← Chapters

အခန်း (၂၁၀)

Vol. 15 Ch. 210

အခန်း (၂၁၀)

Vol. 15 Ch. 210

အိမ်အပြန်လမ်းတွင် ရဲရှင်းဟွေ့သည် ပြောင်းလဲရေးကိရိယာကို သူ့အစ်မဖြစ်သူအား သုတေသနလုပ်ရန် ပေးအပ်လိုက်သည်။

ထို့နောက် သူသည် ရဲနျဉ်ကိုရှာဖွေပြီး ခဏအကြာတွင် တစ်ယောက်တည်း သီးသန့်တွေ့လိုကြောင်း ပြောဆိုခဲ့သည်။

ရဲနျဉ်မှာလည်း ပြောစရာစကားရှိနေသည်ဖြစ်ရာ သူငြင်းဆန်ခြင်းမရှိပေ။

ချန်ယင်းယင်း၏ အကြံပေးချက်အတိုင်း သူမသည် ပေါင်ပေါင်း၊ ယန်အန်နာနှင့် လင်အာတို့နှင့်အတူ ဈေးဝယ်ထွက်သွားတော့သည်။

သူ့ဇနီးသည်က သမီးဖြစ်သူနှင့်အတူ ဈေးဝယ်ထွက်သွားသည်ကိုမြင်သောအခါ ရဲနျဉ်သည် သူမထံသို့ ကတ်တစ်ခု ကမ်းပေးလိုက်သည်။

ဤကတ်သည်ကား သူလူသတ်သမားတစ်ယောက်ဖြစ်ခဲ့စဉ်က ရရှိခဲ့သော လစာကတ်ပင်တည်း။

လစာကတ်ဟုသာ ဆိုရသော်လည်း အတွင်း၌ရှိသော ငွေပမာဏမှာ ဘီလီယံဆယ်ဂဏန်းအထိ ရှိလေသည်။

ရဲနျဉ်က သူ့ဇနီးနှင့်သမီးဖြစ်သူ ဈေးဝယ်ထွက်ရန်အတွက် ဘီလီယံဆယ်ဂဏန်းကို ပေါ့ပေါ့ဆဆ ထုတ်ပေးလိုက်သည့်အတွက် ချန်ယင်းယင်းတစ်ယောက် အံ့အားသင့်သွားရသည်။ မည်သို့ပင်ဖြစ်စေ ဘီလီယံဆယ်ဂဏန်းဆိုသည်မှာ သူမအတွက်ရော ချန်မိသားစုတစ်စုလုံးအတွက်ပါ အလွန်ကြီးမားသော ငွေကြေးပမာဏတစ်ခု ဖြစ်ပေသည်။

ရဲရှင်းချန်နှင့် အခြားသူများမှာတော့ ဘီလီယံဆယ်ဂဏန်းရှိသော ဘဏ်ကတ်ကို မြင်သည့်တိုင် မည်သို့မျှ မခံစားရကြချေ။

လူတစ်ယောက်သည် လောကအမှန်တရားထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီဆိုလျှင် ငွေရှာရန်မှာ အလွန်ပင် လွယ်ကူလှသည်။

ရဲရှင်းဟွေ့လိုပင် ခြေအိတ်တစ်စုံ ဝယ်လိုက်ရုံဖြင့် ဘီလီယံ ၅၀၀၀ ရှာဖွေနိုင်ခဲ့သည်။

ယနေ့ထက်တိုင် ဟောင်ကောင်မှ ဝမ်မိသားစုသည် သူတို့မိသားစု ပျောက်ဆုံးသွားသော ဘီလီယံ ၅၀၀၀ ဘယ်ရောက်သွားမှန်းပင် မသိကြချေ။

သူတို့သိသည်ကား သူတို့၏ ဘီလီယံ ၅၀၀၀ ကို စုတ်ပြတ်နေသော ခြေအိတ်တစ်စုံဝယ်ရန် အသုံးပြုလိုက်ရသည်ဟူ၍သာ...

...

