ရောင့်ရဲတင်းတိမ်နေတာက အကျိုးမရှိဘူး
Vol. 7 Ch. 678
ကောင်းကင်နှင့်မြေပြင်ရှိ စိတ်စွမ်းအင်ဟူသမျှသည် ကောင်းကင်တံတားမြစ်မှ လာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြေရိုင်းဒေသထဲ သူတို့ မည်မျှဝေးခေါင်သောနေရာသို့ ရောက်နေသနည်းဟုေမးလာလျှင် စိတ်စွမ်းအင် တစ်စက်ကလေးပင် မရှိသောနေရာသို့ ရောက်နေသည်ဟု ဖြေရပေမည်။
ဤရိုးရှင်းသောအချက်လေးကြောင့် မြေရိုင်းသားများသည် ကျင့်ကြံရန်အတွက် သူတို့၏အခြေခံကျသော သဘောတရားများကို ပြောင်းလဲ၍ ဝိညာဥ်ဆေးများအပေါ်တွင် မတတ်သာ၍ မှီခိုအားထားနေရလေသည်။ သူတို့ပတ်ပတ်လည်တွင် အကန့်အသတ်မရှိသော အမုန်းဝိညာဥ်များအား အထောက်အပံ့ရနေခြင်းကြောင့်သာလျှင် သူတို့သည် စိတ်စွမ်းအင်များမရှိဘဲ နေနိုင်ခြင်းဖြစ်သည်။ သို့သော် မည်သည့်အရာကမှ အကြွင်းမဲ့မဟုတ်ချေ။
ကမ္ဘာပေါ်တွင် ကောင်းကင်တံတားမြစ်ဝှမ်းဒေသတွင် တွေ့ရသည်နှင့် အလွန်တရာဆင်တူသော စိတ်စွမ်းအင်များကို ပမာဏအနည်းငယ်ခန့် ထုတ်ပေးနိုင်သည့် အရာများ ရှိသေးလေသည်။ ဤ ဝိညာဥ်ကျောက်စိမ်းရုပ်ထုကား ထိုကဲ့သို့ပစ္စည်းမျိုး ဖြစ်သည်။
၄င်း၏ မီတာသုံးထောင်အကျယ်အဝန်းအတွင်းရှိ အရာအားလုံးတွင် ရှင်းကုံကျစ်တာအိုဂိုဏ်းအတွင်းရှိ စိတ်စွမ်းအင်များနှင့် ယှဥ်နိုင်သော စိတ်စွမ်းအင်ပမာဏများ တည်ရှိနေသည်။ ပိုင်ရှောင်ချန်းပင်လျှင် ရုပ်တုရှေ့၌ ရပ်လျက် စိတ်မလှုပ်ရှားမိဘဲ မနေတော့ပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ပက်ကြားအက်နေသော မြေကြီးထက်သို့ ကြည်လင်သန့်ရှင်းေသာ မိုးရေစက်များ တဖွဲဖွဲရွာသွန်းလိုက်သည့်အလား ဖြစ်သွားတော့သည်။ သူစိတ်ထဲရှိ ခံစားချက်မှာ အလွန်အံသြစရာကောင်းလှသဖြင့် သူ တုန်ရီသွားပြီး သူ့မျက်လုံးများ တောက်ပလင်းလက်လာတော့သည်။
" အမွေအနှစ် ရတနာပဲ" ဤဝိညာဥ်ကျောက်စိမ်းရုပ်တုသည် ချိုင်မျိုးနွယ်စု၏ စစ်မှန်သော လျှို့ဝှက်ရတနာဖြစ်သည်ဟု ပိုင်ရှောင်ချန်းချက်ချင်းပြောနိုင်လေသည်။ မျိုးနွယ်စုခေါင်းဆောင်နှင့် မဟာအကြီးအကဲတို့၏ တင်းမာခက်ထန်နေသည့် မျက်နှာထားများက ပိုင်ရှောင်ချန်းကို အလွန်စိတ်လှုပ်ရှားသွားစေ၏။
" ဒီတစ်ခါတော့ အချီကြီးပွတာပဲ "
သူကတွေးလိုက်သည်။ သူက အင်္ကျီလက်စကို ဝှေ့ယမ်းကာ သူ၏အိတ်ထဲသို့ ဝိညာဥ်ကျောက်စိမ်းရုပ်တုအား သိမ်းလိုက်သည်။ ၄င်းအထဲရောက်သွားသည်နှင့် ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်များ ပျောက်ကွယ်သွားသည်။ ချိုင်မျိုးနွယ်စုကျင့်ကြံသူများ၏ မျက်နှာများပေါ်၌ အမူအရာအမျိုးမျိုးပေါ်လာတော့သည်။
