← Chapters

လမ်းလယ်ခေါင်မှာ ဓားပြတိုက်နေသည့်အလား

Vol. 7 Ch. 679

လမ်းလယ်ခေါင်မှာ ဓားပြတိုက်နေသည့်အလား

Vol. 7 Ch. 679

ချန်မျိုးနွယ်စုကို ဝိုင်းထားသည့် ဝိညာဥ်ကျင့်ကြံသူပေါင်း နှစ်သောင်းမှ ထုတ်လွှတ်နေသော ပြင်းထန်သည့် အသတ်အဖြတ်အရှိန်အဝါများသည် ဝိညာဥ်ချေဖျက်ခြင်းဖိအားအသွင် ပေါင်းစပ်သွားပြီး မျိုးနွယ်စုတစ်စုလုံးကို လွှမ်းခြုံနေတော့သည်။

လူတိုင်း တုန်လှုပ်သွားကြရပြီး သူတို့၏မျက်နှာများမှာ လူသေကောင်အလား ဖြူဆုတ်နေကြသည်။ အထူးသဖြင့် မျိုးနွယ်စုခေါင်းဆောင်နှင့် မျိုးနွယ်စုအကြီးအကဲများအားလုံးသည် ပြင်းထန်၍သေစေနိုင်သော အန္တရာယ်ကြီးကို အာရုံရလိုက်ကြသည်။

ပိုင်ရှောင်ချန်းက သူတို့ထံ လျှောက်လာသောကြောင့် မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခုပေါ်လာတော့သည်။

" သိပ်တရားလွန်မလာနဲ့ ပိုင်ဟောက် "

ပိုင်ရှောင်ချန်းက လမ်းလျှောက်နေရာမှ ရပ်လိုက်၏။ သူ့မျက်လုံးများထဲတွင် အေးစက်မှုများ တဖျပ်ဖျပ်လက်လာတော့သည် ။ သူသည် ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးထံမှ ထိုကဲ့သို့ တုံ့ပြန်မှုများကို မျှော်လင့်ထားပြီးဖြစ်လေသည်။ ဤသည်မှာ နတ်ဘုရားများနှင့် လူသားများကို ဒေါသထွက်စေသည့် စက်ဆုတ်ရွှံရှာဖွယ်အပြစ်တစ်ခုဖြစ်သော တားမြစ်တံခွန်ကို ထုလုပ်ရဲသည့် မျိုးနွယ်စုပင် မဟုတ်ပါလော။

အမှန်တကယ်တွင် သူတို့မှာ ရွေးချယ်စရာ နှစ်ခုသာရှိသည်။ သေသည်အထိ တော်လှန်တိုက်ခိုက်မလား မဟုတ်ပါက... ဒူးထောက်အရှုံးပေးမလား။

ကြည့်ရသည်မှာ ချန်မျိုးနွယ်စုက ပထမအချက်ကို ရွေးချယ်ချင်နေဟန်တူသည်။ သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင်၏ ရွေးချယ်မှုသာ ဖြစ်နိုင်သည်။ သူသည် သူတို့နှစ်ယောက် နောက်ဆုံးအကြိမ်ကြုံခဲ့စဥ်က သူ၏တားမြစ်တံခွန်ဖြင့် ပိုင်ရှောင်ချန်းကိုသတ်ရန် အလွန်နီးစပ်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူက အခု တိုက်ပွဲထဖြစ်ပါက ထိုအလုပ်ကို လက်စသတ်နိုင်မည်ဟု ယုံကြည်နေသည်။

" အတင့်ရဲလိုက်တာ"

ချန်ဟိုင်က သူ့အတွက် ကြားဝင်ရန် အချိန်ကောင်းဖြစ်ကြောင်း သဘောပေါက်လိုက်ကာ မိုးခြိမ်းသံကဲ့သို့ အသံကြီးဖြင့် ဝင်ပြောလိုက်သည်။ သူက ရှေ့တစ်လှမ်းပင် တိုးလိုက်သေးသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ ကိုယ်ရံတော် ယင်ယန်ဝိညာဥ်ပညာရှင်များသည်လည်း မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် မျိုးနွယ်စုခေါင်းဆောင်ကို လှမ်းကြည့်လိုက်ကြသည်။