အိမ်ပြန်ရောက်ပြီးနောက် ရဲရှင်းဟွေ့သည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ချက်ချင်းဝင်ရောက်သွားလေသည်။ မုန်ကျစ်ယွီအတွက် ပေးရမည့်ဆုလာဘ်ကို သူ့အား ပေးအပ်ရဦးမည် မဟုတ်ပါလား။

ဤတစ်ကြိမ်တွင် ရဲရှင်းဟွေ့ပေးမည့် ဆုလာဘ်မှာ ဂျင်ဆင်းပင်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သို့သော် အမြစ်တစ်ချောင်းလုံးမဟုတ်ဘဲ အမွှေးတစ်မျှင်မျှသာ ဖြစ်သည်။

ဂျင်ဆင်းမွှေးတစ်မျှင်သာ ဖြစ်သော်ငြားလည်း ဤအမွှေးတစ်မျှင်သည် မုန်ကျစ်ယွီအတွက် အလွန်ကောင်းမွန်သော အားဖြည့်ဆေးတစ်ခွက် ဖြစ်နေနှင့်ပြီ။

အကယ်၍သာ သူ့ကို တစ်ချောင်းလုံးကျွေးလိုက်ပါက သူသည် ပေါက်ကွဲကာ သေဆုံးသွားနိုင်ပေသည်။

ရဲရှင်းဟွေ့ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ရောက်ရှိသွားသောအခါ သစ်ပင်ပေါ်တွင် ချိတ်ဆွဲခံထားရသော ရှောင်ဟာ့ကို ချက်ချင်းမြင်တွေ့လိုက်ရသည်။

ဤအချိန်တွင် ရှောင်ဟာ့၏မျက်နှာထက်၌ မျှော်လင့်ချက်ကင်းမဲ့နေသော အမူအရာတစ်ခု ထင်ဟပ်နေလေသည်။ ရဲရှင်းဟွေ့ အနားသို့ရောက်လာသည့်တိုင် သူသည် ခေါင်းကိုသာစောင်းငဲ့ကြည့်ပြီး မည်သည့်စကားမျှ ဆိုခြင်းမရှိချေ။

'တိတ်ဆိတ်နေလှချည်လား...'

ရဲရှင်းဟွေ့ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ရှောင်ဟာ့သည် သေကြောင်းကြံရန် ကြိုးစားသည့်အခါတိုင်း မည်မျှပင်ရိုက်နှက်ခံရပါစေ ဤသို့ငြိမ်သက်နေတတ်သည်မဟုတ်။

မကြာမီမှာပင် ရဲရှင်းဟွေ့သည် ပုံတူကိုယ်ပွားထံမှ ပေးပို့လာသော မှတ်ဉာဏ်များမှတစ်ဆင့် အဖြစ်အပျက်ကို သိရှိသွားလေသည်။

ဤတစ်ကြိမ်တွင်လည်း ပေါက်တူးပေါက်တမ်း ကစားခဲ့ကြသော်လည်း ကစားပွဲပြီးနောက်တွင် ရှောင်ဟာ့သည် ကြောင်ဝတုတ်နှစ်ကောင်၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံလိုက်ရသည်။

ခွေးတစ်ကောင်အနေဖြင့် ရှောင်ဟာ့သည် ကြောင်တစ်ကောင်၏ ရိုက်နှက်ခြင်းကို ခံရသည့်အတွက် အလွန်အရှက်ရမိလေသည်။

သို့သော်... သူ့ကို ပို၍နာကျင်စေသည့်အရာကား ထိုကြောင်ဝတုတ်နှစ်ကောင်ကို သူအမှန်တကယ် ပြန်လည်မတိုက်ခိုက်နိုင်ခြင်းပင်။

စိတ်ဓာတ်ကျနေသော ရှောင်ဟာ့ကိုကြည့်ကာ ရဲရှင်းဟွေ့ ပြုံးလိုက်ပြီးနောက် သူ့ပါးစပ်ထဲမှ အမွှေးတစ်မျှင်ကို ပေါ့ပေါ့ပါးပါးပင် ဆွဲထုတ်လိုက်လေသည်။

ဤအမွှေးတစ်မျှင်သည်ကား ရှောင်ဟာ့၏အမွှေးမဟုတ်သည်မှာ ဓမ္မတာပင်။ သူ ဂျင်ဆင်းစားစဉ်က သွားကြားထဲတွင် ညပ်ကျန်နေခဲ့သော ဂျင်ဆင်းမွှေးတစ်မျှင်သာ ဖြစ်သည်။

ရဲရှင်းဟွေ့၏ လုပ်ရပ်ကိုမြင်သောအခါ ရှောင်ဟာ့သည် နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေလေသည်။

"သူဌေး... ခင်ဗျား ဘာလုပ်နေတာလဲ။"

ထိုစကားကိုကြားသော် ရဲရှင်းဟွေ့က လက်ကိုယမ်းပြကာ ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ဆက်ပြီးသာ စိတ်ဓာတ်ကျနေလိုက်... ငါသွားပြီ..."

