အခန်း (၁၅၄၀-၁၅၄၂)
Vol. 103 Ch. 1540-1542
အခန်း(၁၅၄၀)
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲကို စတင်ခဲ့သည်မှာ ယခုအခါတွင် ၁၂ရက် ရှိနေပြီ ဖြစ်သည်။
ကျန်းချန်က တောင်ထိပ်ပေါ်တွင် မလှုပ်မယှက်ဖြင့် တင်ပျဥ်ခွေ၍ ထိုင်ကာ အဆုံးမဲ့ ဓားဥပဒေသကို ဆင်ခြင်နေခဲ့၏။
ဤ၁၀ရက်ကျော်အတွင်း ကောင်းကင်နဂါးစာရင်းတွင် ကျန်းချန်၏ အဆင့်သည် အဆင့်၂၀၀ကျော်အထိ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။
"အစ်မချင်းယင်.. ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုက ပြီးဆုံးဖို့ သုံးရက်ပဲလိုတော့တယ်.. ကျန်းချန်က အခုအချိန်ထိ ဓားဥပဒေသတွေကို ဆင်ခြင်နေတုန်းပဲ.. ကျွန်မတို့ သူ့ကို သတိပေးလိုက်သင့်လား"
ရီကျီယွင်က ကျန်းချန်ကိုကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
ဤ၁၂ရက်အတွင်း သူတို့ ညီအစ်မနှစ်ဦးသည် တစ်ဖဝါးမျှ မခွာခဲ့ကြပေ။
သူတို့နှစ်ဦးစလုံးက ဓားပုံသဏ္ဌာန်တောင်သို့ ရောက်ရှိလာသော ကျင့်ကြံသူအချို့ကို အနိုင်ယူကာ အမှတ်တချို့ ရရှိခဲ့သော်လည်း သူမတို့ နှစ်ဦးစလုံး၏ ကောင်းကင်နဂါးစာရင်း အဆင့်သတ်မှတ်ချက်သည် များစွာ ကျဆင်းသွားခဲ့သည်။
ရီချင်းယင်သည် အဆင့်၂၀ ကနေ အဆင့်၉၀ အထိ ကျဆင်းသွားခဲ့ပြီး ရီကျီယွင်ကမူ ထိပ်ဆုံး ၁၀၈ ယောက် စာရင်းကနေ ထွက်သွားခဲ့သည်။
"သူက ဓားဥပဒေသကို ဆင်ခြင်ရင်း အရေးကြီးတဲ့အချိန်ကို ရောက်ရှိနေလို့ မလှုပ်ရှားသေးတာဖြစ်လိမ့်မယ်.. သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေနဲ့.. ငါတို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့"
ရီချင်းယင်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
ကျန်းချန်၏ ခွန်အားဖြင့်ဆိုလျှင် ကောင်းကင်နဂါး စာရင်း၏ အဆင့်သတ်မှတ်ချက်တွင် ပထမနေရာဖြင့် ကောင်းကင်နဂါးမြို့တော်ကို တက်လှမ်းရန်မှာ ခက်ခဲသော အလုပ်မဟုတ်၍ မြေကမ္ဘာနဂါးမြို့တော်တွင် နောက်ထပ် ၁၀နှစ်ကြာ ဆက်လက်နေထိုင်ခြင်းသည် အဓိပ္ပါယ်မရှိလှပေ။
ကျန်းချန်က နောက်ထပ် ၁၀နှစ်အကြာမှ ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ရန် ရွေးချယ်လိမ့်မည် မဟုတ်ဟု သူမယုံကြည်ခဲ့၏။
ရီချင်းယင်၏ တိတ်တဆိတ် စောင့်ဆိုင်းမှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း ၂နာရီကြာမြင့်သွားခဲ့သည်။
ထိုအချိန်မှာပင် တောင်ထိပ်ပေါ်၌ မျက်လုံးများကို မှိတ်၍ တင်ပျဥ်ခွေ၍ ထိုင်နေသော ကျန်းချန်သည် အဆုံးသတ်တွင် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"၁၂ရက်တောင် ရှိသွားပြီ ဓားဥပဒေသကို ဒုတိယအဆင့်ကနေ ထပ်မံ အဆင့်မြှင့်ဖို့က တကယ်ကို မလွယ်ကူဘူးပဲ"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
လွန်ခဲ့သော ၁၂ရက်အတွင်း ကျန်းချန်သည် အဆုံးမဲ့ဓားဥပဒေသကို ဆင်ခြင်ပြီး ဓားဥပဒေသ အတွေ့အကြုံရမှတ် များစွာကို ရရှိခဲ့သော်လည်း ဓားဥပဒေသကို အဆင့်တက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
"အမှတ် စတင် စုဆောင်းရတော့မဲ့ အချိန်ကျပြီ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး မတ်တတ်ထရပ်လိုက်ကာ ကောင်းကင်ပေါ်ရှိ ကောင်းကင်နဂါးစာရင်း အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်သည်။
ဘုရင်အဆင့် ပါရမီရှင်သုံးပါးထဲတွင် နံပါတ်(၁)ဖြစ်သော မီးဘုရင် ယန်ယွိသည် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာသို့ အမှတ် ၁၀၀၉၀ဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။
ယုချိုးရွှေနှင့် ပိုင်လီကျန့် တို့သည်လည်း အမှတ် ၁၀၀၀၀ ကျော်ဖြင့် အနီးကပ် လိုက်လံ ဖိအားပေးနေခဲ့၏။
ထိပ်ဆုံး ၁၀၈ဦးသည်ပင် အမှတ် ၃၀၀၀ကျော် ရရှိနေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်က အမှတ် ၂၀၀၀ဖြင့် ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်တွင် အဆင့်(၂၀၆)၌ ရှိနေခဲ့၏။
"တော်သေးတယ်.. ကွာဟမှုက သိပ်မကြီးတဲ့အတွက် ၃ရက်အတွင်း နံပါတ်(၁)နေရာကို ပြန်လည်ရယူဖို့ မခက်ခဲလောက်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ယခု သူနှင့် ယန်ယွိကြားမှ အမှတ်ကွာဟချက်သည် အမှတ်၈၀၀၀ သို့မဟုတ် ၉၀၀၀ခန့် ရှိသည်။
လက်ရှိအချိန်တွင် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံး၅ဦး ရမှတ်များသည် အမှတ် ၅၀၀၀ ကျော်နေခဲ့ပြီ ဖြစ်၏။
