ကံကြမ္မာ
Vol. 15 Ch. 211
ယဲ့ရှင်းချန်သည် ထိုစကားကိုကြားသော် ပထမဦးစွာ ရဲလန်ယွဲ့ကို လှမ်းကြည့်လိုက်ပြီးနောက်မှ ပြောလိုက်လေသည်။
“ဒါက ကျိန်စာ မဟုတ်လောက်ဘူး။ ကံကြမ္မာလို့ ပြောရမှာပဲ...”
ရဲလန်ယွဲ့သည်လည်း ထိုစကားကိုကြားပြီးနောက် အသာခေါင်းညိတ်လိုက်သည်။
“ရှင်းချန် ပြောတာကပဲ ကျွန်မ ပြောချင်တဲ့ စကားပါ။ ဒါက ဒုတိယဦးလေးရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်တာမျိုး ဖြစ်သင့်တယ်။ ကျိန်စာ မဟုတ်ပါဘူး...”
“ဒီကံကြမ္မာကိုတော့ အားလုံးလည်း ကြားဖူးကြမှာပါ။ သူ့နာမည်ကတော့... 'ကောင်းကင်ဘေးအထီးကျန်ကြယ်' လို့ ခေါ်ပါတယ်...”
“ကောင်းကင်ဘေးအထီးကျန်ကြယ် ဆိုတာက တစ်သက်လုံး တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းရမယ့် ကံကြမ္မာကို ဆိုလိုတာပဲ။ နာမည်ထဲမှာ 'ဘေး' ဆိုတဲ့ စကားလုံးပါပေမယ့် ကံကြမ္မာရှင်ကိုယ်တိုင်ကိုတော့ ထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်က လူတွေကိုတော့ အလွန်ဆိုးရွားတဲ့ သက်ရောက်မှုတွေ ပေးတတ်တယ်”
နှစ်ယောက်သား၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရဲဖန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“တကယ်ပဲ အဲ့ဒီလို ဥပဒေသမျိုး၊ ကံကြမ္မာမျိုး ရှိနေတာလား။”
“တကယ်တော့ အဲ့ဒါကို ဖြေရှင်းပြီးသားပဲ...” ယဲ့ရှင်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ယဲ့ရှင်းချန်၏ စကားကို ကြားသောအခါ ရဲဖန်နှင့် ရဲနျဉ်တို့နှစ်ယောက်လုံး ကြောင်ငေးသွားကြသည်။ ရဲလန်ယွဲ့ကမူ ခေါင်းတညိတ်ညိတ်ဖြင့်...
“ကြည့်ရတာ မင်း ဒုတိယဦးလေးကတော်ကို ပြန်အသက်သွင်းပေးတုန်းက တစ်ခုခု လုပ်ခဲ့တယ် ထင်တယ်၊ ဟုတ်တယ်မလား။”
“ဟုတ်တာပေါ့...” ယဲ့ရှင်းချန်က ခေါင်းညိတ်ပြကာ ပြောသည်။ “တကယ်တော့ ဒုတိယဦးလေးကို ပထမဆုံး မြင်လိုက်ကတည်းက သူ့ကံကြမ္မာက 'ကောင်းကင်ဘေးအထီးကျန်ကြယ်'မှန်း ကျွန်တော်သိတယ်။ မူလကတော့ သူ့ကံကြမ္မာကို တိုက်ရိုက် ပြောင်းပေးဖို့ စီစဉ်ထားတာပဲ။ ဒါပေမဲ့... သူ့ခန္ဓာကိုယ်ထဲမှာ ကျွန်တော့်ကိုတောင် မလုပ်နိုင်အောင် တားဆီးထားတဲ့ ရှေးဟောင်းစွမ်းအင်တစ်ခု ရှိနေခဲ့တယ်...”
“အဲ့ဒီစွမ်းအင်က 'ကောင်းကင်ဘေးအထီးကျန်ကြယ်' ကံကြမ္မာနဲ့ ချိတ်ဆက်နေတယ်။ ကံကြမ္မာကို ပြောင်းချင်ရင် အဲ့ဒီစွမ်းအင်ကို အရင် ဖျက်ဆီးပစ်ရမှာပဲ...”
