အခန်း (၁၅၃၄-၁၅၃၆)
Vol. 103 Ch. 1534-1536
အခန်း(၁၅၃၄)
"ဝုန်း.."
ဒုတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော ဥပဒေသ ၇မျိုးသည် ကျန်းချန်ကို ဝိုင်းရံကာ ရောင်စုံအလင်းတန်းများ အဖြစ် ပြောင်းလဲသွားခဲ့ပြီး အလွန်တရာ တောက်ပနေခဲ့သည်။
"ဥပဒေသများကို လက်နက်အဖြစ် ပေါင်းစည်းခြင်း"
ကျန်းချန်က လက်နက်အဖြစ် ပေါင်းစည်းရန်အတွက် ဥပဒေသများကို အသုံးပြုလိုက်ရာ ဒုတိယအဆင့်ကို ရောက်နှင့်နေပြီးသော ဥပဒေသ၇မျိုးသည် လျင်မြန်စွာ လည်ပတ်ပြီးနောက်တွင် ကြုံ့ဝင်သွားခဲ့ပြီး ကျန်းချန်၏ လက်ဖဝါးပေါ်တွင် ဟန်ယွမ်ဓားတစ်လက် အဖြစ် ပေါင်းစည်းသွားခဲ့သည်။
ကျန်းချန်က ဟန်ယွမ်ဓားကို ကိုင်စွဲ၍ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ သက်တန့်ရောင် ဓားအလင်းသည် ထွက်ပေါ်လာခဲ့၏။
"ဝှစ်.."
ထိုဓားချက်သည် အချိန်နှင့် နေရာလွတ်ကိုပင် တစ်ခဏအတွင်း ကျော်လွန်သွားခဲ့သည်။
ပိုင်လီကျန့်၏ ကမ္ဘာဖျက်ဓားသည် သက်တန့်ရောင်ဓားအလင်းအောက်တွင် မည်သည့် သတိပေးချက်မှ မရှိဘဲ လုံးဝပျက်စီးသွားခဲ့၏။
သက်တန့်ရောင်ဓားအလင်းသည် ကမ္ဘာဖျက်ဓားကို ပျက်စီးသွားစေခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် မီတာ ၁၀၀၀ခန့်အကွာအဝေးကို ဖြတ်ကျော်ကာ ပိုင်လီကျန့်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပိုင်လီကျန့်၏ ခန္ဓာကိုယ်ကို အကာအကွယ် ပေးထားသော နတ်စွမ်းအားသည် လျင်မြန်စွာပုံပျက်သွားခဲ့ပြီး ပေါက်ကွဲထွက်သွားခဲ့၏။
"ဖူး.."
ပိုင်လီကျန့်၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများ အန်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လက်ကောက်ပေါ်မှ အနီရောင်အလင်းတန်း တစ်ခုသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး သက်တန့်ရောင်ဓားအလင်း၏ တိုက်ခိုက်မှုကို တွန်းလှန်လိုက်ကာ ပိုင်လီကျန့်၏ ခန္ဓာကိုယ်ကို လျင်မြန်စွာပင် ပျောက်ကွယ်သွားစေခဲ့သည်။
လေထုထဲတွင် ပိုင်လီကျန့်၏ မယုံကြည်နိုင်သော ရေရွတ်သံသာလျှင် ကျန်ရှိနေခဲ့ပြီး ထိုအသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
"မဖြစ်နိုင်ဘူး.. ငါပိုင်လီကျန့်က မြေကမ္ဘာနဂါးမြို့တော်ရဲ့ဘုရင်သုံးပါးထဲက တစ်ပါးပဲ.. ပြိုင်ဘက်ကင်း အခြေအနေနဲ့ ကောင်းကင်နဂါးမြို့တော်ကို တက်လှမ်းဖို့ ကံကြမ္မာပါတဲ့ ငါက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ"
ပိုင်လီကျန့် ပျောက်ကွယ်သွားသည့် နေရာကိုကြည့်ရင်း ပြိုင်ပွဲဝင် အများအပြားသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင် ဖြစ်နေခဲ့ပြီး အချိန်အတော်ကြာသည်အထိ တုန်လှုပ်မှုကနေ ပြန်လည် မသက်သာလာခဲ့ကြပေ။
မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်သုံးပါးထဲမှ ဓားဘုရင်ပိုင်လီကျန့်သည် ဤမျှလောက်အထိပင် ရှုံးနိမ့်သွားခဲ့ရသည်။
သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးသည် ဥပဒေသ၇မျိုး စွမ်းအားဖြင့် ဓားဘုရင် ပိုင်လီကျန့်ကို ဘာမှမဟုတ်သကဲ့သို့ပင် လွယ်လွယ်ကူကူ အနိုင်ယူခဲ့၏။
ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
လူတိုင်းသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြ၏။
မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် သုံးပါးသည် နောက်ဆုံးအကြိမ်က ကျင်းပခဲ့သော ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စစ်ဆေးပွဲတွင် နာမည်ကျော်ကြားခဲ့သည့် ထူးချွန်ထက်မြက်သော ပါရမီရှင်လူငယ်များ ဖြစ်ကြသည်။
ယခုအခါတွင် သူတို့သည် မြေကမ္ဘာနဂါးမြို့တော်တွင် ၁၀နှစ်ကြာ ထပ်မံ ကြိုးစားခဲ့ပြီ ဖြစ်ရာ သူတို့၏ ခွန်အားသည် အတိုင်းအဆ မရှိသောအဆင့်သို့ ရောက်ရှိနေခဲ့ပြီး ပြိုင်ပွဲဝင်များစွာထက်ပင် အဆများစွာ ကျော်လွန်နေကာ ပြိုင်ဘက်ကင်း အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
ဓားဘုရင် ပိုင်လီကျန့်သည် ဓားပညာရပ်တွင် အထူးတလည်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။
ဘုရင်အဆင့် ပါရမီရှင်သုံးပါးထဲမှ ယန်ယွိနှင့် ယုချိုးရွှေတို့ပင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း သူတို့ရှေ့မှ အနက်ရောင် ဝတ်စုံဝတ်လူငယ်လေးကမူ ပိုင်လီကျန့်ကိုမူ လွယ်လွယ်ကူကူပင် အနိုင်ယူလိုက်၏။
ယင်းအချက်ကပင် ထိုလူငယ်လေး၏ ခွန်အားသည် ဘုရင်အဆင့် ပါရမီရှင် သုံးပါးထက် များစွာ သာလွန်နေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ထိုသို့ စဥ်းစားမိလျှင် ကျင့်ကြံသူ များစွာသည် အသက်ရှူမှားမတတ်ပင် ဖြစ်သွားခဲ့ကြသည်။
ဘုရင်အဆင့် ပါရမီရှင်သုံးပါးထက် သာလွန်သော လူငယ်လေးတစ်ယောက်။
ဤမြေကမ္ဘာနဂါးမြို့တော်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက်သည် မည်သည့်အချိန်က ပေါ်ပေါက်လာခဲ့ပါသနည်း။
"နိုင်သွားတာလား.. ကျန်းချန် တကယ်ပဲ အနိုင်ရသွားတာလား"
ရီကျီယွင်က မျက်လုံးများ ပြုးကျယ်နေခဲ့ပြီး သူမ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လုနီးပါး ဖြစ်နေခဲ့၏။
"ဟုတ်တယ် ကျန်းချန် အနိင်ရသွားပြီ"
ရီချင်းယင်က ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။
ကျန်းချန်၏ ခွန်အားက ဤမျှလောက်အထိ အားကောင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ကျန်းချန်က နယ်မြေနတ်ဘုရား အဆင့် နည်းစနစ် ဖြစ်သည့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လေ့ကျင့်ထားသည့်အပြင် ဥပဒေသ ၇မျိုးကိုလည်း ဒုတိယအဆင့်အထိ နားလည်ထားခဲ့၏။
ပိုင်လီကျန့်လို ဓားပညာရပ်တွင် အစွမ်းထက်သော ကျင့်ကြံသူပင် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် ချက်ချင်းဆိုသလို အရှုံးပေးခဲ့ရသည်။
"ဝုန်း.."