မျိုးနွယ်စုခေါင်းဆောင်မှာ ချန်ဟိုင်၏အော်ဟစ်သံနှင့် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များ၏ သတ်ဖြတ်လိုစိတ်များကြောင့် တဆတ်ဆတ်တုန်သွားလေသည်။ မျိုးနွယ်စုအကြီးအကဲများသည်လည်း တုန်လှုပ်သွားကြ၏။

ပိုင်ရှောင်ချန်းက တခဏကြာ မျိုးနွယ်စုခေါင်းဆောင်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက်တွင်မှ အေးတိအေးစက်ပြောလိုက်သည်။

" ဒါက ခင်ဗျားတို့ ချန်မျိုးနွယ်စုကလူတွေရဲ့ သဘောထားပေါ့လေ"

သူ၏ ပုံမှန်အတိုင်းပြောလိုက်သည့် စကားလုံးများက ဝိညာဥ်ကျင့်ကြံသူနှစ်သောင်း၏ သတ်ဖြတ်လိုစိတ်များနှင့် ပေါင်းစည်းသွားပြီး ချန်မျိုးနွယ်စုပေါ်သို့ ကျောက်တုံးကြီးသဖွယ် သက်ရောက်သွားသည်။ မျိုးနွယ်စုခေါင်းဆောင်မှာမူ ရင်တဒိန်းဒိန်းခုန်သွားပြီး မျက်လုံးများနီရဲသွား၏။ ယခုအချိန်တွင် ပိုင်ဟောက်က မျိုးနွယ်စုတစ်စုလုံးကို မသုတ်သင်နိုင်လောက်သော်လည်း တိုက်ပွဲသာ ဖြစ်လာပါက သူ သေချာပေါက်သေလိမ့်ဖြစ်ကြောင်း သိသည်။

မျိုးနွယ်စုခေါင်းဆောင်သည် မြို့ထဲ၌ ပိုင်ဟောက်က သူ့ကို မည်သို့ လိုက်သတ်ခဲ့သည့် အကြောင်းအား မမေ့နိုင်ခဲ့ပေ။ ခေါင်းဆောင်ကြီးသာ ကြားဝင်၍ သူ့ကို မကယ်ခဲ့ပါက မျိုးနွယ်စုခေါင်းဆောင်အနေဖြင့် လက်မောင်းတစ်ဖက်သာ ဆုံးရှုံးသွားရမည်မဟုတ်ပေ၊ သေချာပေါက်သေသွားမည်ဖြစ်သည်။ ထိုမျှသာမက အသင်္ချေကလေးသွေးတံခွန်သည် နတ်ဘုရားများနှင့် လူသားများအတွက် အလွန်တရာ စက်ဆုတ်ရွံရှာဖွယ်ကောင်းလှသဖြင့် သက်ရှိ၊သက်မဲ့အရာအလုံးစုံက အသုံးမပြုရန် တားမြစ်ရှုတ်ချထားခြင်းဖြစ်သည်။

" ငါတို့ ရတနာတွေအကုန်လုံး မျိုးနွယ်စုရဲ့ အပြင်သို့ ပို့ပြီးသွားပြီ " ခေါင်းဆောင်က ဆို၏။

" နောင်တချိန်မှာ တိုးတက်ဖို့ အလားအလာရှိတဲ့ အရေးကြီးမျိုးနွယ်စုဝင်တွေနဲ့အတူတူပို့လိုက်ပြီ။ ငါ့မျိုးနွယ်စုအတွက် ငါလုပ်နိုင်သမျှအားလုံး လုပ်ပေးပြီးပြီ။ ခေါင်းဆောင်ကြီးထောင်ကျနေမှတော့ ငါတို့ သေသေရှင်ရှင် အရေးမကြီးဘူး။ နောက်ဆုံး မျိုးနွယ်စုခေါင်းဆောင်အနေနဲ့ မျိုးနွယ်စုတစ်စုလုံးနဲ့အတူတူ သေသွားရမယ်ဆိုရင်တောင် ဂုဏ်ယူတယ်။ ဒီလိုဆိုရင် ငါတို့ ဂုဏ်ကျက်သရေ.. "

သူ့စကားပင် မဆုံးသေး မျိုးနွယ်စု၏ မဟာအကြီးအကဲတစ်ယောက်က ရှေ့တက်လာ၏။

" အမှုဆောင်ချုပ် ပိုင်အား ဂါဝရပြုပါတယ် "

သူက လက်ယှက်ကာ လေးလေးနက်နက်အရိုအသေပေးရင်း ပြောသည်။ တဆတ်ဆတ် တုန်ယင်နေကြသော မျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များသည်လည်း ခေါင်းငုံ့၍ အရိုအသေပေးလိုက်ကြသည်။