“ဒါပေမဲ့ အဲ့ဒီစွမ်းအင်က အရမ်းကို ရှေးကျလွန်းနေတော့ ကျွန်တော်တောင် ခဏနဲ့ မဖယ်ရှားနိုင်ခဲ့ဘူး။ ဒါကြောင့် ဒုတိယဦးလေးကတော်ကို အသက်ပြန်သွင်းပေးတဲ့အချိန်မှာ သူမရဲ့ ကံကြမ္မာကို တိုက်ရိုက် ပြောင်းပေးလိုက်တယ်”
ယဲ့ရှင်းချန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရဲလန်ယွဲ့က ဆိုသည်။
“အဲ့ဒါက 'ကောင်းကင်ဘုံ၏ကောင်းချီးမင်္ဂလာ' ကံကြမ္မာ ဖြစ်သင့်တယ်”
“မှန်တယ်...”
ယဲ့ရှင်းချန်က သူမပြောသည်မှာ မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်၏ အပြန်အလှန်ပြောစကားများကို နားထောင်နေသော ကျန်သုံးယောက်မှာမူ မျက်နှာတွင် နားမလည်နိုင်သော အမူအရာများဖြင့် ကြောင်ကြည့်နေကြလေသည်။
ထိုမြင်ကွင်းကိုတွေ့သော် ရဲလန်ယွဲ့က ရှင်းပြလေသည်။
“'ကောင်းကင်ဘုံ၏ကောင်းချီးမင်္ဂလာ' ကံကြမ္မာက 'ကောင်းကင်ဘေးအထီးကျန်ကြယ်' ကံကြမ္မာနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပဲ။ အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်ရင် အချင်းချင်း တွန်းထုတ်ကြမှာမဟုတ်ဘဲ အပြန်အလှန် အားဖြည့်ပေးလိမ့်မယ်။ ဒါကြောင့် စိတ်မပူပါနဲ့။ ဒုတိယဦးလေးရဲ့ ကံကြမ္မာက ဒုတိယဦးလေးကတော်ကို သက်ရောက်မှု ရှိတော့မှာ မဟုတ်ဘူး...”
ရဲလန်ယွဲ့၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ မူလက ခံစားချက်ကင်းမဲ့နေသော ရဲနျဉ်၏ မျက်နှာတွင်ပင် လှုပ်ရှားမှုအရိပ်အယောင်များ ပေါ်လာတော့သည်။
သို့သော်... မကြာခင်မှာပင် သူသည် နောက်ထပ်ကိစ္စတစ်ခုကို စဉ်းစားမိသွားလေသည်။
“ကောင်းပြီ... ယန်အန်နာရဲ့ ကံကြမ္မာကို ပြောင်းလိုက်တော့ ငါ့ကံကြမ္မာက သူ့အပေါ်မှာ သက်ရောက်မှု မရှိတော့ဘူး ဆိုပေမယ့်... မင်းတို့တွေကကော။ ပြီးတော့ လင်အာလေးကကော...”
“ဟားဟား...” ရဲလန်ယွဲ့က ပြုံးလိုက်ပြီးနောက် “ဒုတိယဦးလေး၊ ဦးလေးက ကျွန်မတို့ကို အထင်သေးလွန်းနေပြီ... ဦးလေးပြောတဲ့ ကံကြမ္မာဆိုတာက လူတချို့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိဘူး... ကျွန်မ၊ ရှင်းချန်၊ ဦးလေးရဲဖန်၊ ကျွန်မအဖေ၊ ပြီးတော့ လင်အာလေးတောင်မှ ကံကြမ္မာက လွှမ်းမိုးလို့မရတဲ့ လူစားမျိုးတွေချည်းပဲ...”
ရဲရှင်းဟွေ့: “!!!”
