← Chapters

ဂျင်ဆင်းရုပ်လေးနှင့် မွေးဖွားဖွားချင်း အမြတ်ထုတ်ရိတ်သိမ်းခြင်း

Vol. 15 Ch. 203

ဂျင်ဆင်းရုပ်လေးနှင့် မွေးဖွားဖွားချင်း အမြတ်ထုတ်ရိတ်သိမ်းခြင်း

Vol. 15 Ch. 203

တောင်တန်းနှင့်မြစ်ချောင်းများမြေပုံ အတွင်း၌။

ရဲရှင်းချန်သည် ယန်အန်နာအား ပြန်လည်အသက်သွင်းရန်အတွက် သွေးသားခန္ဓာကိုယ်ကို ဖန်ဆင်းပြုပြင်နေလေသည်။ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံအတွင်းရှိ တခြားလူများနှင့် သတ္တဝါများမှာလည်း စိတ်ဝင်တစားဖြင့် လာရောက်ကြည့်ရှုနေကြသည်။

"အိုး ဘုရားရေ ဘော့စ်။ ဘော့စ်ကြီးက ဘာတွေလုပ်နေတာလဲဟင်။"

ရှသာ့လုံသည် ရဲရှင်းဟွေ့ထံသို့ ရောက်လာပြီး မတင်မကျဖြင့် မေးလိုက်သည်။

သူပြောသော ဘော့စ်ကြီးဆိုသည်မှာကား ရဲရှင်းချန်ကို ရည်ညွှန်းခြင်းဖြစ်လေသည်။

ရဲရှင်းချန်သည် ရဲရှင်းဟွေ့၏ အစ်ကိုကြီးဖြစ်ပြီး ရဲရှင်းဟွေ့မှာ ရှသာ့လုံ၏ ဘော့စ်ဖြစ်သည်။ ထို့ကြောင့် ရဲရှင်းချန်ကို ဘော့စ်ကြီးဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။

"ဘာမှမဟုတ်ပါဘူး လူတစ်ယောက်ကို အသက်ပြန်သွင်းနေတာလေ။" ရဲရှင်းဟွေ့က ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

သို့သော် ရှသာ့လုံနှင့် တခြားတပည့်များမှာတော့ စိတ်ထဲတွင် အနည်းငယ် မလုံမလဲ ဖြစ်နေကြသည်။

ကံကောင်းသည်မှာ ရှသာ့လုံ၏ မှတ်ဉာဏ်ထဲတွင် လူကိုပြန်လည်အသက်သွင်းခြင်းကိစ္စမှာ ထူးထူးဆန်းဆန်း ကိစ္စကြီးတစ်ခု မဟုတ်ပေ။

နတ်ဘုရားနှင့်နတ်ဆိုးလောကတွင် လူတစ်ယောက်၏ အစွမ်းသည် အဆင့်တစ်ခုသို့ ရောက်သွားလျှင် သေဆုံးရန် ခဲယဉ်းလှသည်။

ဝိညာဉ်သာ ကျန်ရှိနေသေးမည်ဆိုလျှင် တစ်စိတ်တစ်ပိုင်းမျှသာ ကျန်နေသည့်တိုင် လိုအပ်သော အထောက်အပံ့ပစ္စည်းများနှင့် အချိန်သာရှိလျှင် ပြန်လည်အသက်သွင်းနိုင်သေးသည်။

သို့သော်လည်း ရှုန်ကျော့၊ ရှုန်ယို့ နှင့် မျက်လုံးတစ်ဖက်လပ်နဂါးတို့ကဲ့သို့ တခြားသူများမှာတော့ လုံးဝကို အံ့အားသင့်မှင်တက်နေကြလေသည်။

သူတို့သည် ဝိညာဉ်ဖွင့်ခြင်းအဆင့်ကို ကျော်လွန်ပြီး ချီလမ်းကြောင်းဖောက်ခြင်းအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ရာ သူတို့၏ ဉာဏ်ရည်မှာ အလွန်မြင့်မားနေချေပြီ။

