ဘုရင်ဖြူ သွေးနွယ်ပြန်လည်နိုးထလာခြင်းလော
Vol. 15 Ch. 206
ရဲရှင်းဟွေ့သည် ရှောင်ဟာ့ရဲ့ ပုံစံကို ကြည့်လိုက်ပြီး သူ့နဖူးသူပြန်အုပ်လိုက်လေသည်။ ထို့နောက် သူ့အား ကောင်းကောင်းဆုံးမရန် ကြံရွယ်လိုက်တော့သည်။
သူက ပေါင်ပေါင်းကို ဂေါ်ဖီခေါ်ကျွေးတာကိုတော့ ဘာမှမပြောလိုချေ။ ပြဿနာမှာ ရှောင်ဟာ့၏ မျက်နှာပေးသည် အလွန်တရာမှ အကန်ခံချင်စရာ ကောင်းနေခြင်းပင် ဖြစ်သည်။
သာ၍သာ ရှောင်ဟာ့၏ လက်ရှိမျက်နှာထားကို ဓာတ်ပုံရိုက်ထားလိုက်မည်ဆိုလျှင် ထိုပုံသည် အင်တာနက်ပေါ်တွင် အလွန်နာမည်ကြီးသွားမည့် ရုပ်ပြောင် (emoticon) တစ်ခု ဖြစ်လာမှာ သေချာလှသည်။
ထိုရုပ်ပြောင်ကို ဤသို့ စာတန်းထိုးနိုင်ပေမည်။
"ရိုက်ရဲရင် ရိုက်လိုက်လေ"
"မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"
"ငါ့အသားတွေ ယားနေပြီ။ လာရိုက်စမ်းပါ"
"ယို ယို ယို..."
"ဖန်သားပြင်ထဲကနေ မင်းငါ့ကို ရိုက်လို့မရပါဘူးကွာ"
...
ရဲရှင်းဟွေ့ ရှောင်ဟာ့အား ဆုံးမတော့မည် အပြုတွင်...
အနီးအနားမှ စူးရှကျယ်လောင်သော အော်သံတစ်သံက ရဲရှင်းဟွေ့၏ လုပ်ရပ်ကို တားဆီးလိုက်လေသည်။
ရဲရှင်းဟွေ့သည် အော်သံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ ရွှေရောင်ကျီးကန်းကြီးတစ်ကောင်၏ အရိပ်တစ်ခု ကောင်းကင်တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုအရိပ်မှာ ခဏအတွင်းမှာပင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"ဒါ... ဒါ ဘုရင်ဖြူရှိတဲ့နေရာ မဟုတ်လား"
စကားပြောနေရင်းမှာပင် ရဲရှင်းဟွေ့သည် ရှောင်ဟာ့ကို ဆုံးမမည့်ကိစ္စအား ဂရုမစိုက်နိုင်တော့ဘဲ ဘုရင်ဖြူ ကျင့်ကြံနေသည့် နေရာဘက်သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ပေါင်ပေါင်းသည်လည်း သူ့နောက်သို့ အပြေးလိုက်လေသည်။
ရဲရှင်းဟွေ့ ထွက်သွားသည်ကို မြင်သောအခါ ရှောင်ဟာ့သည် မျက်လုံးတစ်ဖက်လပ်နဂါးနှင့် တခြားသူများကို မာန်ဖီနေသော မျက်နှာပေးဖြင့် ကြည့်လိုက်ပြီး
"ဘယ့်နှယ်လဲ။ ငါပြောသားပဲ ပြဿနာမရှိပါဘူးဆို။ လုံးဝ ပြဿနာမရှိဘူး"
ရှောင်ဟာ့ကား သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေတော့သည်။
သို့သော် မျက်လုံးတစ်ဖက်လပ်နဂါးနှင့် တခြားသူများမှာမူ ရှောင်ဟာ့၏ ဉာဏ်ရည်အတွက် ရုတ်တရက် စိုးရိမ်သွားကြလေသည်။
ရဲရှင်းဟွေ့ ဘာကြောင့် ထွက်သွားတာလဲ။ ဒီငတုံးကောင် တကယ်ပဲ မမြင်လိုက်ဘူးလား။
...