“အမ်... အစ်မ၊ အစ်မ လူတစ်ယောက်နာမည် ကျန်သွားတယ် ထင်တယ်နော်။ ဥပမာ... အစ်မရဲ့ ချစ်စရာကောင်းတဲ့ မောင်လေးလိုမျိုး...။”
“ဪ... ရှင်းဟွေ့လည်း ရှိသေးသားပဲ... ကောင်းကင်ဘေးအထီးကျန်ကြယ်အနေနဲ့ ဦးလေး သတိထားရမယ့် တစ်ဦးတည်းသောသူကတော့ ရှင်းဟွေ့ပဲ...”
ပထမစကားတစ်ပိုင်းကို ကြားလိုက်ရချိန်တွင် ရဲရှင်းဟွေ့သည် သူ့အစ်မက သူ့ကို မေ့သွားရုံသက်သက်ဟု ထင်လိုက်သေးသည်။ သို့သော် နောက်ဆက်တွဲစကားကို ကြားလိုက်ရသောအခါ သူသည် ချက်ချင်းပင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားတော့သည်။
ထိုအချိန်တွင် ရဲရှင်းဟွေ့သည် သူ အမြဲတစေ သုံးနှုန်းခဲ့သော အခေါ်အဝေါ်တစ်ခုကို ပြန်လည်စဉ်းစားမိလိုက်သည်။
ဇာတ်လိုက်...
သူ့မိသားစုဝင် အားလုံးသည် ဇာတ်လိုက်၏ ကံကြမ္မာကို ပိုင်ဆိုင်ကြပေသည်။
ထိုသို့တွေးမိသော် ရဲရှင်းဟွေ့သည် သူ၏ ကောင်းကင်မျက်စိကို နောက်တစ်ကြိမ် ဖွင့်ကြည့်လိုက်ရာ သူ့ပတ်ပတ်လည်တွင် နတ်နဂါးလေးကောင်က သူ့အား မျက်စိဒေါက်ထောက် ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။
ယဲ့ရှင်းချန်ကို ကိုယ်စားပြုသော နဂါးသည် ရွှေရောင်ဖြစ်ပြီး၊ ရဲလန်ယွဲ့ကို ကိုယ်စားပြုသော နဂါးမှာမူ မြပြာရောင်ဖြစ်သည်။ ရဲဖန်ကို ကိုယ်စားပြုသော နဂါးသည် အနက်ရောင်ဖြစ်ကာ ရဲနျဉ်ကို ကိုယ်စားပြုသော နဂါးကတော့ သွေးနီရောင်ပင်။
နဂါးလေးကောင်စလုံးသည် ရဲရှင်းဟွေ့အား ရန်သူတစ်ဦးကို စိုက်ကြည့်နေသကဲ့သို့ ကြည့်နေကြသည်။
ထိုအဖြစ်က ရဲရှင်းဟွေ့အား သူ၏ ကောင်းကင်မျက်စိကို အလိုအလျောက် ပြန်ပိတ်လိုက်မိစေသည်။
“ရဲရှင်းဟွေ့ တစ်ယောက်တည်းပဲလား။ ဒါဆိုရင်တော့ ကောင်းတာပေါ့...” ရဲနျဉ်က ရဲလန်ယွဲ့၏ စကားကို ယုံကြည်စွာဖြင့် တုံ့ပြန်လိုက်သည်။
ရဲနျဉ်သည် သူတစ်ပါးပြောသမျှကို လွယ်လွယ်ယုံတတ်သူမျိုး မဟုတ်ချေ။ သူယခုကဲ့သို့ ယုံကြည်ရန် ရွေးချယ်လိုက်ရခြင်းမှာ အရာအားလုံးက ရဲလန်ယွဲ့ ပြောသည့်အတိုင်း ဖြစ်လာစေရန် မျှော်လင့်နေသောကြောင့်ပင်။
ရဲရှင်းဟွေ့သည် နေရာမှ ပေါက်ကနဲ ထရပ်လိုက်လေသည်။
“ဟေး... ဒုတိယဦးလေး၊ အဲ့ဒီလိုတော့ ပြောလို့မရဘူးလေ... ကျွန်တော်... ကျွန်တော်က ဦးလေးရဲ့ တူအရင်းနော်... ဦးလေးရဲ့ အချစ်ဆုံး ဆွေမျိုးနဲ့ မိတ်ဆွေပဲ... ဘယ်လိုလုပ်ပြီး အဲ့လိုစကားမျိုး ပြောရတာလဲ...။”
သူသည် အလွန်ပင် စိတ်ဓာတ်ကျသွားသည်။ သူ၌ ဇာတ်လိုက်ကံကြမ္မာ မရှိသည့်အပြင် ယခု... ယခုမူ 'ကောင်းကင်ဘေးအထီးကျန်ကြယ်' ကံကြမ္မာ၏ ခြိမ်းခြောက်မှုကိုပါ ခံနေရချေပြီ...
