အစ်ကိုမုန်ရဲ့ ဆိုင်
Vol. 15 Ch. 207
မုန်ကျစ်ယွီ၏ ယခုလက်ရှိအခြေအနေကို သိရှိပြီးနောက်တွင် ရဲရှင်းဟွေ့သည် ပေါင်ပေါင်းကို စားသောက်ဆိုင်အတွင်းသို့ ခေါ်ဆောင်လာခဲ့လေသည်။
ဆိုင်မှ စားပွဲထိုးများအားလုံးသည် အပြောင်အလက်ဆုံး ဝတ်စားထားကြသော လူငယ်လေးများနှင့် ချောမောလှပသော မိန်းကလေးများသာ ဖြစ်ကြသည်။
အမှန်စင်စစ် ထိုသို့သော ဝတ်စားဆင်ယင်မှုပုံစံများကိုလည်း မုန်ကျစ်ယွီ ကိုယ်တိုင်ပင် ဖန်တီးထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဤကမ္ဘာလောကကြီးတွင် အဘိုးကြီးများမရှိသကဲ့သို့ မျက်စိကျိန်းလောက်အောင် ဆန်းပြားသော ဝတ်စုံမျိုးစုံလည်း မရှိခဲ့ချေ။
ဆိုရိုးစကားတစ်ခု ရှိသည် အရာရာသည် အစွန်းရောက်သွားသည့်အခါ ဖက်ရှင်ဖြစ်လာသည် ဟူ၍ပင်။
လူအများအပြားအတွက်မူ ရှမိတ်ယဉ်ကျေးမှုသည် ခေတ်ရေစီးကြောင်းသစ်တစ်ခုဖြစ်ပြီး မုန်ကျစ်ယွီမှာမူ ထိုရေစီးကြောင်းကို ဦးဆောင်သူ ဖြစ်နေတော့သည်။
...
ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းတို့အား စားပွဲထိုးလေးတစ်ဦးမှ ရဲဖန်နှင့် အခြားသူများရှိရာ သီးသန့်အခန်းဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားလေသည်။
ရဲရှင်းဟွေ့သည် သီးသန့်အခန်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် သူ့မျက်လုံးများသည် သူ့ရှေ့မှ မြင်ကွင်းကြောင့် တဖန် ထိုးဆွခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။
ထိုအချိန်တွင် ရဲဖန်နှင့် လူတိုင်းသည် စားပွဲဝိုင်းကြီးတစ်ခုတွင် ဝိုင်းဖွဲ့ထိုင်နေကြပြီး ချောမောလှပသော မိန်းကလေးတစ်ဦးကဲ့သို့ ဝတ်စားထားသည့် စားပွဲထိုးတစ်ဦးမှာမူ တွန်းလှည်းလေးတစ်ခုကို တွန်းလာနေသည်။
တွန်းလှည်းပေါ်တွင်ကား အခြားသူများ ကြိုတင်မှာကြားထားသော ဟင်းလျာများဖြင့် အပြည့်ပင်။
ချောမောလှပသော မိန်းကလေးက ဟင်းပွဲများပြင်ဆင်နေစဉ်မှာပင် လက်တိုရှပ်အင်္ကျီ သားရေဘောင်းဘီ ပဲခွံဖိနပ်များ ဝတ်ဆင်ကာ လည်ပင်းတွင် ရွှေဆွဲကြိုးအကြီးကြီးများ ဆွဲထားသော ရှမိတ်လူငယ်ငါးဦးမှာ တေးဂီတများဖွင့်ရင်း လက်များကို ဝှေ့ယမ်းကခုန်နေကြသည်။
ဤသို့သော စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းစေမှုက ရဲရှင်းဟွေ့အား ပေါင်ပေါင်းကို သီးသန့်အခန်းထဲမှ အရင်ဆုံးပြန်ခေါ်ထုတ်သွားရန် သူ့စိတ်ထဲတွင် အလိုအလျောက် တိုက်တွန်းနေတော့သည်။
သို့သော် ရဲရှင်းဟွေ့ မည်သို့မျှ မလှုပ်ရှားနိုင်ခင်မှာပင် ပေါင်ပေါင်းသည် ထိုအုပ်စုထဲသို့ ဝင်ရောက်သွားပြီး ရှမိတ်လူငယ်ငါးဦးနှင့်အတူ စတင်၍ ကိုယ်ကိုလှုပ်ယမ်း ကခုန်နေလေပြီ။
"သိပ်ပြီးတော့ ဟန်မဆောင်နဲ့ ငါတို့အားလုံး ညီအကိုတွေပဲ။"
"မင်းလုပ်ခဲ့တာတွေကို ငါဂရုမစိုက်ဘူး ငါတို့က သူရဲကောင်းတွေပဲ။"
"သိပ်ပြီးတော့ ဟန်မဆောင်နဲ့ ငါတို့အားလုံး ညီအကိုတွေပဲ။"
"နဂါးသတ်ဓား ရွှေတုံးတွေ။"
"မင်းအစွမ်းကုန်ပေးဖို့က မင်းအပေါ်မှာပဲ မူတည်တယ်။"
"ငါ့ဘက်လှည့်စမ်း..."