ရဲရှင်းဟွေ့သည် ဘုရင်ဖြူ တစ်ကိုယ်တည်း သီးသန့်ကျင့်ကြံနေသော နေရာသို့ ရောက်ရှိလာသည်။
ယခင်က ဘုရင်ဖြူကို မတွေ့သောကြောင့် သူ ပတ်ဝန်းကျင်ကို လိုက်မေးခဲ့သေးသည်။
ရှုန်ယိုနှင့် ရှုန်ကျော့တို့က ဘုရင်ဖြူသည် သူ၏အသူရာအမြုတေကို ဖန်တီးရန် တစ်ကိုယ်တည်း သီးသန့်ကျင့်ကြံနေသည် ဖြစ်ကြောင်း ပြောခဲ့ကြသည်။
ယခုကြည့်ရသည်မှာ ဘုရင်ဖြူ၏ အသူရာအမြုတေကို အောင်မြင်စွာ ဖန်တီးပြီးစီးသွားပြီ ဖြစ်ရမည်။
ဘုရင်ဖြူ၏ အရည်အသွေးက ဤမျှ ကောင်းမွန်လိမ့်မည်ဟု ရဲရှင်းဟွေ့ မထင်ထားခဲ့မိချေ။ သူက ကျင့်စဉ်အသစ်ဖြင့် လေ့ကျင့်နေသည်မှာ ဘယ်လောက်ကြာသေးလို့လဲ။
အသူရာအမြုတေကို ဖန်တီးပြီးသွားပြီပဲ။
ရှုန်ယိုနှင့် ရှုန်ကျော့တို့က သူတို့သည် ဘုရင်ဖြူနှင့် တူညီသော ပတ်ဝန်းကျင်မှာပင် ကျင့်ကြံခဲ့ကြသော်လည်း သူတို့၏ အဆင့်မှာမူ ချီစွမ်းအင်လမ်းအဆင့်ထဲသို့ ဝင်ရောက်ခဲ့သည်မှာ မကြာသေးကြောင်း ပြောခဲ့ကြသည်။
အသူရာဝိညာဉ်ငွေ့ရည်ဖွဲ့အဆင့်သို့ ရောက်ရှိရန် ဘယ်လောက်ကြာမည်ကိုတော့ သူတို့ကိုယ်တိုင်ပင် မသိကြချေ။
...
ရဲရှင်းဟွေ့ ရောက်ရှိသွားသောအခါ လေထုက အနည်းငယ် ပူနွေးနေသည်ကို ခံစားလိုက်ရသည်။
လှမ်းကြည့်လိုက်သောအခါ ရဲရှင်းဟွေ့သည် သစ်ခေါင်းတစ်ခုပါသော သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရပြီး ထိုသစ်ခေါင်းမှာ မီးလောင်ထားသကဲ့သို့ မည်းနက်နေလေသည်။
ဘုရင်ဖြူသည် ထိုသစ်ပင်ကြီး၏ အခေါင်းထဲတွင် သူ၏အတောင်များကို သန့်စင်နေသည်။
ဘုရင်ဖြူ၏ လက်ရှိပုံစံမှာ အလွန်ထူးဆန်းနေသည်။ ယခင်က ဘုရင်ဖြူသည် မျက်လုံးနီနီနှင့် တစ်ကိုယ်လုံး ဖြူဖွေးသော အမွှေးအတောင်များ ရှိပြီး မျိုးရိုးဗီဇချို့ယွင်းနေသော သတ္တဝါတစ်ကောင်နှင့် တူလှသည်။
ယခု ဘုရင်ဖြူ၏ အမွှေးအတောင်များမှာ ဖြူနေသေးသော်လည်း ထိုအဖြူရောင်ထဲတွင် ရွှေရောင်အရိပ်အယောင်များ ထွန်းလင်းတောက်ပနေသည်။
သူ၏မျက်လုံးအရောင်မှာလည်း ကျောက်မျက်ရတနာကဲ့သို့ ရွှေရောင်သန်းနေသော အနီရောင်သို့ ပြောင်းလဲသွားပြီး အလွန်တရာမှ လှပနေလေသည်။
သူ၏ရုပ်ရည်သွင်ပြင်သာမက ခန္ဓာကိုယ်ပုံသဏ္ဌာန်မှာလည်း များစွာ ပြောင်းလဲသွားခဲ့သည်။
ယခင် ဘုရင်ဖြူသည် သာမန်ကျီးကန်းများထက် များစွာပိုကြီးသော်လည်း သူ့အရွယ်အစားမှာ အကန့်အသတ်တစ်ခုတော့ ရှိခဲ့သည်။ ယခု ဘုရင်ဖြူမှာမူ အရွယ်ရောက်ပြီးသား ကျားသစ်တစ်ကောင်၏ အရွယ်အစားခန့် ရှိနေလေသည်။
...