မျိုးနွယ်စုခေါင်းဆောင်သည် ဖြစ်ပျက်နေသည်တို့အားမြင်သောအခါ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသော်လည်း ပိုင်ရှောင်ချန်းကို ဆက်လက်မကျိန်ဆဲရဲတော့သောကြောင့် ထိုအစား ခေါင်းငုံ့လိုက်ရတော့သည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားပြီး ပြုံး၍ ချန်မျိုးနွယ်စုကို ဟိတ်ဟန်အပြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

" ကျုပ် ဒီကို အမှုဆောင်ချုပ် အနေနဲ့လာခဲ့တာဆိုတော့ ခင်ဗျားတို့အားလုံး ကျုပ် ဘာလိုလဲဆိုတာ သိမယ် ထင်ပါတယ်"

" ဟုတ်တာပေါ့ဗျာ သိတာပေါ့။ အမှုဆောင်ချုပ် ပိုင် ခင်ဗျား။ ချန်မျိုးနွယ်စုမှာ ခင်ဗျား လေ့လာဖို့ ရတနာတွေ အများကြီးရှိပါတယ်" မဟာအကြီးအကဲသည် မျိုးနွယ်စုခေါင်းဆောင် ထူးဆန်းစွာပြုမူနေသည်ကို အရင်ကတည်းက သတိပြုမိလိုက်သော်လည်း သူက အမှုဆောင်ချုပ်ပိုင်ကို တမင်ရန်စလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ထိုကဲ့သို့အပြုအမူတစ်ခုအတွက် အကျိုးဆက်များသည် တွေးကြည့်ရန်အတွက်ပင် ကြောက်စရာကောင်းလှသည်။

" မင်းနဲ့အတူ ငါတို့အားလုံးကို သေစေချင်တယ်ပေါ့ "

မဟာအကြီးအကဲက မျိုးနွယ်စုခေါင်းဆောင်ကို အေးစက်စွာကြည့်ရင်း တွေးလိုက်သည်။ ထို့နောက် သူက ရတနာအမြောက်အမြားအား ယူလာရန် အမိန့်များ အလျင်အမြန်ပေးလိုက်သည်။

ဝိညာဥ်ဆေးများ၊ အမုန်းဝိညာဥ်များ၊ ရောင်စုံမီးတောက်များ၊ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ရတနာများ၊ မီးတောက်ဖော်စပ်နည်းများနှင့် အခြားသော အရာများအားလုံး တောင်လိုပုံလာတော့သည်။ ကောင်းကင်ယံအထိပင် စူးရှတောက်ပလင်းလက်နေသည့် ပြိုင်ဘက်ကင်း ရတနာအနည်းငယ်ပင် ရှိသည်။

ထိုသည်တို့မှာ မြောက်မြားလှသော ရတနာများဖြစ်သည့်တိုင် တကယ်တမ်းဆိုလျှင် ချန်မျိုးနွယ်စု ကြွယ်ဝချမ်းသာမှု၏ ပမာဏနည်းနည်းသာရှိသေးသည်။ ပိုင်ရှောင်ချန်း၏ မျက်နှာသည် ရုတ်ချည်းမည်းမှောင်သွားတော့သည်။

" ဒါပဲလား "

မဟာအကြီးအကဲက ခြောက်ကပ်ကပ်ပြုံးလိုက်သော်လည်း ကံဆိုးစွာပင် ရွေးချယ်စရာမရှိတော့ပေ။ ရတနာပစ္စည်းများအား အဝေးယူသွားပြီးဖြစ်သည်မှာ သူသိသာစွာ မရှင်းပြလိုသည့် အချက်ဖြစ်သည်။ သူက နေရာမှာပင် ချီတုံချတုံဖြစ်ကာရပ်နေစဥ် မျိုးနွယ်စုခေါင်းဆောင်က အေးစက်စွာ ရယ်လိုက်သည်။

" ဒီဒုက္ခကြီးပြီးရင် ငါတို့ ချန်မျိုးနွယ်စု လုံးဝ မွဲပြာကျသွားမှာ။ မင်းငါတို့ကို မယုံရင် မင်းဘာသာမင်း သွားရှာ။ မင်းကြိုက်တာတွေ့ရင် ယူလိုက် "