၎င်းတို့ထဲမှ တစ်ဦး၊ နှစ်ဦးကို ၃ရက်အတွင်း ရှာဖွေကာ အနိုင်ယူလိုက်လျှင် နံပါတ်(၁)နေရာကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပါလော။
ထိုသို့တွေးမိပြီးနောက်တွင် ကျန်းချန်သည် တောင်ထိပ်ပေါ်ကနေ တိုက်ရိုက်ပင် ဆင်းလာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် ရီကျီယွင်၏ ချောမောလှပသောမျက်နှာလေးတွင် ပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုက ပြီးဆုံးဖို့ ၃ရက်ပဲလိုတော့တယ်.. ရှင်သာ ဓားဥပဒေသကို ဆက်လက်ဆင်ခြင်နေဦးမယ်ဆိုရင် ကျွန်မတို့ ကျရှုံးတော့မှာအမှန်ပဲ"
"သွားစို့ အမှတ်တွေ စတင်စုဆောင်းရအောင်"
ကျန်းချန်က ခေါင်းညိတ်၍ ပြုံးပြလိုက်ပြီး ရီချင်းယင်တို့ နှစ်ဦးနှင့်အတူ ဓားပုံသဏ္ဌာန်တောင်၏ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
သူတို့၃ဦးက ဓားပုံသဏ္ဌာန်တောင်မှ ထွက်လာခဲ့ပြီး မကြာမီမှာပင် ၅ဦးပါ အဖွဲ့တစ်ဖွဲ့နှင့် ထိပ်တိုက် ဆုံတွေ့ခဲ့သည်။
ကျန်းချန်ကို အံ့အားသင့်စေသည့် အရာမှာ ထို၅ဦးပါအဖွဲ့သည် သူနှင့် အစိမ်းသက်သက် မဟုတ်ဘဲ ပြဿနာ အနည်းငယ်ရှိခဲ့သော ကျီမိသားစုမှ ညီအစ်ကိုများ အဖွဲ့ပင် ဖြစ်သည်။
သူ၏ရှေ့မှ လူ၅ဦးကို ကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
"ကျန်း.. ကျန်းချန် မင်းဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ"
ကျီထျန်းလင်တို့ ငါးဦးသည် ရုတ်တရက် တစ္ဆေတစ်ကောင်ကို တွေ့လိုက်သကဲ့သို့ ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
သူတို့၏မျက်နှာများသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့၏။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲ၏ ပထမနေ့တွင် ကျန်းချန်သည် ပိုင်လီကျန့်နှင့် ယန်ယွိတို့ကို ဆက်တိုက်ဆိုသလို အနိုင်ယူကာ ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိသွားသည်ကို ကျီထျန်းလင်တို့ လူစုက သိထားခဲ့သည်။
ကျန်းချန်က ၁၀ရက်ကျော်ကြာ တိတ်ဆိတ်စွာ နေထိုင်ခဲ့သော်လည်း နေရာလွတ်နယ်မြေ တစ်ခုလုံးရှိ ကျင့်ကြံသူများထဲတွင် မည်သူကမှ ကျန်းချန်ကို အနည်းငယ်မျှ အထင်မသေးရဲကြပေ။
ကျီထျန်းလင်တို့ လူစုသည် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှု၏ နောက်ဆုံး၃ရက်အတွင်း ကျန်းချန် ကဲ့သို့ မွန်းစတားနှင့် တွေ့ဆုံရလောက်သည်အထိ ကံဆိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
အဆိုးရွားဆုံးအချက်မှာ သူတို့သည် ကျန်းချန်နှင့် ဆက်ဆံရေး အဆင်မပြေခြင်းပင်။
ဤတစ်ကြိမ်တွင် သူတို့သည် လုံးဝ ပြီးဆုံးသွားခဲ့ချေပြီ။
"ဘာလဲ.. ငါက ဒီနေရာကို လာခွင့်မရှိလို့လား"
ကျန်းချန်က ကျီထျန်းလင်တို့ အဖွဲ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။
"ဘယ်လိုလဲ အဆင်ပြေကြရဲ့လား"
"ကျန်းချန်.. အရင်တုန်းက ငါတို့ညီအစ်ကိုနှစ်ယောက် အမြင်မရှိခဲ့ဘဲ မင်းလို ပါရမီရှင်ကို စော်ကားမိခဲ့တယ်.. ငါတို့ မိုက်မဲခဲ့တာတွေ အတွက် ခွင့်လွှတ်ပေးပါ.. ကျေးဇူးပြုပြီး ငါတို့ကိုလွှတ်ပေးဖို့ တောင်းဆိုပါတယ်.. ကျီမိသားစုက မင်းကို အမြဲ ကျေးဇူးတင်နေမှာပါ"
ကျီထျန်းလင်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး ကျန်းချန်ကို သနားစဖွယ် အသနားခံလိုက်သည်။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲ စတင်ကတည်းကပင် ကျီထျန်းလင်သည် အမှတ်များကို စုဆောင်းရန်အတွက် ကျီယွင်ဖေးနှင့် အခြားသူများကို စုစည်းကာ အဖွဲ့ဖွဲခဲ့သည်။
အဆုံးသတ်တွင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုသည် အလွန်ပင် အပြိုင်အဆိုင်များလှပြီး ယှဥ်ပြိုင်သူအားလုံး အောင်မြင်ရန်မှာ မဖြစ်နိုင်ပေ။
ထိုကြောင့် ၎င်းတို့အားလုံး၏ အမှတ်များကို ကျီထျန်းလင် တစ်ဦးတည်းတွင်သာလျှင် စုဆောင်းရန် သဘောတူညီခဲ့ကြသည်။
ကျီထျန်းလင်က ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ခွင့်ရရန် အရည်အချင်း ပြည့်မီသည်နှင့် ကျီယွင်ဖေးတို့ လေးဦးစလုံးကို ကောင်းကင်နဂါးမြို့တော်သို့ ကျင့်ကြံရန်အတွက် ခေါ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါလား။
အမှတ်အားလုံးကို ကျီထျန်းလင်၏ ခန္ဓာကိုယ်ပေါ်တွင် စုဆောင်းထားသောကြောင့် ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်တွင် ကျီထျန်းလင်၏ အဆင့်သည် အဆင့် ၇၀ကျော် ဝန်းကျင်တွင် တည်ငြိမ်နေခဲ့သည်။
