← Chapters

ပါးလားလားစွမ်းရည် ဟူနီလာ့ မှော်ဝင်နတ်သမီး အသွင်ပြောင်းခြင်း

Vol. 15 Ch. 205

ပါးလားလားစွမ်းရည် ဟူနီလာ့ မှော်ဝင်နတ်သမီး အသွင်ပြောင်းခြင်း

Vol. 15 Ch. 205

ပါးလားလား နတ်သမီးလေးများပင်။

ပါးလားလား နတ်သမီးလေးများ ဇာတ်ဝင်တေးသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရဲရှင်းဟွေ့၏ စိတ်ထဲတွင် နိမိတ်မကောင်းသလို ခံစားလိုက်ရတော့သည်။

ပါးလားလား နတ်သမီးလေးများဆိုတာ ဘာဇာတ်လမ်းလဲ။ ပြောနေစရာမလိုအောင်ပင် ဒါဟာ မှော်ပညာနဲ့သက်ဆိုင်သော ဇာတ်လမ်းဖြစ်လေသည်။

သို့သော် ထိုမှော်ပညာကို အသုံးပြုရန်အတွက် ပထမဆုံး လိုအပ်ချက်မှာ အသွင်ပြောင်းခြင်းပင်ဖြစ်သည်။ ပုံပြောင်းရန်အတွက် ဆိုလျှင်မူ မိန်းမလျာကဲ့သို့ ဝတ်စားဆင်ယင်ရပေမည်။

ရဲရှင်းဟွေ့: “အမ်……”

ရဲရှင်းဟွေ့ကို သေအောင်ရိုက်သတ်တောင်မှ မိန်းမလို ဝတ်စားဖို့ကိုတော့ သူဘယ်တော့မှ ရွေးချယ်မည်မဟုတ်ချေ။

ရဲရှင်းဟွေ့ ထင်မှတ်ထားသည့်အတိုင်းပင် ပါးလားလား နတ်သမီးလေးများ ဇာတ်လမ်းကို ကြည့်ရှုပြီးနောက် သူရရှိလိုက်သည့်အရာမှာ ရှောင်လန်၏ ပါးလားလားနတ်သမီးဆွဲပြား ဖြစ်လေသည်။

ရဲရှင်းဟွေ့သည် မည်သည့်မှော်အမွေအနှစ်ကိုမှ လက်ခံရရှိခဲ့ခြင်းမရှိသော်လည်း သူသာ ဂါထာကိုရွတ်ဆိုပြီး ပုံပြောင်းလိုက်သည်နှင့် ထိုမှော်ပညာများကို သဘာဝအတိုင်း တတ်မြောက်သွားမည်ဖြစ်ကြောင်းကိုတော့ သူသိနေလေသည်။

အမွေအနှစ်အားလုံးသည် ထိုပါးလားလားနတ်သမီးဆွဲပြား ပုံပြောင်းကိရိယာထဲတွင်ပင် ရှိနေခြင်းဖြစ်သည်။

ဤနတ်သမီးဆွဲပြားသည် အပြာနှင့်အဝါရောင် လိပ်ပြာပုံစံလေး ဖြစ်သည်။

ရဲရှင်းဟွေ့သည် ထိုနတ်သမီးဆွဲပြားလေးကို ကိုင်ထားရင်း အသုံးပြုချင်သော စိတ်ဆန္ဒတစ်ခု ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသည်။

သို့သော်… သူ၏အသိစိတ်က အနိုင်ယူသွားနိုင်ခဲ့လေသည်။

“မဖြစ်ဘူး။ ဒီလိုစိတ်အာသီသမျိုး လုံးဝမရှိရဘူး။ ဘာလို့လဲဆိုတော့… မိန်းမလို တစ်ခါဝတ်မိတာနဲ့ အကြိမ်ကြိမ်အခါခါ ဝတ်မိတော့တာကြားမှာ ခြေတစ်လှမ်းစာပဲ ကွာတော့လို့ပဲ။”

“ဟူး… ဟူး… ဟူး…” ရဲရှင်းဟွေ့သည် သူ့စိတ်ထဲမှ ထိုအတွေးကို ဖယ်ရှားရန် အသက်ကို ပုံမှန်ရှူသွင်းရင်း ညှိယူနေလိုက်သည်။

