အရှက်ကင်းမဲ့ခြင်း
Vol. 7 Ch. 680
ချန်ဟိုင်၏ စူးရှသော အကြည့်ကြောင့် ချန်မျိုးနွယ်စုဝင်ကျင်ကြံသူများမှာ နှလုံးတုန်သွားရတော့သည်။ မဟာအကြီးအကဲကြီးကမူ မျိုးနွယ်စုခေါင်းဆောင်စကားပြောရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် ရင်ကော့ကာ သူ့ကိုစိုက်ကြည့်လိုက်တော့သည်။
" မျိုးနွယ်စုခေါင်းဆောင် "
သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ ထိုအခါမှသာ မျိုးနွယ်စုခေါင်းဆောင်မှာ မျက်နှာပျက်သွားပြီး ပါးစပ်ပိတ်လိုက်တော့သည်။
" အမှုဆောင်ချုပ်ပိုင်ခင်ဗျား " မဟာအကြီးအကဲကြီးက ဆက်ပြောလိုက်သည်။
" ဒီ ချန်မျိုးနွယ်စုဝင် မရင့်ကျက်သေးတဲ့လူငယ်လေးနှစ်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြုမူလို့ ေသသင့်ပါတယ် "
" ဒါပေမဲ့ အမှုဆောင်ချုပ်ပိုင်က ကျုပ်တို့ နှစ်ပေါင်းတစ်ထောင်လောက် စုစည်းထားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို သိမ်းယူပြီးသွားပြီလေ။ ကျုပ်တို့ ချန်မျိုးနွယ်စုဆီမှာ ဘာမှထပ်ပေးစရာမကျန်တော့ပါဘူး။ အမှုဆောင်ချုပ်ပိုင်ရယ်၊
ကျုပ်တို့ကို အသက်ရှင်ခွင့်လေးတော့ ပေးသနားပါဦးဗျာ "
ထိုသို့ဆိုကာ သူကလက်ယှက်၍ အလွန်တည်ကြည်ကာ သနားစရာကောင်းသည့်ပုံစံဖြင့် ဦးညွှတ်လိုက်တော့သည်။
အစပိုင်းတွင် ပိုင်ရှောင်ချန်းမှာ မည်သို့မျှ ပြန်မပြောပေ။ အမှန်ဆိုရလျှင် ချန်မျိုးနွယ်စုမှာ ပေးစရာပစ္စည်းတကယ် မရှိတော့ခြင်း ဖြစ်သည်။ ယခင်က သူတို့သည် သူ့ကိုသတ်ရန် ကြိုးစားခဲ့သည်ဖြစ်သော်လည်း ယခုတွင်မူ သင်ခန်းစာရသွားလောက်သည်မှာ အသေအချာပင်။ ထိုအချိန်တွင် သူသည် အမုန်းတရားများတောက်လောင်နေသည့် မျက်ဝန်းများကိုပိုင်ဆိုင်ထားသော မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်မိလိုက်တော့သည်။
မျိုးနွယ်စုခေါင်းဆောင်မှာ ထိုအမုန်းတရားများကို ကြိုးစား၍ဖုံးကွယ်နေပါသော်လည်း ပိုင်ရှောင်ချန်း၏ စူးရှထက်မြက်သော အကြည့်ထံမှ မဖုံးကွယ်နိုင်ပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ အမူအရာမှာ ချက်ချင်းပင် ပြန်လည်တင်းမာသွားပြီး မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ချက်ချလိုက်တော့သည်။ အပြင်ပန်းတွင် သူသည် တုံ့ဆိုင်းကာ အားနာနေသည့်ပုံစံပင် ဖမ်းလိုက်တော့သည်။ ထို့နောက် သူက ချန်မျိုးနွယ်စု၏ အမျိုးသမီး ကျင့်ကြံသူများကို လှမ်းကြည့်လိုက်တော့သည်။