ထိုသို့ပြောပြီးနောက် ရှောင်ဟာ့ ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိမီမှာပင် ရဲရှင်းဟွေ့သည် တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲမှ ထွက်ခွာသွားလေသည်။

တောင်တန်းနှင့်မြစ်ချောင်းများမြေပုံမှ ထွက်ခွာပြီးနောက် ရဲရှင်းဟွေ့သည် မီးလျှံဝင်ပေါက်ငယ်လေးတစ်ခုကို ဖွင့်ကာ တာဝန်ဆုလာဘ်ကို မုန်ကျစ်ယွီထံသို့ ပေးပို့လိုက်တော့သည်။

.....

ထိုအချိန်မှာပင် ရဲစခန်း၌ လက်ဖက်ရည်သောက်နေသော မုန်ကျစ်ယွီမှာ အလွန်ပင် စိတ်ဓာတ်ကျနေလေသည်။

"သေစမ်း... ဘာလို့ ငါ့ရဲ့အမှိုက်စနစ်က ပေးတဲ့ဆုတွေက နောက်ကျနေရတာလဲ။"

မုန်ကျစ်ယွီသည် ရဲကားပေါ်၌ရှိနေစဉ်ကပင် တာဝန်ပြီးမြောက်ကြောင်း အသိပေးချက်ကို ဖတ်ရှုခဲ့ရသည်။ သို့သော်... ရဲစခန်းသို့ရောက်ရှိပြီး ထွက်ဆိုချက်ပေးပြီးသည်အထိ သူသည် ဆုလာဘ်ကို ရရှိခြင်းမရှိသေးချေ။

သူစိတ်ဓာတ်ကျနေစဉ်မှာပင် မီးကွင်းတစ်ခုသည် သူ့ခေါင်းပေါ်၌ ရုတ်တရက် ပေါ်ပေါက်လာလေသည်။

ချက်ချင်းဆိုသလိုပင် နို့နှစ်ရောင်အမွှေးတစ်မျှင်သည် ထိုအထဲမှ ပြုတ်ကျလာသည်။

ဤမြင်ကွင်းကိုမြင်သော် မုန်ကျစ်ယွီသည် အလိုအလျောက်ပင် ထိုအမွှေးကို ဖမ်းယူလိုက်မိသည်။

"ဒါ... ဒါက နတ်အဆင့် အစွမ်းထက်ဆေးလား…... နုနယ်လွန်းနေတာမဟုတ်ဘူးလား။"

သံသယများပြည့်နှက်နေသော နှလုံးသားဖြင့် မုန်ကျစ်ယွီသည် ထိုအမွှေးကို ပါးစပ်ထဲထည့်ကာ ဝါးစားလိုက်လေသည်။

ဂျင်ဆင်းမွှေးကို ဝါးနေစဉ်မှာပင် နွေးထွေးသော စွမ်းအင်တစ်မျိုး သူ၏ခြေလက်အင်္ဂါများထဲသို့ စီးဝင်သွားသည်ကို သူခံစားလိုက်ရသည်။

မကြာမီမှာပင် သူလေ့ကျင့်ထားသော ပညာရပ်၌ အဆင့်တိုးတက်မှုတစ်ခု ရရှိသွားသည်ကို သူ အံ့အားတသင့် တွေ့ရှိလိုက်ရသည်။

ဤပညာရပ်ကို လေ့လာပြီးသည့်နောက် သူသည် တိုးတက်မှု အနည်းငယ်သာ ရရှိခဲ့သည်။

သို့သော် အမွှေးတစ်မျှင် စားလိုက်ရုံဖြင့် သူသည် အဆင့်တိုးတက်မှုတစ်ခုကို ရရှိခဲ့ပေသည်။

ခဏမျှ ခံစားကြည့်ပြီးနောက် မုန်ကျစ်ယွီ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြန်လည်ညှိုးကျသွားပြန်သည်။

သူအချက်တစ်ချက်ကို သဘောပေါက်သွားသည်။ သူ့ပညာရပ်တွင် အဆင့်တိုးတက်မှု ရရှိခဲ့သည့်တိုင် သူ၏ပညာရပ်စွမ်းရည်ကား အရိုက်အနှက်ကို ငြိမ်ခံနေရုံမျှသာ ဖြစ်နေဆဲပင်။

မည်သည့်ခွန်အားမျှ တိုးပွားလာခြင်း မရှိချေ...