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်နေကြစဥ်မှာပင် ကောင်းကင်နဂါး စာရင်းသည် ထပ်မံ၍ အသစ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ အဆင့်သည် အဆင့်(၁၀)နေရာကနေ တစ်ဖန်မြင့်တက်သွားခဲ့ပြီး အဆုံးသတ်တွင် ပထမနေရာသို့ တိုက်ရိုက် ခုန်တက်ကာ ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
"ပထမနေရာ - ကျန်းချန်(၁၁၆၄)မှတ်"
"ဒုတိယနေရာ - ယန်ယွိ(၈၂၆)မှတ်"
မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် သုံးပါးထဲမှ တစ်ပါးဖြစ်သည့် ပိုင်လီကျန့်သည် ကောင်းကင်နဂါးစာရင်းတွင် အမြဲတစေ ထိပ်ဆုံး သုံးနေရာတွင် ရှိနေခဲ့သည်။
ကျန်းချန်က ပိုင်လီကျန့်ကို အနိုင်ယူလိုက်ရာ ပိုင်လီကျန့် စုဆောင်းထားသော ရမှတ် ၆၀၀ အားလုံးကို တိုက်ရိုက်ပင် သိမ်းပိုက်နိုင်ခဲ့ပြီး ပထမနေရာရှိ ယန်ယွိကို အမှတ်ပေါင်း ၃၀၀ ကျော်ဖြတ်ကာ တစ်ပြိုင်နက် ကျော်တက်သွားခဲ့သည်။
ကောင်းကင်နဂါးစာရင်း၏ အဆင့် ရုတ်တရက် ပြောင်းလဲသွားမှုသည် နေရာလွတ်နယ်မြေရှိ ကျင့်ကြံသူများကို သာမက မြေကမ္ဘာနဂါး မြို့တော်တွင် ကောင်းကင်နဂါးစာရင်းကို ကြည့်ရှုနေကြသည့် ကျင့်ကြံသူ အများအပြားကိုပါ တုန်လှုပ်သွားစေခဲ့သည်။
လူတိုင်းသည် စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသော ကျန်းချန်ဟူသော အမည်ကို တွေတွေကြီး စိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် အမြင်မှားနေသလားဟု သံသယဝင်နေကြ၏။
"လခွမ်း ဒီကျန်းချန်ဆိုတဲ့ကောင်က ဘယ်သူလဲ.. ဒီကောင်က ဘုရင်သုံးပါးကိုတောင် ကျော်တက်ပြီး ကောင်းကင်နဂါးစာရင်းရဲ့ ထိပ်ဆုံးကို ရောက်ရှိသွားတယ်လား"
"ကြည့်စမ်း.. တတိယအဆင့်မှာရှိတဲ့ ဓားဘုရင် ပိုင်လီကျန့်က စာရင်းထဲကနေ ပျောက်ကွယ်သွားခဲ့ပြီ.. ကျန်းချန်က သူ့ကိုအနိုင်ယူလိုက်တာ ဖြစ်နိုင်ခြေ အများဆုံးပဲလို့ ငါထင်တယ်"
"ဓားဘုရင်ပိုင်လီကျန့်က ကျန်းချန်ရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတယ်လား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"............."
လူတိုင်းက ကောင်းကင်နဂါးစာရင်းပေါ်ရှိ ထူးဆန်းသော အပြောင်းအလဲကို ငေးကြည့်နေကြ၏။
သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဘုရင်အဆင့် ပါရမီရှင်သုံးပါးသည် မြေကမ္ဘာနဂါးမြို့တော်တွင် အမြင့်ဆုံးနေရာ၌ ရှိပြီး အခြားသော အစစ်အမှန် နဂါးအဆင့်ပါရမီရှင် လူငယ်များပင်လျှင် ထိုသုံးဦးကို ယှဥ်နိုင်ခြင်း မရှိပေ။
ကျန်းချန် ဆိုသောလူငယ်လေးသည် နာမည်မရှိသော လူတစ်ဦးမျှသာ ဖြစ်ရာ ဓားဘုရင် ပိုင်လီကျန့်ကို အနိုင်ယူလောက်သည် အထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မည်ကဲ့သို့ ရရှိခဲ့ပါသနည်း။
နေရာလွတ်နယ်မြေ အတွင်းရှိ အနီရောင် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော မီးတောင် ဧရိယာတွင် မီးဘုရင် ယန်ယွိသည် မီးလျှံစစ်နတ်ဘုရား တစ်ပါး ကဲ့သို့ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ ရာချီကို တိုက်ခိုက်နေခဲ့သည်။
မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်သုံးပါးတွင် နံပါတ်(၁) နေရာ၌ ရှိသည့် ယန်ယွိ၏ တစ်ခုတည်းသော ပန်းတိုင်မှာ ကောင်းကင်နဂါးစာရင်းတွင် ထိပ်ဆုံးနေရာ၌ ရှိနေရန် ဖြစ်သည်။
ထို့ကြောင့် နေရာလွတ်နယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် ယန်ယွိသည် သူ၏စွမ်းအားကို အစွမ်းကုန် အသုံးပြုကာ ရမှတ်များအား အပြင်းအထန် စုဆောင်းခဲ့၏။
နာရီအနည်းငယ် အတွင်းမှာပင် သူ၏ အဆင့်သည် ကောင်းကင်နဂါးစာရင်းတွင် ပထမနေရာ၌ မြဲမြံစွာ ရပ်တည် နိုင်ခဲ့သည်။
သူက ပင်ပန်းကြီးစွာ ကြိုးစားပြီးနောက် ဘုရင်အဆင့် ပါရမီရှင် သုံးပါးထဲမှ ပိုင်လီကျန့်နှင့် ယုချိုးရွှေ တို့ကို အမှတ်ပေါင်း ၁၀၀ကျော် အထိ ကွာဟအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ဤကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် သူ့ကိုအနည်းငယ် ခြိမ်းခြောက်နိုင်သူများမှာ ပိုင်လီကျန့်နှင့် ယုချိုးရွှေ တို့ပင် ဖြစ်၏။
ယခုအခါ ထိုနှစ်ဦးစလုံးသည် သူ၏ နောက်တွင် အမှတ် ၁၀၀ ကျော် ပြတ်ကျန်ရစ်ခဲ့ပြီ ဖြစ်ရာ ဤတစ်ကြိမ် ကောင်းကင်နဂါးစမ်းသပ်ပွဲ၏ ပထမနေရာသည် သူ၏ လက်ထဲတွင် ရှိနေပြီ မဟုတ်ပါလား။
"ဝုန်း.."