ကျီထျန်းလင်သည် ဤကာလအတွင်း အလွန်အမင်းသတိထားခဲ့၍ လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်မျဥ်းကိုပင် အသုံးမပြုရသေးပေ။
ယခုအခါတွင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှု ပြီးဆုံးရန် ၃ရက်မျှသာ လိုအပ်တော့၏။
သူသာ ယခုအချိန်တွင် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံလိုက်ရလျှင် ထိပ်ဆုံး၁၀၀ စာရင်းသို့ ပြန်လည်ဝင်ရောက်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူ၏ တစ်ခုတည်းသော အခွင့်အရေးမှာ ကျန်းချန်ကို အလွှတ်ပေးရန် တောင်းခံခြင်းပင် ဖြစ်၏။
သို့မဟုတ်လျှင် သူ၏ ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းမည့် မျှော်လင့်ချက်သည် အမှန်တကယ် အဆုံးသတ်သွားနိုင်ပေသည်။
"မင်းကိုလွှတ်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ကျန်းချန်က လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး ခပ်အေးအေးပင်ပြောလိုက်သည်။
"မင်းတို့တစ်ဦးချင်းစီက ငါ့ကို အသက်အာမခံကြေး ၃၀၀စီ ပေးမယ်ဆိုရင် ငါမင်းတို့ကို လွှတ်ပေးဖို့ စဥ်းစားပေးမယ်"
"ကျေးဇူးတင်ပါတယ် ကျန်းချန်.. အသက်အာမခံကြေး ပေးဆောင်ဖို့ ငါဆန္ဒရှိပါတယ်"
ကျန်းချန်၏ စကားကိုကြားလျှင် ကျီထျန်းလင်သည် အလွန်အမင်း ပျော်ရွှင်သွားခဲ့ပြီး ငွေရောင်လက်ကောက်မှ အမှတ် ၁၅၀၀ ကို ကျန်းချန် ထံသို့ အလျင်အမြန်ပင် လွှဲပြောင်းပေးလိုက်သည်။
ယခုသူ့တွင် စုစုပေါင်း အမှတ် ၅၀၀၀ ကျော် ရှိနေ၍ အမှတ် ၁၅၀၀အား ကျန်းချန်အား ပေးလိုက်လျှင်ပင် အမှတ် ၄၀၀၀ နီးပါး ကျန်ရှိနေသေးသည်။
သို့ဖြစ်ရာ သူ့အနေဖြင့် အဆင့်၁၀၀ အတွင်း ရှိနေနိုင်သေးပြီး ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းရန် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေသေးသည် မဟုတ်ပါလော။
ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းရန် အခွင့်အရေးကို ထိန်းသိမ်းရန်အတွက် အမှတ် ၁၅၀၀လောက် ဆုံးရှုံးခြင်းသည် ကျန်းချန်က သူ့ကို လုံးဝ အနိုင်ယူကာ အမှတ်အားလုံးကို အသိမ်းခံရခြင်းနှင့် နှိုင်းယှဥ်လျှင် ဘာမှမပြောပလောက်ပေ။
အရူးမဟုတ်သရွေ့ ဤသို့သော အချိန်တွင် မည်ကဲ့သို့ ရွေးချယ်ရမည်ကို မည်သူမဆို သိပေလိမ့်မည်။
"........."
သူတို့၏ အမှတ် ၁၅၀၀ကို လုယက်ခံလိုက်ရသော်လည်း ကျီထျန်းလင်တို့ လူစုသည် ကျန်းချန်ကို အလွန်အမင်း ကျေးဇူးတင်နေကြသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ရီချင်းယင်တို့ ညီအစ်မနှစ်ဦးသည် တစ်ခဏမျှ မှင်တက်သွားခဲ့၏။
ကျန်းချန်၏ အမှတ်စုဆောင်းပုံသည် တကယ်ကို သာမန်မဟုတ်ပေ။
အခန်း(၁၅၄၀)ပြီး၏။
အခန်း(၁၅၄၁)
"ကောင်းပြီ မင်းတို့သွားလို့ရပြီ"
အမှတ်၁၅၀၀ကို ရရှိပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ ကျီထျန်းလင်တို့ အဖွဲ့ကို ပြန်လွှတ်ပေးလိုက်သည်။
ကျီထျန်းလင်တို့ အဖွဲ့သည် ကျန်းချန် ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့၏။
"မဆိုးဘူးပဲ.. ဒီလိုမျိုး အသက်အာမခံကြေး စုဆောင်းရတာက တိုက်ခိုက်ပြီး အနိုင်ယူရတာထက် အများကြီးပိုပြီး လွယ်ကူတယ် ငါတို့ ဆက်သွားကြစို့"
ကျန်းချန်က ရီချင်းယင်နှင့် ရီကျီယွင်တို့ နှစ်ဦးအား အမှတ် ၅၀၀စီ ခွဲဝေပေးလိုက်ပြီးနောက်တွင် ပြုံးကာ ပြောလိုက်သည်။
[ဒါက ဓားပြတိုက်တာ မဟုတ်ဘဲ အသက်အာမခံကြေး စုဆောင်းတာတဲ့လား]
ရီချင်းယင်တို့ နှစ်ဦးသည် ကျန်းချန်၏ စကားကိုကြားလျှင် ရုတ်တရက် မျက်နှာများရှုံ့မဲ့သွားကြသည်။
သို့သော်လည်း သူတို့သည် ကျန်းချန်၏ ဤနည်းလမ်းက ကောင်းစွာ အလုပ်ဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်၏။
ယခုအခါတွင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲသည် ပြီးဆုံးလုနီးပြီ ဖြစ်သည်။
ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းရန် အရည်အချင်းပြည့်မီသော ကျင့်ကြံသူ တချို့အတွက် ယခုလိုအချိန်၌ အနိုင်ယူခံရခြင်းသည် အလွန်တရာပင် ဝမ်းနည်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်၏။
အမှတ်တချို့ကိုသာ အဆုံးရှုံးခံပြီး သူတို့၏ လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်မည် ဆိုလျှင် လူအများအပြားသည် ကျီထျန်းလင် ကဲ့သို့ပင် အမှတ်များကို ပေးဆောင်ရသည့် အတွက် ကျန်းချန်ကို ကျေးဇူးတင်ကြဦးမည်သာဖြစ်သည်။