လူတစ်ယောက် သေသွားလျှင် သေဆုံးသွားသည်သာဖြစ်ကြောင်း ပြန်လည်အသက်သွင်းခြင်းဆိုသည်မှာ လုံးဝ မယုံကြည်နိုင်စရာ ကိစ္စဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။

"ဘော့စ်ကြီးက အရမ်းကို တန်ခိုးကြီးတာပဲ။"

ဤတစ်ကြိမ်တွင်တော့ စကားပြောလိုက်သူမှာ ဟူနျို့ ဖြစ်သည်။

ဟူနျို့သည် ရဲရှင်းချန်ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေရာ ဘေးမှ တိုက်ဂါးမှာ အလွန်ကို မကျေမနပ်ဖြစ်နေတော့သည်။

"ကျစ်။ အသက်ပြန်သွင်းတာလေးများကွာ။ ငါတို့ဘော့စ်လဲ လုပ်နိုင်မှာပါ။"

စကားပြောနေရင်း တိုက်ဂါးသည် ရဲရှင်းဟွေ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ၏အဓိပ္ပာယ်မှာ ထင်ရှားလှသည်။ 'ဘော့စ် ကျွန်တော်တို့ကို ပြစမ်းပါ။'

ရဲရှင်းဟွေ့: "..."

ရဲရှင်းဟွေ့သည် 'ငါမလုပ်နိုင်ဘူး ငါမလုပ်တတ်ဘူး' ဟု အမှန်အတိုင်း ပြောချင်စိတ်ပေါက်သွားသည်။

သို့သော် ပြန်စဉ်းစားကြည့်လိုက်သောအခါ သူ့တပည့်များရှေ့တွင်တော့ အားနည်းပြလို့ မဖြစ် ကြောက်ရွံ့ပြလို့ မဖြစ်ဟု တွေးလိုက်သည်။ သူသည် နားမလည်နိုင်စွာပင် လက်ကို ဖိချလိုက်ပြီး ပြောလိုက်သည်။

"အသက်ပြန်သွင်းတာလေးများကွာ။ အဲ့ဒါက ဘာများထူးဆန်းလို့လဲ။ သက်ရှိတွေကို ဖန်ဆင်းတာတောင် ငါ့အတွက်ကတော့ ပြဿနာမဟုတ်ဘူး။"

ရဲရှင်းဟွေ့သည် သူ့တပည့်အုပ်စုကိုသာ ပြောလိုက်ခြင်းဖြစ်သော်လည်း ရဲလန်ယွဲ့နှင့် ရဲဖန်တို့ကပါ ကြားသွားပြီး လှမ်းကြည့်လိုက်ကြသည်။

အားလုံး၏ အကြည့်များက တစ်ညီတစ်ညွတ်တည်း ပြောနေကြသည်။ 'မင်းစကားကို မင်းတာဝန်ယူရမယ် လုပ်ပြစမ်းပါ။'

ရဲရှင်းဟွေ့သည် အနီးအနားမှ ဂျင်ဆင်းပင်ကြီးတစ်ပင်ကို ဖြစ်ကတတ်ဆန်း ဆွဲယူကာ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

လက်ထဲက ဂျင်ဆင်းကို ကြည့်ရင်း ရဲရှင်းဟွေ့ စိတ်ထဲမှ တွေးလိုက်သည်။ 'ငါ့ခန္ဓာကိုယ်ထဲက မန္တာန်စွမ်းအင်တွေ လောက်ပါ့မလားမသိဘူး။ လောက်လောက်မလောက်လောက် စမ်းကြည့်လိုက်တာပေါ့ကွာ။'

စိတ်ကူးလိုက်သည်နှင့် ရဲရှင်းဟွေ့က သူ၏ကိုယ်ပိုင် မန္တာန်စွမ်းအင်ဖြင့် ဂျင်ဆင်းကို လွှမ်းခြုံလိုက်သည်။