ယန်ယွိက သူ့ကိုယ်သူ ကောင်းကင်နဂါးစာရင်း၏ နံပါတ်(၁) ဟု တွေးနေစဥ်မှာပင် ကောင်းကင်နဂါးစာရင်းသည် အသစ်ထပ်မံ၍ ပြန်လည် ထွက်ပေါ်လာမည့် အချိန်ကို ရောက်ရှိလာခဲ့သည်။
"ငါ့ရဲ့ရမှတ်က အရင်ထက် ပိုများလာတာဆိုတော့ ဒုတိယနေရာကို အမှတ် ပိုဖြတ်နိုင်တော့မယ် ထင်တယ်"
ယန်ယွိသည် ကောင်းကင်ပေါ်မှ ပေါ်ထွက်လာသည့် ကောင်းကင်နဂါး အဆင့်စာရင်းကို မော့ကြည့်လိုက်သည်။
သူ၏ မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့၏။
သို့သော်လည်း အသစ် ပြန်လည် ထုတ်ပြန်လိုက်သည့် ကောင်းကင်နဂါးစာရင်းကို တွေ့လျှင် သူ၏ မျက်နှာပေါ်မှအပြုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
"ပထမနေရာ - ကျန်းချန်(၁၁၆၄)မှတ်"
"ဒုတိယနေရာ - ယန်ယွိ(၈၂၆)မှတ်"
သူ၏ ကောင်းကင်နဂါး စာရင်းမှ ထိပ်ဆုံးနေရာသည် အမှတ်ပေါင်း ၃၀၀ ကျော်ဖြင့် ကျော်တက်ခံလိုက်ရသည်။
ယန်ယွိကို အံ့အားသင့်စေသော အချက်မှာ သူ့ကို ကျော်တက်သွားသည်မှာ ပိုင်လီကျန့်နှင့် ယုချိုးရွှေတို့ မဟုတ်ဘဲ သူတစ်ခါမှ မကြားဖူးခဲ့သည့် နာမည်တစ်ခု ဖြစ်နေခြင်းပင်။
"မဖြစ်နိုင်ဘူး.. ဒါ လုံးဝမဖြစ်နိုင်ဘူး"
ယန်ယွိသည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
သူက ဤတစ်ကြိမ် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် အစွမ်းအထက်ဆုံး ဘုရင်အဆင့် ပါရမီရှင် ဖြစ်၍ ကောင်းကင်နဂါး စာရင်း၏ ပထမနေရာကို သူ၏ အပိုင်ဟုသာ သတ်မှတ်ထားခဲ့သည်။
ကျန်းချန် အမည်ရှိ ကောင်လေးသည် တစ်နာရီအတွင်း သူ့ထက် ရမှတ်ပေါင်း ၃၀၀ ကျော်ကို မည်ကဲ့သို့ ရနိုင်ခဲ့ပါသနည်း။
ဤအချိန်တွင် ယန်ယွိသည် ရူးသွပ်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။
ကျန်းချန် ဟူသော လူငယ်သည် ပထမ နေရာကို မည်ကဲ့သို့ ရောက်ရှိသွားခဲ့ပါသနည်း။
အခန်း(၁၅၃၄)ပြီး၏။
အခန်း(၁၅၃၅)
"ကြည့်စမ်း ယန်ယွိရဲ့ ကောင်းကင်နဂါးစာရင်း ထိပ်ဆုံးနေရာကို တစ်ယောက်ယောက်က အစားထိုးလိုက်ပြီဟ.. ဒီကျန်းချန်ဆိုတဲ့ကောင်က ဘယ်သူလဲ.. ယန်ယွိကိုတောင် ကျော်တက်နိုင်တယ်ဆိုတော့ သောက်ရမ်းကြမ်းတာပဲ"
"ငါ့ရဲ့ သူငယ်ချင်းဆီကနေ သတင်းရထားသလောက် ပြောရရင် ကျန်းချန်က ဘုရင်အဆင့် ပါရမီရှင် သုံးပါးထဲက ဓားဘုရင် ပိုင်လီကျန့်ကို အနိုင်ယူလိုက်တာကြောင့် တစ်ချက်တည်းနဲ့ ထိပ်ဆုံးကို ရောက်ရှိသွားတာတဲ့.. မြေကမ္ဘာနဂါးမြို့တော်မှာ ဒီလိုမျိုး ပါရမီရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"
"........."