သို့သော် စိတ်ငြိမ်သွားပြီးနောက်တွင်မူ ရဲရှင်းဟွေ့ ရုတ်တရက် အတွေးတစ်ခု ရလိုက်လေသည်…

သူက တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှာ ရောက်နေတာပဲ။ ဒါက သူ့ရဲ့ ကိုယ်ပိုင်နေရာ။

ဘယ်သူမှ မြင်နိုင်မှာမဟုတ်ဘူး။

ပြီးတော့ အခုချိန်မှာ ပေါင်ပေါင်းက မျက်လုံးတစ်ဖက်လပ်နဂါးတို့အုပ်စုနဲ့ ဆော့ကစားနေတာ… သူသာ တောထဲခိုးဝင်ပြီး တိတ်တိတ်ကလေး ပုံပြောင်းလိုက်ရင်… ဒါက ကိစ္စမရှိလောက်ပါဘူး။

ထိုသို့တွေးလိုက်မိသည်နှင့် ရဲရှင်းဟွေ့သည် မီးလျှံဝင်ပေါက်တစ်ခုကို ချက်ချင်းဖွင့်လိုက်သည်။ ဝင်ပေါက်၏ ထွက်ပေါက်မှာ အဝေးရှိ တောအုပ်ထဲတွင် ဖြစ်လေသည်။

.......

တောအုပ်အတွင်း၌။

ရဲရှင်းဟွေ့သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အနီးအနားတွင် မည်သည့်ငှက်တစ်ကောင်မှ မရှိကြောင်း သေချာသွားမှ စိတ်အေးသွားတော့သည်။ ထို့နောက် သူသည် သူ့အိတ်ကပ်ထဲမှ ပါးလားလားနတ်သမီးဆွဲပြားကို ထုတ်ယူလိုက်လေသည်။

ရဲရှင်းဟွေ့သည် ပုံပြောင်းကိရိယာကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီးနောက် အသံတိုးတိုးဖြင့် ရွတ်ဆိုလိုက်သည်။ “ပါးလားလားစွမ်းရည်-ဟူနီလာ့-မှော်ဝင်နတ်သမီး အသွင်ပြောင်းခြင်း။”

ဂါထာကို ရွတ်ဆိုပြီးသည်နှင့် ရဲရှင်းဟွေ့သည် ရောင်ခြည်တန်းများ အလယ်တွင် သူကိုယ်တိုင် ကခုန်နေသကဲ့သို့ ရုတ်တရက် မြင်ယောင်သွားလေသည်။ ထို့နောက် သူ၏ကိုယ်ပေါ်ရှိ အဝတ်အစားများ လွင့်ပြယ်သွားပြီး နောက်ဆုံးတွင် လိမ္မော်ရောင်နှင့် အဖြူရောင်ကို အဓိကထားသည့် ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ပြီးသား ဖြစ်သွားတော့သည်။

သူ၏ဆံပင်များမှာလည်း ရှည်လျားလာကာ လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားပြီး ခေါင်းပေါ်တွင် လိပ်ပြာပုံပါသော လိမ္မော်ရောင် ဆံညှပ်တစ်ခုကိုလည်း ပန်ဆင်ထားလေ၏။

သူ၏လက်ထဲတွင် ကိုင်ထားသော နတ်သမီးဆွဲပြားလေးမှာမူ ကလေးကစားစရာ ပလတ်စတစ်အရုပ်‌ေလးနှင့်တူသော မှော်တောင်ဝှေးတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

…

အသွင်ပြောင်းခြင်းကို အောင်မြင်စွာ အဆုံးသတ်ပြီးနောက်တွင် ရဲရှင်းဟွေ့သည် အလွန်အရှက်ရဖွယ်ရာ ပုံစံမျိုးကို ပို့စ်ပေးလိုက်မိသည်။

“ကျစ်။ သေစမ်း… ဒီလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်တဲ့ ဇာတ်လမ်းတွေက တစ်ခါလောက် ပို့စ်မပေးဘဲ နေလို့မရဘူးလားကွ။”

ရဲရှင်းဟွေ့သည် မကျေမနပ် ရေရွတ်လိုက်သည်။

သို့သော် သူ၏ဂုဏ်သိက္ခာကို စတေးပြီး မိန်းမလိုဝတ်ဆင်ရခြင်း၏ ရည်ရွယ်ချက်ကိုတော့ သူ မမေ့သေးချေ။

