော် ကလေးဘဝကတည်းက လုပ်ကြံသူအဖွဲ့အစည်းတစ်ခုဆီကို လေ့ကျင့်ဖို့ အခေါ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာတော့ လုပ်ကြံသူမဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ မင်ထောင်က သတိထားမိပြီး သူ့တပည့်အဖြစ် လက်ခံခဲ့တယ်။ ပြီးတော့ ကျွန်တော်က လေ့ကျင့်ပြီး ပိုသန်မာလာဖို့ပဲ ကြိုးစားခဲ့တယ် တာဝန်တွေထမ်းဆောင်တယ် တာဝန်တွေထမ်းဆောင်တယ် တာဝန်တွေထမ်းဆောင်တယ် အန်နာနဲ့မတွေ့ခင်အထိပေါ့”
ထိုသို့ပြောပြီးနောက် ရဲနျဉ်က သူနှင့် ယန်အန်နာကြားက ဇာတ်လမ်းကို ထပ်မံပြောပြပြန်သည်။
သူ့အစ်ကို ဒီနှစ်တွေအတွင်း ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာ သိလိုက်ရပြီးနောက် ရဲဖန်မှာ အနည်းငယ် တိတ်ဆိတ်သွားလေသည်။
ရဲရှင်းချန် ရဲလန်ယွဲ့နှင့် ချန်ယင်းယင်းတို့အားလုံးမှာမူ ယန်အန်နာအမည်ရှိ ထိုအမျိုးသမီးအတွက် စိတ်မကောင်းဖြစ်နေကြသည်။
ဝက်ဝံကန်းနှင့် ဇီးကွက်တို့ကတော့ ရဲနျဉ်ကို အံ့အားတသင့် ကြည့်နေကြလေသည်။
“မင်းက လုပ်ကြံသူမဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲဆယ်ဦးထဲက မင်ထောင်ရဲ့တပည့်လို့ ပြောတယ်။ ငါမှတ်မိသလောက်တော့ သူ့မှာ အရိပ်ဆူးဆိုတဲ့ တပည့်တစ်ယောက်ပဲရှိတယ် သူက ကမ္ဘာ့လုပ်ကြံသူ အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် လုပ်ကြံသူပဲ”
စကားပြောသူမှာ ဇီးကွက်ဖြစ်သည်။
ဇီးကွက်သည် ယခင်က ကိုယ်ရံတော်အဖြစ် အလုပ်လုပ်ခဲ့ဖူးရာ လုပ်ကြံသူမဟာမိတ်အဖွဲ့အကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်ထားလေသည်။
ထို့အပြင် ယခုပြောနေသည်မှာ နာမည်ကျော် အရိပ်ဆူးအကြောင်း ဖြစ်ပေသည်။
ဇီးကွက်ပြောသည်ကို ကြားသောအခါ ရဲဖန်လည်း မျက်မှောင်ကြုတ်မိသွားသည်။
ရဲဖန်သည် နဂါးဘုရင်ဖြစ်ခဲ့သည်မှာ မကြာသေးချေ။ ထို့အပြင် နန်းတက်ပြီးပြီးချင်းမှာပင် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် သမက်ဘဝသို့ ရောက်ရှိသွားခဲ့ရာ လောကအမှန်တရားထဲက အဖွဲ့အစည်းအချို့အကြောင်းကို သူ နက်နက်နဲနဲ နားမလည်ပေ။
သူ အများကြီးသိသော တစ်ခုတည်းသောအဖွဲ့အစည်းမှာ ထုံရှင်းအဖွဲ့အစည်းသာ ဖြစ်ပေလိမ့်မည်။
“နံပါတ်တစ် လုပ်ကြံသူ အဲ့လိုဆိုရင်တော့ အစ်ကိုကြီး ရှာလို့တွေ့နိုင်မယ်လို့ ငါထင်တယ်။ ဘာလို့ ဒီလောက်နှစ်တွေအကြာကြီး ရဲနျဉ်အကြောင်း ဘာသတင်းမှ မကြားရတာလဲ”
ရဲဖန်၏ မေးခွန်းကို ကြားသောအခါ ဇီးကွက်က ရှင်းပြလေသည်။ “ဘာလို့လဲဆိုတော့... ထိပ်တန်းလုပ်ကြံသူသုံးယောက်ရဲ့ မျက်နှာကို မြင်ဖူးတဲ့လူ သိပ်မရှိလို့ပဲ။ တစ်ယောက်ယောက်က သူတို့ရုပ်ရည်ကို သိတယ်ဆိုရင် သူတို့က ထိပ်ဆုံးသုံးယောက်ထဲမှာ ရှိနေမှာမဟုတ်ဘူး။ သူတို့ အသတ်ခံရတာ ကြာပြီဖြစ်လိမ့်မယ်”
လူအချို့က လုပ်ကြံသူ အရိပ်ဆူးအကြောင်း ဆွေးနွေးနေသည်ကို ကြားသောအခါ မျက်နှာသေနှင့် ရဲနျဉ်က သူ့ဘေးနားရှိ လင်အာ၏ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်မှာ...