သူတို့ထဲရှိ မည်သူမှ တည်ငြိမ်စွာ မနေနိုင်တော့ပေ။ သူတို့၏မျိုးနွယ်စုထဲတွင် ဝိညာဥ်ကျောက် စိမ်းရုပ်တုကဲ့သို့ အဖိုးတန်ရတနာတစ်ပါးတည်ရှိနေမည်ဟု သူတို့ ဘယ်တုန်းကမှ မသိခဲ့ပါသော်လည်း ၄င်းက မည်မျှအရေးကြီးကြောင်း ချက်ချင်းမြင်နိုင်သည်။ ထိုသို့ဆိုစေကာမူ ထိုရုပ်တုသည် ချိုင်မျိုးနွယ်စုနှင့် မသက်ဆိုင်တော့ပေ။
သို့ရာတွင် မျိုးနွယ်စုတစ်စုလုံး အသက်ရှင်ရသည်နှင့် နှိုင်းယှဥ်ပါက ၄င်းကိုစွန့်လွှတ်ခြင်းသာ အမှန်စင်စစ် အကောင်းဆုံးဖြစ်ကြောင်း မေးခွန်းထုတ်စရာပင် မလိုပေ။
ထို့နောက် ပိုင်ရှောင်ချန်းက စောစောကဖြစ်တည်နေခဲ့သည့် ပစ္စည်းအပုံကြီးထံသို့ အကြည့်လွှဲလိုက်သည်။ ထို့နောက်တွင် သူက သက်ပြင်းချပြီး မျိုးနွယ်စုခေါင်းဆောင်အား ကြည့်လိုက်၏။
" အီး… ခင်ဗျားတို့ချိုင်မျိုးနွယ်စုက ရတနာတွေအပြည့်ပဲဗျာ"
ပိုင်ရှောင်ချန်းက ပြောလိုက်သည်။
" ခဏလေးနဲ့ အကုန်လုံးကို ကျုပ်တကယ် မကြည့်နိုင်တော့ဘူး "
မျိုးနွယ်စုခေါင်းဆောင်၏ ရင်ထဲတွင် ကျိန်ဆဲခြင်း မုန်တိုင်းများတိုက်ခတ်နေလေပြီ။ ဤပိုင်ဟောက်သည် ချိုင်မျိုးနွယ်စုကို အလကားသက်သက် ဓားပြတိုက်နေသည်သာမက ချိုင်မျိုးနွယ်စုက သူ့ကို အလိုက်တသိပေးရန်လည်း စောင့်စားနေသည်။
အမှန်တကယ်တော့ မျိုးနွယ်စုခေါင်းဆောင်သည် ထုတ်မပြောရဲပေ။ သူက ရှုံ့မဲ့နေသည့် အပြုံးတစ်ခုကိုဆင်မြန်းရင်း အားတင်း၍ပြောလိုက်လေသည်။
" ေဩာ် စိတ်မပူပါနဲ့ အမှုဆောင်ချုပ် ပိုင်ရေ။ အဲဒီရတနာတွေကို အေးဆေးသာကြည့်ပါ။ ခင်ဗျားအိမ်ထိ ယူသွားပြီး လေ့လာချင်တယ်ဆိုလဲ ရပါတယ်။ ကျုပ်တို့ မလို..... "
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အားရ ေကျနပ်သည့်အပြုံးတစ်စ ပေါ်လာတော့သည်။အင်္ကျီလက်ကို ခါယမ်းလိုက်ရင်း သူက ကျယ်လောင်စွာ ပြောသည်။
" ကောင်းပြီလေ။ ခင်ဗျားက အတင်းပြောနေမှတော့ ချိုင်မျိုးနွယ်စုခေါင်းဆောင်ရေ ။ ကျုပ် ခင်ဗျားရဲ့ သဘောထားကြီးတဲ့ ကမ်းလှမ်းမှုကို မငြင်းတော့ပါဘူး။ အဲဒီ ပစ္စည်းတွေအားလုံးကို လေ့လာအကဲဖြတ်ဖို့ ကျုပ်သေချာပေါက် အချိန်ယူလိုက်ပါ့မယ်။ ကဲ ကိုယ့်လူတို့ ဒီပစ္စည်းတွေ အကုန်သိမ်း "
ပိုင်ရှောင်ချန်း၏ ကိုယ်ရံတော်များအဖြစ် လိုက်ပါလာခဲ့သည့် ဝိညာဥ်ကျင့်ကြံသူများသည် ပြုံးစစနှင့် အကြည့်များ ဖလှယ်လိုက်ကြပြီးနောက် အလောတကြီးရှေ့တက်ကာ ပစ္စည်းများအားလုံးကို သိမ်းလိုက်တော့သည်။
