ရှင်ပြန်ထမြောက်ခြင်း
Vol. 15 Ch. 202
ဧည့်ခန်းအတွင်း၌...
ရဲရှင်းချန်နှင့် ရဲလန်ယွဲ့တို့သည် ယန်အန်နာအား မည်သည့်နည်းလမ်းဖြင့် ရှင်ပြန်ထမြောက်စေမည်ကို ဆွေးနွေးငြင်းခုံနေကြဆဲ ဖြစ်သည်။
ထိုအချိန်မှာပင် ရဲဖန်က စကားစလိုက်လေ၏။
"မင်းတို့ ရဲနျဉ်ရဲ့ သဘောထားကို အရင်မေးကြည့်ကြပါလား"
ရဲဖန်၏ စကားကို ကြားလိုက်သောအခါ နှစ်ယောက်လုံး ရဲနျဉ်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
"ဦးလေးနှစ် ပြောပြပါ... ဦးလေးက ကိုယ်ပွားဖန်တီးတာကို လိုချင်တာလား ဒါမှမဟုတ် စိတ်ဝိဉာည်ရုပ်ဝတ္ထုတွေနဲ့ ပြုလုပ်တာကို လိုချင်တာလား"
မေးလိုက်သူမှာ ရဲလန်ယွဲ့ ဖြစ်သည်။ ထိုအချိန်တွင် ရဲရှင်းချန်ကလည်း ရဲနျဉ်ကို စိုက်ကြည့်ကာ သူ၏အဖြေကို စောင့်ဆိုင်းနေတော့သည်။
ရဲနျဉ်သည် မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေမိသည်။ သူ့စိတ်ထဲတွင်မူ ယန်အန်နာသာ အသက်ပြန်ရှင်လာမည်ဆိုလျှင် မည်သည့်နည်းလမ်းဖြစ်ဖြစ် အရေးမကြီးဟု ပြောချင်နေမိသည်။
စောစောက ရဲရှင်းချန်နှင့် ရဲလန်ယွဲ့တို့၏ ဆွေးနွေးမှုကို သူလည်း ကြားလိုက်ရသည်သာ။
အကယ်၍ ကိုယ်ပွားခန္ဓာကိုယ်ကို အသုံးပြုမည်ဆိုလျှင် ထိုခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ထပ်တူကျမည်ဖြစ်ပြီး မျိုးဗီဇကိုလည်း ကိုယ်ပွားဖန်တီးစဉ် ထိန်းညှိနိုင်လေသည်။ ရောဂါဘယကင်းစင်ကာ ကျန်းမာစွာဖြင့် အသက်ရှည်ရှည်နေထိုင်ရန်မှာ လွန်စွာလွယ်ကူပေလိမ့်မည်။
စိတ်ဝိဉာည်ရုပ်ဝတ္ထုများဖြင့် ပြုလုပ်သော ခန္ဓာကိုယ်မှာတော့... ရှင်ပြန်ထမြောက်မှု အောင်မြင်သည်နှင့် တပြိုင်နက် ကျင့်ကြံသူတစ်ဦးအဖြစ်သို့ တိုက်ရိုက်ကူးပြောင်းသွားမည် ဖြစ်သည်။
သူမအနေဖြင့် ကျင့်ကြံခြင်း မပြုလုပ်သည့်တိုင် ထိုခန္ဓာကိုယ်သည် သာမန်ခန္ဓာကိုယ် ကျင့်ကြံသူများထက်ပင် ပိုမိုသန်မာနေပေဦးမည်။
.......
