အခန်း (၁၅၄၃-၁၅၄၅)
Vol. 103 Ch. 1543-1545
အခန်း(၁၅၄၃)
ယန်ချန်၏ မျက်နှာက အကျည်းတန်နေခဲ့သည်။
သူမက ကျန်းချန်၏ ရလဒ်များကို အတည်မပြုနိုင်ကြောင်း အဆိုပြုခဲ့သော်လည်း တကယ်တမ်းတွင် သူမသည် ကျန်းချန်၏ ရလဒ်များကို အမှန်တကယ် ပျက်ပြယ်စေလိုခြင်းမဟုတ်ပေ။
အဆုံးသတ်တွင် ကျန်းချန်၏ ပါရမီနှင့် ခွန်အားဖြင့်ဆိုလျှင် ရှန်လုံမြို့တော်မှ အကြီးအကဲများ၏ အာရုံစိုက်မှုကို ရရှိပြီးလောက်ပြီချေပြီ။
သူမက ကျန်းချန်ကို ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ခွင့်မပြုရန် ဆန္ဒရှိခဲ့သော်လည်း ယင်းမှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
ယန်ချန်၏ အဓိကရည်ရွယ်ချက်မှာ ကျန်းချန်၏ အမှတ်တချို့ကို ဖြတ်တောက်ကာ ကျန်းချန်က ယန်ယွိ၏ ပထမနေရာအား ရယူခြင်းအား တားဆီးရန်သာ ဖြစ်၏။
ဆိုရလျှင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှု၏ အဆင့်သတ်မှတ်ချက်သည် ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်သူများအတွက် အလွန်ပင် အရေးကြီးသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နဂါးမြို့တော်တွင် ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်အပေါ်အခြေခံ၍ မြို့ထဲသို့ ရောက်သည်နှင့် ဆုလာဘ်တစ်ခုစီကို ထုတ်ပေးမည် ဖြစ်သောကြောင့်ပင်။
အဆင့်ပိုမြင်လျှင့် ဆုလာဘ် ပိုကြီးကြီးကို ရလေဖြစ်၏။
အထူးသဖြင့် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာ ၁၀ နေရာအတွက် ဆုများသည် ပို၍ပင် လောဘတက်စရာ ကောင်းလွန်းလှသည်။
ထိုအကြောင်းကြောင့်လည်း ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုတွင် ကောင်းကင်နဂါး မြို့တော်သို့ တက်လှမ်းရန်အခွင့်အရေးကို ရရှိခဲ့သော်လည်း အဆင့်သတ်မှတ်ချက်ကို မကျေနပ်သော ပါရမီရှင်အနည်းငယ်သည် နောက်ထပ် တစ်ကြိမ်ကျင်းပမည့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် ပါဝင်ရန် မြေကမ္ဘာနဂါးမြို့တော်တွင် ဆက်လက်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။
ဥပမာပြရလျှင် ယန်ယွိတို့ ဘုရင်အဆင့် ပါရမီရှင်သုံးပါးပင် ဖြစ်၏။
ဘုရင်အဆင့် ပါရမီရှင် သုံးပါးထဲတွင် အသန်မာဆုံး ဖြစ်သော ယန်ယွိသည် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးကို ရောက်ရှိရန် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေခဲ့သော်လည်း ကျန်းချန်သည် လမ်းတစ်ဝက်ကနေ ရုတ်တရက် ထွက်ပေါ်လာမည်ကို မည်သူက ကြိုသိနိုင်ပါအံ့နည်း။
ယန်ယွိနှင့် တစ်မိသားစုတည်း ဖြစ်သော ယန်ချန်သည် ယန်ယွိကို ကူညီပြီး ယန်ယွိ၏ ကောင်းကင်နဂါး စာရင်း အဆင့်သတ်မှတ်ချက်ကို ထိန်းထားပေးရန် ဆန္ဒရှိခဲ့သည်။
သို့သော်လည်း ကျန် အကြီးအကဲ၂ဦးသည် သူမ၏ ဆန္ဒကို လုံးဝမလိုက်လျောခဲ့ပေ။