မျိုးနွယ်စုခေါင်းဆောင်မှာ သူ့မျိုးနွယ်စု၏ လျှို့ဝှက်ရတနာများ ယူခံနေရသည်ကို ကြည့်နေရင်း ဒေါသများကို ပြန်မျိုချ၍ ခါးသီးစွာ ပြုံးနေတော့သည်။
ပိုင်ရှောင်ချန်းက အားပါးတရရယ်ကာ မျိုးနွယ်စုခေါင်းဆောင်ကိုကြည့်၍ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။
" သိပ်ကောင်းတယ်။ ကဲအခု ကျုပ်ပြန်တော့မယ်။ လိုက်ပို့စရာမလို့ပါဘူးခင်ဗျာ"
ထို့နောက် သူက ခါးကိုင်းအရိုအသေပေးရင်း လှည့်ထွက်သွားတော့သည်။
အမှန်တကယ်တော့ သူက လိုက်ပို့စရာမလိုက်ကြောင်း အတိအလင်းပြောသွားသည့်တိုင် မျိုးနွယ်စုခေါင်းဆောင်မှာ သက်ပြင်းချလိုက်ပြီး ရှေ့သို့ သုတ်သီးသုတ်ပျာ ပြေး၍ သူ့ကို လိုက်ပါပို့ဆောင်ပေးလိုက်ရသည်။
ယင်ယန်ဝိညာဥ်အဆင့်အစောင့်များမှာမူ ပင်မတံခါးပေါက်မှ သူ ထွက်ခွာလိုက်စဥ် သူ့ပတ်ပတ်လည်တွင် အနီးကပ်ဝိုင်းဖွဲ့ ခြံရံလိုက်ကြသည်။ အပြင်ဘက်တွင် ချန်ဟိုင်က သစ္စာရှိလူယုံတော်အသွင်ဖြင့် သူ့ကို စောင့်နေသည်။ ပိုင်ရှောင်ချန်းက ဘေးကင်းလုံခြုံသည်ကို သူ မြင်လိုက်သည်နှင့် အလောတကြီးပြေးလာကာ တစ်ဆက်တည်းမှာပင် ချိုင်မျိုးနွယ်စု ကျင့်ကြံသူများကို အေးစက်စွာ ကြည့်လိုက်သည်။ သိသာစွာပင် သူသည် ပိုင်ရှောင်ချန်း၏ စကားတစ်ခွန်းနှင့်ပင် မျိုးနွယ်စုတစ်စုလုံးကို သုတ်သတ်ရှင်းလင်းရန် အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။
ထိုဟန်အမူအရာများက အလွန်ပီပြင်လှရာ ပိုင်ရှောင်ချန်းမှာ များစွာနှစ်ခြိုက်ကျေနပ်သွားတော့သည်။ ထိုအချိန်တွင် သူက လှည့်၍ မျိုးနွယ်စုခေါင်းဆောင်၏ ပခုံးကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြော၏။
" မျိုးနွယ်စုခေါင်းဆောင်ချိုင်။ ခင်ဗျားက အင်မတန် သဘာထားကြီးပြီး ကြင်နာတဲ့သူပဲဗျာ။ တကယ်တော့ ကျုပ်ကို လိုက်ပို့စရာ မလိုပါဘူး။ နောက်နောင် ကျုပ် အချိန်ရရင် ခင်ဗျားဆီကို ထွေရာလေးပါး လာပြောပါဦးမယ်ဗျာ "
သူ့ကိုယ်သူ ခါတိုင်းထက်ပို၍ ဂုဏ်ယူနေရင်း သူက လှည့်၍ ပျံသန်းသွားပြီး ချန်ဟိုင်နှင့် အခြားဝိညာဥ်ကျင့်ကြံသူများက နောက်ကလိုက်ပါသွားတော့သည်။ ချိုင်မျိုးနွယ်စု၏ ဒေါသအကြည့်များအောက်တွင် တစ်ဖွဲ့လုံး အဝေးသို့ ပျံသန်းသွားကြတော့သည်။
သူတို့ထွက်သွားပြီးနောက်တွင်မှ မျိုးနွယ်စုခေါင်းဆောင်၏ မျိုသိပ်ထားရသော ဒေါသများ ပေါက်ကွဲသွားပြီး ရူးသွပ်မတတ် ဟိန်းဟောက်လိုက်လေသည်။ သူနှင့်အတူထွက်လာသည့် ကျန်ရှိသော မျိုးနွယ်စုဝင်များမှာ တိတ်ဆိတ်စွာရပ်နေကြသည်။