မီးတောက်ဧရိယာတွင် ကျင့်ကြံသူ အများအပြားသည် ပြောဆို ဆွေးနွေးနေခဲ့ကြသည်။
"ကျန်းချန်ဆိုတဲ့ ကောင်လေးက ဓားဘုရင် ပိုင်လီကျန့်ကို ဘယ်လိုများ အနိုင်ယူလိုက်တာလဲ"
ပတ်ဝန်းကျင်မှ မှတ်ချက်များကိုကြားလျှင် ယန်ယွိ၏ မျက်ဝန်းတွင် မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူနှင့် ပိုင်လီကျန့်သည် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် သုံးပါးထဲမှ ဖြစ်ပြီး လွန်ခဲ့သည့် ၁၀နှစ်အတွင်း တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခဲ့ဖူးသည်။
ထို့ကြောင့် ယန်ယွိသည် ပိုင်လီကျန့်၏ ခွန်အားကို သဘာဝကျစွာပင် ကောင်းစွာ သိရှိနေခဲ့သည်။
သူကိုယ်တိုင်ပင်လျှင် ပိုင်လီကျန့်ကို အနိုင်ယူရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
သူ၏ အထင်အရ ကျန်းချန် ဆိုသော ကောင်လေးသည် အစစ်အမှန် နဂါးအဆင့် ပါရမီရှင် တစ်ယောက်ပင် မဟုတ်သေးပေ။
ဤကဲ့သို့သောလူတွင် ပိုင်လီကျန့်ကို အနိုင်ယူနိုင်သည့် ခွန်အား မည်ကဲ့သို့ ရှိနေရပါသနည်း။
"ကျန်းချန်.. မင်းက ကောင်းကင်နဂါးစာရင်းရဲ့ ထိပ်ဆုံးနေရာကိုရယူဖို့ အရည်အချင်း တကယ်ရှိမရှိ ကြည့်ရသေးတာပေါ့"
ယန်ယွိ၏ မျက်လုံးတွင် မှော်ဆန်သော အနီရောင်အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။
လွန်ခဲ့သော ၁၀နှစ်ခန့်ကပင် ယန်ယွိသည် မြေကမ္ဘာနဂါးမြို့တော်တွင် နာမည်ကျော်ကြားသည့် အစစ်အမှန် နဂါးအဆင့်ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။
နောက်ဆုံးအကြိမ်က ကျင်းပသော ကောင်းကင် နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲတွင် ယန်ယွိသည် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးဆယ်နေရာတွင် ပါဝင်ခဲ့ပြီး ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းရန် အခွင့်အရေးကို ရရှိခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် နောက်ဆုံး၂ရက်တွင် သူ့ကို မကျေနပ်သော ဘုရင်အဆင့် ပါရမီရှင် တစ်ပါးနှင့် တွေ့ဆုံခဲ့ပြီး အနိုင်ယူခံလိုက်ရ၏။
သို့သော်လည်း ထိုကျန်ရှိသော နောက်ဆုံး၂ရက် အတွင်း ယန်ယွိသည် ထိပ်ဆုံး၁၀၀ စာရင်းထဲသို့ ရောက်ရှိပြီး ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ရန် အရည်အချင်းများ အပြည့်ရှိသော်လည်း သူသည် မြေကမ္ဘာနဂါးမြို့တော်တွင်သာ ဆက်လက် နေထိုင်ရန် ရွေးချယ်ခဲ့ပြီး နောက်ထပ် ကျင်းပမည့် ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စစ်ဆေးပွဲမှသာ ဝင်နွှဲရန် ဆုံးဖြတ်ခဲ့သည်။
၁၀နှစ်ကြာ စောင့်ဆိုင်းပြီးနောက်တွင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲတွင် ယန်ယွိ၏ တစ်ခုတည်းသောပန်းတိုင်မှာ ကောင်းကင်နဂါးစာရင်း၏ ပထမနေရာကို ရရှိရန် ဖြစ်၏။
ယခု သူ့အပိုင်ဟု ယူဆထားသော ပထမနေရာကို ကျန်းချန်က လုယူသွားသည် ဖြစ်ရာ ယန်ယွိ အနေဖြင့် မည်မျှအထိ ဒေါသထွက်နေသည်ကို ပြောနေစရာပင် မလိုတော့ပေ။
သူ့အနေဖြင့် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလိုလျှင် အကောင်းဆုံးသော နည်းလမ်းမှာ ကျန်းချန်ကို အနိုင်ယူရန်ပင် ဖြစ်၏။
ကျန်းချန်ကို အနိုင်ယူပြီး ကျန်းချန်၏ အမှတ်ပေါင်း ၁၀၀၀ ကျော်ကို လုယူလိုက်သည်နှင့် ကောင်းကင်နဂါးမြို့တော်စာရင်းတွင် သူ၏ ထိပ်ဆုံးနေရာကို မည်သူမှ ထပ်မံ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
ထိုအချက်ကို စဥ်းစားမိသည်နှင့် ယန်ယွိသည် တုံ့ဆိုင်းမနေဘဲ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို လျစ်လျူရှုလိုက်သည်။
သူ၏ ခန္ဓာကိုယ်က မီးအလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အနောက်မြောက်ဘက်ရှိ ဓားပုံသဏ္ဌာန်တောင် ဆီသို့ လျင်မြန်စွာပင် ဦးတည်သွားခဲ့သည်။
-----------------
နေရာလွတ်နယ်မြေ၏ အထက် ကောင်းကင်ယံတွင် အကြီးအကဲ သုံးဦးသည် ကောင်းကင်နဂါးစစ်ဆေးပွဲကိုကြီးကြပ်ရန်အတွက် ဘေးချင်းယှဥ်လျက် ရပ်နေခဲ့ကြသည်။
အလယ်တွင် ရပ်နေသူမှာ နန်းဝတ်နန်းစားကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်၏။
သူမ၏ အကြည့်က လေထုကိုပင် ထွင်းဖောက်မြင်နိုင်သကဲ့သို့ ပင်။
ထိုအမျိုးသမီး၏ နံဘေးတွင် မီးလျှံသင်္ကေတများဖြင့် ပြည့်နှက်နေသော အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးနှင့် နူးညံ့သော အသားအရည်ရှိသည့် ရှေးဟောင်း ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေခဲ့၏။
"အကြီးအကဲဖန်း ခေါ်လာတဲ့ ကောင်လေးက တကယ်ကိုအံ့မခန်းပဲ"