"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲမှာ အမှတ်တွေကို လွှဲပြောင်းပေးနိုင်တာက ကြီးမားတဲ့ ဟာကွက်တစ်ခုပဲ"
ကျန်းချန်က သူ၏ မေးစေ့ကို ပွတ်သပ်ကာ သုံးသပ် ပြောဆိုလိုက်သည်။
"ကျီထျန်းလင်က သူ့လူတွေရဲ့အမှတ်တွေကို သူတစ်ယောက်တည်း စီမှာ စုဆောင်းထားတယ်.. ဒါက လှည့်ဖျားတာနဲ့ အတူတူပဲမဟုတ်လား"
"ဒီကမ္ဘာမှာ လုံးဝနီးပါး မျှတမှုဆိုတာ မရှိဘူး.. အဲဒီလူတွေက သူတို့ရဲ့အမှတ်အားလုံးကို ကျီထျန်းလင်စီ ပေးခဲ့ကြတယ်.. ကျီထျန်းလင်က ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ခွင့်ရရင် သူတို့ကို လေ့ကျင့်ဖို့အတွက် ခေါ်ဆောင်မှာ ဖြစ်တယ်.. ပြောရရင် ဒါက အကျိုးအမြတ်ကို သွယ်ဝိုက်ပြီး ဖလှယ်တာပဲ"
"လုံလောက်တဲ့ အကျိုးအမြတ် မရှိဘဲ ဘယ်သူက သူတို့ရဲ့ အမှတ်တွေကို တခြားသူစီ အလွယ်တကူ ပေးအပ်မှာလဲ"
ရီချင်းယင်က ခေါင်းခါရမ်းကာ ရယ်မော၍ပြောလိုက်သည်။
"မင်းပြောတာမှန်တယ်"
ကျန်းချန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"ငါက ပကတိနတ်ဘုရား အဆင့်ကို မထိုးဖောက်ရသေးတဲ့ လူတစ်ယောက်ဆီ အမှတ်တွေ အများကြီး ပေးလိုက်မယ်ဆိုရင် သူက ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ခွင့်ရနိုင်မလား"
"ဖြစ်နိုင်ပါတယ်.. ရှင်သာ ထူးကဲတဲ့ ပါရမီနဲ့ ခွန်အား ရှိသရွေ့ ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ အခွင့်ထူးများစွာကို ခံစားနိုင်တယ်.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အကြီးအကဲတွေကလည်း တချို့သော ကိစ္စတွေကို မျက်စိမှိတ်ပေးထားလိမ့်မယ်.. ဒါပေမဲ့ ကောင်းကင်နဂါးစာရင်းရဲ့ အဆင့်သတ်မှတ်ချက်ကလည်း မြေကမ္ဘာနဂါးမြို့တော်ရဲ့ ထိပ်တန်းပါရမီရှင်တွေအတွက် အရမ်းအရေးကြီးတယ်.. သူတို့အနေနဲ့ တခြားတစ်ယောက်ဆီ အမှတ်လွှဲပြောင်းဖို့ မဖြစ်နိုင်တဲ့အတွက် ယေဘုယျအားဖြင့်တော့ ဒီလိုအခြေအနေမျိုး ဖြစ်လာမှာမဟုတ်ဘူး"
".........."
ကျန်းချန်တို့၃ဦးက စကားတပြောပြောဖြင့် လျှောက်လာခဲ့ကြသည်။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲ ပြီးဆုံးခါနီး ဖြစ်သောကြောင့် လူပေါင်းများစွာက ဖယ်ထုတ်ခံထားရပြီး နေရာလွတ်နယ်မြေတွင် ကျန်ရှိသော ကျင့်ကြံသူများသည် အလွန်ပင် ရှားပါးလာခဲ့သည်။
ကျန်းချန်တို့က အနီးအနားရှိ မိုးကြိုးတောင်တန်းသို့သွားရောက်ခဲ့ကြသော်လည်း လူအနည်းငယ်မျှကိုသာ တွေ့ရှိခဲ့ကြသည်။
ဤကဲ့သို့သော အချိန်တွင် ထိပ်ဆုံး ၁၀၈ယောက် စာရင်းတွင် ပါဝင်သော ကျင့်ကြံသူများသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ စုဝေးနေသော နေရာများတွင် ရှိနေကြမည် ဓမဟုတ်ပေ။
၎င်းတို့က လူများစုပြုံနေသော နေရာများကို တတ်နိုင်သမျှ ရှောင်ရှားလိုသဖြင့် ကျယ်ပြန့်သော ဗဟိုလွင်ပြင်ဧရိယာသို့ ရောက်လာခဲ့ကြသည်။
သူတို့က ထိုနေရာတွင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှု ပြီးဆုံးသည်အထိ နေရန် ဆုံးဖြတ်ထားခဲ့သည်။
သို့မှသာ ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ခွင့် သေချာမည် မဟုတ်ပါလော။။
ထို့ကြောင့် ကျန်းချန်သည် တခြားနေရာများသို့ မသွားတော့ဘဲ ဗဟိုလွင်ပြင် တစ်ဝိုက်တွင်သာ တစ်နေကုန် လှည့်လည်သွားလာခဲ့သည်။
သူတို့က ကျင့်ကြံသူ ဆယ်သုတ်ခန့်နှင့် ထိပ်တိုက် ကြုံတွေ့ခဲ့ကြသည်။
ကျင့်ကြံသူ တစ်သုတ်စီနှင့် ကြုံတွေ့ရတိုင်းတွင် ကျန်းချန်သည် သူကိုယ်တိုင် ထုတ်ပြန်ထားသော စည်းမျဥ်းကိုလိုက်နာပြီး သတ်မှတ်ထားသော အသက်အာမခံကြေးကိုသာ ကောက်ခံခဲ့သည်။
ကျန်းချန်က သူတို့ကို တစ်စုံတစ်ရာ မလုပ်ဆောင်သဖြင့် ကျင့်ကြံသူများသည် ကျေးဇူးတင်စွာဖြင့် အသက်အာမခံကြေးကို လိုလိုလားလားပင် ပေးဆောင်ခဲ့ကြ၏။
ဤသို့ဖြင့် ကျန်းချန်သည် မည်သည့် ကြိုးစားမှုမှ မရှိဘဲ အမှတ် ၁၀၀၀၀ကို အလွယ်တကူ ရရှိခဲ့သည်။
သူက ရီချင်းယင်နှင့် ရီကျီယွင်တို့ကို ၃၀၀၀စီ ပေးအပ်လိုက်ပြီးနောက်တွင် သူ့တွင် အမှတ်၄၀၀၀ အပြည့် ထပ်မံ တိုးလာခဲ့၏။
ဤအမှတ်နှင့်အတူ ကျန်းချန် နှင့် ရီချင်းယင်တို့ ညီအစ်မနှစ်ဦးစလုံးသည် ထိပ်ဆုံးအယောက် ၁၀၀စာရင်းထဲသို့ ချောမွေ့စွာ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ရီချင်းယင်သည် ထိပ်ဆုံး ၅၀ စာရင်းသို့ပင် တိုက်ရိုက် ပြန်လည် ရောက်ရှိသွားခဲ့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန်တို့ အဖွဲ့သည် အသက်အာမခံကြေး စုဆောင်းရေး ခရီးစဥ်ကို ထပ်မံစတင်ခဲ့ကြသည်။