မဟာအကြီးအကဲမှာ သက်ပြင်းချလိုက်ပြီး သိသာစွာပင် အိုစာသွားပုံရသည်။ "ထားလိုက်ပါတော့ကွာ" သူက ဆို၏။
" ငါတို့ရဲ့ ရတနာတွေအားလုံးယူသွားပေမယ့် ငါတို့အကုန်လုံးအသတ်မခံတော့ဘူးလေ "
အမှန်တကယ်တော့ ဖြစ်ပွားခဲ့သာ အဖြစ်အပျက်များကို လျှို့ဝှက်ထား၍မရပေ။ သရဲကြီးမြို့တော်ရှိ အဖွဲ့အစည်းများအားလုံးထံသို့ သတင်းများ ချက်ချင်း ပျံ့နှံ့သွားလေရာ အကုန်လုံးကြောက်လန့်တုန်ရီသွားကြတော့သည်။ ထိုမျှသာမက လူအများသည် ကျန်ရှိသော မဟာမျိုးနွယ်စုနှစ်စုရှိရာဘက်သို့ ကြည့်လာကြလေသည်။
သိသာစွာပင် ဤမျှနှင့်မပြီးသေး။ ချိုင်မျိုးနွယ်စုသည် ရက်စက်စွာ ကလဲ့စားချေခံခဲ့ရသည်ဖြစ်ပြီး ထို့နောက် ချန်နှင့် ပိုင်မျိုးနွယ်စုလာလိမ့်မည်။ဖြစ်နိုင်သည်က ချန်မျိုးနွယ်စုသည် သက်သက်သာသာ ခံရနိုင်သော်လည်း ပိုင်မျိုးနွယ်စုကတော့.....။
" ပိုင်မျိုးနွယ်စုတော့ သွားပြီပဲ "
ထိုသည်မှာ မြို့တော်ထဲရှိ လူအများစု တွေးနေကြသော အရာဖြစ်ပေသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ဝိညာဥ်ကျင့်ကြံသူနှစ်ထောင်ကို ဦးဆောင်၍ တည်ကြည်ဖြောင့်မတ်ခြင်းများအပြည့်ဖြင့် ချန်မျိုးနွယ်စုထံ ဦးတည်သွားလေသည်။ လမ်းတစ်လျှောက် သူ၏ သတင်းပို့ကျောက်စိမ်းပေလွှာမှာ ကြိမ်ဖန်များစွာ တုန်ခါလာရာ သူက ချက်ချင်းဆွဲထုတ်၍ သတင်းပြန်ပို့လိုက်လေသည်။
ထိုသည်ကို ချန်ဟိုင်မြင်သောအခါ မည်သို့ဖြစ်နေသည်ကို မေးရန်တွေးလိုက်သော်လည်း ရှေ့နောက်ဆင်ခြင်ရန်လိုကြောင်း ဆုံးဖြတ်လိုက်သည်။
" အမှုဆောင်ချုပ် ပိုင်။ ချိုင်မျိုးနွယ်စုရဲ့ သတင်းတွေက ပျံ့နေပါပြီ။ ကြည့်ရသလောက် ချန်မျိုးနွယ်စုပြင်ဆင်ထားလောက်တယ်။ ကျုပ်တို့ မြန်မြန်သွားသင့်တယ် မထင်ဘူးလား"
" ေဩာ် မလိုဘူး အရေးမကြီးဘူး။ ဟိုးကတည်းက ကျုပ် အစီအစဥ်ဆွဲထားတာ။ ဘာလို့ ကျုပ်တို့ အေးဆေးမသွားရမှာတုံး "
ပိုင်ရှောင်ချန်းက ထို့ထက်ပို၍ မရှင်းပြတော့ပေ။ သူ၏သတင်းပို့ကျောက်စိမ်းပေလွှာကို ထပ်မံထုတ်ကာ နောက်ထပ်စာတစ်စောင်ပို့လိုက်ပြီးနောက် ချန်မျိုးနွယ်စုထံသို့ တဖြည်းဖြည်း ဆက်သွားလိုက်သည်။