ဧကရီတစ်ပါး ကဲ့သို့ နန်းဝတ်နန်းစားကို ဝတ်ဆင်ထားသည့်အမျိုးသမီးသည် နေရာလွတ်နယ်မြေရှိ အခြေအနေကို ကြည့်လိုက်ပြီးနောက်တွင် သူမ၏ လှပသော မျက်ဝန်းလေးထဲ၌ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"သူ့ရဲ့နတ်ခန္ဓာပုံရိပ်က အနည်းဆုံး အင်ပါယာအဆင့်မှာ ရှိလောက်တယ်.. သူက ပြီးပြည့်စုံမှုမရှိတဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကိုလည်း အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခဲ့တယ်.. ဒါ့အပြင် ဥပဒေသ ၇မျိုးကိုလည်း ဒုတိယအဆင့်အထိ နားလည်ထားခဲ့တယ်.. ကောင်းကင်နဂါးမြို့မှာတောင် ဒီကောင်လေးရဲ့ ပါရမီကို ယှဥ်နိုင်တဲ့သူက အနည်းငယ်လောက်ပဲ ရှိလိမ့်မယ် ထင်တယ်"
ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အံ့အားသင့်နေခဲ့၏။
လွန်ခဲ့သော ၁နှစ်ကျော်လောက်က ဖန်းချင်းယွမ်နှင့် ကျန်းချန်တို့ မြေကမ္ဘာနဂါးမြို့တော်သို့ ရောက်ရှိလာသည်ကို သူကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ခဲ့ရသည်။
ထိုအချိန်ကတည်းကပင် ကျန်းချန်၏ ထူးခြားမှုကို ခံစားနိုင်ခဲ့သော်လည်း ဤမျှတိုတောင်းသော အချိန်အတွင်း ဤအဆင့်အထိ ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"သူက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကိုတောင် အောင်အောင်မြင်မြင် လေ့ကျင့်နိုင်တယ်ဆိုတော့ သူ့ရဲ့ တိုက်ခိုက်ရေးပညာရပ်အပေါ် နားလည်မှုက အတော်လေး အားကောင်းတယ်လို့ ပြောရမယ်.. ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းကတော့ နှေးနေသလိုပဲ"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီး ယန်ချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
"ယန်ချန်... ကျန်းချန်က မြေကမ္ဘာနဂါးမြို့တော်ကို ဝင်လာစဥ်က နတ်စွမ်းအားကို မွေးမြူထားတဲ့ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ပဲ ရှိသေးတယ်.. သူက ၁နှစ်ကျော်အချိန်အတွင်းမှာ အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်း အဆင့်ကို ထိုးဖောက်နိုင်ခဲ့တယ်.. ဒီကျင့်ကြံမှု အရှိန်အဟုန်က နှေးသေးတယ် ဆိုရင် မြန်တယ်ဆိုတာက ဘာကိုပြောတာလဲ"
"သူက ကျင့်ကြံခြင်းနည်းစနစ်ကို ထိုးထွင်းသိမြင်ရာမှာ အရမ်းကို ထူးချွန်တယ်... မပြည့်စုံတဲ့ နည်းစနစ်ကိုတောင် အောင်မြင်အောင် လေ့ကျင့်နိုင်တယ် ဆိုတော့ နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်ကိုလည်း လေ့ကျင့်နိုင်လိမ့်မယ်လို့ ငါထင်တယ်"
ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက အနီရောင်ဝတ်စုံဝတ် အမျိုးသမီးကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ပြီး စကားထပ်မပြောတော့ပေ။
သူမ၏ စိတ်ထဲတွင်မူ ကျန်းချန် ဟူသော ကောင်လေးက အတော်လေး အရည်အချင်းရှိသည်ဟု သူမ ဝန်ခံခဲ့သည်။
သို့သော်လည်း သူတို့အဖွဲ့သည် အစကတည်းကပင် ဖန်းချင်းယွမ်နှင့် ရန်ငြိုးများစွာ ရှိခဲ့ရာ သူမသည် ဖန်းချင်းယွမ် ထောက်ခံထားသော ကျန်းချန် ဟူသည့် လူတော်လေးအား သဘာဝအတိုင်းပင် မကျေမနပ် ဖြစ်နေခဲ့၏။
"တော်ပြီ မင်းတို့တွေ ငြင်းခုံမနေကြနဲ့တော့.. ယန်ချန် နင့်မိသားစုထဲက ကောင်လေးက ကျန်းချန်ကို ဒုက္ခပေးဖို့ သွားတော့မဲ့ပုံပဲ"
နေရာလွတ်နယ်မြေရှိ အခြေအနေကို ကြည့်ရင်း နန်းဝတ်နန်းစားကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးက ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက ထိတ်လန့်သွားခဲ့ပြီး ရုတ်တရက် နေရာလွတ်နယ်မြေ ဆီသို့ ကြည့်လိုက်ရာ ယန်ယွိသည် ကျန်းချန်ရှိသော ဓားပုံသဏ္ဌာန်တောင်တန်း ဆီသို့ ဦးတည်နေသည်ကို တွေ့လိုက်ရ၏။
"ဒီကောင်လေး ဘာတွေလုပ်နေတာလဲ"
အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်နှင့် ပိုင်လီကျန့်တို့၏ တိုက်ပွဲကို သူမသည် အပေါ်စီးကနေ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရ၏။
တိုက်ခိုက်ရေးစွမ်းရည်အရ ကျန်းချန်သည် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် သုံးပါးထက် လုံးဝကိုသာလွန်နေခဲ့သည်။
ယန်ယွိသည် ကျန်းချန်ကို အမှန်တကယ် ဒုက္ခသွားပေးလျှင် မည်သည့် အကျိုးအမြတ်မှ ရမည် မဟုတ်သည်မှာ သေချာသလောက်ပင်။
လွန်ခဲ့သည့် ၁၀နှစ် အကြာကလည်း ထိုကောင်လေးသည် ပေါ့ဆသော လုပ်ရပ်တစ်ခုကြောင့် ထိပ်ဆုံး၁၀ နေရာကနေ ထွက်ခွာခဲ့ရသည်။
ယခုတစ်ခါတွင်လည်း ရမှတ်များကို ရရှိနေသရွေ့ ပထမနေရာကို မရရှိနိုင်ခဲ့လျှင်ပင် ဒုတိယနေရာကို ထိန်းထားရန် ပြဿနာမရှိသင့်ပေ။
အဘယ်ကြောင့် မိုက်လုံးကြီးပြီး ကျန်းချန်နှင့် သွားတိုက်ရန် စဥ်းစားမိခဲ့ပါသနည်း။
အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ မျက်နှာသည် အတော်လေး မကြည်မလင် ဖြစ်နေခဲ့၏။
သူမက ယန်ယွိအတွက် အလွန်တရာပင် စိတ်ပူနေခဲ့သည်။