ရဲနျဉ်သည် သူ၏လည်ပင်းမှ ဆွဲကြိုးလေးကို ပွတ်သပ်လိုက်ပြီးနောက်
"ဒါကို အန်နာကိုယ်တိုင် မေးကြည့်သင့်တယ် ထင်တယ်။ မင်းတို့က အန်နာ့ကို အသက်ပြန်သွင်းပေးနိုင်မှတော့ သူ့ဝိညာဉ်ကို ဝိညာဉ်ပုလဲထဲကနေ ထုတ်ယူနိုင်လောက်မှာပါ... ဟုတ်တယ်မလား" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ရဲရှင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ရဲရှင်းဟွေ့ဘက်သို့ လှည့်ကာ
"ရှင်းဟွေ့ ငါတို့ကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲ ခေါ်သွား။ ယန်အန်နာရဲ့ ဝိညာဉ်ကို အရင်ဆုံး ထုတ်လိုက်ကြရအောင်" ဟု ပြောလိုက်သည်။
အစ်ကိုကြီး၏စကားကို ကြားသည်နှင့် ရဲရှင်းဟွေ့သည် တစ်ခွန်းတစ်ပါဒမှ မဆိုဘဲ ထိုနေရာရှိ လူအားလုံးကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ တိုက်ရိုက် ပို့ဆောင်လိုက်တော့သည်။
ဧည့်ခန်းထဲတွင် ရှိနေသူများမှာ ယခုအခါ သူ့လူကိုယ့်လူချည်းသာ ဖြစ်ရာ ရဲရှင်းဟွေ့အနေဖြင့် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံအား လျှို့ဝှက်ထားရန် စိတ်ကူးမရှိတော့ချေ။
...
ဤသည်မှာ ရဲရှင်းဟွေ့အတွက် လူအများအပြားကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပထမဆုံးအကြိမ် ခေါ်ဆောင်လာခြင်းလည်း ဖြစ်သည်။
ထုံးစံအတိုင်းပင် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသူတိုင်းသည် ထိုနေရာ၏ မှော်ဆန်မှုကို ကြည့်ရင်း အံ့ဩမှင်သက်သွားကြလေသည်။
"ဟေး။ ရှင်းဟွေ့ မင်းက သီးခြားကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားတာပဲ။"
ရဲလန်ယွဲ့သည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံကို ကြည့်ရှုရင်း ပြုံးကာ မှတ်ချက်ပေးလိုက်သည်။ သူမက ထိုသို့ပြောလိုက်သော်လည်း တောင်တန်းနှင့်မြစ်ချောင်းများမြေပုံ၏ တည်ရှိမှုက သူမကို များစွာ အံ့အားသင့်စေခြင်းတော့ မရှိလှပေ။
"ဟားဟား။" ရဲရှင်းဟွေ့က ရယ်မောလိုက်ပြီးနောက် လူအားလုံးကို "ခင်ဗျားတို့ ဒီနေရာကို သဘောကျတယ်ဆိုရင် အားလုံး ဒီမှာလာနေလို့ ရပါတယ်ဗျာ" ဟု ပြောလိုက်သည်။
"ဒီနေရာက တကယ်ကောင်းတာမှန်ပေမယ့် ကျွန်တော်ကတော့ သာမန်လူ့ဘဝကိုပဲ ပိုသဘောကျတယ်"
ဤတစ်ကြိမ် တုံ့ပြန်လိုက်သူမှာ ဇီးကွက် ဖြစ်လေသည်။
ဝက်ဝံကန်းမှာမူ ရောက်သည်နှင့် ရို့စ်ကို ချက်ချင်းထုတ်ကာ မွှေးလိုက်နမ်းလိုက်ဖြင့် ကြည်နူးနေလေတော့သည်။
တစ်ဖက်တွင်တော့ ချန်ယင်းယင်းက ရဲဖန်ကို ဘေးသို့ဆွဲခေါ်သွားလေသည်။
ယနေ့ဖြစ်ပျက်ခဲ့သမျှမှာ သူမအတွက် လွန်စွာ မယုံနိုင်စရာ ကောင်းလှရာ သူမ၏စိတ်ထဲတွင် ယခုတိုင် အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သည်။
နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော ရဲဖန်၏ အမြွှာညီအစ်ကိုက ရုတ်တရက် ပြန်ပေါ်လာသည့်အပြင် သူမကိုလည်း လူမှားအောင် အောင်မြင်စွာ ပြုလုပ်သွားသေးသည်။
နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များမှာမူ ပို၍ပင် အံဩစရာ ကောင်းလှသည်။
လုပ်ကြံသူမဟာမိတ်အဖွဲ့ လူသေကို ရှင်ပြန်ထမြောက်အောင် ပြုလုပ်ခြင်း ယခုတော့ သူတို့အားလုံး ထူးဆန်းသော နေရာတစ်ခုဆီသို့ပင် တိုက်ရိုက် ရောက်ရှိလာခဲ့ကြပြီ။
ပြီးတော့... ဒီနေရာမှာ... သူမ ဘာတွေ မြင်နေရတာလဲ။
မိုးကောင်းကင်မှာ ပျံနေတဲ့ နဂါးတစ်ကောင်... ဆင်လောက်ကြီးတဲ့ ကျားနှစ်ကောင်...