"ဆက်လှည့်... မဟုတ်ရင် မင်းကိုဆွဲပြီး မြေမြှုပ်ပစ်မယ်။"
"ငါ့ဘက်လှည့်စမ်း..."
"ဆက်လှည့် မဟုတ်ရင် မင်းကိုဆွဲပြီး မြေမြှုပ်ပစ်မယ်။"
"ငါ့ဘက်လှည့်စမ်း တူတ် တူတ် တူတ် တူတ် တူတ်..."
...........
ထို အာရုံခြောက်ခြားဖွယ် တေးဂီတနှင့် ကပြဖျော်ဖြေမှုများကြောင့် အခန်းထဲရှိ လူတိုင်းမှာ အလိုအလျောက်ပင် ယိမ်းနွဲ့လာကြတော့သည်။
ရဲရှင်းဟွေ့သည် သူ့နဖူးသူ ပြန်ရိုက်လိုက်မိပြီးနောက် စားပွဲထိုးမှ ဟင်းပွဲများ ချပြီးသွားသည်နှင့် ထိုလူများအားလုံးကို ကန်ထုတ်လိုက်လေသည်။
"ဟေ့ ရှင်းဟွေ့ အငွေ့အသက်က ဒီလောက်ကောင်းနေတာကို မင်းက ဘာလို့လူတွေကို မောင်းထုတ်လိုက်ရတာလဲ" ရဲဖန်သည် အနည်းငယ် မကျေမနပ်ဖြစ်သောလေသံဖြင့် ပြောလိုက်သည်။
ရဲဖန်၏စကားကို ကြားသောအခါ ရဲရှင်းဟွေ့သည် ပခုံးတွန့်လိုက်ပြီးနောက် ပေါင်ပေါင်းနှင့်အတူ ဝင်ထိုင်လိုက်တော့သည်။
"ဒီလိုဆိုင်မျိုးကို ဘယ်လိုများ ရှာတွေ့လာကြတာလဲ" ဤသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် ရဲရှင်းချန်ကို ကြည့်လိုက်ကာ "အကိုကြီး တံခါးဝက ဆိုင်းဘုတ်မှာ ဘယ်သူ့ဓာတ်ပုံချိတ်ထားလဲဆိုတာ မတွေ့ခဲ့ဘူးလား" ဟုမေးလိုက်သည်။
ရဲရှင်းချန်သည် ထိုစကားကိုကြားသော် ခေါင်းညိတ်လိုက်ပြီး ဂရုမစိုက်သောဟန်ဖြင့် "ငါမြင်သားပဲ ဒါပေမဲ့ အဲ့ဒါက ငါတို့ဒီမှာလာစားတာနဲ့ ဘာဆိုင်လို့လဲ" ဟု ပြန်ပြောလေသည်။
ရဲရှင်းချန်၏ စကားကြောင့် ရဲရှင်းဟွေ့မှာ ပြောစရာစကားပင် မရှိတော့ချေ။
"တော်ပြီ။"
ထိုအခိုက်တွင် ရဲဖန်သည် မတ်တပ်ထရပ်လိုက်ပြီး သူ့ဖန်ခွက်ကို မြှောက်ကာ "ဒီစားသောက်ဆိုင်က ဘာဖြစ်ဖြစ်ဆိုတာကို စိတ်ထဲမထားကြနဲ့တော့ ရဲနျဉ် ပြန်ရောက်လာတာကို ဂုဏ်ပြုဖို့နဲ့ ယန်အန်နာ ပြန်လည်ရှင်သန်လာတာကို ဂုဏ်ပြုဖို့အတွက် အတူတူခွက်မြှောက်ကြရအောင်။" ဟု ဆိုလိုက်သည်။
လူတိုင်း ထိုစကားကို ကြားပြီးနောက်တွင် သူတို့၏ ဖန်ခွက်များကိုလည်း မြှောက်လိုက်ကြသည်။
ညစာစားပွဲတွင် လူတိုင်းသည် ပျော်ရွှင်စွာ စကားစမြည်ပြောနေကြသော်လည်း ရဲနျဉ်တစ်ယောက်သာ အမြဲတစေ စိုးရိမ်ပူပန်နေပုံ ပေါက်နေလေသည်။
ရဲနျဉ်သည် သူ့ဘေးတွင် ထိုင်နေသော ယန်အန်နာနှင့် လင်အာတို့ကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် နှမြောတသဖြစ်နေသလို ခံစားနေရသည်။
ရဲရှင်းဟွေ့ ရဲလန်ယွဲ့နှင့် ရဲရှင်းချန်တို့သည် သူ့မျက်လုံးထဲမှ ရှုပ်ထွေးပွေလီမှုနှင့် နှမြောတသဖြစ်နေမှုတို့ကို မြင်နိုင်ကြပေသည်။
ရဲရှင်းချန်နှင့် ရဲလန်ယွဲ့တို့ သတိထားမိသော်လည်း သူတို့သည် ဘာကိုမျှမပြောကြချေ။ သူတို့သည် ညစာစားပြီးနောက်မှ သူတို့၏ ဒုတိယဦးလေးနှင့် သီးသန့်စကားပြောရန် အခွင့်အရေးရှာဖို့ စီစဉ်ထားလိုက်ကြသည်။