ချန်ဟိုင်သည် မျိုးနွယ်စုခေါင်းဆောင်၏ စကားလုံးများထဲရှိ ပွင့်လင်းမြင်သာလှသော အထင်အမြင်သေးမှုများကို အာရုံရလိုက်သည်။ပိုင်ရှောင်ချန်းကို အရင်ဆုံး ကြည့်ပြီး သူက နှာမှုတ်လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ဝိညာဥ်ကျင့်ကြံသူများ ချန်မျိုးနွယ်စု၏ မြို့ထဲဝင်ရောက်လာကြပြီး ရှာဖွေကြတော့သည်။

ပိုင်ရှောင်ချန်းက လက်ကိုနောက်ပစ်လျက် ချန်ဟိုင်ရှာပြီးသည်ကို စောင့်ရင်း ရပ်နေသည်။ မကြာမီ ဝိညာဥ်ကျင့်ကြံသူများ ရှာဖွေပြီးသွားကြရာ ချန်ဟိုင်က ပြန်ခေါ်လိုက်သည်။ ထိုအချိန်တွင် ချန်ဟိုင်က မျက်နှာတင်းမာခက်ထန်နေရင်း ပိုင်ရှောင်ချန်းအနား ကပ်သွား၏။ အသံကို နှိမ့်ရင်း သူက ဆိုသည်။

" အမှုဆောင်ချုပ် ပိုင်။ ချန်မျိုးနွယ်စုက သေချာ ပြင်ဆင်ထားတယ်။ ဒီမှာ ဘာဆို ဘာမှ မရှိဘူး"

ပိုင်ရှောင်ချန်းက ခေါင်းညိတ်လိုက်သော်လည်း မည်သို့မျှ မပြောပေ။ သူက လက်ကိုနောက်ပစ်လျက် စောင့်ရင်း မလှုပ်မယှက်ရပ်နေသည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ချန်မျိုးနွယ်စုရှိ တိတ်ဆိတ်နေမှုကြောင့် ကုန်ဆုံးသွားသည် တခဏတိုင်း ဖိအားများ လေးလံလာတော့သည်။ ချန်မျိုးနွယ်စုကျင့်ကြံသူများ၏ ထိတ်လန့်ကြောက်ရွံခြင်းများ ကြီးထွားလာကယ သူတို့အတွက် ပိုင်ရှောင်ချန်းထံမှ ခံစားရသည့်ဖိအားသည် သူတို့ကို မျက်စိတစ်မှိတ်အတွင်း နင်းခြေပစ်လိုက်နိုင်သည့် ကောင်းကင်ဘုံက ဖိအားပမာ ခံစားနေရတော့သည်။

မျိုးနွယ်စုအကြီးအကဲများ၏ အရှိန်အဝါများပင်လျှင် စိုးရိမ်သောကများကြောင့် မထိန်းချုပ်နိုင်တော့ဘဲ မတည်မငြိမ်ဖြစ်လာသည်။ မျိုးနွယ်စုခေါင်းဆောင်သာ အရူးသဖွယ် သရော်ပြုံးပြုံးလျက်ရပ်နေရင်း အချိန်မရွေး တိုက်ပွဲစရန် အဆင်သင့်ဖြစ်နေသည်။

တစ်ခုသောနေရာတွင် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်၌ အပြုံးတစ်ခုခု ရုတ်တရက် ပေါ်လာပြီး သူက ခပ်ဝေးဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ထိုအချိန်တွင် ချိန်ဟိုင်နှင့် မဟာအကြီးအကဲများသည်လည်း တစ်ခုခုကို အာရုံရလိုက်၏။ အချိန်အနည်းငယ်ကြာသော် မိုးကုပ်စက်ဝိုင်းတွင် မည်းမှောင်နေသော တိမ်စိုင်တိမ်တိုက်ကြီးကဲ့သို့ အရာတစ်ခုကို မြင်လိုက်ရလေသည်။

လူအများ တစထက်တစသတိပြုမိလိုက်ကြပြီး မကြာမီ မျက်လုံးများအားလုံးသည် တိမ်မည်းကြီးရှိရာသို့ ရောက်နေကြသည်။ ၄င်းက အလွန်လျင်မြန်စွာ ချဥ်းကပ်လာသဖြင့် မကြာမီ ဝိညာဥ်ကျင့်ကြံသူတစ်ထောင်ရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိသာလာတော့သည်။