ထိုအမျိုးသမီးကျင့်ကြံသူတိုင်းမှာ ချောမောလှပပြီး ပိုင်ရှောင်ချန်းက သူတို့အား ကြည့်လိုက်သည်ကို ဘေးနားရှိလူများက သတိထားမိလိုက်ကြသည်။ မဟာအကြီးအကဲကြီးမှာ ပါးစပ်အဟောင်သားဖြစ်သွားတော့သည်။ ဤပိုင်ဟောက်ဆိုသည့်လူက ထိုသို့သောကိစ္စရပ်များကို ဝါသနာပါနေလိမ့်မည်ဟု သူ လုံးဝထင်မထားမိပေ။
" အေးပေါ့... သူကငယ်သေးတာကိုး "
မဟာအကြီးအကဲကြီးကတွေးလိုက်တော့သည်။ ချက်ချင်းပင် သူသည် မျက်နှာများဖြူဆုတ်နေကြသည့် အမျိုးသမီးများအားလုံးကို ရှေ့သို့ထွက်လာခိုင်းလိုက်ပြီး ပိုင်ရှောင်ချန်း၏ရှေ့တွင် တန်းစီခိုင်းလိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ အရှေ့မှာ ရပ်နေကြသူများထဲတွင် ထိုအုပ်စုကြီးထဲတွင် မပါသည့် အမျိုးသမီးကျင့်ကြံသူများပင် ပါဝင်နေသည်။ အဆုံးတွင် သူတို့၏အရေအတွက်မှာ ရာဂဏန်းအနည်းငယ်ခန့်ရှိသွားပြီး သူတို့အားလုံးမှာ တစ်ယောက်တစ်မျိုးစီ ချောမောလှပနေကြသူလေးများ ဖြစ်သည်။
" အမှုဆောင်ချုပ်ပိုင်ရေ။ သင်က ငယ်ရွယ်ပြီး အဆုံးအစမရှိလောက်အောင် တက်လမ်းတွေပိုင်ဆိုင်ထားတဲ့ လူတွေကြားက နဂါးတစ်ကောင်ပါပဲ။ သင့်ကို အဖော်ပြုပေးဖို့ အိမ်ဖော်မလေးတွေ ရှိသင့်တာပေါ့။ သူတို့အားလုံးက မျိုးနွယ်စုရဲ့ သမီးရတနာလေးတွေပါပဲ။ သင့်ရဲ့ ရွေးချယ်ခြင်းကိုခံရမယ်ဆိုရင် သူတို့အတွက် ကံထူးတာပါပဲ "
မဟာအကြီးအကဲ၏ စိတ်ထဲတွင် အကယ်၍ဤပိုင်ဟောက်သာ မျိုးနွယ်စုထဲမှ သမီးတစ်ယောက်ကို တော်ကောက်လိုက်ပါက မျိုးနွယ်စုအတွက် ကောင်းမွန်သည့် အရာတစ်ခုဟု ထင်မှတ်ထားသည်။ သူ၏ စိတ်နှလုံးမှာ မျှော်လင့်ချက်များနှင့် လှုပ်ရှားလာတော့သည်။
ပိုင်ရှောင်ချန်းမှာမူ ချောင်းဟန့်လိုက်တော့သည်။ စိတ်ထဲတွင်မူ သူသည် လူညစ်ကြီးလုပ်နေသော သရဲကြီးဘုရင်ကို ကျိန်ဆဲနေပါသော်လည်း အံကြိတ်ကာ လုပ်စရာရှိသည်ကို လုပ်လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိသည် မဟုတ်ပါလော။
သူက အမိန့်နာခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိသဖြင့် ဝမ်းနည်းစွာသက်ပြင်းချလိုက်ပြီး ဆိုလိုက်တော့သည်။
" ခင်ဗျားမျိုးနွယ်စုက သမီးပျိုလေးတွေကို ကျုပ် စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်က မိန်းမရကံကောင်းတယ်ဆိုတဲ့ သတင်းတွေ ကျုပ်ကြားထားတယ်။ သူ့ဇနီးကို ကျုပ်ကြည့်ချင်လို့ ခေါ်ခဲ့ဗျာ "