သူတို့သုံးဦးသည် ဗဟိုလွင်ပြင်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့ကြ၏။
ရုတ်တရက် အရှေ့ဘက်တွင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ရှိနေသည်ကို သူတို့ သတိပြုမိလိုက်သည်။
ထိုစွမ်းအင်လှိုင်းများသည် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်ကြရာမှ ထွက်ပေါ်လာပုံပင်။
"ငါတို့သွားကြည့်ရအောင်"
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ရီချင်းယင်တို့ ညီအစ်မနှစ်ဦးနှင့်အတူ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသောအရပ်ဆီသို့ သွားရောက်ခဲ့၏။
ထိုအချိန်မှာပင် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်နေသော အရပ်ကနေ ပုံရိပ်တစ်ခုသည် သူတို့ရှိရှာ ဆီသို့ အူယားဖားယား ပြေးလာခဲ့သည်။
ကျန်းချန်က ထွက်ပြေးလာသော ပုံရိပ်ကိုမြင်လျှင် တစ်ခဏမျှ မှင်တက်သွားခဲ့၏။
"ကုလင်.. မင်းက ဘယ်လိုလုပ်ပြီး ခွေးပြေးဝက်ပြေး ပြေးလာရတာလဲ"
ကုလင်က သူ၏ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိလိုက်သကဲ့သို့ ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ အကူအညီတောင်းခံလိုက်သည်။
ကျန်းချန်က ကုလင်ကို ညင်သာစွာကြည့်လိုက်၏။
"မင်းကို ငါကယ်တင်ပေးနိုင်ပါတယ်.. ဒါပေမဲ့ မင်း အဖိုးအခတော့ ပေးချေရမယ်.. မင်းကို ကာကွယ်ပေးခ အတွက် ငါ့ကို အမှတ် ၁၀၀၀ပေးဖို့ မှတ်ထားပါ"
ကျန်းချန်က ကုလင်ကို စိတ်မဝင်စားသော်လည်း ကုလင်သည် သူနှင့် အနည်းငယ် ဆက်စပ်မှုရှိသည်ဟု ယူဆနိုင်သောသူဖြစ်သည်။
ဆိုရလျှင် ရွှယ်ချင်းရို့၏ မျက်နှာကြောင့် သူက ကုလင်ကို ကူညီရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ထိုသို့ ပြောဆိုပြီးနောက်တွင် ကျန်းချန်သည် ကုလင်ကို ဂရုမစိုက်တော့ဘဲ ကုလင်၏ နောက်ဘက်ကို လှမ်းကြည့်လိုက်သည်။
ထိုအချိန်မှာပင် ကုလင်ကို လိုက်ဖမ်းနေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ကောင်းကင်ယံကနေ ပျံသန်းလာခဲ့သည်။
"ပိုင်လီကျန့်.. မင်းနဲ့ငါက တကယ်ကို ရေစက်ပါတဲ့ပုံပဲ.. ဒီနေရာမှာ ထပ်ပြီး တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
ကုလင်၏နောက်ကို အသည်းအသန် လိုက်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် ကျန်းချန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသော ရင်းနှီးသောအသံကို ကြားလျှင် ပိုင်လီကျန့်သည် အနည်းငယ် တုန်လှုပ်သွားခဲ့၏။
သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ သူ၏ ရှေ့မလှမ်းမကမ်းတွင် ကျန်းချန်ကို တွေ့လိုက်ရ၏။
သူ၏မျက်နှာက ချက်ချင်းဆိုသလိုပင် ခက်ထန်လာခဲ့သည်။
ထိုနေ့က ကျန်းချန်၏ အနိုင်ယူခြင်းကိုခံရပြီးနောက်တွင် သူသည် အမှတ်အများကို အလျင်အမြန် ပြန်လည် စုဆောင်းခဲ့ရသည်။
ယခုအခါတွင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုသည် ပြီးဆုံးရန် ၂ရက်ပင် မလိုတော့ပေ။
ထို့ကြောင့် ပိုင်လီကျန့်က အစစ်အမှန်နဂါးအဆင့် ပါရမီရှင်တစ်ဦးဖြစ်သည့် ကုလင်နှင့်တွေ့ဆုံသောအခါ ကုလင်ကို မညှာမတာ လိုက်လံတိုက်ခိုက်ခဲ့သည်။
သူက ကုလင်ကို အနိုင်ယူပြီး ကုလင်၏ အမှတ် ထောင်ပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့လျှင် ယန်ယွိကို တစ်ရှိန်ထိုး ကျော်တက်ကာ ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနေရသို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပါလော။
သို့သော်လည်း ပိုင်လီကျန့်သည် ကုလင်ကို လိုက်ဖမ်းနေစဥ်တွင် မွန်းစတားတစ်ကောင် ဖြစ်သော ကျန်းချန်နှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ပိုင်လီကျန့်.. ကုလင်က အကာအကွယ်ပေးခအတွက် အမှတ် ၁၀၀၀ ငါ့ကို ပေးဆောင်ဖို့ ဆန္ဒရှိတယ်.. အခုသူက ငါ့ရဲ့အကာအကွယ်အောက်မှာ ရှိနေခဲ့ပြီ"
ကျန်းချန်က ပိုင်လီကျန့်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါကြောင့် မင်းသူ့ကို အခုတိုက်မယ်ဆိုရင် ငါသဘောတူမတူ အရင်မေးရလိမ့်မယ်"
ကျန်းချန်၏ စကားကိုကြားလျှင် ပိုင်လီကျန့်က အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး စကားထပ်မံ မပြောဆိုတော့ဘဲ နောက်သို့ ချာခနဲလှည့်ကာ ထွက်ခွာသွားခဲ့သည်။