ရဲရှင်းဟွေ့မှာမူ သူ၏ဒုတိယဦးလေးက အဘယ်ကြောင့် သူ့အား အချက်ပြမှုတစ်ခု မပေးနိုင်ရသနည်းဟု အနည်းငယ် ရှုပ်ထွေးနေသောကြောင့် ဖြစ်သည်။
ထို့ပြင် အရင်က သူအချက်ပြမှု ရယူနိုင်ခဲ့သော လင်အာမှာလည်း ထိုအချိန်မှစ၍ အသံတိတ်သွားသကဲ့သို့ ဖြစ်နေသည်။
‘အာ။ အသင်္ချေမျက်လုံးသာ ရှိနေသေးရင် ဘာတွေဖြစ်နေလဲဆိုတာ ငါသိနိုင်မှာပဲ။’
ယခုအချိန်အထိ ရဲရှင်းဟွေ့သည် သူ၏ တီဗီလေးအတွက် အချက်ပြမှုများ ရရှိနိုင်သည့် စည်းမျဉ်းများနှင့်ပတ်သက်၍ အချက်အချို့ကို အကျဉ်းချုပ် သုံးသပ်မိထားလေသည်။
ပထမအချက်မှာ ဇာတ်လိုက်ဂုဏ်သတ္တိများ ရှိနေရန်ဖြစ်လေသည်။
ဇာတ်လိုက်ဂုဏ်သတ္တိဟု ဆိုရသည်ထက် ကံဆိုးသောကံကြမ္မာဟု ဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်။
ရဲရှင်းဟွေ့သည် ဦးလေးကျို၏ စွမ်းရည်ကို ပထမဆုံးရရှိပြီး သူ၏ ကောင်းကင်မျက်စိကို ဖွင့်လိုက်စဉ်က သူ၏ အကိုနှင့် ညီမတော်စပ်သူတို့၏ ကံကြမ္မာကို မြင်ခဲ့ရသည်။
ထိုကံကြမ္မာ၏ အရှိန်အဝါကား လူသားတစ်ဦးနှင့်ပင် မတူတော့ချေ။
ဒုတိယအချက်မှာ စိတ်ခံစားမှုဆိုင်ရာ လှုပ်ခတ်မှု ဖြစ်သည်။
ဤသည်မှာလည်း ရဲရှင်းဟွေ့ အမြဲတစေ ပြဿနာရှာနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်လေသည်။
တတိယအချက်မှာ ယုံကြည်မှုအဆင့်ဖြစ်ပြီး နှစ်သက်မှုအဆင့်ဟုလည်း ဆိုနိုင်ပေသည်။
ရဲရှင်းဟွေ့သည် မိသားစုကို အလွန်အမင်းစွဲလန်းသော ဤကဲ့သို့သော မိသားစုမျိုးတွင် ပြန်လည်မွေးဖွားလာရခြင်းအတွက် အလွန်ကံကောင်းသည်ဟု ခံစားမိလေသည်။ အကယ်၍သာ ဤမိသားစုထဲတွင် မဟုတ်ခဲ့ပါလျှင် သူသည် သူ၏ရွှေလက်ညှိုးကို လုံးဝ အသုံးပြုနိုင်မည်မဟုတ်ချေ။
ရဲနျဉ်တွင် ဇာတ်လိုက်တစ်ယောက်၏ ကံကြမ္မာရှိပြီး ယန်အန်နာ ပြန်လည်ရှင်သန်လာသောအခါ သူသည် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်လာခဲ့သည်။
သို့ဆိုလျှင်... တီဗီလေးက အချက်ပြမှုမရရှိရသည့် အကြောင်းရင်းမှာ နှစ်သက်မှုအဆင့် ကိစ္စကြောင့်သာ ဖြစ်ပေမည်။
လင်အာ၏ နှစ်သက်မှုအဆင့်သည် အစပိုင်းက အမှတ်ပြည့်မှ အဘယ်ကြောင့် ကျဆင်းသွားရသနည်း။
အစပိုင်းတွင် လင်အာသည် ရဲရှင်းဟွေ့ကို သူမ၏ အကိုကြီးဟု ထင်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမ၏အဖေထံမှ ထိုသို့မဟုတ်ကြောင်း ကြားသိလိုက်ရသောအခါ သူမ၏ နှစ်သက်မှုအဆင့်မှာ တစိတ်တပိုင်း ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
၉၉% အထိ ကျဆင်းသွားလျှင်ပင် ယင်းမှာ အမှတ်ပြည့် မဟုတ်တော့သည်မှာ အမှန်ပင်။
...