ကျွင်းချိုးရန် တစ်ဦးတည်းသာ ဆိုလျှင် ယန်ချန်သည် မကြောက်ရွံ့ပေ။
သို့သော်လည်း နန်းဝတ်နန်းစားနှင့် လှပသောအမျိုးသမီးသည် ကောင်းကင်နဂါးမြို့တော်၏ ပထမအကြီးအကဲ ဖြစ်၍ ကောင်းကင်နဂါးမြို့တော်တွင် စကားပြောပိုင်ခွင့် အပြည့်အဝရှိသည်။
ထိုအမျိုးသမီးက ပြတ်ပြတ်သားသားပင် ပြောဆိုလိုက်ရာ သူမ အနေဖြင့် ဘာဆက်လုပ်နိုင်ဦးမည်နည်း။
ကျန်းချန်၏ အမှတ်ရယူခြင်း အရှိန်အဟုန်အရ ဆိုလျှင် ယန်ယွိသည် ရမှတ်များကို မည်သို့ပင် ရယူခဲ့သည်ဖြစ်စေ၊ ကျော်တက်ခံရရန်မှာ အချိန်ကာလ တစ်ခုသာ ကြာမြင့်ပေလိမ့်မည်။
နေရာလွတ်နယ်မြေတွင် ကျန်းချန်သည် ပိုင်လီကျန့်၏ အမှတ်များကို လုယူပြီးနောက်တွင် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ ဗဟိုလွင်ပြင် တစ်ဝိုက်တွင် ဆက်လက် လှည့်လည်သွားလာခဲ့သည်။
ရက်ပေါင်းများစွာ ရုန့်ရင်းစွာ ယှဥ်ပြိုင်မှုပြီးဆုံးပြီးသည့်နောက်တွင် နေရာလွတ်နယ်မြေရှိ ပြိုင်ပွဲဝင်များတွင် ၁၀ဦးလျှင် ၉ဦးနီးပါး ဖယ်ရှားခံခဲ့ရပြီ ဖြစ်ရာ ပြိုင်ပွဲဝင်များအလွန်တရာ ရှားပါးနေပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်တို့သည် ပြိုင်ပွဲဝင် အနည်းငယ်နှင့်သာ တွေ့ဆုံခဲ့ပြီး အသက်အာမခံကြေး အမှတ် ၅၀၀၀ ကို ရရှိခဲ့သည်။
သို့သော်လည်း ဤသို့ပင်ဖြစ်လင့်ကစား ကျန်းချန်၏ အမှတ်သည် ယန်ယွိကို အောင်မြင်စွာ ကျော်လွန်သွားခဲ့ပြီး ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
မီးဘုရင်ယန်ယွိသည်လည်း ရမှတ်များကို ရူးသွပ်စွာ ရှာဖွေနေခဲ့သည်။
သို့သော် သူက မည်မျှပင် ကြိုးစားရုန်းကန်သည် ဖြစ်စေ၊ သူနှင့် ကျန်းချန်တို့ ကြားရှိ အမှတ်ကွာဟချက်သည် ဆက်လက်ကျယ်ပြန့်နေခဲ့သည်။
ဤအခြေအနေက အချိန်အတော်ကြာပြီးနောက်တွင် ခမ်းနားသော အသံတစ်သံသည် နေရာလွတ်နယ်မြေတွင် အဆုံးသတ်၌ ထွက်ပေါ်လာခဲ့သည်။
"လဝက်ပြည့်ပြီ.. ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုက ပြီးဆုံးသွားပါပြီ"
ထိုစကားသံ အဆုံးသတ်သည်နှင့် ကောင်းကင်နဂါးစာရင်း၏ နောက်ဆုံးအဆင့် သတ်မှတ်ချက်သည် လူတိုင်း၏ မြင်ကွင်းတွင် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
"ပထမနေရာ - ကျန်းချန်(၁၆၁၇၀)မှတ်"
"ဒုတိယနေရာ - ယန်ယွိ(၁၃၉၉၀)မှတ်"
"တတိယနေရာ - ယုချိုးရွှေ(၁၂၆၆၉)မှတ်"
အဆုံးသတ်တွင် ကျန်းချန်သည် ယန်ယွိကို အမှတ် ၂၀၀၀ ကျော်ဖြင့် ကျော်တက်သွားခဲ့ပြီး သံသယဖြစ်ဖွယ်ရာမရှိ ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာကို ရရှိခဲ့သည်။
"ဒီစာရင်းရဲ့ ထိပ်ဆုံး၁၀၈ယောက်က ကောင်းကင်နဂါးမြို့တော်ကို တက်ရောက်ဖို့ အရည်အချင်း ပြည့်မီကြတယ်.. အဆင့်၁၀၈ နောက်ပိုင်းမှာ ရပ်တည်တဲ့လူတွေအားလုံးက ဖယ်ထုတ်ခံရပါတယ်"