နွားလောက်ကြီးတဲ့ ခွေးသုံးကောင်က ဂေါ်ဖီထုပ်တွေကို စားနေကြတယ်...
ထို့အပြင် cosplay ဝတ်စုံများ ဝတ်ဆင်ထားသော ရဲရှင်းဟွေ့၏ ကိုယ်ပွားတစ်အုပ်လည်း ရှိသေးသည်။
ဤအရာအားလုံးက သူမ၏ ကမ္ဘာကြီးပေါ်အမြင်အား လုံးလုံးလျားလျား ပြိုလဲသွားစေတော့သည်။
ချန်ယင်းယင်းအနေဖြင့် ဤအချိန်အထိ တည်ငြိမ်သော အမူအရာကို ဆက်ထိန်းထားနိုင်ခြင်းကပင် သူမ၏ စိတ်ဓာတ်ခိုင်မာမှုမှာ အလွန်ကောင်းမွန်ကြောင်း ပြသနေလေသည်။
ချန်ယင်းယင်း၏ ပုံစံကို မြင်သောအခါ ရဲဖန်က ပြုံးလိုက်ပြီး
"လောကကြီးမှာ သာမန်လူတွေ မသိတဲ့ အမှန်တရားတွေ အများကြီးရှိတယ်။ ငါတို့က အဲ့ဒီအမှန်တရားကို သိတဲ့သူတွေထဲမှာ ပါတဲ့လူတွေပေါ့။ သာမန်လူတွေ မသိတဲ့လောကကို 'အစစ်အမှန်လောက' လို့လည်း ခေါ်တယ်" ဟု ဆိုလိုက်သည်။
ရဲဖန်သည် ချန်ယင်းယင်းအား 'အစစ်အမှန်လောက' အကြောင်းကို စတင် ရှင်းပြလေတော့သည်။
.......
တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသူများထဲတွင် အတည်ငြိမ်ဆုံး ပြုမူနိုင်သူမှာ ပေါင်ပေါင်း ဖြစ်ပေသည်။
ပေါင်ပေါင်းသည် အထဲသို့ ဝင်ရောက်လာပြီးနောက် သူမ၏ အနံ့ခံအာရုံနောက်သို့ တိုက်ရိုက်လိုက်သွားကာ သူမ၏ မိတ်ဆွေဟောင်းများဖြစ်သော ဝတုတ်ကြောင်နှစ်ကောင်ကို ရှာဖွေလေသည်။
သူမက ထိုဝတုတ်ကြောင်နှစ်ကောင်နှင့် မိတ်ဆွေဖြစ်ရသည့် အကြောင်းရင်းမှာတော့... ကြောင်နှစ်ကောင်၏ ပုံစံက စားချင်စဖွယ် ကောင်းလှသည်ဟု သူမ ထင်သောကြောင့်သာ ဖြစ်လေသည်။
...
လူများကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ခေါ်ဆောင်လာပြီးနောက် ရဲရှင်းဟွေ့သည် အားလုံးကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးလိုက်ပြီး သူကမူ သူ၏ အစ်ကိုကြီးနှင့် အစ်မကြီးတို့က ယန်အန်နာကို မည်သို့ ရှင်ပြန်ထမြောက်အောင် ပြုလုပ်မည်ကို စောင့်ကြည့်နေလိုက်သည်။
ရဲနျဉ်နှင့် လင်းအာတို့ကလည်း ရဲရှင်းချန်၏ လက်ထဲမှ ဝိညာဉ်ပုလဲကို စိုးရိမ်တကြီး စိုက်ကြည့်နေကြလေသည်။
ရဲရှင်းချန်သည် ပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုလိုက်ပြီး သူ၏ အသိစိတ်ကို အသုံးပြုကာ လက်ထဲမှ ဝိညာဉ်ပုလဲအတွင်းသို့ ဝင်ရောက်သွားတော့သည်။
မကြာမီမှာပင် သူသည် ဝိညာဉ်ပုလဲထဲ၌ အမျိုးသမီးတစ်ဦးကို တွေ့ရှိလိုက်ရသည်။
သို့သော်... ဤအမျိုးသမီး၏ ဝိညာဉ်ကို နီရဲသော စွမ်းအင်အမျှင်တန်းများက ရစ်ပတ်ထားလေသည်။
ဤစွမ်းအင်ထဲတွင် အနုတ်လက္ခဏာဆောင်သော စွမ်းအင်မျိုးစုံ ပေါင်းစပ်ပါဝင်နေပြီး ထိုအနုတ်လက္ခဏာစွမ်းအင်များ စုစည်းခဲမာသွားမှုက အမျိုးသမီး၏ဝိညာဉ်ကို သံကြိုးများကဲ့သို့ ချည်နှောင်ထားလေသည်။
"ဒီဝိညာဉ်ပုလဲ..."