ကျန်းချန်က ကုလင်ကို အကာအကွယ်ပေးထာသောကြောင့် သူက ကုလင်ကို အနိုင်ယူပြီး အမှတ်များလုယူရန် မဖြစ်နိုင်တော့ပေ။
ဤကဲ့သို့သော အချိန်တွင် ပိုင်လီကျန့်သည် ကျန်းချန်နှင့် ဇယားနောက်လိုခြင်း မရှိခဲ့ပေ။
"ခဏလေးနေပါဦး.. ကုလင်ရဲ့ ကိစ္စကတော့ ပြေလည်သွားပြီ ဒါပေမဲ့ မင်းရဲ့ကိစ္စကတော့ မပြေလည်သေးဘူး.. မင်းက ငါ့ဆီကို လာချင်သလိုလာပြီး ထွက်သွားချင်သလို ထွက်သွားလို့ရမယ်များထင်နေလား.. မင်းငါ့ကို အရမ်းအထင်သေးရာ ကျနေခဲ့ပြီ"
ကျန်းချန်၏ အေးစက်စက်အသံက ပိုင်လီကျန့်၏ အနောက်ကနေ ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်.. ကောင်းကင်နဂါးမြို့တော်ရဲ့ ဝင်ခွင့်စမ်းသပ်မှုစည်းမျဥ်းအရ မင်းက ငါ့ကို တစ်ခါ အနိုင်ယူပြီးသားဖြစ်တဲ့အတွက် ငါ့ကို ထပ်မံ အနိုင်ယူနိုင်ခဲ့ရင်တောင် ငါ့ရဲ့အမှတ်တွေကို လုယူလို့ရမှာ မဟုတ်ဘူး"
ပိုင်လီကျန့်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်သည် ချက်ချင်းဆိုသလိုပင် အလွန်တရာ မကျေမချမ်း ဖြစ်လာခဲ့၏။
အခန်း(၁၅၄၁)ပြီး၏။
အခန်း(၁၅၄၂)
"အဲဒီလို စည်းမျဥ်းရှိတယ်လား"
ကျန်းချန်က တစ်ခဏမျှမှင်တက်သွားခဲ့ပြီး သူ့နံဘေးရှိ ရီချင်းယင်ကို မေးလိုက်သည်။
ရီချင်းယင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"ရှိတယ်.. လူတစ်ယောက်တည်းကို နှစ်ခါအနိုင်ယူပြီးရင် ပြိုင်ဘက်ရဲ့အမှတ်တွေကို ထပ်ပြီး လုယူနိုင်တော့မှာမ ဟုတ်ဘူး"
ထိုစကားကို ကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ ဆွံ့အသွားခဲ့သည်။
မူလက သူသည် ပိုင်လီကျန့်ကို ဖယ်ရှားလိုက်လျှင် နံပါတ်(၁)နေရာသို့ အလွယ်တကူ ပြန်လည်ရောက်ရှိနိုင်သည်ဟု တွေးတောနေခဲ့သော်လည်း သူ့အနေဖြင့် ပိုင်လီကျန့်ထံတွင် အမှတ်များ ထပ်မံရယူနိုင်တော့မည်မဟုတ်ကြောင်းကို သိလိုက်ရ၏။
သို့သော် အသေအချာ တွေးကြည့်လိုက်သောအခါ ကျန်းချန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။
ဤစည်းမျဥ်းသည် ပါရမီရှင်များကို အကာအကွယ်ပေးထားခြင်းဖြစ်သည်မှာ ထင်ရှား၏။
သို့မဟုတ်လျှင် သူသာ ဤအချိန်၌ ပိုင်လီကျန့်ကို ထပ်မံလုယက်ပါက ပိုင်လီကျန့်သည် ဘုရင်အဆင့် ပါရမီရှင်တစ်ဦး ဖြစ်လျက်နှင့်ပင် ဖယ်ထုတ်ခံရလိမ့်မည်မဟုတ်ပါလော။
"ကောင်းပြီလေ.. မင်းကို အနိုင်ရရင်တောင် အမှတ်တွေမရနိုင်ဘူးဆိုပေမဲ့ ငါ့ရဲ့ စည်းမျဥ်းတွေကိုတော့ မင်းလိုက်နာရမယ်"
ကျန်းချန်က ပြုံး၍ပြောလိုက်သည်။
"မင်းဒီကနေ လုံလုံခြုံခြုံ ထွက်သွားချင်တယ်ဆိုရင် အသက်အာမခံကြေး အတွက် အမှတ် ၃၀၀၀ ငါ့ကိုပေးရလိမ့်မယ်"
ထိုစကားကိုကြားလျှင် ပိုင်လီကျန့်၏ မျက်ဝန်းတွင် ဒေါသရိပ်များ ပြည့်နှက်လာခဲ့သည်။
"ကျန်းချန် မင်းက အနိုင်ကျင့်လွန်းအားကြီးတယ် ငါက မပေးဘူးဆိုရင်ရော"
"အဲဒါဆိုရင်တော့ မင်းကိုထပ်အနိုင်ယူပြီး မင်းရဲ့လက်ကောက်ပေါ်က နောက်ဆုံး အနီရောင်မျဥ်းကို သုံးစွဲရအောင်လုပ်လိုက်မယ်"
ကျန်းချန်က နှုတ်ခမ်းထောင့်ကို တွန့်ကွေး၍ လှောင်ပြုံးပြုံးကာပြောလိုက်သည်။
"နောက်တစ်ရက်အတွင်း မင်း ဒီနေရာလွတ်နယ်မြေထဲမှာ ငါနဲ့ထပ်မတွေ့ဖို့ ဆုတောင်းထားပါ.. မဟုတ်ရင်တော့ မင်းလုံးဝထွက်သွားရအောင် ငါလုပ်ပစ်မယ်"
"မင်း.."
ဤအချိန်တွင် ပိုင်လီကျန့်၏ ကျန်းချန်ကိုကြည့်နေသော အကြည့်တွင် မီးလျှံများထွက်လာလု နီးပါးပင် ဖြစ်နေခဲ့သည်။
သူက ကျန်းချန်ကို မနိုင်သည့်အတွက်သာ စိတ်လျော့နေရသည် သို့မဟုတ်လျှင် ပိုင်လီကျန့်သည် ရှေ့သို့ အပြေးအလွှားသွားကာ ကျန်းချန်ကို ခုတ်ပိုင်းမိမည် ဖြစ်၏။
ထိုကောင်သည် သူ့ကို ပြောင်ပြောင်တင်းတင်းပင် ခြိမ်းခြောက်နေသည်မဟုတ်ပါလော။
ပိုင်လီကျန့်၏ လက်ကောက်တွင် အသက်ကယ်အနီရောင်မျဥ်းတစ်ခု ရှိနေသေးသည်ဖြစ်ရာ သူသည် ယခု ကျန်းချန်၏ အနိုင်ယူခြင်းကို ခံရလျှင် အရှုံးအနည်းငယ်မျှ ရှိမည်မဟုတ်ပေ။
ထိုအသက်ကယ်အနီရောင်မျဥ်းရှိနေသောကြောင့် သူသာ ထပ်မံအနိုင်ယူခြင်းခံရလျှင် နေရာလွတ်စွမ်းအားဖြင့် ဤနေရာကနေ ရွှေ့ပြောင်းသွားရုံသာဖြစ်သည်။
ပိုင်လီကျန့်က လောင်းကြေးမထပ်ရဲပေ။
နောက်ဆုံး၁ရက်တာအတွင်း သူက ကံဆိုးစွာဖြင့် ကျန်းချန်နှင့်ထပ်မံတွေ့ဆုံခဲ့လျှင် ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ရန်အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်မဟုတ်ပါလော။
ကျန်းချန်တောင်းဆိုသည့်အတိုင်း အမှတ် ၃၀၀၀ ပေးအပ်လိုက်လျှင်မူ သူသည် ပထမနေရာအတွက် ယှဥ်ပြိုင်နိုင်ခြင်းမရှိတော့သော်လည်း ထိပ်တန်း ဆယ်နေရာကို ထိန်းထားရန် လုံလောက်သည်ထက်ပင် ပိုနေပါသေးသည်။