ထိုစဥ် ချန်မျိုးနွယ်စုသည် ပြင်ဆင်မှုများကို အဆင့်မြှင့်တင်ထားပြီးပြီဖြစ်သည်။ ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပုန်ကန်မှုမလုပ်မီ အရန်အစီအစဥ်တစ်ခုကိုပင် ချမှတ်ထားခဲ့သည်။ ထိုအမိန့်များအတိုင်း ချန်မျိုးနွယ်စု၏ တန်ဖိုးကြီးရင်းမြစ်များကို မျိုးနွယ်စုထံမှ နည်းလမ်းပေါင်းစုံဖြင့် ရွှေ့ပြီး ကြုံရာလူ့ဘီလူးမျိုးနွယ်စုများထံသို့ ဖြန့်ကျက်ထားခဲ့သည်။ မျိုးနွယ်စုဝင်များစွာသည် ထိုပစ္စည်းများအား လုံခြုံအောင် ထိန်းသိမ်းရန် ၎င်းတို့နှင့်အတူ ထွက်ခွာသွားကြသည်။
ထိုမျိုးနွယ်စုများသည် ချန်မျိုးနွယ်စုနှင့် ပွင့်ပွင့်လင်းလင်း မဆက်သွယ်ထားသည့်တိုင် နှစ်ပေါင်းများစွာကြာ လျှို့ဝှက်စွာ သစ္စာခံနေခဲ့ခြင်းဖြစ်သည်။
ချိုင်မျိုးနွယ်စုတွင် ဖြစ်ပွားခဲ့သည်များအား ကြားပြီးနောက် ချန်မျိုးနွယ်စုဝင်များအားလုံး အလွန်တရာ စိုးရိမ်သွားကြလေသည်။ ချန်မျိုးနွယ်စု၏ ဘိုးဘေးနန်းတော်တွင် မျိုးနွယ်စုခေါင်းဆောင်သည် မျိုးနွယ်စုအကြီးအကဲများအားလုံးဖြင့် အစည်းအဝေးထိုင်နေပြီး တစ်ဖွဲ့လုံးသည် မျက်နှာထားများတင်းမာ၍ စိုးရိမ်သောကရောက်နေကြ၏။
" အခြေအနေတွေက သိပ်မဆိုးလောက်ပါဘူး။ ခေါင်းဆောင်ကြီး အချုပ်ကျနေပြီး မသေဘူးဆိုတာ ကျုပ်တို့ တွေ့ပြီးတဲ့နောက် ချက်ချင်း မျိုးနွယ်စုကိုခွဲပြီး ကျုပ်တို့ရဲ့ လျှို့ဝှက်ရတနာပစ္စည်းတွေအားလုံးကို ဝှက်ခဲ့တာပဲ "
" ဟုတ်တယ်။ ကျန်တဲ့အဖွဲ့ဝင်တွေလဲ လက်စလက်နတွေကို ဖျောက်ဖျက်ပြီးပြီဆိုတော့ သူတို့ လိုက်ရှာလို့ရမှာ မဟုတ်ဘူး။ အခုဆိုရင် သူတို့တွေအားလုံး လူ့ဘီလူးမျိုုးနွယ်စုမျိုးစုံကိုရောက်သင့်နေလောက်ပြီ "
" ဒါပေမဲ့ ကျုပ်တို့လုပ်တာ မှားသွားပြီလို့ မထင်ကြဘူးလား။ ကျုပ်တို့ကို သရဲကြီးဘုရင် မသုတ်သင်သေးတဲ့ အချက်က သူ့မှာ အစီအစဥ်တစ်ခုရှိတယ်ဆိုတာ ပြနေတာပဲ။ သူက ကျုပ်တို့ရဲ့ ရတနာပစ္စည်းတွေကို ယူသွားပြီး ကျုပ်တို့ကို အားနည်းအောင်လုပ်ချင်တာပဲနေမှာ။ အဲဒီရတနာေတွကို ကျုပ်တို့ အဝေးပို့လိုက်ပြီဆိုတာသာ သိလို့ကတော့.... "
မျိုးနွယ်စုခေါင်းဆောင်က အံကြိတ်ထားသည့်ကြားမှ ပြန်ပြော၏။
" ဟမ့်။ ကျုပ်တို့ ခေါင်းဆောင်ကြီး အသက်ရှင်ပြီး အချုပ်ကျနေေတာ့ ချိုင်မျိုးနွယ်စုနဲ့စာရင် လုံးဝမတူတဲ့ နေရာရောက်သွားတာ။ ဒီအတိုင်းထိုင်ပြီး အသတ်ခံရမှာကို စောင့်မနေနိုင်ဘူး "
မျိုးနွယ်စုခေါင်းဆောင်က မျိုးနွယ်စု၏ ရတနာများအား ဖြန့်ကျက်ပစ်ရန် အစီအစဥ်ကို အခိုင်အမာဆုံးထောက်ခံသည်။ သူက ဗျူဟာနည်းလမ်းကို မေးခွန်းထုတ်ခဲ့သော်လည်း မူလအစီအစဥ်အတိုင်းသွားရန်က လွဲပြီး ရွေးချယ်စရာမရှိကြောင်း ခံစားခဲ့ရသည်။