နေရာလွတ်နယ်မြေ၏ ဓားပုံသဏ္ဌာန် တောင်တန်း ဧရိယာတွင် ကျန်းချန်သည် ပိုင်လီကျန့်ကို အနိုင်ယူပြီးနောက်၌ ရာနှင့်ချီသော ကျင့်ကြံသူများသည် အရှုံးပေးကာ ထွက်ပြေးသွားခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် ကျန်းချန်နှင့် ရီချင်းယင်တို့ ညီအစ်မနှစ်ဦးမှ လွဲ၍ ဓားပုံသဏ္ဌာန်တောင်၌ မည်သူ့ကိုမှ မတွေ့ရတော့ပေ။
"ကျန်းချန်.. ဒီဓားပုံသဏ္ဌာန်တောင်တန်းမှာ ပြိုင်ပွဲဝင်တွေ သိပ်မရှိတော့ဘူး.. ရှင် နောက်ထပ် ဘယ်နေရာကို သွားဦးမှာလား"
ရီချင်းယင်က ကျန်းချန်ကို အားကိုးရန် ရည်ရွယ်ထားသည်မှာ သိသာနေ၏။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည် ဘုရင်အဆင့် ပါရမီရှင် ဖြစ်သည့် ပိုင်လီကျန့်ကိုပင် အနိုင်ယူနိုင်သော ကြောက်မက်ဖွယ် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ကျန်းချန်၏ နောက်ကို လိုက်လျှင် သူတို့အတွက် မည်သည့် အန္တရာယ်မှ မရှိသလောက်ပင် မဟုတ်ပါလား။
သူတို့၏ လက်ရှိ ရမှတ် ရယူမှု အခြေအနေကို ထိန်းထားနိုင်သရွေ့သူတို့သည် ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို အောင်မြင်ရန်မှာ လွယ်ကူသောကိစ္စပင် ဖြစ်၏။
"မလောပါနဲ့.. ဒါက ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှုရဲ့ ပထမဆုံးနေ့ပဲ ရှိပါသေးတယ်.. ငါ ဒီဓားပုံသဏ္ဌာန်တောင်မှာ အဆုံးမဲ့ ဓားဥပဒေသကို ဆင်ခြင်ဖို့ စဥ်းစားထားတယ်.. ကျင့်ကြံသူတွေ ရမှတ်ကို ပိုမို စုဆောင်းပြီးမှပဲ သူတို့ကို လုယက်ကြတာပေါ့"
ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။
"........."
ကျန်းချန်၏ စကားကိုကြားလျှင် ရီချင်းယင်တို့ အမျိုးသမီးနှစ်ဦးသည် ဆွံ့အသွားခဲ့သည်။
"အခြားပြိုင်ပွဲဝင်တွေ ရမှတ် ပိုမိုစုဆောင်းပြီးတဲ့ အထိ စောင့်ဆိုင်းပြီးမှ လုယက်မယ်တဲ့လား"
ဤကဲ့သို့သော စကားကို ကျန်းချန်သာလျှင် ပြောရဲလိမ့်မည်ဟု သူတို့တွေးမိခဲ့ကြသည်။
ကျန်းချန်က ဓားပုံသဏ္ဌာန် တောင်ထိပ်ကို မော့ကြည့်လိုက်၏။
သူက တောင်ထိပ်သို့သွားကာ အဆုံးမဲ့ဓားဥပဒေသကို ဆင်ခြင်ရန် အတွက် နေရာတစ်ခု ရှာဖွေရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည်။
ကျန်းချန်၏ အမူအရာကို မြင်လျှင် ရီချင်းယင်သည် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။
"ကျန်းချန် ဘာဖြစ်လို့လဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"အားကောင်းတဲ့ စွမ်းအားတစ်ခု ငါတို့ဆီ ချဥ်းကပ်လာနေတယ်.. မီးဘုရင် ယန်ယွိ လာနေတာ ဖြစ်လောက်တယ်"
အခန်း(၁၅၃၅)ပြီး၏။
အခန်း(၁၅၃၆)
ကျန်းချန်၏ စကားသံအဆုံးမှာပင် ဓားပုံသဏ္ဌာန်တောင်၏ အပြင်ဘက် ကောင်းကင်ယံကနေ အနီရောင်အလင်းများဖြင့် လွှမ်းခြုံထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ် ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်ရှိ လေထုသည် ချက်ချင်းဆိုသလို ပူပြင်းလာခဲ့သည်။
"တကယ်ပဲ မီးဘုရင်ယန်ယွိပါလား"
လေထုအလယ်တွင် မီးနတ်ဘုရား တစ်ပါး ကဲ့သို့ ထွက်ပေါ်လာသော ပုံရိပ်ကို မြင်လျှင် ရီချင်းယင်၏ လှပသော မျက်လုံးလေးသည် ရုတ်တရက် လေးနက်သွားခဲ့၏။
မီးဘုရင်ယန်ယွိသည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကပင် ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းရန် အရည်အချင်း ပြည့်မီခဲ့သည်။
သို့ရာတွင် သူက မြေကမ္ဘာနဂါး မြို့တော်၌သာ ဆက်လက်နေထိုင်ပြီး ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုကို ထပ်မံ ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့၏။
သို့ဖြစ်ရာ မီးဘုရင်ယန်ယွိသည် ယခုတစ်ကြိမ် ကျင်းပသည့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုတွင် ပထမနေရာ၌ ရပ်တည်ရန် ရေပန်းစားနေခဲ့သည်။
ယခုအခါတွင် ကျန်းချန်က ဓားဘုရင် ပိုင်လီကျန့်ကို အနိုင်ယူပြီး ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိသွားခဲ့ရာ ယန်ယွိအနေဖြင့် အေးအေးဆေးဆေး ထိုင်ကြည့်နေမည် မဟုတ်ပေ။
သို့ရာတွင် ရီချင်းယင်သည် စိုးရိမ်ပူပန်မှု သိပ်မရှိခဲ့ပေ။
ယန်ယွိသည် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် သုံးပါးတွင် အသန်မာဆုံး ဖြစ်သော်လည်း ကျန်းချန်သည် ဓားဘုရင် ပိုင်လီကျန့်ကိုပင် အလွယ်တကူ အနိုင်ယူခဲ့ရာ ကျန်းချန်၏ ခွန်အားသည် ယန်ယွိထက် မနိမ့်ကျသည်မှာ သေချာသလောက် ဖြစ်သည်။
သူမ အထင် ယန်ယွိ အနေဖြင့် ကျန်းချန်ကို အနိုင်ယူရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
"မင်းက ပိုင်လီကျန့်ကို အနိုင်ယူခဲ့တဲ့ ကျန်းချန်လား"
ယန်ယွိက မီးနတ်ဘုရား တစ်ပါးကဲ့သို့ မီတာ ထောင်ချီအကွာအဝေးရှိ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့၏။