ရဲရှင်းချန်သည် မျက်လုံးဖွင့်လိုက်ပြီး ရဲနျဉ်ကို ကြည့်ကာ "ခင်ဗျား ဒါကို ဆောင်ထားတာ ဘယ်လောက်ကြာပြီလဲ" ဟု မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ရဲနျဉ်က ခဏစဉ်းစားလိုက်ပြီး "ဆယ်နှစ်ကျော်လောက်တော့ ရှိလောက်ပြီ" ဟု ပြန်ဖြေလိုက်သည်။
ရဲရှင်းချန်၏ အတွေးနက်နေသော ပုံစံကို မြင်သောအခါ ရဲနျဉ်က စိုးရိမ်စွာဖြင့် "တစ်ခုခု... ပြဿနာရှိလို့လား" ဟု မေးလိုက်သည်။
ရဲရှင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး "နည်းနည်းတော့ ရှိတယ်။ ဒီဝိညာဉ်ပုလဲက ဝိညာဉ်တွေကို စုပ်ယူနိုင်ရုံတင်မကဘူး တခြားစွမ်းအင်ပုံစံတွေကိုလည်း စုပ်ယူနိုင်တယ်။ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်တဲ့ အတွက်ကြောင့်ပဲ ဝိညာဉ်ပုလဲထဲက ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်တာ" ဟု ဆိုလိုက်သည်။
ထို့နောက် သူက ဆက်ပြောသည် "ဒါပေမယ့်... ခင်ဗျားက လူသတ်သမားဘဝတုန်းက မကျေနပ်မှုတွေ လူသတ်ငွေ့ငွေ့တွေနဲ့ တခြားအနုတ်လက္ခဏာစွမ်းအင်တွေ အများကြီး စုဆောင်းခဲ့မိတယ်။ အဲ့ဒါတွေအကုန်လုံးကို ဒီဝိညာဉ်ပုလဲက စုပ်ယူထားလိုက်တာပဲ။ အခု အန်နာ့ရဲ့ဝိညာဉ်ကို ဒီအနုတ်လက္ခဏာစွမ်းအင်တွေက ရစ်ပတ်နေပြီ"
ထိုစကားကို ကြားသောအခါ ရဲနျဉ်သည် ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားတော့သည်။
သူ ဝိညာဉ်ပုလဲ မရခင်အချိန်ကို ထည့်မတွက်လျှင်တောင်မှ လွန်ခဲ့သော ဆယ်နှစ်အတွင်း ဤဝိညာဉ်ပုလဲကို ဆောင်ထားရင်း သူ သတ်ခဲ့သော လူပေါင်းမှာ မရေမတွက်နိုင်အောင် များပြားလှပေသည်။
သာမန်ဝိညာဉ်တစ်ခုမျှသာဖြစ်သော ယန်အန်နာသည် ဆယ်နှစ်ကျော်ကြာ စုဆောင်းခဲ့သော အနုတ်လက္ခဏာစွမ်းအင်များကို ခံနိုင်ရည်ရှိပါ့မလား။
သို့သော် ရဲနျဉ် မေးခွန်းမထုတ်နိုင်ခင်မှာပင် ရဲရှင်းချန်သည် ရဲလန်ယွဲ့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ရဲလန်ယွဲ့ကလည်း အတွေးနက်နေလေသည်။
"အစ်မ ကျွန်တော်ဆိုလိုတာကို အစ်မ နားလည်တယ်မလား"
ရဲလန်ယွဲ့က ခေါင်းညိတ်ပြပြီး "ဒါဆိုလည်း မင်းပြောသလိုပဲ လုပ်ကြတာပေါ့" ဟု ဆိုလိုက်သည်။
သူတို့နှစ်ဦး ပြောနေသည်ကို ကြားသောအခါ ရဲရှင်းဟွေ့မှာ အနည်းငယ် နားမလည်ဖြစ်သွားသောကြောင့် "အစ်မ ခင်ဗျားတို့ ဘာကို ဆိုလိုတာလဲဗျ" ဟု ဝင်မေးလိုက်သည်။