သူသည် ပါးလားလား နတ်သမီးလေး၏ စွမ်းအားကို စမ်းသပ်ကြည့်ရန် လိုအပ်လေသည်။

ရဲရှင်းဟွေ့သည် မျက်လုံးများကို ခပ်ဖွဖွမှိတ်လိုက်သည်နှင့် မကြာမီမှာပင် ပါးလားလား နတ်သမီးလေး၏ မှော်ပညာများနှင့် ဂါထာများက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာတော့သည်။

“ပါးလားလားစွမ်းရည်-ဝါ့ရုစကာရု-စိတ်ဝိဉာည်ဖြင့်ရွှေ့ပြောင်းခြင်း…”

ရဲရှင်းဟွေ့သည် မှော်တောင်ဝှေးကိုကိုင်ကာ ဘတ်စကတ်ဘောအရွယ်အစားရှိ ကျောက်တုံးတစ်တုံးပေါ်သို့ မှော်ပညာဖြင့် သက်ရောက်စေရန် ဂါထာရွတ်ဆိုလိုက်သည်။

ဤမှော်ပညာ၏ အစွမ်းသတ္တိမှာ စိတ်စွမ်းအင်ဖြင့် အရာဝတ္ထုများကို ထိန်းချုပ်ခြင်းနှင့် တူညီပြီး သက်မဲ့အရာများကို ထိန်းချုပ်နိုင်လေသည်။ မည်မျှကြီးမားပြီး လေးလံသော အရာဝတ္ထုကို ထိန်းချုပ်နိုင်သည်ကတော့ မိမိ၏ ကိုယ်ပိုင်ခန္ဓာကိုယ်စွမ်းအားပေါ်တွင် မူတည်ပေသည်။

ပုံပြောင်းပြီးနောက်တွင်မူ မိမိ၏ခန္ဓာကိုယ်စွမ်းအားကို အသုံးပြုနိုင်သော နတ်သမီးစွမ်းအင်အဖြစ် တစ်-နှင့်-တစ် အချိုးဖြင့် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။

ရဲရှင်းဟွေ့တွင် စူပါဆိုင်ရန်းဂျင်းသွေးကြော ရှိသောကြောင့် ပုံပြောင်းပြီးနောက် သူ၏ နတ်သမီးစွမ်းအင် ပမာဏမှာ အလွန်ပင် များပြားလှသည်ဟု ဆိုနိုင်ပေသည်။

ရဲရှင်းဟွေ့သည် ကျောက်တုံးကို ပျံဝဲတက်စေရန် ထိန်းချုပ်လိုက်ပြီးနောက် ဥက္ကာခဲတစ်ခုကဲ့သို့ သစ်ပင်ကြီးတစ်ပင်ကို ဝင်ဆောင့်စေလိုက်သည်။

“ဘုန်း။”

အသံကိုကြားလိုက်ရပြီးနောက်တွင် သစ်ပင်ကြီးပေါ်၌ ချိုင့်ခွက်တစ်ခုသာ ပေါ်ပေါက်လာသည်။ ထိခိုက်မှုမှာ ပြင်းထန်ခြင်းမရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျောက်တုံးမှာမူ သစ်ပင်ကြီးနှင့် ထိတိုက်မိချိန်တွင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားလေသည်။

“ပါးလားလားစွမ်းရည်-ဟုဟုဟုပီ-ရွှေ့ပြောင်းခြင်း…”

ရဲရှင်းဟွေ့သည် နောက်ထပ်မှော်ဂါထာတစ်ခုကို ထပ်မံရွတ်ဆိုလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ၎င်းသည် နေရာရွှေ့ပြောင်းခြင်း ဂါထာဖြစ်ပြီး အရာဝတ္ထုများကို ရွှေ့ပြောင်းနိုင်ရုံသာမက သေသေချာချာ အသုံးချပါက ခရီးသွားလာသည့် နည်းလမ်းတစ်ခုအဖြစ်ပင် အသုံးပြုနိုင်လေသည်။