သူ၏ ပါးစပ်မှ ထိုစကားလုံးများထွက်ကျလာသည်နှင့် ချန်မျိုးနွယ်စုကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး တအံ့တသြအော်ဟစ်သံများစွာ ထွက်လာတော့သည်။ မဟာအကြီးအကဲကြီးမှာလည်း ဆွံ့အကာ ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေတော့သည်။
မျိုးနွယ်စုခေါင်းဆောင်မှာ လုံးဝစိတ်မထိန်းနိုင်တော့ပေ။
" မင်းတော်တော် တရားလွန်နေပြီ ပိုင်ဟောက် "
သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရပြီး စိတ်ထဲတွင် သရဲကြီးဘုရင်ကို အကြိမ်အနည်းငယ်ထပ်မံ ကျိန်ဆဲလိုက်ပြန်သည်။ သို့သော် ယခုအခါမှာတော့ ပေါက်သည့်နဖူး မထူးတော့လေပြီ။ ဘေးနားတွင်မူ ချန်ဟိုင်သည် ပိုင်ရှောင်ချန်းအား ကြည်ညိုလေးစားမှုအနည်းငယ် ပါဝင်နေသည့် ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေတော့သည်။
ထို့နောက် သူကရှေ့သို့ထွက်လာပြီး မျိုးနွယ်စုခေါင်းဆောင်၏ ပါးကိုရိုက်ကာ အော်ဟစ်လိုက်တော့သည်။
" အတင့်ရဲလှပါလား "
မျိုးနွယ်စုခေါင်းဆောင်၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ ဒယိမ်းဒယိုင်ယိမ်းထိုးသွားတော့သည်။ တချိန်ထဲမှာပင် သူသည် ဒေါသတဟုန်ဟုန်းတောက်လောင်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ကြည့်နေတော့သည်။ သို့သော် အမှန်မှာ သူသည် စိတ်ထဲတွင် အလွန်အမင်း ဒေါသထွက်နေသည် မဟုတ်ပေ။ ဤပိုင်ဟောက်ဆိုသည့်လူသာ သူ၏ဇနီးကို တော်ကောက်ချင်သည်ဆိုပါက အဆုံးတွင် သူက ဘေးကင်းသွားမည်မဟုတ်ပါလော။
အခြားလူတစ်ယောက်၏ ဇနီးမယားကို သိမ်းယူခြင်းကြောင့် ပိုင်ရှောင်ချန်း သည် လူအများ၏ ဝေဖန်ခြင်းကို ခံရလိမ့်မည်။ ထိုသို့ဇနီးကို သိမ်းပိုက်ပြီး ခင်ပွန်းဖြစ်သူကိုသတ်လိုက်ပါက ပြည်သူလူထုတစ်ရပ်လုံးက သူ့ကိုဒေါသထွက်သွားမည်သာဖြစ်သဖြင့် သူအသတ်ခံရနိုင်ခြေမှာ မဖြစ်နိုင်သလောက် နည်းပါးနေသည်။
ယခုတွင် မျိုးနွယ်စုခေါင်းဆောင်အလုပ်သင့်ဆုံးအရာမှာ ဤအခြေအနေမှ အသက်ရှင်လျက် ထွက်လာနိုင်ရန်သာဖြစ်သည်။ သူသည် ထိုသို့လုပ်ရန်သာမက မျိုးနွယ်စုထဲတွင် နာမည်ကောင်းပိုရရန် ကြံစည်ထားပြီးပြီဖြစ်သည်။
" ဟုတ်ပြီ။ သူငါ့ဇနီးကို ယူမယ်ဆိုရင်လည်း ငါက မျိုးနွယ်စုရဲကောင်းကျိုးအတွက် မျက်စိမှိတ်ပြီးခွင့်ပြုပေးလိုက်ရတဲ့ လက်မခံနိုင်စရာ စော်ကားမှုတစ်ခုပုံစံပေါက်အောင် လုပ်ပေးရမှာပေါ့။ အဲဒါဆို မဟာအကြီးအကဲနဲ့ ငါ့ကြားက ပြဿနာတွေလည်း ဖြေရှင်းပြီးသားဖြစ်သွားမယ်။ မျိုးနွယ်စုထဲက လူတိုင်းကလည်း ငါ့ကိုပြန်ယုံကြည်သွားမယ် "