ထိုအချိန်မှာပင်။
တစ်ဖက်တွင်။
မုန်ကျစ်ယွီသည် စားသောက်ဆိုင်ပိုင်ရှင်နှင့်အတူ လက်ဖက်ရည်သောက်နေလေသည်။
"အစ်ကိုမုန်။ ခင်ဗျားကတော့ တကယ်ကို နာမည်ကြီးတာပဲဗျာ။ ဒီဆိုင်က ဖွင့်ပြီး ရက်ပိုင်းအတွင်းမှာပဲ မယုံနိုင်လောက်အောင် နာမည်ကြီးလာတာ။"
မုန်ကျစ်ယွီနှင့် အတူအလုပ်လုပ်သော သူဌေး၏အမည်မှာ ကောဖေးယန် ဖြစ်ပြီး သူသည် ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်သည်။
ကောဖေးယန်သည်လည်း မုန်ကျစ်ယွီ၏ တန်ဖိုးကို မြင်သောကြောင့် ဤဆိုင်ကိုဖွင့်ရန် ပူးပေါင်းလုပ်ဆောင်ဖို့ မုန်ကျစ်ယွီအား တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။
"ဟားဟား။ ညီလေးကော ငါ့နာမည်တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ မင်းက ကောင်းကောင်းစီမံခန့်ခွဲမှ ဖြစ်မှာ။ သန့်ရှင်းရေးပဲဖြစ်ဖြစ် အရည်အသွေးပဲဖြစ်ဖြစ် အရသာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။ ဒါမှ ဒီဆိုင်က ပိုပြီးကောင်းမွန်လာနိုင်မှာ။"
မုန်ကျစ်ယွီ၏ စကားကိုကြားသော် ကောဖေးယန်သည် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့။ စိတ်မပူပါနဲ့ အကိုကြီး။ ဒါနဲ့... မကြာသေးခင်က ခင်ဗျားကို အတုခိုးပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေတယ်။ ခင်ဗျားဖန်တီးလိုက်တဲ့ တန်ဖိုးကို သူတို့လည်း ရှာတွေ့သွားကြပြီထင်တယ်။" ဟု ပြောလိုက်သည်။
မုန်ကျစ်ယွီ ထိုစကားကို ကြားသောအခါ သူသည် ခပ်ရေးရေးသာ ပြုံးလိုက်သည်။
"ဟက်ဟက်ဟက်... ငါတို့က မတူဘူး။"
မုန်ကျစ်ယွီပြောသည်မှာ မှန်ပေသည်။ သူသည် ထိုအင်တာနက်နာမည်ကြီး အသစ်များနှင့် မတူညီချေ။
သူတို့သည် ပိုက်ဆံရှာရန်အတွက်သာ လုပ်ဆောင်ကြသော်လည်း မုန်ကျစ်ယွီကမူ... သူသည် ပိုက်ဆံထက် ပို၍အရေးကြီးသော အရာတစ်ခုအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။
သူသည် တာဝန်များကို မပြီးမြောက်ပါက သူ့အား သတ်ပစ်မည့် စနစ်တစ်ခုနှင့် ချည်နှောင်ခံထားရခြင်း ဖြစ်သည်။
စနစ်က ကြောက်မက်ဖွယ်ကောင်းပြီး သူ့ကို ဒုက္ခရောက်စေသော်လည်း ဤစနစ်ကြောင့်ပင် သူသည် ဘဝ၏အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခဲ့ရသည်။
သို့သော် ထိုသို့သော အရာများ ပြုလုပ်မိ၍ အဖမ်းခံရပြီး အရိုက်ခံရလျှင်ပင် မုန်ကျစ်ယွီသည် ပျော်ရွှင်မှုကို ခံစားနေရဆဲဖြစ်လေသည်။
"တော်ပြီ။ ညီလေးကော ငါအလုပ်သွားရှုပ်လိုက်အုံးမယ်။"
ပြောပြောဆိုဆိုပင် မုန်ကျစ်ယွီသည် မတ်တပ်ထရပ်လိုက်ပြီး သူ၏ သားမွေးထည်များကို ဝတ်ဆင်ကာ သူ၏ ကိုယ်ပိုင်ဟန်ပန်ပါသော ခြေလှမ်းများဖြင့် ကောဖေးယန်၏ ရုံးခန်းထဲမှ ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကောဖေးယန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ "၂၁ ရာစုမှာ ဘာက အရှားပါးဆုံးလဲ။ အရည်အချင်းပဲ။ ဒီအစ်ကိုမုန်ကတော့ တကယ့်ကို သောက်ရမ်းအရည်အချင်းရှိတဲ့သူပဲ။"
.......