သူတို့ကို ဦးဆောင်လာသူကား အသတ်အဖြတ်အရှိန်အဝါတစ်ခုနှင့် ဂုဏ်ယူနေသော အမူအရာဖြင့် လူငယ်တစ်ယောက်ဖြစ်သည်။ သူကား......ကျိုးရီရှင်းမှလွဲ၍ တခြားမဟုတ်ပေ။

သူ့အတွက် ချန်မျိုးနွယ်စုကိုရောက်ရန် အသက်ရှူချိန်အနည်းငယ်မျှသာ ကြာလိုက်သည်။ သူ ဦးဆောင်ခဲ့သော ဝိညာဥ်ကျင့်ကြံသူများသည် မျိုးနွယ်စုကိုဝိုင်းထားသည့် တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်သည်။ ကျိုးရီရှင်းမှာမူ ဘေးဘီဝဲယာသို့ မကြည့်ဘဲ ပိုင်ရှောင်ချန်းအနားကပ်လာ၏။

ချန်ဟိုင်၏ အမူအရာမှာ ဘဝင်မကျဖြစ်သွားသော်လည်း ပိုင်ရှောင်ချန်းကို လှမ်းကြည့်ပြီးနောက် ကျိုးရီရှင်း၏လမ်းကို မပိတ်တော့ပေ။ မကြာမီ ကျိုးရီရှင်းသည် ပိုင်ရှောင်ချန်းရှေ့ရောက်လာကာ လက်ယှက်၍ လေးနက်စွာ ခေါင်းငုံ့လိုက်သည်။

" တာဝန်ပြီးမြောက်ပါပြီ သခင်လေး။ မျိုးနွယ်စုထဲက ရွှေ့ပြောင်းသွားတဲ့ ချန်မျိုးနွယ်စုရဲ့ ရတနာပစ္စည်းတွေအကုန်လုံး ပြန်ယူပြီးပါပြီ။ တစ်ချက်လောက်ကြည့်လိုက်ပါဦး သခင် "

ထို့နောက် သူက အင်္ကျီလက်စကို ခါယမ်းလိုက်ရာ သူ၏အိတ်ထဲမှ ရတနာမြောက်မြားစွာ ထွက်လာတော့သည်။

ဝိညာဥ်သိုလှောင်စေတီများ၊ ရောင်စုံမီးတောက်များ၊ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ရတနာများနှင့် တစ်ပုလင်းစီတွင် ကောင်းကင်တံတားမြစ်ရေ အမြောက်အမြား ပါဝင်သည့် ကျောက်စိမ်းပုလင်းဆယ်လုံး........ ပို၍ အံ့သြဖွယ်ကောင်းသည်မှာ အဖိုးတန်ရတနာများ သိသာစွာပင် ပါဝင်နေသည့် သလင်းကျောက်သေတ္တာနှစ်လုံးပင်ဖြစ်သည်။

ပိုင်ရှောင်ချန်း မသိသည့် အခြား ပစ္စည်းများလည်း ရှိသေးသည်။ အတူတကွပေါင်းလိုက်လျှင် ထိုပစ္စည်းများသည် စောစောက မျိုးနွယ်စုအကြီးအကဲ ထုတ်လာသည်ထက် အဆများစွာ တန်ဖိုးကြီးလေသည်။ အမှန်တကယ်တော့ ဝိညာဥ်ကျောက်စိမ်းရုပ်တုကို ပယ်လိုက်လျှင် သူ ချိုင်မျိုးနွယ်စုမှ ရလာသည့် အရာများထက် တန်ဖိုးမနည်းပေ။

ရတနာများထွက်လာသည်နှင့် မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာပေါ်တွင် လုံးဝရူးသွပ်သွားသောအရိပ်အယောင်များက လွှမ်းခြုံသွား၏။ မျိုးနွယ်စုအကြီးအကဲများမှာ တအံ့တသြရင်တုန်ပန်းတုန်ဖြစ်သွားကြပြီး သာမန်မျိုးနွယ်စုကျင့်ကြံသူများမှာ အဆုံးစွန်ထိ အံသြတုန်လှုပ်ခြင်းများဖြင့် ကြည့်နေကြတော့သည်။ သိုလှောင်ပစ္စည်းများအား မျိုးနွယ်စု၏အပြင်သို့ ခိုးထုတ်သွားခဲ့သည့်သတင်းကို မည်သူမျှ မသိခဲ့သော်လည်း ယခု လူတိုင်းမြင်လိုက်ရလေပြီ။