မန္တာန်စွမ်းအင်အပြင် သူ၏ဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုပါ ထည့်သွင်းလိုက်သေးသည်။

ပြင်ဆင်မှုများ ပြီးစီးသွားသောအခါ ရဲရှင်းဟွေ့သည် ထျန်းကန်းပြောင်းလဲခြင်း ၃၆ မျိုးထဲမှ "ဖန်ဆင်းခြင်းတရား" ကို စတင်အသက်သွင်းလိုက်တော့သည်။

ဖန်ဆင်းခြင်းတရား - ၎င်းသည် အရာဝတ္ထုတို့၏ အနှစ်သာရကို ပြောင်းလဲနိုင်သော စွမ်းရည်ဖြစ်ပြီး အရာခပ်သိမ်းကို ဖန်တီးနိုင်သည်။ စကြာဝဠာ၏ မူလနိယာမများကို ပြောင်းပြန်လှန်ပြီး နိယာမအသစ်များကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုနိုင်စွမ်း ရှိလေသည်။

ရဲရှင်းဟွေ့သည် သူ၏လက်ထဲမှ ဂျင်ဆင်းကို သက်ရှိသတ္တဝါတစ်ကောင်အဖြစ် တိုက်ရိုက်အဓိပ္ပာယ်သတ်မှတ်လိုက်သည်။ သဘာဝအတိုင်းပင် ရဲရှင်းဟွေ့၏ လက်ရှိမန္တာန်စွမ်းအင်ဖြင့်မူ ဤသို့ပြုလုပ်ရန်မှာ အလွန်ခက်ခဲမည်ဖြစ်ပြီး အခြေခံအားဖြင့် မဖြစ်နိုင်သလောက်ပင်။

သို့သော် ရဲရှင်းဟွေ့ထံတွင် ကြောက်စရာကောင်းလှသော အရိပ်ကိုယ်ပွားဂျူစု ရှိနေသေးသည်။

သူသည် အရိပ်ကိုယ်ပွားများကိုအသုံးပြုကာ သူ၏ဝိညာဉ်ကို အသေးငယ်ဆုံးအပိုင်းအဖြစ် ခွဲခြမ်းလိုက်ပြီးနောက် လက်ထဲမှ ဂျင်ဆင်းကို အရိပ်ကိုယ်ပွားဂျူစုအတွက် ကြားခံအဖြစ် အသုံးပြုလိုက်သည်။

သို့သော်လည်း ရဲရှင်းဟွေ့သည် သူ၏ဝိညာဉ်အနည်းငယ်ကိုသာ အသုံးပြုခဲ့သောကြောင့် ပုံပွား၏ ဉာဏ်ရည်မှာ သိပ်မမြင့်မားလှချေ။ နောက်ပိုင်းတွင် ရဲရှင်းဟွေ့က လမ်းညွှန်ကူညီပြီး ဝိညာဉ်ကို ဖွံ့ဖြိုးအောင် မလုပ်ပေးပါက ထိုဝိညာဉ်၏ ဉာဏ်ရည်မှာ နှစ်နှစ်သား ကလေးတစ်ယောက်နှင့် ညီမျှနေမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လူအားလုံးရှေ့တွင် ကြွားဝါပြရန်အတွက်တော့ ဤမျှနှင့်ပင် လုံလောက်နေပေပြီ။

ဖန်ဆင်းခြင်းတရား၏ လှုံ့ဆော်မှုအောက်တွင် လူပုံပေါက်စ ဂျင်ဆင်းသည် တဖြည်းဖြည်းနှင့် လက်များ ခြေထောက်များ ပေါက်လာပြီး မျက်နှာအမူအရာများမှာလည်း ဖြည်းညင်းစွာ ပေါ်ထွက်လာတော့သည်။