မျိုးနွယ်စုခေါင်းဆောင်က ထိုသို့တွေးတောလိုက်ပြီး သူ၏လျှာကိုကိုက်ကာ သွေးပွက်ကြီးတစ်ပွက်ကို အန်ချလိုက်တော့သည်။ ထို့နောက် တင်းမာနေသည့်အမူအရာဖြင့် ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်ပြီး ဒဏ်ရာရကာ ကြံရာမရဖြစ်နေသည့် သားရိုင်းတစ်ကောင်နှင့် တူသော အငွေ့အသက်များကိုထုတ်လွှတ်လိုက်ကာ သူ၏ရန်သူကို ထိခိုက်ဒဏ်ရာရစေဖို့ရာ အရာရာတိုင်းကို စွန့်လွှတ်ရန်အဆင်သင့်ဖြစ်နေသည့် ပုံစံဖမ်းလိုက်တော့သည်။
သူ၏မျက်ဝန်းထဲရှိ ထိုဒေါသများကို မြင်လိုက်ရသူတိုင်းမှာ တုန်ရီသွားကြပြီး ချန်မျိုးနွယ်စု ကျင့်ကြံသူများ၏ စိတ်နှလုံးများထဲတွင် ဒေါသမီးများ လောင်ကျွမ်းလာတော့သည်။
ပိုင်ရှောင်ချန်းမှာ အနည်းငယ်ပင် ကြောက်လန့်သွားပြီး ငိုပင်ငိုချင်လာတော့သည်။ ဤကိစ္စရပ်တစ်ခုလုံးမှာ ရှက်စရာဖြစ်ရပ်ကြီးတစ်ခုဖြစ်နေပါသော်လည်း သူသည် သရဲကြီးဘုရင်အစား အပြစ်တင်ခံနေရသဖြင့် မတရားခံနေရသည်သာ ဖြစ်သည်။ သို့သော် ဤအခြေအနေမှာ အလွန်တရားလွန်နေပြီဖြစ်၍ အကောင်းဆုံးအရာမှာ နန်းတော်သို့ပြန်ကာ သရဲကြီးဘုရင်အား ဤကိစ္စကို သူကိုယ်တိုင် လုပ်ဖို့ တိုက်တွန်းရန်ပင် ဖြစ်သည်။
သူက ပြောထားသည့်စကားများကို ရုတ်သိမ်းရန်ပြင်လိုက်သည့်အခါ မျိုးနွယ်စုခေါင်းဆောင်က သူတွေဝေနေသည်ကို သတိထားမိလိုက်၍ ချက်ချင်းပင် စိုးထိတ်သွားတော့သည်။ သူက ဟန်ဆောင်မနေတော့ပဲ အော်ဟစ်လိုက်တော့သည်။
" ကောင်းပြီ ထားလိုက်တော့။ ငါ့မျိုးနွယ်စုအတွက်ပဲ စွန့်လွှတ်ပေးရမှာပေါ့။ ငါ့ကောင်တွေ၊ ငါ့ဇနီးကို သွားခေါ်ခဲ့ကွာ "
မျိုးနွယ်စုခေါင်းဆောင်မှာ ဒေါသများထွက်ကာ အသားများ တဆတ်ဆတ်တုန်ရီနေသဖြင့် သိသိသာသာပင် အသက်ကြီးသွားသည့်ပုံစံပေါက်နေတော့သည်။ အခြားမျိုးနွယ်စုဝင်များမှာ အလွန်ဒေါသထွက်နေကြသဖြင့် သူတို့ရင်ထဲမှ အကြောက်တရားများကိုပင် မေ့ပျောက်သွားကြပြီး ဒေါသထွက်နေသည့်မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို ပေါ်ပေါ်ထင်ထင်ကြည့်နေကြတော့သည်။ မျိုးနွယ်စုခေါင်းဆောင်မှာ ထိုအချင်းအရာကို မြင်လိုက်သောအခါ စိတ်ထဲတွင် ကြိတ်၍ရယ်မောလိုက်ပြီး မေ့လဲကျတော့မည့်အလား တမင်တကာ ဒယိမ်းဒယိုင် ယိမ်းထိုးပြလိုက်တော့သည်။ ထို့အပြင် နာကျည်းခါးသက်နေသည့်အမူအရာဖြင့် ခေါင်းကိုပင် ငုံ့လိုက်တော့သည်။ သူ၏မျက်ဝန်းများထဲတွင်မူ ကျေနပ်မှု အရိပ်အယောင်တစ်ခုကို မြင်နေရသည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြင့် ရပ်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ မတရားခံနေရသည်ဟုတွေးကာ သူ သက်ပြင်းသာချနေနိုင်တော့သည်။ ထို့နောက် သူ့ကို ပြည်သူလူထုက မုန်းတီးရွံရှာကာ မယားခိုးဟု ကျိန်ဆဲတော့မည်ကို တွေးလိုက်မိတော့သည်။ သူသည် ထိုကျိန်ဆဲမှုများကို အံတုကာ လူအများ၏ တံတွေးခွက်ထဲတွင် မျောရတော့မည်ဖြစ်သည်။ သူက ငိုချလိုက်ချင်သော်လည်း သူ၏ဝမ်းနည်းနေမှုကို ထုတ်ပြော၍မဖြစ်နိုင်ကြောင်း သိလိုက်သည်။ အမှန်တရားကို သိသောသူမှာ သူကိုယ်တိုင်အပြင် ကောင်းကင်၊ မြေပြင်နှင့် သရဲကြီးဘုရင်တို့သာ ရှိသည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်းမှာ စိတ်ပျက်လက်ပျက် သက်ပြင်းချကာ အမျိုးသမီးတစ်ယောက်အား ခေါ်ဆောင်လာနေသည့် ချန်မျိုးနွယ်စုဝင်တစ်ယောက်ကို ကြည့်လိုက်တော့သည်။
သူမသည် အသက်သုံးဆယ်စွန်းစွန်းရှိမည့်ပုံပေါ်ပြီး နှင်းပွင့်များပမာ ဖြူဆွတ်သည့် အသားအရေရှိကာ ရင့်ကျက်တည်ငြိမ်သောအလှပိုင်ရှင်လေး ဖြစ်သည်။ သို့သော် သူမသည် စိတ်ကိုမနည်းတည်ငြိမ်အောင်ထားနေရသည့်အလား ထိတ်လန့်နေဟန်တူသည်။ သူမ အပြင်သို့ရောက်လာသည်နှင့် ချန်ဟိုင်မှာ မထိန်းနိုင်တော့ပဲ သူမကို ခေါင်းအစခြေအဆုံး ထပ်ခါထပ်ခါကြည့်လိုက်မိတော့သည်။ ထို့နောက် ရုတ်တရက် အမှုဆောင်ချုပ်ပိုင်က ဤအမျိုးသမီးအား လိုချင်နေသည့် အကြောင်းအရင်းကို သူက နားလည်သွားတော့သည်။
ပိုင်ရှောင်ချန်းကမူ စိတ်ထဲတွင်သာ ဒေါသတကြီး ကျိန်ဆဲနေတော့သည်။ သူမသည် ချောမောလှပသည်မှာ မှန်သော်လည်း ထိုအချင်းအရာကို သူက ဂရုမစိုက်ပေ။ သူသည် အနေရခက်လွန်းနေသဖြင့် ချောင်းပင်ဟန့်လိုက်တော့သည်။
" အဟမ်း၊ စိတ်တော့မကောင်းပါဘူး "
သူက သူမကို ခတ်ပြတ်ပြတ် ပြောလိုက်သည်။ ထို့နောက် သူက နောက်သို့လှည့်ကာ ရှက်ရွံ့နေသည့်စိတ်ကြီးဖြင့် သူ၏နာမည်မှာ ယခုမှစ၍ ပျက်စီးတော့မည်ဟု တွေး၍ စိတ်ထဲတွင်ငိုကြွေးကာ ထွက်ခွာရန်ပြင်လိုက်တော့သည်။
ချန်ဟိုင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုကို မြင်နိုင်သည်။ ကျိုးရီရှင်းကမူ တံတွေးမျိုချကာ သူ့စိတ်သူ လျင်မြန်စွာ ပြန်ထိန်းလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှေ့သို့လှမ်းကာ သခင်မချန်ကို လမ်းပြရန် ပြင်လိုက်တော့သည်။