ထို့ကြောင့် ပိုင်လီကျန့်သည် အဆုံးသတ်တွင် အလျှော့ပေးရန် ရွေးချယ်ခဲ့၏။
သူ၏အပိုစကားများ မပြောတော့ဘဲ အမှတ် ၃၀၀၀ကို ကျန်းချန်ဆီ လွှဲပြောင်းပေးလိုက်ပြီးနောက်တွင် နောက်သို့လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားတော့သည်။
"ကျန်းချန် အကူအညီပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
ကျန်းချန်၏ နံဘေးမှ ကုလင်ကလည်း အမှတ်၁၀၀၀ကို ကျန်းချန်ဆီသို့ အလျင်အမြန်လွှဲပြောင်းပေးလိုက်ပြီးနောက် ကျန်းချန်ကို ကျေးဇူးတင်စကားပြောလိုက်သည်။
ဘုရင်အဆင့် ပါရမီရှင်ဖြစ်သည့် ဓားဘုရင် ပိုင်လီကျန့်သည်ပင် ကျန်းချန်၏ရှေ့တွင် အမှတ်များကို လိမ်လိမ်မာမာပေးအပ်ရသည် ဆိုလျှင် သူက အဘယ်ကြောင့် မကျေမနပ် ဖြစ်ရပါအံ့နည်း။
အဆုံးသတ်တွင် သူက ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးအယောက် ၃၀ စာရင်းတွင် ရှိနေခဲ့ရာ အမှတ် ၁၀၀၀ လျော့နည်းသွားခြင်းသည် အများဆုံး ၁၀နေရာခန့် ကျဆင်းသွားရုံလောက်သာ ဖြစ်သည်။
ပိုင်လီကျန့်၏ အနိုင်ယူခြင်းကို ခံရကာ အမှတ်များကို လုံးဝဆုံးရှုံးသွားသည်နှင့်ယှဥ်လျှင် ဤကဲ့သို့ ဆုံးရှုံးမှုလေးသည် သူ့အတွက် မပြောပလောက်ပေ။
"အားနာနေစရာမလိုပါဘူး.. မင်းတို့ရဲ့ အသက်အာမခံကြေးကို ယူပြီးမှတော့ မင်းတို့ရဲ့ ဒုက္ခတွေကို ဖယ်ရှားပေးရမှာပဲ.. ငါက မင်းဆီကနေ အမှတ် ၁၀၀၀ကို အခကြေးငွေ ကောက်ခံထားတယ်.. ဒါကြောင့် ငါက မင်းရဲ့ဘေးကင်းမှုကို အာမခံပေးရမယ်လေ ဟုတ်တယ်မဟုတ်လား"
ကျန်းချန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး သူရရှိခဲ့သော အမှတ် ၄၀၀၀ ၏ တစ်စိတ်တစ်ပိုင်းကို ရီချင်းယင်တို့ ညီအစ်မထံလွှဲပြောင်းပေးရန် ပြင်လိုက်သည်။
"ကျန်းချန် ငါတို့ညီအစ်မနှစ်ယောက်ရဲ့ ရလဒ်က ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ဖို့ လုံလောက်နေပါပြီ.. ဒီရမှတ်တွေကို ရှင့်အတွက်ပဲ သိမ်းထားလိုက်ပါတော့"
ရီချင်းယင်က အလျင်အမြန်ပင် ငြင်းဆိုလိုက်သည်။
ပွင့်လင်းစွာပြောရလျှင် ကျန်းချန်သာ မရှိပါက သူမသည် ရီကျီယွင်အား ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် အတွက် အရည်အချင်း ပြည့်မီအောင် ကူညီပေးရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ဤတစ်ကြိမ် ကောင်းကင်နဂါးမြို့တော်ဝင်ခွင့်စမ်းသပ်ပွဲတွင် သူတို့သည် ကျန်းချန်၏ နောက်ကနေ လိုက်ပါရသည့်အတွက် ကံကောင်းခဲ့သည်။
ယခုကျန်းချန်က အမှတ် ၄၀၀၀ ကို ရရှိခဲ့ပြီဖြစ်ရာ သူ၏ အမှတ်သည် အမှတ် ၁၀၀၀၀ ကျော်နိုင်ပြီး ကောင်းကင်နဂါးစာရင်း၏ထိပ်ဆုံးကိုရောက်ရန် ကြီးမားသောအခွင့်အရေး ရှိနေခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် ရီချင်းယင်က သူမတို့ကို အမှတ်များပေးအပ်သည်အား လက်မခံတော့ပေ။
ထိုအချင်းအရာကို မြင်လျှင် ကျန်းချန်သည်လည်း အတင်းအကျပ် မလုပ်ဆောင်တော့ချေ။
သူက ယန်ယွိကို ကျော်ဖြတ်ကာ ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးသို့ ပြန်ရောက်ရန်အတွက် အမှတ်များစွာ လိုအပ်နေခဲ့သည်။
ဤအမှတ် ၄၀၀၀ကို ရရှိပြီးနောက်တွင် ကျန်းချန်၏ အမှတ်သည် ၁၀၅၀၀ သို့ရောက်ရှိသွားခဲ့သည်။
နောက်တစ်ကြိမ် ကောင်းကင်နဂါးစာရင်း အဆင့်သတ်မှတ်ချက် ထုတ်ပြန်သောအခါတွင် ကျန်းချန်သည် သူအမှတ် ၃၀၀၀ လုယူခဲ့သောပိုင်လီကျန့်ကို အောင်မြင်စွာကျော်တက်သွားခဲ့ပြီး ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်တွင် တတိယနေရာသို့ တစ်ရှိန်ထိုး ရောက်ရှိသွားခဲ့သည်။
ကျန်းချန်၏အဆင့် ရုတ်တရက် ထပ်မံ မြင့်တက်လာမှုနှင့်အတူ နေရာလွတ်နယ်မြေအတွင်းရှိ ပြိုင်ပွဲဝင်များ သို့မဟုတ် နေရာလွတ်နယ်မြေ ပြင်ပရှိ ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့၏။
ဤမွန်းစတားသည် ၁၀ရက်ကြာ တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီးနောက်တွင် သူ၏အင်အားကို ထပ်မံထုတ်ပြရန် စတင်နေခဲ့ပြီမဟုတ်ပါလော။
နေရာလွတ်နယ်မြေ အတွင်းရှိ ဗဟိုလွင်ပြင်တွင် ယန်ယွိသည် ပြိုင်ပွဲဝင်၃ဦးကို နေရာလွတ်နယ်မြေကနေ လက်ဝါးရိုက်ချက်ဖြင့် ထွက်ခွာစေခဲ့သည်။
သူ၏မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် အသက်ဝင်လာခဲ့၏။
ယခုအခါတွင် ကောင်းကင်နဂါးမြို့တော်ဝင်ခွင့်စစ်ဆေးပွဲပြီးဆုံးလုနေပြီဖြစ်ပြီး ၁ရက်မျှသာ ကျန်ရှိတော့သည်။