မျိုးနွယ်စုခေါင်းဆောင်နှင့် မျိုးနွယ်စုအကြီးအကဲများ စိုးရိမ်ပူပန်စွာ ဆွေးနွေးတိုင်ပင်နေကြစဥ် လေကိုခွင်း၍ လာသော တဝီဝီမြည်သံများကို ကြားလိုက်ကြရသည်။ ခံစားချက်မျိုးစုံဖြင့် သူတို့၏မျက်နှာများတစ်မျိုးတမည်ဖြစ်သွားကြပြီး ခန်းမထဲမှ အပြေးအလွှားထွက်၍ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ တိမ်မည်းကြီးနှင့် ဆင်တူသော အရာတစ်ခုကို မြင်လိုက်ရလေသည်။ ထိုသည်မှာ ....... ဝိညာဥ်ကျင့်ကြံသူ နှစ်သောင်းတပ်ဖွဲ့ပင် ဖြစ်သည်။
လေ့ကျင့်ထားသည့်အတိုင်း သူတို့က မျိုးနွယ်စုပတ်လည်တွင် ဖြန့်လိုက်ကြပြီး ပိုင်ရှောင်ချန်း ပင်မတံခါးထံသို့ လမ်းလျှောက်သွားနိုင်ရန် လမ်းကြောင်းလေးတစ်ခုသာ ချန်ထားသည်။ သူ့ဘေးတွင်ကား ချန်ဟိုင်ဖြစ်ပြီး ချန်မျိုးနွယ်စုကျင့်ကြံသူများကို သတ်ဖြတ်လိုစိတ်များဖြင့် တင်းမာခက်ထန်စွာ စိုက်ကြည့်လိုက်၏။
ပိုင်ရှောင်ချန်း ဆင်းသက်ပြီး ချန်မျိုးနွယ်စုထဲ ဝင်လိုက်ချိန်တွင် သရဲကြီးဘုရင်၏ပိုင်နက်အတွင်းရှိ အတန်ငယ်ဝေးသောနေရာတွင် တစ်စုံတခု ဖြစ်ပွားနေသည်။ လူ့ဘီလူးမျိုးနွယ်စုတစ်စု၏ နေထိုင်ရာဖြစ်သည့် တောင်၏ အောက်ခြေတွင် ကျိုးရီရှင်းနှင့် လီဖုန်းတို့ ဦးဆောင်သည့် ဝိညာဥ်ကျင့်ကြံသူထောင်ဂဏန်းမျှရှိသော တပ်ဖွဲ့လေးတစ်ဖွဲ့ စုဝေးနေ၏။
ကျိုးရီရှင်းက လက်ထဲတွင် ကျောင်စိမ်းပေလွှာတစ်ခုကို ကိုင်ထားပြီး အလွန် အေးစက်သော မျက်လုံးများဖြင့် သူ့ဘေးတွင် ရပ်နေသည့် လီဖုန်းကို လှည့်ကြည့်လိုက်သည်။
" အစ်ကိုလီ ။ အမှုဆောင်ချုပ် က အရင်သွားဖို့ပြောတယ်။ ဒီတာဝန်က ကျုပ်တို့နှစ်ယောက် အတူတူလုပ်ရမှာ "
" ချန်မျိုးနွယ်စုက သူတို့ရဲ့ရတနာတွေကို ဘေးကင်းကင်းနဲ့ မသိအောင် ထုတ်သွားနိုင်တယ်ထင်နေတာလား"
လီဖုန်းကပြောသည်။
" ငါဘာမှ ပြောစရာမရှိဘူး"
သူ၏နှလုံးသားသည်ခမ်းနားကြီးကျယ်လှသော မျှော်လင့်ချက်များဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။ ပိုင်ရှောင်ချန်း အမှုဆောင်ချုပ်ရာထူးသို့ တဟုန်ထိုးတက်သွားပြီးနောက် လီဖုန်းနှင့် ကျိုးရီရှင်းတို့ နှစ်ယောက်လုံး၏ ဘဝအချိုးအကွေ့သည် အံသြဖွယ်ကောင်းစွာ ပြောင်းလဲသွားခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ဆွေးနွေးပြီး သူတို့အတွက် ကိစ္စရေးရာများသည် မည်မျှ ကွဲပြားကြောင်းသဘောပေါက်လိုက်ကြပြီးနောက် အချင်းချင်းခိုက်ရန်မဖြစ်ပွားရန် ဆုံးဖြတ်လိုက်ကြသည်။ အထူးသဖြင့် သရဲကြီးမြို့တော်သည် မည်မျှကြီးမား၍ ရှုပ်ထွေးသော နေရာဖြစ်ကြောင်း စဥ်းစားလိုက်သည့်အခါတွင် ဖြစ်သည်။ သိသာစွာပင် အင်အားပူးပေါင်းခြင်းသည် နှစ်ယောက်လုံးအတွက် ရုတ်ခြည်း တိုးတက်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထိုအခိုက်အတန်တွင် လီဖုန်းက တဟားဟားရယ်ရင်း သူနှင့်ကျိုးရီရှင်းတို့သည် သူတို့၏ လူထောင်ချီကို ဦးဆောင်၍ တောင်ပေါ်ရှိ လူ့ဘီလူးမျိုးနွယ်စုများထံ ချီတက်လိုက်ကြသည်။
ကျိုးရီရှင်းနှင့် လီဖုန်း၏ လက်အောက်ရှိ ဝိညာဥ်ကျင့်ကြံသူများသည် မျိုးနွယ်စုကို ဝင်တိုက်ကြတော့သည်။
ချက်ချင်းပင် ဤနေရာတွင် ပုန်းခိုနေကြသော ချန်မျိုးနွယ်စု ကျင့်ကြံသူများကလည်း အသည်းအသန်တိုက်ခိုက်ကြလေသည်။ အတန်ကြာတိုက်ခိုက်နေပြီးနောက် မျိုးနွယ်စု၏ အလယ်ရှိ တဲတစ်ခုထံမှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာ၏။
" ချန်မျိုးနွယ်စုရတနာက ဒီမှာဗျို့ "
ဝမ်းမြောက်သွားကြပြီး ကျိုးရီရှင်းက တဲထဲသို့ အရင် အပြေးအလွှားသွားလိုက်သည်။ လီဖုန်းသည်လည်း များစွာ စဥ်းစားမနေဘဲ အပြေးအလွှားသွားလိုက်၏။ သို့သော် လီဖုန်းက တဲထဲသို့ ဝင်လိုက်သည်နှင့် လူသုံးယောက်သူ့ကိုဝိုင်းတိုက်ခိုက်ကြသဖြင့် အံအားသင့်သွားလေသည်။ ထို့ပြင် သူတို့ထဲက တစ်ယောက်သည် ကျိုးရီရှင်းမှလွဲ၍ တခြားလူမဟုတ်ပေ။
လီဖုန်း၏ မျက်နှာပျက်သွားပြီး အော်လိုက်သည်။
" ကျိုးရီရှင်း မင်း..."
သို့သော် သူ မည်သို့မျှ မလုပ်နိုင်လိုက်ခင်မှာပင် သေစေနိုင်သော လက်သီးချက်ဖြင့် အထိုးခံလိုက်ရ၏။ သူ၏ အသံသည် ကျိုးရီရှင်း၏ ကြုံးဝါးသံအောက်တွင် နစ်မြုပ်သွားပြီး အချိန်အနည်းငယ်အတွင်း သူ၏ ရင်ဘတ် ချို့ဝင်သွားကာ သူ၏နှလုံးသားမှာ ကြေမွသွားတော့သည်။
သူက သေအံ့ဆဲဆဲလဲကျနေစဥ် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာချေ။
ကျိုးရီရှင်းက သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် ခါးကိုင်း၍ သူတို့နှစ်ကိုယ်တည်းကြားရစေရန် သူ့နားထဲ တစ်ခုခုကို တီးတိုးပြောလိုက်သည်။
" မင်းကို ငါသတ်ရလိမ့်မယ်။ ငါ့အနာဂတ်အတွက်ပါကွာ "
ထို့နောက် သူက လီဖုန်း၏ခေါင်းထိပ်ကို ရိုက်ချလိုက်ကာ ချက်ချင်းသတ်ပစ်လိုက်လေသည်။
ထို့နောက် ကျိုးရီရှင်းက သူ့ကို ကူညီခဲ့သည့် ဝိညာဥ်ကျင့်ကြံသူနှစ်ယောက်ကို လှမ်းကြည့်ပြီးနောက် ချမ်းသာကြွယ်ဝပြီး နာမည်ကျော်ကြားလာစေရမည်ဟု လေးနက်တည်ကြည်စွာ ကတိပေးလိုက်သည်။ သူတို့သည် ကျိုးရီရှင်းအတွက် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားလာရန် အားထုတ်ရာ၌ အထောက်အပံကောင်းအဖြစ် ဆောင်ရွက်ပေးခဲ့သည်ဖြစ်၍ ယခုအချိန်ကစပြီး သူတို့သည် သူ့လူများဖြစ်ကြောင်း သိလိုက်သည်။