လူတိုင်းက ကောင်းကင်နဂါးစာရင်းကို အာရုံစိုက်နေစဥ်မှာပင် လေထုထဲတွင် အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် နေရာလွတ်နယ်မြေသည် ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာတုန်ယင်လာခဲ့သည်။
ထို့နောက်တွင် ထိပ်ဆုံး ၁၀၈ဦးစာရင်းတွင် မပါဝင်နိုင်သော ပြိုင်ပွဲဝင် အများအပြားသည် နေရာလွတ်နယ်မြေကနေ တစ်ယောက်ပြီးတစ်ယောက် နှင်ထုတ်ခံလိုက်ရပြီး မြေကမ္ဘာနဂါးမြို့တော်၏ ကောင်းကင်ယံကနေ ကျဆင်းလာခဲ့သည်။
ကျန်းချန်ဦးဆောင်သော လူ၁၀၈ယောက်ကမူ နေရာလွတ်နယ်မြေက ပြောင်းလဲနေပြီး ရွေ့လျားနေကြောင်း ခံစားခဲ့ရသည်။
နောက်ထပ်တစ်ခဏမှာပင် သူတို့သည် ခမ်းနားထည်ဝါပြီး ကျယ်ပြန့်သောမြို့တစ်မြို့၏ ဂိတ်ပေါက်သို့ ရောက်နှင့်နေကြသည်ကို တွေ့လိုက်ကြသည်။
ထိုမြို့တော်က မည်သည့်ပစ္စည်းများဖြင့် အသုံးပြုကာ တည်ဆောက်ထားသည်ကို မသိရအောင်ပင် လျှို့ဝှက်ဆန်းကြယ်သော ဧရာမမြို့ကြီးတစ်မြို့ ဖြစ်သည်။
မြို့တော်တစ်ခုလုံးကနေ လူအများအပြား စေ့စေ့ပင် မကြည့်ရဲလောက်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
မြို့၏ဂိတ်တံခါးပေါ်တွင် မျက်စိကျိန်းလောက်စရာအလင်းရောင်နှင့်အတူ ရှေးဟောင်းအက္ခရာများရှိနေခဲ့၏။
ကျန်းချန်၏ ခွန်အားဖြင့်ပင် မြို့ဂိတ်တံခါးပေါ်ရှိ စာလုံးများမှ ထွက်ပေါ်လာသော အလင်းရောင်ကို ကြည့်ရင်း စိတ်နှလုံးတုန်လှုပ်ချောက်ချားသလို ခံစားလိုက်ရသည်။
ကောင်းကင်နဂါးမြို့တော်။
ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တည်ထောင်ထားသော အဓိကမြို့တော်၃မြို့ အနက်မှ ၁မြို့ဖြစ်ပြီး ရှန်လုံမြို့တော်နှင့် မြေကမ္ဘာနဂါး မြို့တော်၏ အကြားတွင် တည်ရှိသောမြို့ဖြစ်သည်။
ဤမြို့က ရှေးဟောင်းနဂါး မျိုးနွယ်စုဝင်များ ။နေထိုင်သောမြို့ဖြစ်ပြီး စစ်မှန်သောပါရမီရှင်များနှင့် မွန်းစတားများ စုဝေးရာ နေရာတစ်ခုလည်း ဖြစ်၏။
အဆုံးသတ်ပြောရလျှင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့် စမ်းသပ်မှုကို အောင်မြင်ပြီး ကောင်းကင်နဂါး မြို့တော်သို့ ဝင်ရောက်လာနိုင်သော ပါရမီရှင်အားလုံးသည် ပါရမီရှင်များထဲမှ ထူးချွန်သော ပါရမီရှင်များဟုပင် ဆိုရမည်။
ကောင်းကင်နဂါးမြို့တော်သည် ၁၀နှစ်၁ကြိမ် ဤကဲ့သို့ ပါရမီရှင် အဖွဲ့တစ်ဖွဲ့ကို ပုံမှန် စုစည်းနေခဲ့ရာ ကောင်းကင်နဂါးမြို့တော်တွင် ပါရမီရှင်များသည် အလွန်ပင် များပြားသည်ဟုဆိုနိုင်ပေ၏။
ကောင်းကင်နဂါးမြို့တော်၏ ဂိတ်ပေါက်ဝသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
ထို့နောက်တွင် မီတာရာနှင့်ချီ ကျယ်ဝန်းသော လမ်းမကြီးသည် ကျန်းချန်နှင့် အခြားသူများ၏ မြင်ကွင်းတွင် တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့၏။
"ဝှစ်.. ဝှစ်.. ဝှစ်.."