ဒါက... ဒါက အရမ်းကို အန္တရာယ်များလွန်းလှသည်...
…
ရဲလန်ယွဲ့နှင့် ယဲ့ရှင်းချန်တို့သည် ရဲရှင်းဟွေ့အား အတွေးနက်နေသော မျက်နှာများဖြင့် ကြည့်နေကြသည်။
“ရှင်းချန်၊ မင်းရော မြင်လား။”
ယဲ့ရှင်းချန်၏ စိတ်ထဲတွင် အသံတစ်သံ ပေါ်လာသည်။ ၎င်းမှာ ရဲလန်ယွဲ့၏ စိတ်ဝိဉာည်ဆက်သွယ်ရေးပင် ဖြစ်လေသည်။
“မမြင်ရဘူး၊ ဒါပေမဲ့ မသဲမကွဲတော့ ခံစားမိတယ်”
ထိုအချိန်တွင် သူတို့နှစ်ဦးလုံး၏ မျက်လုံးများ၌ မတူညီသော အလင်းရောင်များ တချိန်တည်း ထွက်ပေါ်လာကြပြီး သူတို့ကြည့်နေသော နေရာမှာ ရဲရှင်းဟွေ့၏ ဦးခေါင်းအထက် တည့်တည့်သို့ ဖြစ်သည်။
ရဲရှင်းဟွေ့၏ ဦးခေါင်းအထက်တွင် သူ၏ ကံကြမ္မာ ပုံရိပ်ယောင်တစ်ခု ပေါ်နေလေသည်။
သို့သော်... ရဲရှင်းဟွေ့ ကိုယ်တိုင်မှာမူ ထိုအရာကို မမြင်နိုင်ချေ။
ထိုပုံရိပ်ယောင်၏ ပုံစံမှာလည်း အလွန်ပင် ထူးဆန်းလှသည်။ ၎င်းသည် ကွန်ပျူတာရှေ့တွင် ထိုင်နေသော ရှမိတ်တစ်ဦး ဖြစ်နေပေသည်...
ထိုရှမိတ်၏ တိကျသော ရုပ်သွင်ကို မမြင်နိုင်သော်လည်း... သူတို့သည် ထိုပုံရိပ်ယောင်ထံမှ သူတို့အားလုံးကို တုန်လှုပ်စေလောက်သည့် အလွန်ပြင်းထန်သော ဖိအားတစ်မျိုးကို ခံစားနေကြရသည်။
၎င်းသည် ရဲရှင်းဟွေ့ မြင်လိုက်ရသော ပုံရိပ်ယောင် နဂါးလေးကောင်က သူ့အား အင်အားကြီး ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလား စူးစိုက်ကြည့်နေရခြင်း၏ အကြောင်းရင်းပင် ဖြစ်လေသည်။
.......