သခင်မချန်မှာ ဤကိစ္စအကြောင်းကို အသိပေးခံထားရပြီးဖြစ်သည်။ သူမသည် ဖြူဆုတ်နေသည့်မျက်နှာဖြင့် မျိုးနွယ်စုကို ဝေ့ဝိုက်ကြည့်ကာ အဆုံးတွင် နာကျည်းသည့်မျက်နှာအမူအရာဖြင့် ရပ်နေသော သူမ၏ခင်ပွန်းကို ကြည့်လိုက်တော့သည်။ သူမ၏ မျက်ဝန်းထဲတွင် အမုန်းတရားများစွာ တောက်လောင်နေသည်။ သူမသည် သူမ၏ခင်ပွန်းအကြောင်းကို ကောင်းကောင်းသိထားသဖြင့် အခြားမည်သူကမှ မရိပ်မိပါသော်လည်း သူမ၏ခင်ပွန်းမှာ ဟန်ဆောင်နေသည်ဖြစ်ကြောင်း ဖော်ပြနေသည့် သဲလွန်စများကို သူမက အတိုင်းသားမြင်နေရသည်။ ထို့ကြောင့် သူမသည် ခပ်ဖွဖွပြုံးကာ ချန်ဟိုင်နှင့် ကျိုးရီရှင်းတို့နောက်လိုက်ကာ မျိုးနွယ်စုအပြင်သို့ ထွက်သွားရန်ပြင်လိုက်တော့သည်။
သူမ၏ နှလုံးသားကင်းမဲ့သော အမူအရာကြောင့် မျိုးနွယ်စုထဲရှိ လူအများစုမှာ ဒေါသထွက်သွားကြပြီး ဤစော်ကားမှုကို တစ်သက်မမေ့ရန် ကတိသစ္စာဆိုလိုက်ကြတော့သည်။
ခဏအကြာတွင် ချန်မျိုးနွယ်စုထဲမှ ထောင်ပေါင်းများစွာသော ကျင့်ကြံသူတို့မှာ ထွက်ခွာသွားတော့သည်။ မျိုးနွယ်စုခေါင်းဆောင်ကမူ ဖြစ်ပျက်ခဲ့သမျှကိစ္စ အဝဝကိုကြည့်ကာ သူ့ကိုယ်သူအလွန်အမင်း ကျေနပ်နေတော့သည်။ သူ၏အသက်ဘေးကင်းစေရန် ဇနီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းမှာ သူ့အတွက်မူ မပြောပလောက်သည့် တန်ကြေးတစ်ခုပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းကမူ တင်းမာနေသည့် မျက်နှာထားဖြင့် အလွန်စိတ်ရှုတ်နေတော့သည်။ ထိုအချိန်တွင် ချန်ဟိုင်မှာ သခင်မချန်နှင့်အတူ သူ့ဆီသို့ ပြေးလာတော့သည်။
" အမှုဆောင်ချုပ်ပိုင်ရေ။ သခင်မ.....သခင်မချန်က အမှုဆောင်ချုပ်နဲ့ စကားပြောချင်လို့ပါတဲ့ "
ချန်ဟိုင်က သခင်မချန်ကို ထားခဲ့ပြီးနောက် ပိုင်ရှောင်ချန်း၏ ရဲတင်းသောလုပ်ရပ်အပေါ် လေးစားမှုများပြည့်နှက်နေသည့် နှလုံးသားဖြင့် ပြေးထွက်သွားပြီး တချိန်ထဲမှာပင် ထိုအမျိုးသမီးအတွက် စိတိမကောင်းဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းကမူ နောက်သို့လှည့်လိုက်သောအခါ တမူထူးခြားစွာ ချောမောလှပသည့် သခင်မချန်ကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ သူမ ၏အလိုဆန္ဒကို သူကမေးရန်ပြင်လိုက်စဥ်မှာပင် သခင်မချန်က စကားစပြောလိုက်တော့သည်။