ချိုင်မျိုးနွယ်စုတွင်လည်း အလားတူဖြစ်ပျက်ခဲ့သည့်တိုင် ပိုင်ရှောင်ချန်းမှာ မြင်နေရသည့်အရာများကြောင့် စိတ်နှလုံးတုန်လှုပ်သွားရသေးသည်။ သို့သော် သူ၏ မျက်နှာအမူအရာသည်ကား ယခင်အတိုင်း တည်ငြိမ်နေဆဲ။ သူက အင်္ကျီလက်ကို ခါရမ်းလိုက်ကာ ပြော၏။

“ ဒါတွေ သိမ်းလိုက်။ ချန်မျိုးနွယ်စုက ဒီပစ္စည်းတွေ ယူတာကို စိတ်မဆိုးဘူးဆိုတော့လဲ ကျုပ် ယူလိုက်ပါတော့မယ်။ ကျေးဇူးအများကြီးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင် "

သူက အားပါးတရရယ်မောနေစဥ် မျိုးနွယ်စုခေါင်းဆောင်မှာ အံအားသင့်၍ ပင့်သက်ရှိုက်သွားတော့သည်။ ကျိုးရီရှင်းမှာမူ ပိုင်ရှောင်ချန်းပြောစကားအတိုင်း တောင်လိုပုံနေသည့် ရတနာပစ္စည်းမှန်သမျှကို သိမ်းယူရန် အလျင်အမြန်စီစဥ်လိုက်သည်။

မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာမှာ လူသေအလောင်းပမာ ဖြူဆုပ်နေပြီး ထိန်းချုပ်၍မရတော့အောင် ခေါင်းတစ်ခုလုံး ချာချာလည်နေလေပြီ။ မျိုးနွယ်စုအကြီးအကဲများ၏ရင်ထဲမှာ ဒေါသများဆူပွက်လာသော်လည်း သေစေနိုင်သောအန္တရာယ်အငွေ့အသက်ကြီးက သူတို့ကို မော့ပင်မကြည့်ရဲပေ။ သို့သော် သူတို့မျိုးနွယ်စုက စိတ်ဓာတ်ခိုင်မာပြီး အလျှော့ပေးလေ့မရှိသောသဘောရှိသည်ဖြစ်၍ စိတ်ဆတ်သည့် မျိုးနွယ်ဝင်များသည် ဒေါသများကို မမျိုသိပ်နိုင်တော့ဘဲ အော်ဟစ်လိုက်ကြတော့သည်။

" မင်းတို့ကောင်တွေကို ငါမယုံဘူး "

" ဒါက လမ်းလယ်ခေါင်ကြီး ဓားပြတိုက်နေသလိုပဲ ပိုင်ဟောက် "

မျိုးနွယ်စုအကြီးအကဲများမှာ မျက်နှာပျက်သွားပြီး လူငယ်မျိုးနွယ်စုဝင်နှစ်ယောက်၏ ဒေါသပေါက်ကွဲမှုကို တားရန် ချက်ချင်းလှည့်လိုက်ကြသည်။ သို့သော် သူတို့ အလွန်နောက်ကျသွားလေပြီ။ ကြားဝင်ရန်အခွင့်အရေးတစ်ခုတွေ့လိုက်သဖြင့် ချန်ဟိုင်၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လာြပီး လက်ကို ဝှေ့ယမ်းလိုက်သည်။

ထစ်ခြုန်းသံများမြည်ဟည်းသွားပြီး ရုတ်တရက် စောစောက အော်ခဲ့သည့် လူငယ်မျိုးနွယ်စုဝင်နှစ်ယောက်၏ နဖူးများပေါ်တွင် သွေးများစီးကျနေသည့်အပေါက်များကို မြင်လိုက်ရသည်။ သူတို့က မြေပေါ် လဲကျ၍သေသွားသော်လည်း သူတို့၏ မျက်လုံးများထဲတွင် အမျက်ဒေါသများကို မြင်ရဆဲဖြစ်သည်။

အေးစက်စက်နှာမှုတ်ကာ ချန်ဟိုင်က ချန်မျိုးနွယ်စု၏ ကျန်ရှိသူများကို စိန်းစိန်းဝါးဝါးကြညံလိုက်သည်။

" ဘယ်လောက်တောင်အတင့်ရဲလိုက်လဲ။ အမှုဆောင်ချုပ်ပိုင်ရဲ့ နာမည်ကို ဘယ်ကောင်မှ အသံကျယ်ကျယ်ပြောခွင့်မရှိဘူးကွ "

All Chapters