← Chapters

ကောင်းကင်ဘုံလား

Vol. 15 Ch. 204

ကောင်းကင်ဘုံလား

Vol. 15 Ch. 204

ယန်အန်းနာသည် ကြောင်အမ်းအမ်းဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်လေသည်။

မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် မျက်ရည်များစို့နေသော သူမ၏သမီးငယ်က မိမိခန္ဓာကိုယ်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်ကို တွေ့လိုက်ရလေသည်။

"ကျွန်မ... ကျွန်မ... သေသွားခဲ့တာ မဟုတ်ဘူးလား"

ယန်အန်းနာ၏ စကားသံဆုံးသည်နှင့် ရဲ့နင်သည် သူမထံသို့ လျှောက်လှမ်းလာခဲ့သည်။

"အန်းနာ..."

ရဲ့နင်သည် မည်သို့သော စကားလုံးဖြင့် စတင်ပြောဆိုရမည်ကို မသိတော့ချေ။

ယန်အန်းနာနှင့် သူမ၏သမီးလေးအပေါ် သူ အလွန်အမင်း အပြစ်ရှိသလို ခံစားနေရကြောင်း မိမိကိုယ်ကိုမိမိ သိနေလေသည်။ လင်းအာလေး ပြောပြခဲ့သော ဇာတ်ကြောင်းများမှတဆင့် ရဲ့နင်သည် ယန်အန်းနာတစ်ယောက် လက်မထပ်ရသေးခင် ကိုယ်ဝန်လွယ်၍ လင်းအာလေးအား မွေးဖွားခဲ့ရသည့် ဘဝမှာ မည်မျှတိုင် ကြမ်းတမ်းခက်ခဲခဲ့ကြောင်းကိုလည်း နားလည်သဘောပေါက်ခဲ့ရသည်။

ရဲ့နင်အား မြင်လိုက်ရသောအခါ ယန်အန်းနာသည် အသိစိတ်မဲ့စွာ ရေရွတ်လိုက်မိသည်။ "ရှဲဒိုးသွန်း... ရှင်... ဒါဆို... ဒါဆို ကျွန်မတို့ မိသားစုသုံးယောက် ကောင်းကင်ဘုံမှာ ပြန်ဆုံကြပြီပေါ့နော်။"

ထိုသို့ပြောဆိုနေစဉ်တွင် ယန်အန်းနာ၏ မျက်နှာ၌ အထီးကျန်ဟန် အနည်းငယ် သန်းနေခဲ့သော်လည်း များမကြာမီမှာပင် သူမသည် အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။

"ရပါတယ်လေ... ကောင်းကင်ဘုံအကြောင်းတွေ ဘာမှမပြောတော့ပါဘူး။ ဒီနေရာက ငရဲဘုံကြီးပဲ ဖြစ်နေဦးတော့... ကျွန်မတို့ မိသားစုသုံးယောက် အတူတူရှိနေနိုင်ရင်ပဲ ကျွန်မ ကျေနပ်ပျော်ရွှင်လှပါပြီ။"

ဘေးမှ တိတ်တဆိတ် အကဲခတ်နေသော ရဲရှင်းဟွေ့သည် ယန်အန်နာ၏ စကားများကို ကြားလိုက်သောအခါ ဤဒုတိယအဒေါ်မှာ အနည်းငယ်မာထန်လွန်းသည်ဟု ခံစားလိုက်ရလေသည်။

တစ်ဦးတည်းသောမိခင်ဖြစ်ခြင်း ဖျားနာနေသော ခန္ဓာကိုယ်ရှိခြင်း စသည့်အချက်များကြောင့် ယုတ္တိနည်းကျ စဉ်းစားရလျှင် သူမ၏စိတ်နေစိတ်ထားမှာ နူးညံ့သိမ်မွေ့ပြီး အကျင့်သီလကောင်းမွန်သူတစ်ဦး ဖြစ်သင့်ပေသည်။

အမှန်စင်စစ် ရဲရှင်းဟွေ့ မသိခဲ့သည်မှာ သာမန်အချိန်များတွင် ယန်အန်နာသည် အလွန်နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်သည်ဟူသောအချက်ပင်။ သို့မဟုတ်လျှင် အရိပ်ဆူးလို အေးစက်ခက်ထန်သော နှလုံးသားပိုင်ရှင်ကို သူမက မည်သို့လျှင် အရည်ပျော်စေနိုင်မည်နည်း။