" ကျွန်မကို ခါးသီးစရာကောင်းလွန်းတဲ့ ဘဝကြီးထဲကနေ ကယ်ထုတ်ခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်းရယ်။ ကျွန်မ တစ်ခုလောက်တောင်းဆိုပါရစေ။ ကျွန်မရဲ့ ဆန္ဒကို ဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် လူကြီးမင်း "
ပိုင်ရှောင်ချန်းမှာ အနည်းငယ်အံ့အားသင့်သွားရသော်လည်း သခင်မချန်မှာ ရိုးသားမှုအပြည့်ဖြင့်ပြောနေသည့် ပုံပေါ်နေသည့်အပြင် သူကိုယ်တိုင်လည်း အပြစ်ရှိသလို ခံစားနေရသည့်အတွက် ခေါင်းညိတ်လိုက်တော့သည်။
" ကောင်းပြီ။ ပြောကြည့်လေ။ ကျုပ် လုပ်ပေးနိုင်တယ်ဆိုရင် အကောင်းဆုံးလုပ်ပေးပါ့မယ် "
" လူကြီးမင်းရှင့်။ ချန်ရီရှန်းကို သတ်ပေးဖို့ ကျွန်မတောင်းဆိုပါတယ် "
ထိုစကားလုံးများမှာ သူမ၏ နှုတ်မှ တစ်လုံးချင်းစီ ထွက်လာသည်ဖြစ်ပြီး ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသည့်အလား ခံစားလိုက်ရလေသည်။ ချန်ရီရှန်းဆိုသူကား ချန်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ပင် ဖြစ်သည်။
" ဘာပြောတယ် "
ပိုင်ရှောင်ချန်းက မျက်လုံးပြူးကြီးများဖြင့် သခင်မချန်ကို တအံ့တသြကြည့်ကာ လွှတ်ကနဲ ပါးစပ်မှထွက်သွားတော့သည်။ သူစိတ်ကူးထားသည်နှင့် လုံးဝမတူညီသော ကိစ္စရပ်များ ဖြစ်နေပြီ မဟုတ်ပါလော။
" ချန်ရီရှန်းက သဘောထားသေးသိမ်ပြီး တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ လူတစ်ယောက်ပါ။ ပြီးတော့ သူက ရက်စက်ကြမ်းကြုတ်ပြီး အသက်ရှိနေသေးတဲ့ ကလေးငယ်တွေကိုသုံးပြီးတော့ မှော်ရတနာတစ်ခုကို ဖန်တီးခဲ့လို့ နတ်လူအပေါင်း ဒေါသထွက်ခဲ့ရတဲ့လူပါ။ သူ့ရဲ့ ရတနာကို ပိုပြီးကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ဖို့ ကျွန်မတို့နှစ်ယောက်ရဲ့ ကလေးတွေကိုတောင်မှ ရတနာပစ္စည်းရဲ့ အဓိက ဝိညာဥ်တွေအဖြစ် စတေးခဲ့ပါတယ်။ ကျွန်မမှာ သူ့ကိုတားဆီးဖို့ စွမ်းအားမရှိခဲ့လို့ အဲဒီဒေါသနဲ့ နာကျည်းပူဆွေးမှုတွေက ကျွန်မရဲ့ နှလုံးသားထဲမှာ အေးစက်အနည်ထိုင်နေရတာ အခုထိပါပဲရှင် "
" လူကြီးမင်း၊ ကျွန်မကို ဒီနေ့ တော်ကောက်တာက ကျွန်အတွက်တော့ ရည်မှန်းချက်တွေ ပြည့်ဝလာတဲ့ အတိုင်းပါပဲ။ လူကြီးမင်းကို ကျွန်မ မမုန်းပါဘူးရှင်။ ကျေးဇူးတောင် တင်ပါသေးတယ်။ လူကြီးမင်းရဲ့ ရာထူးက ကြီးမားတော့ လူကြီးမင်းမှာ အာဏာအများကြီးရှိမှာ အသေအချာပါပဲ။ ပြီးတော့ လူကြီးမင်းက ကျွန်မကို အဲဒီလောက်ကြီးစိတ်မဝင်စားဘူးဆိုတာလည်း ကျွန်မသိပါတယ်။ လူကြီးမင်းရဲ့ ဂုဏ်သတင်းကျော်စောမှုကိုလည်း