ရဲရှင်းဟွေ့ ရောက်လာသည်ကို မြင်သောအခါ ဘုရင်ဖြူသည် သူ့အတောင်များကို သန့်စင်နေရာမှ ချက်ချင်းရပ်တန့်လိုက်ပြီး ရဲရှင်းဟွေ့ထံသို့ ပျံသန်းလာသည်။
သူက ရဲရှင်းဟွေ့၏ ရှေ့နောက်သို့ ပျံဝဲလိုက်သောအခါ ပူပြင်းသော လေငွေ့များသည် ပို၍ပင် ပြင်းထန်လာတော့သည်။
"ချီးပဲ။ မင်းက ဆင့်ကဲပြောင်းလဲသွားတာလား။ ရွှေရောင်ကျီးကန်းလား။ သေစမ်းကွာ"
ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ ဘုရင်ဖြူက ပြုံးလိုက်ပြီး "သူဌေး... ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာက အိပ်မက်တွေ နောက်ဆုံးတော့ တကယ်ဖြစ်လာပြီ" ဟု ဆိုလေသည်။
ဤတစ်ကြိမ်တွင် ဘုရင်ဖြူသည် ရဲရှင်းဟွေ့နှင့် ကျီးကန်းဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုခြင်းမဟုတ်ဘဲ လူဘာသာစကားဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဤအချက်ကပင် ဘုရင်ဖြူသည် တရားဝင် မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ပြသနေတော့သည်။
ရဲရှင်းဟွေ့ ဘုရင်ဖြူကို ပထမဆုံးအကြိမ် ပန်းခြံထဲတွင် တွေ့ခဲ့စဉ်က ဘုရင်ဖြူ၏ အသိုက်သည် ခတ္တာပင်နှင့် တူနေသည်ကို သူ သတိထားမိခဲ့သည်။
ယခု ဘုရင်ဖြူပြောသော အိပ်မက်ကို ကြားလိုက်ရသည့်အခါမှ ရဲရှင်းဟွေ့သည် သူက ဘာကြောင့် သူ့အသိုက်ကို ခတ္တာပင်ပုံစံ ပြုလုပ်ချင်ခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။
...