ယခုကဲ့သို့ သူမ ပြုမူနေရခြင်း၏ အကြောင်းရင်းမှာ သူမ၏ချစ်သူနှင့် သမီးဖြစ်သူတို့၏ ရှေ့မှောက်တွင် ဝမ်းနည်းကြေကွဲနေသည့်ပုံ မပြသလိုသောကြောင့် ဖြစ်လေသည်။

အကြောင်းမှာ ယန်အန်နာ၏ အမြင်တွင် သူမ အရိပ်ဆူးနှင့် လင်အာ တို့သည် သေဆုံးနှင့်ပြီးသား ဖြစ်သောကြောင့်တည်း...

ယန်အန်နာ၏ ရုပ်ရည်မှာ အလွန်တရာ သာမန်မျှသာ ဖြစ်သည်။ သူမသည် ချန်ယင်းယင်းကဲ့သို့ ချောမောလှပခြင်း မရှိသလို ရဲလန်ယွဲ့ကဲ့သို့ အေးစက်သော အရှိန်အဝါမျိုးလည်း မပိုင်ဆိုင်ထားချေ။

ထိုအစား သူမသည် ဘေးအိမ်က အစ်မကြီးတစ်ယောက်နှင့် ပို၍တူလေသည်။

သူမထံတွင် သပ်ရပ်သော ဆံပင်တိုများရှိပြီး မျက်နှာအစိတ်အပိုင်းများမှာ နုနယ်လှပခြင်းမရှိသော်လည်း အလွန်ပင် လိုက်ဖက်ညီလှသည်။ ပါးပြင်နှစ်ဖက်ပေါ်ရှိ မှဲ့ခြောက်သေးသေးလေးများကမူ သူမအား ချစ်စရာကောင်းသော အသွင်ကို ဆောင်စေလေသည်။

...

ထိုအခိုက်တွင် ယန်အန်နာသည် မြက်ခင်းပြင်ပေါ်မှ ထရပ်လိုက်ပြီး ပတ်ဝန်းကျင်အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့သွားလေသည်။ သဘာဝအတိုင်းပင် သူမသည် ရဲရှင်းဟွေ့တို့အဖွဲ့ကိုပါ မြင်တွေ့သွားတော့သည်။

"ဒါက နတ်ပြည်လား လူရှင်းလိုက်တာ။" ယန်အန်နာသည် လူတိုင်းကို ကြည့်ရှုရင်း နောက်ပြောင်သည့်လေသံဖြင့် ဆိုလိုက်သည်။

ရဲနျဉ်၏ မျက်နှာထက်တွင် တွေ့ရခဲသော နူးညံ့သည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာလေသည်။

ဤအပြုံးသည် သူ၏ နှလုံးသားထဲမှ အမှန်တကယ် ထွက်ပေါ်လာသော အပြုံးဖြစ်သည်။

ရဲနျဉ်သည် သူ၏အစ်ကို ရဲဖန် သူ၏တူ တူမများနှင့် တွေ့ဆုံချိန်၌ပင် ဤသို့ ပြုံးပြခဲ့ဖူးခြင်း မရှိချေ။ သူ၏စိတ်ထဲတွင် မိသားစုက အရေးမပါသောကြောင့်ကား မဟုတ်ပေ... သို့သော် ယန်အန်နာ၏ နေရာကမူ ကွဲပြားခြားနားလှပေသည်။

ယန်အန်နာသာ မရှိခဲ့လျှင် သူသည် ဤဘဝတွင် တရုတ်ပြည်သို့ ပြန်လာနိုင်မည်မဟုတ်သလို သူ၏ဆွေမျိုးများကိုလည်း ရှာတွေ့နိုင်မည် မဟုတ်ချေ။

"အန်နာ မင်းမသေသေးဘူး။ ပြီးတော့ ဒါက နတ်ပြည်လဲ မဟုတ်ဘူး။ နောက်ပြီး... ငါ့လို လူသတ်သမားကောင်က နတ်ပြည်တက်နိုင်မယ်လို့ မင်းထင်လို့လား။ အစတုန်းကတော့ မင်းက ငါ့မိသားစုကိုရှာဖို့ တရုတ်ပြည်ကို လိုက်ကူမယ်လို့ ပြောခဲ့ပေမယ့် အခုတော့ မလိုတော့ဘူး။"