အောင်မြင်တော့မည်ဟု ရဲရှင်းဟွေ့ ခံစားလိုက်ရသည့် အခိုက်အတန့်မှာပင် သူ၏ မန္တာန်စွမ်းအင်များ မလုံလောက်တော့ကြောင်း ရှာဖွေတွေ့ရှိသွားသည်။

မန္တာန်စွမ်းအင် မလုံလောက်တော့သည်ကို ခံစားမိသောအခါ ရဲရှင်းဟွေ့က အဝေးတွင် တရားကျင့်နေကြသော သူ၏ပုံပွားများကို စိတ်ဖြင့် ထိန်းချုပ်အမိန့်ပေးလိုက်သည်။ သူ၏အမိန့်ကို လက်ခံရရှိသည်နှင့် ထိုပုံပွားများအားလုံး တစ်ချိန်တည်းတွင် ပြန်လည်ပျောက်ကွယ်သွားစေလိုက်သည်။

ထိုသို့ဖြင့် ရဲရှင်းဟွေ့သည် သူ၏မန္တာန်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်လေသည်။

ဆယ်စက္ကန့်ကျော်ကြာသောအခါ သူ၏မန္တာန်စွမ်းအင်များ နောက်တစ်ကြိမ် ကုန်ခမ်းသွားပြန်သည်။ သူ၏မန္တာန်စွမ်းအင်များ ကုန်ခမ်းသွားသော်လည်း သူ၏ရှေ့မှ ဂျင်ဆင်းရုပ်လေးမှာတော့ ပြီးစီးလုနီးပါး ဖြစ်နေချေပြီ။

ယုတ္တိနည်းအရဆိုလျှင် ရဲရှင်းဟွေ့၏ ဝိညာဉ်ကို ကြားခံအဖြစ်အသုံးပြု၍ ဖန်တီးထားသော ဂျင်ဆင်းရုပ်လေးသည် ရဲရှင်းဟွေ့နှင့် ရုပ်ချင်းဆင်တူနေသင့်သည်။

သို့သော် ရဲရှင်းဟွေ့ထံတွင် မန္တာန်စွမ်းအင် မလုံလောက်ခဲ့သောကြောင့် ဂျင်ဆင်းရုပ်လေးမှာ အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။

လက်ရှိ ဂျင်ဆင်းရုပ်လေး၏ ပုံစံမှာ ဝဝကစ်ကစ်နှင့် လေးငါးနှစ်အရွယ် ကလေးတစ်ယောက်နှင့် တူနေသည်။

ထို့အပြင် ရဲရှင်းဟွေ့ ဖန်ဆင်းထားသော ဂျင်ဆင်းရုပ်လေးတွင် ဗိုက်စည်းကြိုးလေးတစ်ခု ပါရှိနေသည်။ မည်သို့ဆိုစေကာမူ သူ့ပုံစံတူ ဖန်တီးထားခြင်းဖြစ်ရာ အဝတ်အစားမပါလျှင် အနည်းငယ်တော့ အရှက်ရစရာ ကောင်းပေလိမ့်မည်။

ရဲရှင်းဟွေ့က သူ၏မန္တာန်စွမ်းအင် သုံးစွဲခြင်းကို ရပ်တန့်လိုက်ရာ ဂျင်ဆင်းရုပ်လေးမှာလည်း မျက်လုံးများ ပွင့်လာတော့သည်။

မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် ဂျင်ဆင်းရုပ်လေးသည် မြေကြီးပေါ်တွင် လူသေကောင်ကဲ့သို့ လဲလျောင်းနေသော ရဲရှင်းဟွေ့ကို လျစ်လျူရှုကာ ရဲဖန်ရှိရာသို့ လျှောက်သွားလေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရဲဖန်က မျက်မှောင်ကြုတ်လိုက်သော်လည်း ဘေးတွင်ရပ်နေသော ချန်ယင်းယင်းမှာတော့ ထိုချစ်စရာ ဂျင်ဆင်းရုပ်လေးကို မြင်ပြီး မိခင်မေတ္တာများ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