မတော်တဆဖြစ်ရပ်များ မရှိသရွေ့ ယုချိုးရွှေနှင့် ပိုင်လီကျန့်တို့သည် သူ့ကိုလိုက်မီရန် အခွင့်အရေး မရှိနိုင်တော့ပေ။
ထို့အပြင် သူ အထူးသတိထားရသည့် ကျန်းချန်သည်လည်း ၁၀ရက်ကျော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ကျန်းချန်သည် လွန်ခဲ့သော ၂ရက်အတွင်း ရမှတ်များစတင်ရယူခဲ့ပြီး ထိပ်ဆုံးအယောက်၁၀၀စာရင်းသို့ ရောက်ရှိခဲ့သော်လည်း သူ၏နံပါတ်(၁)နေရာကို ခြိမ်းခြောက်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
ထိုအချိန်မှာပင် ကောင်းကင်နဂါးစာရင်းကို အသစ်ထပ်မံထုတ်ပြန်ခဲ့သည်။
ယန်ယွိက ခေါင်းမော့၍ ကြည့်လိုက်ရာ ကောင်းကင်နဂါးစာရင်းပေါ်ရှိ အဆင့်သတ်မှတ်ချက်ကိုမြင်လျှင် နေရာမှာပင် ချက်ချင်းဆိုသလို မှင်တက်သွားခဲ့သည်။
"ပထမနေရာ - ယန်ယွိ (၁၂၁၁၅)မှတ်"
"ဒုတိယနေရာ - ယုချိုးရွှေ (၁၁၂၂၈)မှတ်"
"တတိယနေရာ - ကျန်းချန် (၁၀၈၅၂)မှတ်"
ယန်ယွိက သူ၏မျက်လုံးကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့ကာ ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်ကို ငေးကြည့်နေခဲ့သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ယန်ယွိက ရင်ဘတ်တစ်ခုလုံး အောင့်တက်လာသလိုပင် ခံစားခဲ့ရသည်။
ကျန်းချန်က သူ့ကိုလိုက်မီရန် အခွင့်အရေးမရှိနိုင်တော့ကြောင်း ယခုလေးတင် သူတွေးနေမိသည်။
သို့သော်လည်း ကျန်းချန်က အဆင့် ၆၀၊ ၇၀ ဝန်းကျင်ကနေ တတိယနေရာအထိ ခုန်တက်လာခဲ့မည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။
သူက ယခုအခါတွင် နံပါတ်(၁) နေရာ၌ ရှိနေသေးသော်လည်း ကျန်းချန်နှင့် သူ့အကြားမှ ကွာဟချက်သည် အမှတ် ၁၃၀၀ ထက်ပင် နည်းပါးနေခဲ့သည်။
ကျန်းချန်၏ အမှတ်ရယူခြင်း အရှိန်အဟုန်နှုန်းအရ ဆိုလျှင် သူ့ကို ကျော်တက်သွားရန်မှာ မိနစ်ပိုင်းလောက်ပင် မဟုတ်ပါလော။
"မဖြစ်ဘူး.. ကောင်းကင်နဂါးစာရင်းရဲ့ နံပါတ်(၁)နေရာက င့ါရဲ့နေရာပဲ.. ဘယ်သူမှ ငါ့ဆီကနေ ယူသွားခွင့်မရှိဘူး"
ယန်ယွိက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူက စိတ်လွတ်နေသကဲ့သို့ ရမှတ်များကို အရူးအမူး စုဆောင်းခဲ့တော့သည်။
နေရာလွတ်နယ်မြေ၏ အထက်တွင် အောက်ဘက်မှအခြေအနေကို ကြည့်ကာ အနီရောင်ဝတ်စုံဝတ် အမျိုးသမီး ယန်ချန်၏ မျက်နှာသည် အလွန်ပင် အကျည်းတန်လာခဲ့သည်။
"ဒါက အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ပဲ.. ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲမှာ အရာအားလုံးကို ခွန်အားနဲ့ပဲ စကားပြောသင့်တယ်.. ဒီလိုနည်းလမ်းနဲ့ တခြားသူတွေကို ခြိမ်းခြောက်ပြီး ရမှတ်တွေ လုယူနေတာက အောက်တန်းကျတဲ့လုပ်ရပ်ပဲ ကျန်းချန်ရဲ့လုပ်ရပ်က ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲရဲ့ စည်းမျဥ်းတွေကို ဖျက်ဆီးနေတာပဲ.. ဒါကြောင့် သူ့ရဲ့ရလဒ်တွေကို အတည်မပြုဖို့ ငါအကြံပြုချင်တယ်"
ထိုစကားကိုကြားလျှင် ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားက အေးစက်စက် ပြုံးလိုက်သည်။
"ယန်ချန် မင်းက မင်းတို့ မိသားစုက ကောင်လေးအတွက် ကျန်းချန်ကို ပြဿနာရှာနေတာပဲ ကျန်းချန်က ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲရဲ့စည်းမျဥ်းတွေကိုမှ မချိုးဖောက်ခဲ့တာ သူ့ရဲ့ရလဒ်တွေကို ဘယ်လိုလုပ်ပြီး ပယ်ဖျက်လို့ရမှာလဲ"
ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုသားက စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျင်းချိုးယန်.. ငါက ကျန်းချန်ရဲ့ အခွင့်အရေးယူတဲ့ လုပ်ရပ်ကို ထောက်ပြနေတာပဲ.. ရှင်က ကျွန်မကို ကန့်လန့်တိုက်နေတာလား"
"တော်စမ်း.. ကျန်းချန်ရဲ့ လုပ်ဆောင်ချက်က သာမန်လူတွေနဲ့ကွဲပြားတယ် ဆိုပေမဲ့ သူက ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုရဲ့ ဘယ်လိုစည်းမျဥ်းကိုမှ မချိုးဖောက်ခဲ့ဘူး.. ဒါ့အပြင် သူက တခြားသူတွေကို အမှတ်တွေ နာခံမှုရှိရှိ ပေးအပ်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ် ဒါက သူ့ရဲ့စွမ်းရည်ပဲ"
နန်းဝတ်နန်းစားနှင့် လှပသော အမျိုးသမီးက သူမ၏လက်ကို ဝှေ့ယမ်းကာ အချင်းများနေမှုကို ဟန့်တားလိုက်သည်။
ထို့နောက် သူမက နောက်ဆုံးစကားကို ပြောလိုက်၏။
"ကျန်းချန်ရဲ့ ရလဒ်တွေက အတည်ပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် ငြင်းခုံတာ ငါမကြားချင်ဘူး"
အခန်း(၁၅၄၂)ပြီး၏။