အစ်ကိုမုန်ရဲ့ ဆိုင်ထဲမှ ထွက်လာသည်နှင့် မုန်ကျစ်ယွီသည် လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ မျက်မှန်အမည်းကို ထုတ်ကာ မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။
ထိုအချိန်မှာပင် သူသည် "မျက်မှန်အမည်းသာ တပ်လိုက်စမ်း ဘယ်သူမှ မင်းကို ချစ်မှာမဟုတ်ဘူး။" ဟု အော်ဟစ်လိုက်သည်။
လူတိုင်း၏ အာရုံစိုက်မှုကို ခံယူရင်း သူသည် လူအများဆုံးရှိရာ စီးပွားရေးဇုန်၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားလေသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မုန်ကျစ်ယွီ၏ ဖုန်းသည် သူ့အိတ်ကပ်ထဲတွင် တုန်ခါလာသည်။
"ဟမ်။ တာဝန်အသစ်တစ်ခုများ ရပြန်ပြီလား။"
ဤသို့ တီးတိုးရေရွတ်ရင်း မုန်ကျစ်ယွီသည် သူ၏ဖုန်းကို ထုတ်ကာ ကြည့်လိုက်သည်။
တာဝန် : ငါးမိနစ်ထက်ပို၍ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ပါ။
ဆုလာဘ် : မှော်ဝင်နတ်သမီး အသွင်ပြောင်းခြင်း အခွင့်အရေး တစ်ကြိမ်။
ဤတာဝန်၏ ခက်ခဲမှုအဆင့်ကို မြင်သောအခါ မုန်ကျစ်ယွီသည်လည်း ကြက်သေသေသွားလေသည်။
ဤသည်မှာ သူသည် ဤသို့သော သာမန်ပြီး ရိုးရှင်းသည့် တာဝန်တစ်ခုကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်း ဖြစ်သည်။
သို့သော် အရေးအကြီးဆုံးအချက်မှာကား ဤဆုလာဘ်က ဘာကြီးတုန်းဟူ၍ပင်။ ကြားရသည်မှာ အလွန်ပင် ခမ်းနားလှသည်။
"မှော်ဝင်နတ်သမီး... ဒါက အရိုက်ခံရတာကို ကာကွယ်ဖို့ သိုင်းပညာ မဟုတ်တော့ဘူး ပိုက်ဆံလည်း မဟုတ်တော့ဘူးလား။။။။ ဟားဟားဟား။ ငါ့ကံတွေတက်လာပြီ။"
မုန်ကျစ်ယွီသည် ထိုနေရာမှာပင် ရယ်မောလိုက်ပြီးနောက် သူ၏ တိုက်ရိုက်ထုတ်လွှင့်ရေး ပစ္စည်းများကို ထုတ်ကာ ထိုနေရာတွင်ပင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို စတင်လိုက်တော့သည်။
...
ထိုအချိန်မှာပင်။
ရဲရှင်းဟွေ့သည် သူ၏ဖုန်းကို ပြန်သိမ်းလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ "ပါးလားလားနတ်သမီး အသွင်ပြောင်းခြင်းက တခြားသူတွေအပေါ်မှာ ဘယ်လိုပုံစံဖြစ်နေမလဲ မသိဘူးနော်" ဟုဆိုလိုက်သည်။