မှော်ပညာများကို တစ်ခုပြီးတစ်ခု စမ်းသပ်ပြီးနောက်တွင် ရဲရှင်းဟွေ့သည် အချက်တစ်ခုကို သေချာသွားလေသည်။ ၎င်းမှာ ဤ ပါးလားလားနတ်သမီးဆွဲပြားသည် အဆင့်နိမ့်သည့် ပစ္စည်းတစ်ခုသာဖြစ်ကြောင်းပင်။

၎င်း၏ စွမ်းအားမှာ ဧကရာဇ်ချပ်ဝတ်တန်ဆာနှင့် လုံးဝမယှဉ်နိုင်သည့်အပြင် ရဲရှင်းဟွေ့၏ ကိုယ်ပိုင်စွမ်းအားလောက်ပင် မစွမ်းဆောင်နိုင်ချေ။

ခန္ဓာကိုယ်စွမ်းအားအားလုံးကို မှော်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်သောကြောင့် ရဲရှင်းဟွေ့သည် ပါးလားလား နတ်သမီးအဖြစ် ပုံပြောင်းနေချိန်တွင် သူ၏ စူပါဆိုင်ရန်းဂျင်း စွမ်းအားများကိုပင် အသုံးမပြုနိုင်တော့ပေ။

ဤအရာသည် မည်မျှ အသုံးမဝင်ကြောင်းကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

အရေးကြီးဆုံးအချက်မှာ… ဤအရာသည် မည်မျှပင်စွမ်းအားကြီးနေပါစေ ရဲရှင်းဟွေ့သည် တိုက်ပွဲတွင် ဘယ်တော့မှ အသုံးပြုမည်မဟုတ်ချေ။

ဒါက တကယ်ကို အရမ်းရှက်ဖို့ကောင်းလွန်းလှသည်တကား။

...

“ဟူး…”

ရဲရှင်းဟွေ့သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီးနောက် ပါးလားလား နတ်သမီး ပုံပြောင်းအခြေအနေမှ ပြန်လည်ထွက်ခွာလိုက်သည်။

လက်ထဲတွင် နတ်သမီးဆွဲပြားကို ကိုင်ထားရင်း ရဲရှင်းဟွေ့သည် ၎င်းကို တစ်စုံတစ်ယောက်အား ပေးပစ်ရန် အစီအစဉ်ဆွဲလိုက်တော့သည်။

‘ဒီပစ္စည်းက ဘာအသုံးမှမဝင်မှအတူတူတော့ အကိုကြီးတို့ ဦးလေးနှစ်ယောက်တို့ကို အရင်စမ်းသုံးခိုင်းကြည့်ရမယ်။ အဲ့ဒီအခါကျမှ သူတို့ဆီကနေ ရယ်စရာတွေ ဖန်တီးရိတ်သိမ်းရမှာပေါ့။’

ထိုသို့တွေးလိုက်သည်နှင့် ရဲရှင်းဟွေ့သည် ပေါင်ပေါင်းကို တိုက်ရိုက်သွားရှာကာ အပြင်ထွက်၍ ရယ်စရာများ “ရိတ်သိမ်း” ရန် ပြင်ဆင်လိုက်တော့သည်။

ပေါင်ပေါင်းသည် ကျားနှစ်ကောင် ကြောင်အချို့နှင့်အတူ ကစားနေဆဲ ဖြစ်သည်။

လူသားများနှင့် ကစားနေသည့်အချိန်ထက် ပေါင်ပေါင်းသည် ဤတိရစ္ဆာန်များနှင့် ကစားနေချိန်တွင် ပို၍ တက်ကြွနေပုံရသည်။

“ပေါင်ပေါင်း သွားစို့။”

ရဲရှင်းဟွေ့က သူမဘက်သို့ လှမ်းအော်ပြောလိုက်သည်။

ထိုအသံကိုကြားသောအခါ ပေါင်ပေါင်းသည် ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ဟူနျို့၏ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။

“ငါတို့ ဘာသွားလုပ်ကြမလို့လဲ” ပေါင်ပေါင်းက အနည်းငယ် မရှင်းမလင်းဖြစ်ဟန်ဖြင့် မေးလိုက်သည်။ “Rank သွားဆော့ကြမလို့လား။”

ရဲရှင်းဟွေ့: “…”

“ငါတို့ ထမင်းသွားစားကြမလို့။ နင်ဗိုက်မဆာဘူးလား။”