ရဲဖန်၏ ရှင်းပြမှုကြောင့် ချန်ယင်းယင်းသည် တကယ့်ကမ္ဘာလောကကြီးအကြောင်း လူသေများ ပြန်ရှင်လာနိုင်ကြောင်းနှင့် ကောင်းကင်နှင့်မြေကြီးမှ လွတ်မြောက်နိုင်ကြောင်းတို့ကို သိရှိပြီး ဖြစ်သော်လည်း ခဏတာ လက်ခံနိုင်ခြင်း မရှိသေးပေ။ သို့သော် ဤသို့ ချစ်စရာကောင်းသော ကလေးငယ်နှင့် ရင်ဆိုင်ရသောအခါ သူမက ရှေ့တိုးပြီး ပွေ့ဖက်ချင်စိတ် ပေါက်လာသည်။

ဂျင်ဆင်းရုပ်လေးက မျက်တောင်တစ်ချက် ပုတ်ခတ်လိုက်ပြီး ချန်ယင်းယင်းထံသို့ မသွားဘဲ ရဲဖန်ရှိရာသို့သာ ဆက်သွားသည်။

မြေပြင်ပေါ်မှ အားယူကာ ထရပ်လိုက်သော ရဲရှင်းဟွေ့သည် သူဖန်တီးထားသော ဂျင်ဆင်းရုပ်လေးကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိပြီး သူဘာလုပ်ချင်နေမှန်းကို တွေးနေမိသည်။

ရဲဖန်က ပြုံးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏တူတော်မောင် ဖန်တီးထားသော ဂျင်ဆင်းရုပ်လေးကို တို့ထိကြည့်ချင်စိတ် ပေါက်လာစဉ်မှာပင် ဂျင်ဆင်းရုပ်လေး၏ ခြေထောက်များက ရုတ်တရက် အားယူလိုက်သည်ကို တွေ့လိုက်ရပြီးနောက် သူ၏ ပေါင်ကြားသို့ ခေါင်းဖြင့် ပြေးဝင်တိုက်ခြင်းကို ခံလိုက်ရလေသည်။

ကြက်ဖတွန်သံကဲ့သို့ ပုံရိပ်တစ်ခု ရဲဖန်၏ခေါင်းထဲတွင် ပေါ်လာသည်။

"ဟာ ကွဲပြီကွ။" ရဲရှင်းဟွေ့က အော်လိုက်သော်လည်း ထိုမြင်ကွင်းကိုမြင်ရသောအခါ စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။

'ငါ့ရဲ့ ဝိညာဉ်တစ်ပိုင်းတစ်စနဲ့ လုပ်ထားတဲ့ ဂျင်ဆင်းရုပ်လေးက တကယ်ငါ့လက်စပဲ။ မွေးမွေးချင်းပဲ အမြတ်ထုတ်ရိတ်သိမ်းရမှန်း သိနေပါရောလား။'

ရဲရှင်းဟွေ့သည် သူ့ဘေးတွင် ပေါ်လာသော တီဗီလေးကို ကြည့်လိုက်သည်။ မန္တာန်စွမ်းအင် ကုန်ခမ်းသွားသောကြောင့် မူလက အားအင်ချိနဲ့နေသော သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် လန်းဆန်းတက်ကြွလာပြီး မြေပြင်ပေါ်မှ ချက်ချင်း ပြန်ထရပ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရဲဖန်က ရဲရှင်းဟွေ့ကို မကောင်းဆိုးဝါးအကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော် ရဲဖန် စကားမပြောနိုင်ခင်မှာပင် တစ်ဖက်တွင် ရဲနျဉ်၏ဘေး၌ အမြဲရပ်နေတတ်သော လင်အာက အံ့အားတသင့်ဖြင့် ကြွေးကြော်သံတစ်ခု ပြုလိုက်သည်။