"ဘုရင်ဖြူ မင်းက သွေးနွယ်ပြန်လည်နိုးထလာတာလား" ရဲရှင်းဟွေ့သည် အနည်းငယ် ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
"ကျွန်တော်လည်း သိပ်မသေချာဘူး" ဘုရင်ဖြူက ခေါင်းခါလိုက်ပြီး "ကျွန်တော် အသူရာအမြုတေကို ဖန်တီးလိုက်တာပဲ ရှိသေးတယ်။ အဲ့ဒါပြီးသွားတော့ ဒီလိုပုံစံ ဖြစ်သွားတာပဲ။ ပြီးတော့ ကျွန်တော့် ပုံပန်းသဏ္ဌာန်တစ်ခုတည်း ပြောင်းသွားတာ မဟုတ်ဘူး"
ပြောနေရင်းမှာပင် ဘုရင်ဖြူသည် သူ၏တောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။
ဘုရင်ဖြူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် လိမ္မော်ရောင်သန်းသော မီးတောက်ငယ်လေးများ ဖြည်းညင်းစွာ လောင်ကျွမ်းနေသည်ကို တွေ့မြင်လိုက်ရသည်။
ပတ်ဝန်းကျင် အပူချိန်မှာ တစ်စထက်တစ်စ မြင့်တက်လာပြီး မကြာမီမှာပင် အနီးရှိ ပန်းပင် မြက်ပင်နှင့် သစ်ပင်များမှာ ခြောက်သွေ့ကာ သက်မဲ့သွားကြတော့သည်။
ဘုရင်ဖြူ၏ လက်ရှိပုံပန်းသဏ္ဌာန်ကို ကြည့်ရင်း ရဲရှင်းဟွေ့သည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။
ဤအရာသည် အသူရာအမြုတေကို ဖန်တီးပြီးနောက် ရရှိလာသော အထူးစွမ်းရည်လော သို့တည်းမဟုတ် သွေးနွယ်ပြန်လည်နိုးထလာခြင်းကြောင့် ရရှိလာသော အထူးစွမ်းရည်လော ဆိုသည်ကို သူ မသိချေ။
အမှန်စင်စစ်တွင် ရဲရှင်းဟွေ့သည် ဤအရာမှာ ဘုရင်ဖြူ၏ သွေးနွယ်ပြန်လည်နိုးထလာမှုကြောင့်ဟု ပို၍ ယုံကြည်မိသည်။
ဘုရင်ဖြူကိုယ်တိုင်က အခြားကျီးကန်းများထက် ပို၍ ဉာဏ်ကောင်းပြီး ခန္ဓာကိုယ်လည်း ပိုကြီးသည်။
သူ၏ အမွှေးအတောင်ဖြူဖြူများအတွက်လား။ အမှန်တော့ အဖြူရောင်ကျီးကန်းများကို အခြားနေရာများတွင်လည်း တွေ့ရှိနိုင်သည်။
သို့သော် ဘုရင်ဖြူသည် ထူးခြားသော ဖြစ်တည်မှုတစ်ခု မဟုတ်ဟုတော့ ဆိုရန် မဖြစ်နိုင်ချေ။
"ကြည့်ရတာ ငါ့အစ်ကိုကြီးကို မေးကြည့်ရတော့မယ်ထင်တယ်။ ဘုရင်ဖြူ မင်း ကျင့်ကြံတာကိုပဲ ဆက်လုပ်နေ။ မင်းဘာဖြစ်နေလဲဆိုတာ ငါနောက်မှ အစ်ကိုကြီးကို စစ်ဆေးခိုင်းလိုက်မယ်"
"နားလည်ပါပြီ"
ဘုရင်ဖြူက ခေါင်းညိတ်လိုက်ပြီး သစ်ခေါင်းထဲသို့ ပြန်ပျံသွားကာ သူ၏ကျင့်ကြံမှုကို ဆက်လက် ခိုင်မာစေတော့သည်။
...
ဘုရင်ဖြူကို ကြည့်ရှုပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ cosplay တပ်ဖွဲ့ကိုယ်ပွားများကို တစ်ဖန်ပြန်လည် ဖန်တီးကာ ကျင့်ကြံရေး တာဝန်ကို လွှဲအပ်လိုက်သည်။ ကျင့်ကြံခြင်းအပြင် ထိုကိုယ်ပွားများကို ရှောင်ဟာ့နှင့် ပေါက်တူးပေါက်တမ်း ကစားပေးရန်လည်း တာဝန်ပေးထားခဲ့သည်။
အရာအားလုံး စီစဉ်ပြီးစီးသွားသောအခါ ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့သည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ ထွက်ခွာလာခဲ့ကြသည်။
အိမ်ပြန်ရောက်သော် ရဲရှင်းဟွေ့သည် ဖုန်းကိုထုတ်ကာ ရဲဖန်ထံသို့ ခေါ်ဆိုလိုက်သည်။ သူတို့ စားသောက်ဆိုင်သို့ ရောက်နှင့်ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူသည် ပေါင်ပေါင်းကို ခေါ်ကာ အပြင်ထွက်လာခဲ့တော့သည်။
...