"ဟူး..."

မုန်ကျစ်ယွီ သက်ပြင်းချကာ တွေးလိုက်သည်။ 'ဒါလည်း မဆိုးပါဘူးလေ။ နောက်တစ်ခါ အရိုက်ခံရရင် အရင်ကလောက်တော့ နာတော့မှာ မဟုတ်ဘူး'

.......

တစ်ဖက်တွင်မူ တာဝန်ဆုလာဘ်ကို မုန်ကျစ်ယွီထံ ပေးအပ်ပြီးသည်ကို မြင်ပြီးနောက် ရဲရှင်းဟွေ့သည် ရဲရှင်းချန်၊ ရဲဖန်၊ ရဲနျဉ်နှင့် ရဲလန်ယွဲ့တို့ကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ခေါ်ဆောင်သွားလေသည်။

တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ဝင်ရောက်ပြီးနောက်...

ရဲရှင်းချန်၊ ရဲလန်ယွဲ့၊ ရဲဖန်နှင့် ရဲရှင်းဟွေ့တို့အားလုံး၏ အာရုံသည် ရဲနျဉ်အပေါ်သို့ တစ်ချိန်တည်းမှာပင် စုစည်းသွားကြသည်။

"ကောင်းပြီ... ရဲနျဉ်၊ ဒီတစ်ခါတော့ ငါတို့ပဲရှိတယ်။ လင်အာနဲ့ ယန်အန်နာလည်း မရှိဘူး။ မင်းစိတ်ထဲမှာ ရှိတာတွေကို ပြောစမ်း..."

စကားပြောသူမှာ ရဲဖန် ဖြစ်ပေသည်။

ရဲဖန်သည် တစ်ခါတစ်ရံတွင် ရယ်စရာကောင်းပြီး ပေါ့ပေါ့နေသလို ထင်ရသော်လည်း သူသည် အမှန်စင်စစ်တွင် အလွန်ပင် အကင်းပါးသူတစ်ယောက်ဖြစ်သည်။

ရဲနျဉ်နှင့် စကားပြောနေစဉ်၊ ယန်အန်နာကို ပြန်လည်အသက်သွင်းနေစဉ် သို့မဟုတ် ထမင်းစားနေချိန်မှာပင် သူသည် ရဲနျဉ်၏ အမူအရာကို အခါအားလျော်စွာ အာရုံစိုက်နေခဲ့သည်။

လူသတ်သမားတစ်ယောက်အနေဖြင့် ရဲနျဉ်၏စိတ်ကို သာမန်လူတစ်ယောက် အလွယ်တကူ ထွင်းဖောက်မြင်နိုင်မည် မဟုတ်ချေ။ သို့သော်... ယခုရှိနေသောသူများထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ သာမန်လူမဟုတ်ကြပေ။

သူတို့အားလုံးသည် ရဲမိသားစုဝင်များဖြစ်ကြပြီး သူတို့၏အစွမ်းမှာ ရဲနျဉ်အထက်၌ ရှိလေသည်။

အစပိုင်းတွင် ရဲနျဉ်၏ စိတ်အခြေအနေသည် များစွာပြောင်းလဲခြင်း မရှိခဲ့သော်လည်း ယန်အန်နာ ပြန်လည်အသက်ရှင်လာပြီးနောက်တွင်မူ သူ၏အတွင်းစိတ်မှ စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာခဲ့သည်။

ရဲဖန်က ပြဿနာကို ထုတ်ဖော်လိုက်သည်ကိုမြင်သော် ရဲရှင်းချန်၊ ရဲရှင်းဟွေ့နှင့် ရဲလန်ယွဲ့တို့သည်လည်း ရဲနျဉ်ကို ကြည့်လိုက်ကြသည်။

ထိုအဖြစ်ကိုမြင်သော် ရဲနျဉ်သည် ခါးသီးစွာပြုံးကာ ပြောလိုက်သည်။ "ဟားဟား... ငါမထင်ထားခဲ့ဘူး... ငါငယ်ငယ်လေးကတည်းက တန်ဖိုးထားခဲ့ရတဲ့ မိသားစုက မင်းတို့လို လူ့သဘာဝလွန်ကောင်တွေချည်းပဲ ဖြစ်နေလိမ့်မယ်လို့။"