စကားပြောနေစဉ်မှာပင် ရဲနျဉ်သည် ယန်အန်နာကို ရဲဖန်ထံသို့ ခေါ်ဆောင်သွားပြီး မိတ်ဆက်ပေးလေသည်။ "ဒါက ရဲဖန်တဲ့... ငါ့ရဲ့... ညီလေးပဲ။ အင်း... ငါ့ရဲ့ အမြွှာညီလေးပေါ့။"

"ဟားဟား။ ဒုတိယအစ်မရေ မင်္ဂလာပါဗျ။" ရဲဖန်သည် ဤတစ်ကြိမ်တွင် အစ်ကိုကြီး ညီလေးကိစ္စကို အငြင်းမပွားတော့ဘဲ ဒုတိယအစ်မဟု တိုက်ရိုက်ခေါ်ဝေါ်လိုက်တော့သည်။

ယန်အန်နာသည် သူမ မသေဆုံးသေးကြောင်း သိလိုက်ရသည့်အတွက် အနည်းငယ် ကြောင်ငေးနေဆဲဖြစ်သည်။ ရဲဖန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်မှပင် သူမသည် သတိပြန်ကပ်လာတော့သည်။

"မင်္ဂလာပါ..."

ထို့နောက်တွင်တော့ ရဲရှင်းဟွေ့ ရဲရှင်းချန် ရဲလန်ယွဲ့ ချန်ယင်းယင်း ဇီးကွက် ဝက်ဝံကန်းနှင့် ရို့စ်တို့က တစ်ယောက်ချင်းစီ အလှည့်ကျ မိတ်ဆက်ကြလေသည်။

.......

"ဒုတိယအဒေါ်လဲ အောင်အောင်မြင်မြင် ပြန်ရှင်လာပြီဆိုတော့ ဂုဏ်ပြုတဲ့အနေနဲ့ တစ်နေရာရာမှာ ထမင်းသွားစားကြရအောင်။"

ရဲရှင်းဟွေ့၏ စကားကြောင့် လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

အချိန်မှာလည်း ညစာစားချိန်နှင့် အကိုက်ပင် ကျနေလေသည်။

ထမင်းစားမည်ဟု ဖြစ်လာသောအခါ ရဲရှင်းဟွေ့သည် လူတိုင်းကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ သဘာဝအတိုင်း အပြင်သို့ ပြန်ပို့လိုက်သည်။

တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲတွင် ချက်ပြုတ်၍ ရနိုင်သော်လည်း ချက်ပြုတ်ရေးပစ္စည်းများမှာ မပြည့်စုံလှပေ ရဲရှင်းဟွေ့ ကိုယ်တိုင်ကလည်း ချက်ပြုတ်ရာတွင် သိပ်မတော်လှချေ။

ရဲရှင်းဟွေ့သည် လူတိုင်းနှင့်အတူ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ ထွက်ခွာလာခဲ့သည်။

အိမ်ရှိ ဧည့်ခန်းဆီသို့ ပြန်ရောက်သောအခါ ယန်အန်နာသည် နောက်တစ်ကြိမ် အံ့အားသင့်ကာ ကြွေးကြော်မိပြန်သည်။ ရဲနျဉ်ကလည်း ရဲဖန်ကို အတုယူကာ သူ၏ဇနီးအား စစ်မှန်သောကမ္ဘာ၏ အမှန်တရားနှင့် အံ့ဖွယ်များကို ရှင်းပြလေတော့သည်။

အမှန်တကယ်တော့... သူတို့ ရဲမိသားစုကြီးနှင့် နှိုင်းယှဉ်လျှင် စစ်မှန်သောကမ္ဘာကြီးက ထိုမျှ အံ့ဖွယ်ကောင်းနေသည်တော့ မဟုတ်ချေ။

အများဆုံးရှိလှလျှင် စစ်မှန်သောကမ္ဘာ၌ အစွမ်းထက်သော သိုင်းသမားများ တာအိုပညာရှင်များ မှော်ပညာ... ထိုအရာများသာ ရှိပေသည်။

ထိုအရာများအားလုံးသည် အလွန်အဆင့်မြင့်သည်ဟု ထင်ရသော်လည်း ရဲမိသားစုဝင်များ၏ ကျွမ်းကျင်မှုများနှင့် ယှဉ်လျှင်မူ အားနည်းနေသေးသည်သာ။

.......