အဲဒီလောက်အလေးမထားဘူးဆိုတာ ကျွန်မရိပ်မိပါတယ်။ လူကြီးမင်းမှာ လျှို့ဝှက်ထားရတဲ့ ဝမ်းနည်းမှုတွေ၊ ပန်းတိုင်တွေရှိနေမှာပါ။ ကျွန်မရဲ့တောင်းဆိုမှုကို ဖြည့်ပေးမယ်ဆိုရင် အနာဂတ်မှာ ဘာတွေဖြစ်ဖြစ်၊ လူကြီးမင်း ဘယ်လိုရာထူးအထိရောက်ရောက်၊ ဘယ်နေရာသွားသွား ကျွန်မ လူကြီးမင်းရဲ့ အမိန့်အားလုံးကို တွေဝေတုံ့ဆိုင်းမနေပဲ ထမ်းဆောင်ပေးပါ့မယ် "
သူမ၏ စကားသံမှာတိုးညင်းသော်လည်း ထိုစကားများထဲတွင် ပါဝင်နေသည့် အမြော်အမြင်ရှိမှုနှင့် ပြတ်သားမှုများတွင် အံ့သြဖွယ်ကောင်းသည့် စွမ်းအားများ ကိန်းအောင်းနေသည်။ ပိုင်ရှောင်ချန်းမှာ စိတ်နှလုံးလှုပ်ရှားသွားပြီး သူမကို သေသေချာချာ အကဲခတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ စိတ်နှလုံးထဲတွင် အသေ င်္ချကလေးသွေးတံခွန်နှင့် ပတ်သတ်သည့်ကိစ္စကြောင့် မျိုးနွယ်စုခေါင်းဆောင်မှာ ဤကောင်းကင်နှင့် ကမ္ဘာမြေပေါ်တွင် နေထိုင်ရန် မထိုက်တန်သည့် လူတစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။ ထို့နောက် သူက ထိုလူသည် သားရိုင်းများပင်မလုပ်သည့် ကိစ္စရပ်ဖြစ်သော မိမိ၏ကိုယ်ပိုင်ကလေးငယ်များကိုပါ စတေးခဲ့သည်ကို ကြားလိုက်ရသည်။ ထိုအချင်းအရာကြောင့် မျိုးနွယ်စုခေါင်းဆောင်မှာ တိရစ္ဆာန်မျှပင် အဆင့်မရှိတော့ပေ။ ပိုင်ရှောင်ချန်းမှာ အနည်းငယ်တွေးတောလိုက်ပြီး ချန်ဟိုင်ဆီသို့ သတင်းပို့လိုက်တော့သည်။
ချန်ဟိုင်မှာ ထိုသတင်းကြောင့် အံ့အားသင့်သွားရပြီး ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်တော့သည်။ ထို့နောက် သူက နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားလေသည်။ သူပြန်ရောက်လာသောအခါတွင်မူ...သူ၏လက်ထဲတွင် မျိုးနွယ်စုခေါင်းဆောင်၏ ဦးခေါင်းကိုပါ ယူဆောင်လာသည်။
မျိုးနွယ်စုခေါင်းဆောင်၏ မျက်ဝန်းများမှာ မယုံကြည်နိုင်မှုများနှင့် ဖီဆန်မှုများ ပြည့်နှက်နေသည်။ သူသေဆုံးသွားသည့်အချိန်မှာပင် အဘယ့်ကြောင့် ပိုင်ရှောင်ချန်းမှာ သူ့ကိုသတ်ရဲသည်အထိ ရဲတင်းနေမှန်း မသိနိုင်လောက်အောင် ဖြစ်နေရသည်။
သခင်မချန်မှာ မျိုးနွယ်စုခေါင်းဆောင်၏ ဦးခေါင်းကို မြင်သောအခါ သူမ၏ စိတ်နှလုံးထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်သွားတော့သည်။ ထို့နောက်သူမသည် အသက်ကိုမနည်းထိန်းရှူကာ ခါးအထိဦးညွှတ်၍ ပိုင်ရှောင်ချန်းကို အရိုအသေပေးလိုက်တော့သည်။