ရဲနျဉ်၏ စကားနှင့်ပတ်သက်၍ လေးယောက်လုံးမှာ သဘောမတူသော အမူအရာများ ပြသကြသည်။

"မင်းတို့တွေ ဒီလောက်တောင် သဘာဝလွန်မှန်းသာ ငါသိခဲ့ရင် လုပ်ကြံသူမဟာမိတ်အဖွဲ့က မင်းတို့ကို တိုက်ခိုက်မှာ ငါဘာလို့ကြောက်နေတော့မှာလဲ။ ဟူး..." ရဲနျဉ် သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ အခုတော့ နောက်ကျသွားပြီ။ ငါ့ဘဝက မိသားစု၊ အချစ်နဲ့ ခင်မင်မှုတွေကို မပိုင်ဆိုင်ဖို့ ကံကြမ္မာပါလာပုံပဲ..."

ထို့နောက်တွင် ရဲနျဉ်သည် တာဝန်တစ်ခုထမ်းဆောင်စဉ်က ကျိန်စာသင့်ခဲ့သည့်အကြောင်း၊ ထို့နောက်တွင် ကျိန်စာသင့်သူ၏ ပတ်ဝန်းကျင်မှ လူများပါ ဒုက္ခရောက်ရမည်ဖြစ်ကြောင်း သိရှိခဲ့ရပုံကို ပြောပြလေသည်။

ဓမ္မတာအတိုင်းပင်... သူသည် ယန်အန်နာ၏ သေဆုံးမှု မြန်ဆန်ခဲ့ရခြင်းအတွက်လည်း သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။

ရဲနျဉ်၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ရဲရှင်းဟွေ့လည်း ရုတ်တရက် သဘောပေါက်နားလည်သွားတော့သည်။

ရဲနျဉ်သည် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားခံခဲ့ရသောကြောင့် သူ၏စိတ်ခံစားချက်များကို အလွန်ထိန်းချုပ်နိုင်သူဖြစ်သည်။

သူ့ပတ်ဝန်းကျင်မှ လူများသည် ကျိန်စာကြောင့် သေဆုံးရမည်ကို သိရှိပြီးနောက် သူသည် သူ၏စိတ်ခံစားချက်များကို ပို၍ပင် တင်းကျပ်စွာ ထိန်းချုပ်ခဲ့လေသည်။

ထိုသို့ အနည်းငယ်မျှသော ထိန်းချုပ်မှုကြောင့်ပင် ရဲရှင်းဟွေ့၏ ရွှေရောင်လက်ညှိုးသည် ရဲနျဉ်ထံမှ မည်သည့်အချက်ပြမှုမျှ ရယူနိုင်ခဲ့ခြင်း မရှိချေ။

ရဲရှင်းဟွေ့ နောက်ဆုံးတွင်တော့ ရဲနျဉ်က သူ့အား အချက်ပြမှု မပေးနိုင်ခဲ့သည့် အကြောင်းရင်းကို သိရှိသွားပြီဖြစ်သည်။

ရဲနျဉ်၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ရဲဖန်၊ ရဲလန်ယွဲ့နှင့် ရဲရှင်းချန်တို့သည် နက်ရှိုင်းသော အတွေးထဲသို့ နစ်မျောသွားကြသည်။

နောက်ဆုံးတွင် စကားစပြောသူမှာ ရဲဖန်ပင် ဖြစ်လေသည်။

"ရှင်းချန်၊ လန်ယွဲ့၊ မင်းတို့နှစ်ယောက် ဘာများမြင်မိသေးလဲ။"

ရဲဖန်သည် ရဲရှင်းချန်နှင့် ရဲလန်ယွဲ့တို့အနက် မည်သူက ပို၍တော်သည်ကို မသိချေ။ သို့သော် သူတို့နှစ်ဦးသည် အထူးအဆန်း ဗဟုသုတအမျိုးမျိုးကို သေချာပေါက် သိရှိကြလိမ့်မည်ဟု သူယုံကြည်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သူတို့နှစ်ဦးသည် လူတစ်ယောက်ကို ပြန်လည်အသက်သွင်းရန် နည်းလမ်းပေါင်းများစွာကို ထုတ်ပြနိုင်ကြရာ သာမန်လူများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ...

သူပြောနိုင်သည်ကား သူတို့သည် ရဲမိသားစုဝင်တစ်ယောက် ဖြစ်ရသည်နှင့် ထိုက်တန်ပါပေသည်ဟူ၍သာ။

All Chapters