"ဦးလေး အစ်မတို့ စားသောက်ဆိုင်တစ်ဆိုင် ကြိုမှာထားနှင့်လိုက်ပါ။ ကျွန်တော် အရင်ပြန်နှင့်မယ်။"

ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် တစ်ယောက်တည်း တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပြန်သွားလေသည်။

သူ ပြန်သွားရသည့် အကြောင်းမှာ ပေါင်ပေါင်းက အထဲမှာ ကျန်နေသေးသည်ကို သတိရသွားသောကြောင့် ဖြစ်သည်။

ယန်အန်နာ ပြန်လည်ရှင်သန်လာချိန်တွင် ပေါင်ပေါင်းသည် သူတို့ထံသို့ လုံးဝရောက်မလာခဲ့ချေ။ ထိုအရာအားလုံးက သူမနှင့် မည်သို့မျှ မသက်ဆိုင်ဘိသကဲ့သို့ပင်။

သူမသည် အဆီတဝင်းဝင်း ကြောင်နှစ်ကောင် တိုက်ဂါးနှစ်ကောင်နှင့်သာ အမြဲတစေ ဆော့ကစားနေလေသည်။

တိုက်ဂါးမှာ အစပိုင်းတွင် မကျေမနပ်ဖြစ်နေခဲ့သည်။ အကြောင်းမှာ လူသားမိန်းမပျိုတစ်ဦးက သူ့ကျောပေါ်သို့ တက်စီးရဲသောကြောင့်ပင်။

သို့သော် ပေါင်ပေါင်းက သူ့ကို ကောင်းကောင်းတစ်ပွဲ ဆုံးမလိုက်ပြီးနောက်တွင်တော့ သူသည် လိမ္မာသွားလေသည်။

ထို့အပြင် သူသည် သူ၏ ကျီးကန်းစီနီယာများဖြစ်သော ရှုန်ကျော့နှင့် ရှုန်ယို့တို့ထံမှ သင်ယူခဲ့သည်မှာ ဤပေါင်ပေါင်းသည် သူတို့ သူဌေး၏ အိမ်ထောင်ဖက်ဖြစ်လာမည့်သူဖြစ်ပြီး သူမကို ဖူးဖူးမှုတ် ဖားယားခြင်းဖြင့် အကျိုးကျေးဇူးများ မလွဲမသွေ ရရှိမည်ဟူ၍ ဖြစ်သည်။

.......

ရဲရှင်းဟွေ့သည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပြန်ရောက်သောအခါ ပေါင်ပေါင်းကို ချက်ချင်းမရှာသေးချေ။ ထိုအစား သူသည် ယခင်က ပြဿနာမရှာနိုင်စေရန် ချုပ်နှောင်ထားသော ဂျင်ဆင်းအရုပ်လေးအပေါ်မှ ကန့်သတ်ချက်များကို ဦးစွာ ဖယ်ရှားပေးလိုက်သည်။

ကန့်သတ်ချက်များမှ လွတ်မြောက်သွားပြီးနောက် ဂျင်ဆင်းအရုပ်လေးသည် မြက်ခင်းပြင်ပေါ်တွင် လျှောက်ပြေးနေတော့သည်။

ဂျင်ဆင်းအရုပ်လေးသည် လက်ရှိတွင် ငါးနှစ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်၏ အရွယ်အစားခန့် ရှိနေသော်လည်း ဉာဏ်ရည်မှာမူ နှစ်နှစ် သုံးနှစ်အရွယ်မျှသာ ရှိသေးသည်။

ထို့ကြောင့် ဂျင်ဆင်းအရုပ်လေးနှင့် စကားပြောဆက်ဆံရန်မှာ အနည်းငယ် ခက်ခဲလေသည်။

ရဲရှင်းဟွေ့ တစ်ယောက်သာလျှင် သူ၏ စိတ်ဝိညာဉ်နှင့် တိုက်ရိုက်ထိတွေ့ကာ ထိန်းချုပ်နိုင်စွမ်းရှိသည်။

သို့သော်လည်း... ရဲရှင်းဟွေ့သည် ဂျင်ဆင်းအရုပ်လေးအတွက် သိပ်မစိုးရိမ်မိချေ။ မည်သို့ပင်ဖြစ်စေ သူ့တွင် အစွမ်းမရှိပေ။ တကယ်လို့သာ ရဲဖန်၏ ပေါင်ကြားကို ခေါင်းနဲ့တိုက်ခဲ့တာက သူသာဆိုရင်တော့ တကယ့်ကပ်ဘေးအကြီးကြီး ဖြစ်သွားမှာပဲ။

ဂျင်ဆင်းအရုပ်လေးကမူ သူ့လုပ်ရပ်ကြောင့် ရဲဖန်ကို ခဏတာ စိတ်မသက်မသာ ဖြစ်သွားစေရုံသာ...