“အရိပ်ဆူးက သေသွားပြီ အခု… ရဲနျဉ်ပဲ ကျန်တော့တယ်”
လင်အာ၏ ခေါင်းကို ပွတ်သပ်နေသော ရဲနျဉ်က ရဲဖန်ကို ကြည့်ကာ ပြောလိုက်သည်။
“ရဲဖန် ငါ့ကို အကူအညီတစ်ခုလောက် ပေးလို့ရမလား”
“ဟမ်။ ဘာအကူအညီလဲ”
“လင်အာကို စောင့်ရှောက်ပေးပါ”
ရဲနျဉ်၏စကားကြောင့် ရှိနေကြသူအားလုံးမှာ သူ့ထံသို့ ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။
ထိုအဖြစ်ကို မြင်သောအခါ ရဲနျဉ်က ရှင်းပြလေသည်။ “ကျွန်တော် အရင်က ပြောခဲ့သလိုပဲ အန်နာရဲ့ ဝိညာဉ်က ဝိညာဉ်ပုလဲထဲမှာ ရှိနေသေးတယ် ပြီးတော့ ကျွန်တော်က အပြင်ထွက်ပြီး အန်နာကို ပြန်ရှင်အောင်လုပ်မယ့် နည်းလမ်းကို ရှာချင်တယ် ဒါကြောင့်…”
အမှန်တကယ်တွင် ရဲနျဉ် တကယ်ပြောချင်သည်မှာ သူ၏ကိုယ်ပေါ်တွင် ကျိန်စာတစ်ခု ရှိနေသည့်အတွက် သူတို့ဘေးတွင်နေပြီး သူတို့ကို အန္တရာယ်မပေးလိုကြောင်းနှင့် သူ၏သမီးကို သူတို့ထံ အပ်နှံကာ စောင့်ရှောက်ပေးစေလိုကြောင်း ဖြစ်လေသည်။
သို့သော် ရဲနျဉ် စကားမဆုံးခင်မှာပင် ရဲရှင်းချန်၏ အသံထွက်ပေါ်လာလေသည်။
“လူတစ်ယောက်ကို ပြန်ရှင်အောင်လုပ်ရုံပဲဟာ။ ပြီးတော့ သူ့မှာ ဝိညာဉ်အပြည့်အစုံလည်း ရှိနေသေးတာပဲ ဒါကြောင့် သူ့ကို ပြန်ရှင်အောင်လုပ်ရတာ မခက်ပါဘူး”
“သေစမ်းကွာ။ အစ်ကိုကြီး အစ်ကိုကြီးက နည်းနည်းတော့ ကြွားလွန်းနေပြီ။ ပြန်ရှင်အောင်လုပ်ရတာ လွယ်တယ်ဟုတ်လား”
ရဲရှင်းဟွေ့က သူ့အစ်ကို ကြွားဝါနေသည်ကို တားလိုစဉ်မှာပင် သူ့အစ်မကလည်း စကားပြောလာသည်ကို ကြားလိုက်ရသည်။
“အင်း။ ဝိညာဉ်အပြည့်အစုံနဲ့ ပြန်ရှင်အောင်လုပ်ရတာက တကယ်တော့ အလွန်ရိုးရှင်းပါတယ်။ ဘယ်လိုခန္ဓာကိုယ်မျိုး လိုချင်လဲသာပြော ကျွန်မက ပေါင်းစပ်ပြီး ပုံတူပွားပေးဖို့ တာဝန်ယူနိုင်တယ်”
ရဲရှင်းချန်က ပြန်ပြောသည်မှာ “ငါ့အထင်တော့ စိတ်ဝိဉာည်ပစ္စည်းများနဲ့ ခန္ဓာကိုယ်တစ်ခုလုပ်တာက ပိုကောင်းလိမ့်မယ်။ အဲ့လိုဆိုရင် သန်မာပြီး ခံနိုင်ရည်ရှိမှာပေါ့”
သို့သော် ရဲလန်ယွဲ့က ကန့်ကွက်လေသည်။ “ငါတို့က ပုံတူပွားတာနဲ့ပဲ သွားမယ်။ ဘာပဲဖြစ်ဖြစ် လူသားဖြစ်နေတာက ပိုကောင်းတာပေါ့”
.......
လူအားလုံးမှာ မောင်နှမနှစ်ယောက် လူသေကို ဘယ်လိုပြန်ရှင်အောင်လုပ်မလဲ ဆွေးနွေးနေကြသည်ကို ကြည့်နေကြရုံသာ။
ထိုအဖြစ်ကို မြင်သောအခါ ရဲနျဉ်မှာ အလွန်စိတ်လှုပ်ရှားသွားလေသည်။ အန်နာကို ဘယ်နည်းလမ်းနဲ့ ပြန်ရှင်ရှင် သူက အရေးမကြီးပေ သူမ ပြန်ရှင်လာနိုင်သရွေ့တော့။
တခြားသူများကမူ ရဲရှင်းဟွေ့ကို ကြည့်နေကြသည်။ သူတို့အကြည့်က ပြောနေသည့်အလား “ဟေ့ မင်းက ဘာလို့ ဆွေးနွေးပွဲထဲ မပါဝင်တာလဲ။ မင်းက သူတို့ရဲ့မောင် မဟုတ်ဘူးလား”
ရဲရှင်းဟွေ့က သူတို့၏အကြည့်များကို မြင်သောအခါ ပြန်ပြောချင်နေသည်မှာ...
“တောင်းပန်ပါတယ်ဗျာ ကျွန်တော်က မထိုက်တန်လို့ပါ”