ဝိညာဥ်ကိုပင် လောင်ကျွမ်းစေလောက်သည့် ပူပြင်းသည့် ခံစားချက်သည် ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို ဖိနှိပ်လာခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာဖြင့်ပင် သူ၏ရှေ့ရှိ နေရာလွတ်ကို သူ၏ လက်ဖြင့်ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ပူပြင်းသော ခံစားချက်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
သူက ယန်ယွိကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ယန်ယွိ မင်းဒီကို ဘာလာလုပ်တာလဲ"
"ကျန်းချန် မင်းက အတော်လေး သိုသိုသိပ်သိပ် နေခဲ့တာပဲ.. မြေကမ္ဘာနဂါးမြို့တော်မှာ မင်းလို ပါရမီရှင်တစ်ဦး ရှိနေလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး.. မင်းက ပိုင်လီကျန့်ကို အနိုင်ယူပြီး ကောင်းကင်နဂါးစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရယူခဲ့တာကြောင့် ငါက မင်းဆီကနေ ထိပ်ဆုံးနေရာကို ပြန်လည်ရယူဖို့ လာခဲ့တာပဲ.. ဒီတစ်ခေါက် ကောင်းကင်နဂါးစာရင်းရဲ့အဆင့်သတ်မှတ်ချက် နံပါတ်(၁)နေရာက ငါယန်ယွိရဲ့ အပိုင်ပဲ.. မင်းက ငါ့ရဲ့နေရာကို လုယူရဲမှတော့ ငါ့ကို ညှာတာမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့တော့"
ယန်ယွိ၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့၏။
သူက မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင်ထဲတွင် နံပါတ်(၁) ဖြစ်သော်လည်း မည်သည့် နေရာကနေ ထွက်ပေါ်လာမှန်း မသိရသည့် လူတစ်ယောက်က သူ့ထံကနေ ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာကို ရုတ်တရက် လုယူသွားခဲ့သည်။
ယန်ယွိ၏အမြင်တွင် ဤသည်မှာ ကြီးမားသော အရှက်ရစရာကိစ္စတစ်ခု ဖြစ်၏။
ယနေ့တွင် အချို့သော အဖိုးအခများအား ပေးဆပ်ရမည်ဆိုလျှင်ပင် ကျန်းချန်ကို အနိုင်ယူကာ ကျန်းချန်ထံမှ ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာကို ပြန်လည်ရယူမည်ဟု ယန်ယွိက ဆုံးဖြတ်ထားခဲ့သည်။
"မင်းပြောလို့ပြီးပြီလား.. ပြီးရင် မင်းရဲ့ အမှတ်တွေကို ပေးဖို့သာ ပြင်ထားပေတော့.. ရိုးရိုးသားသားပြောရရင် မင်းရဲ့လက်ကောက်မှာ စုဆောင်းထားတဲ့ ရမှတ်၈၀၀ကို ငါအတော်လေး လောဘတက်နေမိပြီ.. ပထမတော့ သင့်တော်တဲ့အချိန်ကျမှပဲ မင်းကို ရှာဖို့ ငါအစီအစဥ် ဆွဲထားတယ်.. ဒါပေမဲ့လည်း မင်းကိုယ်တိုင် ငါ့ဆီလာပြီး အမှတ်တွေ လာပို့ဖို့ ဆန္ဒရှိနေမှတော့ ငါလက်ခံလိုက်ပါတော့မယ်"
ကျန်းချန်က ယန်ယွိကို မုဆိုးတစ်ဦးက သူ၏ သားကောင်ကို ကြည့်နေသကဲ့သို့ စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းက သေချင်နေတာပဲ"
ကျန်းချန်က သူ့ကို အချိန်မရွေး အမဲလိုက်နိုင်သော သားကောင်အဖြစ် သတ်မှတ်နေသည်ကို မြင်လျှင် ယန်ယွိ၏ သတ်ဖြတ်လိုသော ဆန္ဒများသည် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ နတ်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။
ထိုနတ်စွမ်းအားများသည် ဆန်းကြယ်သော မီးကြာပန်းအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ လေထုထဲတွင် ပွင့်လန်းလာခဲ့သည်။
ယင်းနောက်တွင် မီးကြာပန်းသည် ကမ္ဘာကြီးကိုပင် လောင်ကျွမ်းစေနိုင်သည့် ပူပြင်းသော စွမ်းအင်ဖြင့် ကျန်းချန်ဆီသို့ ပျံသန်းလာခဲ့၏။
"ဝှစ်.."
မီးကြာပန်းက ကောင်းကင်ကို ထိုးဖောက်သွားခဲ့ရာ ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ပတ်ဝန်းကျင်နေရာလွတ်များသည် ချက်ချင်းဆိုသလိုပင် ဘာမှ မကျန်ရှိတော့သည်အထိ လောင်ကျွမ်းသွားခဲ့သည်။
ကျန်းချန်က သူ့ဆီသို့ ဦးတည်လာသော မီးကြာပန်းကို ကြည့်ရင်း သူ၏ လက်တစ်ဖက်ကို အသာအယာမြှောက်ကာ သူ့အရှေ့ရှိ လေထုကို ညင်သာစွာ ပွတ်ဆွဲလိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် မီးကြာပန်း၏ ရှေ့တွင် နေရာလွတ်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။
လေထဲကနေ ပျံသန်းလာသော မီးကြာပန်းသည်လည်း ထိုမှောင်မိုက်သော နေရာလွတ်အက်ကြောင်းထဲသို့ ကျရောက်သွားခဲ့သည်။
သို့ရာတွင် မီးကြာပန်းသည် နေရာလွတ်အက်ကြောင်းကို ဖောက်ထွက်သွားခဲ့ပြီး ပူပြင်းသော အရှိန်အဝါကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ဆက်လက် ပျံသန်းလာခဲ့သည်။
ကျန်းချန်က သူ၏ လက်ဖဝါးကို ပေါ့ပါးစွာ ထပ်မံ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့်မြေကြီးကြားတွင် ချက်ချင်းဆိုသလို ပြင်းထန်သော နေရာလွတ်လှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် မီးကြာပန်း လာရာလမ်းရှိ နေရာလွတ်အက်ကြောင်းသည် လျင်မြန်စွာပင် ပုံပျက်သွားခဲ့ပြီး နေရာလွတ် အက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုနေရာလွတ်အက်ကြောင်းသည် မီးကြာပန်း၏ ပွင့်ချပ်တစ်ချပ်ကို ဖြတ်တောက်လိုက်ပြီး လေဟာနယ်ထဲသို့ မျိုချလိုက်၏။
ပွင့်ချပ်တစ်ချပ် ပြတ်တောက်သွားသော်လည်း မီးကြာပန်းသည် ဆက်လက် ပျံသန်းလာနေဆဲပင်။