ဆယ်မိနစ်အကြာတွင်...
ရဲရှင်းဟွေ့သည် ပေါင်ပေါင်းကိုခေါ်ဆောင်ပြီး စီးပွားရေးဆိုင်ရာ လမ်းမကြီးတစ်ခုသို့ ရောက်ရှိလာသည်။
ဤအချိန်တွင် ထိုလမ်းမကြီးမှာ အလွန်စည်ကားနေပြီး ရဲဖန်တို့ရှိနေသော စားသောက်ဆိုင်မှာလည်း ဤလမ်းမကြီးပေါ်မှာပင် တည်ရှိလေသည်။
"ချီးပဲ။ ဒါက ဘာကြီးတုန်း"
ရဲရှင်းဟွေ့သည် စားသောက်ဆိုင်၏ ဆိုင်းဘုတ်ကို ကြည့်ရင်း အလွန်တရာ အံ့ဩနေသော မျက်နှာထား ဖြစ်နေလေသည်။
စားသောက်ဆိုင်၏ အမည်မှာ "အစ်ကိုမုန်ရဲ့ ဆိုင်" ဖြစ်ပြီး ဆိုင်းဘုတ်ပေါ်တွင် ဓာတ်ပုံတစ်ပုံ ပါရှိသည်။ ထိုဓာတ်ပုံမှာ ရဲရှင်းဟွေ့ သိသော မုန်ကျစ်ယွီ ဖြစ်ပေသည်။
"ဒါ အစ်ကိုယွီရဲ့ ဆိုင်လား"
"ဟုတ်တယ်။ ဒီဆိုင်ပဲ။ တစ်နိုင်ငံလုံးမှာ နှစ်ဆိုင်ပဲရှိတယ်လို့ ကြားတယ်။ တစ်ဆိုင်က ကူယန်မှာ နောက်တစ်ဆိုင်က ယန်ကျင်းမှာတဲ့"
"ဒီမှာလာစားဖူးတဲ့ သူငယ်ချင်းတွေ ပြောတာတော့ ဒီကအစားအသောက်တွေက အရမ်းကောင်းတယ်တဲ့"
"ဟုတ်တယ် ဟုတ်တယ်။ သွားကြည့်ကြရအောင်"
ရဲရှင်းဟွေ့ ကြက်သေသေနေစဉ်မှာပင် ဘေးနားမှ မိန်းကလေးငယ်နှစ်ယောက်၏ စကားပြောသံကို ကြားလိုက်ရလေသည်။
"အင်တာနက်ဆယ်လီဆိုင် ဟုတ်လား။ မုန်ကျစ်ယွီက ဒီလောက်တောင် စွမ်းနေပြီလား"
ရဲရှင်းဟွေ့သည် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ့ဖုန်းကိုထုတ်ကာ ဂျားဗစ်ကို မုန်ကျစ်ယွီ၏ အခြေအနေအကြောင်း စတင်မေးမြန်းလိုက်သည်။
ထို့နောက် ဂျားဗစ်သည် မုန်ကျစ်ယွီ၏ အခြေအနေအရပ်ရပ်ကို သူ့အား ပြောပြလေသည်။
မုန်ကျစ်ယွီ စနစ်ကို ရရှိသွားသည့်အချိန်မှစ၍ သူသည် ဇာတ်လိုက်တစ်ယောက်ကဲ့သို့ လိမ်လည်လှည့်ဖြားခြင်းလမ်းစဉ်ပေါ်သို့ အမှန်တကယ် စတင်ရောက်ရှိခဲ့လေသည်။
အစပိုင်းတွင်မူ အနည်းငယ် ခက်ခဲကြမ်းတမ်းခဲ့သည်မှာ အမှန်ပင်။
သို့သော် တာဝန်များကို ဖြည်းဖြည်းချင်း ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြင့် သူသည် ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုများစွာကိုလည်း စုဆောင်းနိုင်ခဲ့သည်။