ယဲ့ရှင်းချန်နှင့် ရဲလန်ယွဲ့တို့သည် သူတို့မြင်တွေ့ခဲ့ရသည်များကို ရဲရှင်းဟွေ့အား မပြောပြခဲ့ကြပေ။
အကြောင်းမှာ ပြောပြလျှင်ပင် အသုံးမဝင်သောကြောင့်ဖြစ်သည်။
ဤကံကြမ္မာဆိုသည်မှာ အမှန်စင်စစ် လူတစ်ယောက် ပြေးနေသော လားရာ သို့မဟုတ် လူတစ်ယောက်၏ အနာဂတ်လမ်းကြောင်းနှင့် ညီမျှလေသည်။
ရဲဖန်၊ ရဲနျဉ်၊ ရဲလန်ယွဲ့နှင့် ယဲ့ရှင်းချန်တို့၏ ပုံရိပ်ယောင်များမှာ နဂါးများ ဖြစ်နေရခြင်းမှာ သူတို့လျှောက်လှမ်းနေသော လမ်းသည် ဘုရင်တို့၏ လမ်းစဉ်ဖြစ်သောကြောင့်ပင်။ သူတို့ကို လောက၏သားတော်များဟုလည်း ခေါ်ဆိုနိုင်ပေသည်။
အနာဂတ်တွင် သူတို့သည် လောက၏ ထိပ်ဆုံး သို့မဟုတ် လောကများ၏ အထက်တွင် ရပ်တည်မည့် ပုဂ္ဂိုလ်များ ဖြစ်လာကြမည်မှာ သေချာလှသည်။
သို့ဆိုလျှင် ရဲရှင်းဟွေ့၏ အနာဂတ်ကရော မည်သို့ဖြစ်မည်နည်း။ သူသည် ကုဒ်ရေးသည့် အလုပ်လုပ်သော ရှမိတ်တစ်ဦး ဖြစ်လာမည်လော။
သူတို့နှစ်ဦးလုံး၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာကြသော်လည်း ထိုအတွေးပေါ်လာသည်နှင့် ရယ်မောပြီး ဖယ်ရှားလိုက်ကြသည်။
သူတို့၏မောင်လေး ရှမိတ် ဖြစ်လာမည် မဖြစ်လာမည်ကို ဘေးဖယ်ထားလျှင်ပင်... သူသာ ထိုနေရာတွင် ငြိမ်ငြိမ်လေးထိုင်ပြီး ကုဒ်ရိုက်နိုင်ခဲ့ပါက သူသည် သူတို့၏ မောင်လေး ဖြစ်တော့မည် မဟုတ်ချေ...
.......
ရဲရှင်းဟွေ့၏ စိတ်ဓာတ်ကျနေသောပုံကို မြင်သော် ယဲ့ရှင်းချန်သည် အလွန် အကျိုးရှိစေမည့် အကြံတစ်ခုကို ပေးလိုက်လေသည်။
“ရှင်းဟွေ့၊ စိတ်မပူနဲ့... မင်း ဘယ်လိုပဲသေသေ၊ ငါ မင်းကို ပြန်အသက်ရှင်အောင် လုပ်ပေးနိုင်တယ်...”
ယဲ့ရှင်းချန်၏ စကားကို ကြားသော် ရဲလန်ယွဲ့သည်လည်း ပြုံးကာ နောက်လိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်... ဒီအစ်မကလည်း မင်းကို ကူညီမှာပေါ့။ မင်းသာ မိန်းကလေးဖြစ်ချင်ရင် အစ်မက မင်းအတွက် ကိုက်ညီတဲ့ ခန္ဓာကိုယ်တစ်ခုတောင် ပေးနိုင်သေးတယ်... အစ်မ မှတ်မိသေးတယ်... ရှင်းဟွေ့ ငယ်ငယ်တုန်းက မိန်းကလေးဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးတယ်...”
ရဲရှင်းဟွေ့: “.........”
“ဟေး... လျှောက်မပြောနဲ့... ငါက ဘယ်တုန်းက မိန်းကလေးဖြစ်ချင်တယ်လို့ ပြောဖူးလို့လဲ။ ငါက မင်းရဲ့ဂါဝန်ကို ဝတ်ကြည့်ချင်ရုံပဲ...”
ထိုသို့ပြောပြီးသည်နှင့် ရဲရှင်းဟွေ့သည် သူ့ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်လေသည်...
ရဲနျဉ်: “...”
ရဲဖန်: “...”
ယဲ့ရှင်းချန်: “...”
TL note: ရှမိတ်ယဉ်ကျေးမှု (Shamate) တာ ဂျပန်က Visual Kei နဲ့ဆင်တူတဲ့ တရုတ်လူငယ်တွေကြားမျာ ရေပန်းစားတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။