"လွယ်လွယ်လေးပါ" ရဲလန်ယွဲ့က ရှင်းပြသည်။ "အခုလောလောဆယ်မှာ ယန်အန်နာရဲ့ ဝိညာဉ်ကို အနုတ်လက္ခဏာစွမ်းအင်တွေက ရစ်ပတ်နေတယ်။ သူ့ကိုသာ ကိုယ်ပွားဖန်တီးပြီး အသက်ပြန်သွင်းလိုက်ရင် သာမန်ခန္ဓာကိုယ်က... ခံနိုင်ရည်မရှိဘဲ တိုက်ရိုက် ပြိုကျသွားနိုင်တယ်။ ဒါကြောင့် ငါတို့ ရှင်းချန်ကို စိတ်ဝိဉာည်ရုပ်ဝတ္ထုတွေသုံးပြီး ခန္ဓာကိုယ်တစ်ခု ယာယီဖန်တီးခိုင်းမှပဲ ရတော့မယ်။ ဒီနည်းနဲ့မှ အဲ့ဒီအနုတ်လက္ခဏာစွမ်းအင်ကို ဖိနှိပ်ထားနိုင်ပြီး အဲ့ဒီစွမ်းအင်ကို ထိန်းချုပ်နိုင်တဲ့စွမ်းအားအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲပေးနိုင်မှာ"
ရဲလန်ယွဲ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်မှ ရဲနျဉ်သည် စိတ်အေးသွားတော့သည်။
တစ်ဖက်မှ ရဲရှင်းချန်ကလည်း ခန္ဓာကိုယ် ပြုလုပ်ရန် စတင် ပြင်ဆင်နေလေပြီ။
ကိုယ်ပွားဖန်တီးခြင်း နည်းလမ်းကို အသုံးမပြုနိုင်သောကြောင့် ထိုနှစ်ခုကြားမှ ရွေးချယ်မှုမှာ အကျုံးမဝင်တော့ချေ။ ထို့ကြောင့် ရဲရှင်းချန်သည် သူ၏ ကိုယ်ပိုင်နည်းလမ်းကိုသာ တိုက်ရိုက် အသုံးပြုလိုက်တော့သည်။
.......
ရဲရှင်းချန်သည် ဂျင်ဆင်းအနည်းငယ်ကို တူးလိုက်ပြီးနောက် မြေပြင်ပေါ်တွင် လူပုံသဏ္ဌာန်တစ်ခု ချထားလိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ဂျင်ဆင်းများကို အတူတကွ ဆက်သွယ်လိုက်လေသည်။
နောက်ဆုံးတွင်မူ ရဲရှင်းချန်သည် သူကျွမ်းကျင်သော ကြယ်တာရာမီးလျှံကို အသုံးပြု၍ ပြုလုပ်လေတော့သည်။
ပြုလုပ်နေစဉ်အတွင်း ရဲရှင်းချန်သည် အခြားနေရာများမှ ဆေးပင်များစွာကိုလည်း ခူးယူလာခဲ့သေးသည်။
ဤဆေးဖက်ဝင်အပင်များမှာ ခွန်းလွန်တောင်ရှိ လိုဏ်ဂူများအတွင်းမှ ဆေးဖက်ဝင်ဥယျာဉ်များမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင် ထားရှိသည်မှာ မကြာသေးသော်လည်း တောင်တန်းနှင့်မြစ်ချောင်းများမြေပုံ၏ ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များကြောင့် ဆေးဖက်ဝင်အပင်များစွာမှာ မျိုးပွားပြီး ကောင်းမွန်စွာ ရှင်သန်ကြီးထွားလျက် ရှိနေလေသည်။
ယင်နှင့်ယန်ကို ထိန်းညှိပေးနိုင်သော ဆေးပင်များ ကြယ်တာရာမီးလျှံ၏ ပြုလုပ်မှုတို့ဖြင့် ဂျင်ဆင်းအနည်းငယ်သည် လျင်မြန်စွာ ပေါင်းစပ်သွားပြီး လူပုံသဏ္ဌာန်တစ်ခုအဖြစ် ဖြစ်ပေါ်လာတော့သည်။