မကြာမီ လူ့ဘီလူးမျိုးနွယ်စုရှိ ချန်မျိုးနွယ်စုကျင့်ကြံသူများ သုတ်သင်ခံလိုက်ရပြီး ရတနာများ ထွက်ပေါ်လာ၏။ တူညီသောမြင်ကွင်းများ သရဲကြီးမြို့တော်၏ ဒေသများရှိ အခြားလူ့ဘီလူးမျိုးနွယ်စုများထဲ၌ ဖြစ်ပျက်သွားပြီး မကြာမီ ချန်မျိုးနွယ်စု ဝှက်ထားသည့် ရတနာများအားလုံး ရှာတွေ့သွားလေပြီ။
ရတနာများမှာ များပြားလွန်းလှလေရာ ကြည့်လိုက်သည့် မည်သူ့ကိုမဆို ဆွံ့အသွားစေမည်ဖြစ်သည်။ သို့သော် မည်သူမှ အမှုဆောင်ချူပ် ပိုင်နှင့် သက်ဆိုင်သည့်အရာများကို လက်ဖြင့်ပင် မထိရဲပေ။ အမှန်တွင် ကျိုးရီရှင်းက ၄င်းတို့ကို မြင်သည်တွင် မျက်တောင်ပင် မခတ်နိုင်တော့ချေ။ သူက သူ၏တပ်ဖွဲ့ကို ဦးဆောင်၍ ချန်မျိုးနွယ်စုရှိရာသို့ ဦးတည်လိုက်သည်။
လမ်းတစ်လျှောက်တွင် သူတို့သည် သင်းကွဲဝိညာဥ်တောကို ဖြတ်သွားရချိန်တွင် ကျိုးရီရှင်း၏ မျက်လုံးများတွင် အေးစက်မှုများဖြတ်ပြေးသွားပြီး ထိုနေရာရှိ လူ့ဘီလူးမျိုးနွယ်စုတစ်စုကို သတ်ဖြတ်ရန် အကြံပေါ်လာလေသည်။ တိုက်ဆိုင်စွာပင် လီဖုန်းကို သတ်ရာတွင် သူ့ကို ကူညီပေးခဲ့သည့် ဝိညာဥ်ကျင့်ကြံသူနှစ်ဦးသည် တိုက်ပွဲတွင် သေဆုံးသွားခဲ့၏။
"နောက်ဆုံးတော့ ဟာကွက်မရှိတော့ဘူး။ အရေးမပါလိုက်တာ။ ဒါကို သူ့အတွက်လုပ်နေတာ မဟုတ်ဘူး။ ငါ့အတွက် ငါလုပ်နေတာ "
ကျိုးရီရှင်းသည် ဝင်္ကပါထဲတွင် ဖြစ်ပေါ်ခဲ့သည့် သဲလွန်စများနှင့် ဤနေရာတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို ဖျက်ပစ်ရန် သူတတ်နိုင်သမျှအကုန် လုပ်ခဲ့လေသည်။ အမှန်တကယ်တော့ ဤနေရာအထိ သူ၏လုပ်ရပ်များအားလုံးသည် ပိုင်ရှောင်ချန်း၏အစီအစဥ်မဟုတ်ဘဲ သူ၏အစီအစဥ်အတိုင်းသာဖြစ်သည်။ သူစောစောက ပြောခဲ့သည့်အတိုင်း သူ့ကိုယ်သူကာကွယ်ရန်ဖြစ်သည်။
သရဲကြီးဘုရင်သည် ပိုင်ဟောက်က ပိုင်ရှောင်ချန်းဖြစ်ကြောင်း သံသယမဝင်သော်လည်း ကျိုးရီရှင်းက သဲလွန်စများစွာချိတ်ဆက်ခဲ့မိသည်။ အချိန်အတော်ကြာကတည်းက သူသည် မယုံသင်္ကာဖြစ်နေခဲ့ပြီး ပိုင်ရှောင်ချန်း၏ ယင်ယန်ဝိညာဥ်အဆင့်ပေါ်လာသောအခါ သူ့ယုံကြည်ချက်ခိုင်မာလာခဲ့သည်။ အမှန်တရားကို ဖော်ထုတ်၍ သူ့အကျိုးအမြတ်ရရန် စဥ်းစားခဲ့သော်လည်း ထိုအစား ပိုင်ရှောင်ချန်း၏အနား၌နေရန် အရာအားလုံးပုံအော်၍ ရွေးချယ်ခဲ့သည်။ နောင်တစ်ချိန် မည်သို့ဆက်ဖြစ်လာမည်ကို အချိန်ကသာ စကားပြောသွားလိမ့်မည်။