သဘာဝအတိုင်းပင်... ဤအရာအားလုံးတွင် အရှုံးအမြတ်များ ရှိခဲ့လေသည်။
မုန်ကျစ်ယွီ၏ နေ့စဉ် ရှက်စရာကောင်းသော အပြုအမူများကြောင့် သူ့မိသားစုက သူနှင့် အဆက်ဖြတ်ခဲ့ကြပြီး သူ့မိဘများကလည်း နောက်ထပ်ကလေးတစ်ယောက် ထပ်ယူရန် စီစဉ်နေကြလေသည်။
အခြားနည်းလမ်းဖြင့် ဖြစ်လင့်ကစား မိဘများ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသောအခါ မုန်ကျစ်ယွီသည် ဇာတ်လိုက်တစ်ယောက်၏ ဖြစ်တည်မှုကို ပို၍ပင် ခိုင်မာစေခဲ့သည်။
နောက်ပိုင်းတွင် ဂျားဗစ်က ပေးအပ်သော တာဝန်အမျိုးမျိုးကြောင့် မုန်ကျစ်ယွီသည် အွန်လိုင်းပေါ်တွင် ပို၍ပို၍ နာမည်ကြီးလာခဲ့ပြီး လူများစွာက သူ့ထံသို့ ကုန်ပစ္စည်းထောက်ခံကြော်ငြာရန်နှင့် ကြော်ငြာရိုက်ကူးရန်ပင် ကမ်းလှမ်းလာကြသည်။
ဟုတ်ပေသည်... ထိုအရာများအပြင် ဂျားဗစ်သည် မုန်ကျစ်ယွီအား ပညာရပ်များစွာလည်း ပေးခဲ့သေးသည်။ တစ်ခုတည်းသော အားနည်းချက်မှာကား ထိုနာမည်ကြီးသလောက် အသုံးမဝင်သော ပညာရပ်များအားလုံးသည် ကိုယ်ကာယလေ့ကျင့်သည့် ပညာရပ်များသာ ဖြစ်နေခြင်းပင်။
ထိုပညာရပ်အားလုံးသည် မည်သည့်အထူးပြုလုပ်ချက် သို့မဟုတ် ခွန်အားကိုမျှ မတိုးစေဘဲ ၎င်းတို့၏ တစ်ခုတည်းသော အားသာချက်မှာ သူက အရိုက်အနှက်ဒဏ်ကို ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။
ထိုစွမ်းရည်များကြောင့်ပင် မုန်ကျစ်ယွီသည် အိမ်ထောင်သည်တစ်ယောက်၏ အသက်ရှူခြင်းပုံစံကို နှောင့်ယှက်ခဲ့စဉ်က သို့မဟုတ် တခြားသူများ၏ ဂိမ်းပြိုင်ပွဲကွန်ပျူတာကို ပိတ်ပစ်ခဲ့စဉ်က အရိုက်ခံရ၍ မသေဆုံးခဲ့ခြင်း ဖြစ်ပေသည်။
အမှန်စင်စစ်တွင် မုန်ကျစ်ယွီသည် ဤအင်တာနက်ဆယ်လီဆိုင်ကို ဖွင့်ချင်ခဲ့သည် မဟုတ်ချေ။ သို့သော် တစ်စုံတစ်ယောက်က သူ့အား ရင်းနှီးမြှုပ်နှံရန် သူ၏နာမည်ဖြင့် ဆိုင်ဖွင့်ရန် တောင်းဆိုခဲ့ပြီး သူက အမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်းကို ရရှိမည် ဖြစ်သည်။
မုန်ကျစ်ယွီ၏ ကျော်ကြားမှုကြောင့်ပင် ဤဆိုင်သည် အလွန်နာမည်ကြီးလာခဲ့ခြင်း ဖြစ်လေသည်။