ဂျင်ဆင်းအရုပ်လေးကို ရှောင်ဟာ့တို့နှင့် ဆော့ကစားရန် လွှတ်ပေးထားလိုက်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ တီ‌ဗီလေးကို ဖွင့်လိုက်သည်။

တီ‌ဗီလေး ပွင့်လာသောအခါ ပထမဆုံးပြသသောအရာမှာ နာမည်ကျော် ကာတွန်းဇာတ်လမ်းဖြစ်သော "စားဖိုမှူးကျော်လေး" ဖြစ်လေသည်။

ရဲရှင်းဟွေ့သည် ထိုဗီဒီယိုကို ခေတ္တမျှ ကြည့်လိုက်ရုံနှင့် သူ၏ ပါးစပ်ထောင့်စွန်းမှ တံတွေးများမှာ အလိုအလျောက် စီးကျလာလေသည်။

ယခင်ဘဝက ရဲရှင်းဟွေ့ကိုသာ ဘယ်လိုကမ္ဘာထဲ ကူးပြောင်းချင်သလဲဟု မေးခဲ့မည်ဆိုလျှင်... အစားအသောက်ကာတွန်းလောကထဲသို့ဟုသာ ဖြေမိမည်မှာ သေချာသည်။

"စားဖိုမှူးကျော်လေး" ထဲမှ ရွှေရောင်လွှမ်းသောဟင်းပွဲများ ဖြစ်စေ "အစားအသောက်စစ်ပွဲ" ထဲမှ စိတ်ကြွစေသောဟင်းပွဲများ ဖြစ်စေ သို့တည်းမဟုတ် "တိုရီကို" ထဲမှ မှော်ဆန်သော အစားအစာများပင်ဖြစ်စေ ကြည့်လိုက်ရုံမျှဖြင့် လူကို တံတွေးမျိုချစေနိုင်သည်။

"မထင်ထားဘူး။ စားဖိုမှူးကျော်လေး ဖြစ်နေပါလား။"

ဤတစ်ကြိမ်တွင်တော့ ရဲရှင်းဟွေ့သည် မည်သူ့စွမ်းရည် ရပါစေဟု စိတ်ထဲတွင် ဆုမတောင်းတော့ချေ... သူ မည်သည့်စားဖိုမှူးကိုမဆို ရွေးမိပါစေ ထိုသူ၏ အဆင့်သည် ဘယ်တော့မှ နိမ့်ကျလိမ့်မည် မဟုတ်ချေ။

ထို့အပြင် သူကြည့်လိုက်သော "စားဖိုမှူးကျော်လေး" ၏ ဇာတ်လမ်းအပိုင်းမှာလည်း အထူးစားဖိုမှူးအဆင့် စစ်ဆေးသော အပိုင်း ဖြစ်နေလေသည်။

...

ရဲရှင်းဟွေ့သည် အထူးစားဖိုမှူးအဆင့် စစ်ဆေးသည့်အပိုင်းကို အမြန်ကြည့်ရှုပြီးမြောက်သွားသည်။

နောက်ဆုံးတွင် တီဗီလေး၏ မျက်နှာပြင်သည် ဇာတ်ဆောင်ဖြစ်သော လျို့‌မောဝ်ရှင်း၏ ပုံတွင် ရပ်တန့်သွားလေသည်။

"အ...။ ရွှေဟင်းလျာတွေ။ ငါ ရွှေဟင်းလျာ စွမ်းရည်ကို ရလိုက်ပြီ။"

ရဲရှင်းဟွေ့သည် ဝမ်းသာအားရဖြင့် ခုန်ပေါက်လိုက်သည်။

ရဲရှင်းဟွေ့ ပျော်ရွှင်နေစဉ်မှာပင် တီဗီလေးသည် နောက်ထပ်ဗီဒီယိုတစ်ခုကို ဆက်လက်ပြသလေသည်။

ထိုဗီဒီယိုမှာ ရဲဖန်နှင့် သူ့ဘေးတွင် ခွေးတစ်ကောင်ကို စီးနေသော ဂျင်ဆင်းအရုပ်လေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

All Chapters