"မားမားပဲ။ မားမား တကယ်ပြန်လာပြီ။"

လင်အာ၏ အသံကို ကြားသောအခါ အားလုံး၏ အာရုံသည် ရဲရှင်းချန်ထံသို့ တစ်ဖန် ပြန်ရောက်သွားကြသည်။

ထိုအချိန်တွင် ရဲရှင်းချန်က ဝိညာဉ်ပုလဲလုံးကို အသစ်ဖန်ဆင်းထားသော ခန္ဓာကိုယ်ပေါ် တင်လိုက်သည်။ မကြာမီမှာပင် မျက်နှာအမူအရာမရှိ လူသားလက္ခဏာမရှိသော ထိုခန္ဓာကိုယ်သည် ယန်အန်နာ၏ ဝိညာဉ်ကို စုပ်ယူလိုက်ပြီးနောက် တဖြည်းဖြည်းနှင့် သူမ၏ ပုံပန်းသဏ္ဌာန်အဖြစ် ပြောင်းလဲလာလေသည်။

သူမ ရှက်ရမှာစိုးသောကြောင့် ရဲရှင်းချန်က ဂေါ်ဖီရွက်များကို အသုံးပြုကာ အဝတ်အစားတစ်စုံကို စဉ်းစဉ်းစားစား ဖန်တီးပေးလိုက်သေးသည်။

.......

ရဲရှင်းဟွေ့သည် ဂျင်ဆင်းရုပ်လေးကို ထိန်းချုပ်ကာ ဘေးသို့ကပ်ရပ်လိုက်ပြီး လူအားလုံးနှင့်အတူ ယန်အန်နာ အသက်ပြန်ရှင်လာခြင်းကို ကြည့်ရှုနေလိုက်သည်။

ယန်အန်နာ၏ ဝိညာဉ်သည် ခန္ဓာကိုယ်အသစ်နှင့် လုံးဝပေါင်းစပ်သွားသောအခါ အနီနှင့်အနက်ရောင် ရောယှက်နေသော ဓာတ်ငွေ့တစ်ခုကပါ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

နောက်ဆုံးတွင် အနီနှင့်အနက်ရောင် စိန်ပွင့်ပုံ အမှတ်အသားတစ်ခုက သူမ၏ နဖူးပေါ်တွင် ဖြစ်ပေါ်လာသည်။

ဤအရာအားလုံး ပြီးဆုံးသွားသောအခါ ရဲရှင်းချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

တောင်တန်းနှင့်မြစ်ချောင်းများမြေပုံအတွင်းမှ အထောက်အပံ့ပစ္စည်းများနှင့် ပြည့်စုံသောဝိညာဉ်တစ်ခုရှိနေလျှင် ပြန်လည်အသက်သွင်းခြင်းမှာ ရဲရှင်းချန်အတွက် မခက်ခဲလှချေ။

သို့သော် ရဲရှင်းချန်၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့်မူ ဤမျှလုပ်ဆောင်ပြီးနောက် အနည်းငယ်တော့ ပင်ပန်းနွမ်းနယ်သွားမည်မှာ အသေအချာပင်။

သူ၏ ဝိညာဉ်စွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်သောအခါ မျက်လုံးမှိတ်ထားသော ယန်အန်နာသည်လည်း မျက်လုံးများ ပွင့်လာတော့သည်။

ဘေးမှ စောင့်ကြည့်နေသော ရဲနျဉ်သည် ထိုမြင်ကွင်းကိုမြင်ရသောအခါ သက်ပြင်းချနိုင်သွားပြီး လင်အာလေးမှာတော့ သူမ၏မိခင်ထံသို့ အားကုန်ပြေးဝင်ကာ ဖက်ထားလိုက်လေတော့သည်။

All Chapters