ရဲရှင်းဟွေ့၏ စကားကိုကြားပြီးနောက် ပေါင်ပေါင်းသည် သူမ၏ဗိုက်ကို ပွတ်သပ်လိုက်ပြီး ခေါင်းခါပြကာ ပြောလိုက်သည်။ “သမီး စားပြီးပြီ။”

“ဟမ်။ နင်ဘာစားလိုက်တာလဲ။”

ပေါင်ပေါင်းသည် အဝေးရှိ ဟင်းသီးဟင်းရွက်ခင်းဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ရှောင်ဟာ့နဲ့ သူ့အဖွဲ့က သမီးကို မုန်လာထုပ်တွေ သွားစားဖို့ခေါ်သွားတာ။ မုန်လာထုပ်တွေက အရမ်းချိုပြီး စားလို့ကောင်းတယ်”

ပေါင်ပေါင်းပြောသည်ကို ကြားပြီးနောက် ရဲရှင်းဟွေ့သည် ဟင်းသီးဟင်းရွက်ခင်းဘက်သို့ လှမ်းကြည့်လိုက်ရာ ဟင်းခင်းထဲရှိ မုန်လာထုပ်များမှာ တစ်ပင်နှစ်ပင်မှလွဲ၍ နီးပါး ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရသည်။

ယခင်က ပေါင်ပေါင်း အနည်းငယ် ဗိုက်ဆာလာသောကြောင့် မျက်လုံးတစ်ဖက်လပ်နဂါးနှင့် အခြားသူများကို ဤနေရာတွင် စားစရာကောင်းကောင်းများ ရှိသလားဟု မေးမြန်းခဲ့သည်။

ပေါင်ပေါင်းနှင့် ရဲရှင်းဟွေ့တို့၏ ဆက်ဆံရေးကို သိရှိပြီးနောက်တွင် ရှောင်ဟာ့သည် ပြတ်ပြတ်သားသား ထရပ်လိုက်ပြီး သူမကို ဟင်းသီးဟင်းရွက်ခင်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့လေသည်။

ယခင်က ရှောင်ဟာ့ ရှောင်စစ်နှင့် ရှောင်စတို့သည် ကြက်တူရွေးမရှိခိုက်တွင် မုန်လာထုပ်အချို့ကို ခိုးစားထားပြီးဖြစ်သည်။

ထိုအချိန်က ကြက်တူရွေး မတိုင်ကြားခဲ့သော်လည်း နောင်တစ်ချိန်တွင်မူ သေချာပေါက် တိုင်ကြားပေလိမ့်မည်။ ထို့ကြောင့်… သူသာ သခင်မလေးဖြစ်သော ပေါင်ပေါင်းကို သူနှင့်အတူ အစားခိုးစားရန် ခေါ်ဆောင်သွားပါက ယခင်က သူ၏တာဝန်မှာ သေချာပေါက် ပျောက်ကွယ်သွားလိမ့်မည်ဟု ရှောင်ဟာ့ တွေးထင်ခဲ့သည်။

ဤသို့ဖြင့် ရှောင်ဟာ့သည် ပေါင်ပေါင်းကို ဟင်းသီးဟင်းရွက်ခင်းဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။

ရလဒ်အနေဖြင့် ရှောင်ဟာ့သည် ပေါင်ပေါင်း၏ အစာစားနိုင်စွမ်းကို လျှော့တွက်ခဲ့ပြီး ပေါင်ပေါင်းတစ်ယောက်တည်းကပင် ဟင်းခင်းတစ်ခုလုံးရှိ မုန်လာထုပ်အားလုံးကို အခြေခံအားဖြင့် ရှင်းလင်းပစ်ခဲ့လေသည်။

ရှောင်စနှင့် ရှောင်စစ်တို့သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး ပုန်းအောင်းနေကြလေပြီ။ ရှောင်ဟာ့တစ်ယောက်သာလျှင် ခေါင်းမော့ရင်ကော့ထားလေသည်။ သူသည် ပုန်းအောင်းမနေရုံသာမက ပေါင်ပေါင်း၏ နောက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေသေးသည်။

သူ၏နှလုံးသားထဲတွင် အတွေးတစ်ခုတည်းသာရှိလေသည်။

“ငါ့နောက်မှာ လူရှိတယ်။ ငါက ဘာကိုကြောက်ရမှာလဲ။”

All Chapters