ကျန်းချန်က တုန်လှုပ်ခြင်း အလျဥ်းမရှိဘဲ သူ၏ လက်ဖဝါးများကို ဆက်တိုက်ဆိုသလို ဝှေ့ယမ်းလိုက်၏။
သူဝှေ့ယမ်းလိုက်တိုင်းတွင် မီးကြာပန်း၏ ပွင့်ချပ်တစ်ချပ်ကို မျိုချမည့် နေရာလွတ် အက်ကွဲကြောင်းတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် မီးကြာပန်း၏ ပွင့်ချပ် တစ်ဒါဇင်ကျော်သည် နေရာလွတ် အက်ကွဲကြောင်းများဖြင့် လေဟာနယ်ထဲသို့ မျိုချခံလိုက်ရပြီး အဖူး တစ်ဖူးထဲသာလျှင် အတားအဆီးများကိုဖောက်ထွက်ကာ ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုပန်းဖူးကို ညင်သာစွာ တို့ထိလိုက်ရာ ပန်းဖူးသည် ကွဲထွက်သွားခဲ့ပြီး မီးလျှံများ အဖြစ်သို့ ပြောင်းလဲကာ လေထုထဲတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က နက်နဲလှသော နေရာလွတ် ဥပဒေသ စွမ်းအားဖြင့် သူ၏ တိုက်ကွက်အား ချက်ချင်းဆိုသလို ဖြိုခွဲလိုက်သည်ကို မြင်လျှင် ယန်ယွိသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤကောင်လေးသည် တကယ်ကို သာမန်မဟုတ်ပေ။
"ကျန်းချန် မင်းမှာ ဘုရင်အဆင့် ပါရမီရှင်တစ်ပါးရဲ့ ခွန်အားမျိုး အမှန်တကယ် ရှိနေတာပဲ.. မင်းရဲ့ လက်ထဲမှာ ပိုင်လီကျန့်ရှုံးနိမ့်သွားတာ အံ့သြစရာ မဟုတ်တော့ဘူး.. ဒါပေမဲ့ ငါ ယန်ယွိက ပိုင်လီကျန့် မဟုတ်ဘူး.. ငါ့ရှေ့မှာ ရမ်းကားဖို့ မင်းက အများကြီး နုပါသေးတယ်"
ယန်ယွိက အေးစက်စက် ကြုံးဝါးလိုက်ပြီး သူအားအကိုးရဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။
သူ၏ ဘယ်ဘက်လက်တွင် နတ်မီးလျှံကဲ့သို့ တောက်ပနေသော အနီရောင်မီးလျှံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ညာဘက်လက်တွင်မူ သတ်ဖြတ်ခြင်း မီးလျှံ ကဲ့သို့ အနက်ရောင်မီးလျှံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
ယန်ယွိ၏ ထိန်းချုပ်မှုအောက်တွင် မတူညီသော မီးလျှံနှစ်ခုသည် လေထဲသို့ ပျံသန်းသွားခဲ့ပြီး အဆုံးသတ်တွင် မီးလျှံနှစ်ခုဖြင့် ဖွဲ့စည်းထားသော ထိုက်ကျိပုံရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ယင်ယန်ထိုက်ကျိမီးလျှံ"
ယန်ယွိက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏လက်များကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
မီးလျှံများဖြင့် လုံးဝပေါင်းစပ်ထားသော ထိုက်ကျိပုံရိပ်သည် ကမ္ဘာလောကကြီးကိုပင် ဖျက်ဆီးနိုင်သည့် ပူပြင်းသောစွမ်းအင်နှင့်အတူ ချက်ချင်းဆိုသလို ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် မီတာ ထောင်ပေါင်းများစွာ အကျယ်အဝန်းရှိသော နေရာလွတ်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ပူပြင်းသော စွမ်းအင်များဖြင့် ပြည့်နှက်သွားခဲ့၏။
သာမန် အဆင့်နိမ့်နတ်ဘုရားပင်လျှင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှင့် ထိတွေ့မိပါက လုံးဝ ပျက်စီးခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။
ရီချင်းယင်နှင့် ရီကျီယွင်တို့သည် ပေရာပေါင်း များစွာအထိ နောက်ဆုတ်လိုက်ရသည်။
သူမတို့၏ လှပသော မျက်လုံးလေးတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ရှိနေခဲ့၏။
ယန်ယွိသည် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင် သုံးပါးအနက် နံပါတ်(၁)ဖြစ်ရန် ထိုက်တန်လှ၏။
ဤလူသည် ဓားဘုရင် ပိုင်လီကျန့်ထက်ပင် များစွာ ပို၍ အားကောင်းသည် မဟုတ်ပါလော။
ထပ်မံ တိုက်ခိုက်လာသော ယန်ယွိကို ကြည့်ရင်း ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
မြေကမ္ဘာနဂါးမြို့တော်၏ အသန်မာဆုံး ဘုရင်အဆင့် ပါရမီရှင် ယန်ယွိသည် အမှန်တကယ်ပင် ထူးခြားလှ၏။
သူ၏ မီးဥပဒေသသည် ပိုင်လီကျန့်၏ ဥပဒေသအောက်တွင် လုံးဝမရှိဘဲ ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
ထို့အပြင် ဤလူ၏ ကျင့်ကြံခြင်းအဆင့်သည် ပိုင်လီကျန့်ထက် ပို၍ မြင့်မားပြီး အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ရာ အလယ်အလတ် ပကတိ နတ်ဘုရားအဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
ကျန်းချန်က ယန်ယွိ၏ ယင်ယန်ထိုက်ကျိမီးလျှံကို လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။
သူ၏ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ကျောဘက်၌ ဧရာမ ရွှေရောင်ဓားရိပ် တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ ကျန်းချန်က သူ၏ နတ်ခန္ဓာကိုယ်ကို အင်အားအပြည့်ဖြင့် လှုံ့ဆော်လိုက်ခြင်းကြောင့်ပင်။
ထို့နောက်တွင် ရွှေရောင်ဓားရိပ်သည် နေ၊ လ၊ လေနှင့် မိုးကြိုးများကိုပင် ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ် ဓားစွမ်းအင်ကို သယ်ဆောင်ကာ ယင်ယန်ထိုက်ကျိမီးလျှံနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
အခန်း(၁၅၃၆)ပြီး၏။