အလင်းတန်းသုံးခုသည် ကောင်းကင်နဂါး မြို့တော်ထဲကနေ ပျံသန်းလာခဲ့ပြီး ကျန်းချန်တို့၏ ရှေ့တွင် ပုံရိပ်သုံးခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က သူ၏ ရှေ့ရှိ ပုံရိပ်သုံးခုကို ကြည့်လိုက်၏။
ထိုသုံးဦးအနက် ဘယ်ဘက်ခြမ်းရှိ ရွှေရောင်ဝတ်စုံဝတ်လူလတ်ပိုင်းအရွယ်အမျိုးသားသည် ကျန်းချန်နှင့်မစိမ်းပေ။
ထိုလူက သူ မြေကမ္ဘာနဂါးမြို့တော်သို့ စတင်ဝင်ရောက်စဥ်က တွေ့ဆုံခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားပင် ဖြစ်၏။
ညာဘက်ရှိ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် အလယ်ရှိ နန်းဝတ်နန်းစားဝတ် အမျိုးသမီးတို့ကမူ ကျန်းချန်အတွက် အစိမ်းသက်သက် ဖြစ်နေခဲ့သည်။
သို့သော်လည်း ထိုနှစ်ဦး၏ အရှိန်အဝါများက အလွန်တရာပင် နက်နဲ၍ ထိုနှစ်ဦးသည် ကောင်းကင်နတ်ဘုရား အဆင့်တွင် အင်အားကြီးမားသော ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားသည်။
"ကလေးတို့.. ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုကို အောင်မြင်ပြီး ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီတဲ့အတွက် ဂုဏ်ပြုပါတယ်.. ဒီနေ့ကစပြီး မင်းတို့က ငါတို့ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တရားဝင်တပည့်တွေ ဖြစ်လာကြပြီ.. ဒါပေမဲ့ ကောင်းကင်နဂါးမြို့တော်ထဲကို မဝင်ခင်မှာ ငါတို့က ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုအတွက် အဆင့်သတ်မှတ်ချက် ဆုလာဘ်တွေကို အရင်ဆုံး ထုတ်ပေးမယ်"
အလယ်တွင် ရပ်နေသော နန်းဝတ်နန်းစား ဝတ်လှပသောအမျိုးသမီးက ကျန်းချန်တို့လူစုကို တစ်ချက်ဝေ့ကြည့်ပြီးနောက်တွင် ဆုလာဘ်များကို ကြေညာရန်စတင်ခဲ့သည်။
"ကောင်းကင်နဂါးစာရင်းမှာ ပထမနေရာ ရရှိခဲ့တဲ့ ကျန်းချန်က ကောင်းကင်နဂါးရမှတ် ၅၀၀၀၀ကို ရရှိပြီး နယ်မြေနတ်ဘုရားအဆင့် နည်းစနစ် ဒါမှမဟုတ် ကိုယ်ခံပညာရပ် တစ်ခုကို အခမဲ့ရွေးချယ်နိုင်တယ်"
နန်းဝတ်နန်းစားဝတ် အမျိုးသမီး၏ စကားကိုကြားလျှင် ပါရမီရှင် လူငယ် ၁၀၀ကျော်သည် မနာလိုအားကျသော အကြည့်များဖြင့် ကျန်းချန်ကို ကြည့်လိုက်ကြ၏။
သူတို့က ကောင်းကင်နဂါးမြို့တော်သို့ မဝင်ရောက်ရသေးသော်လည်း ကောင်းကင်နဂါးမြို့တော်နှင့် ပတ်သက်၍ သိထားကြသည်။
ကောင်းကင်နဂါးရမှတ်များသည် မြေကမ္ဘာနဂါး မြို့တော်ရှိ မြေကမ္ဘာနဂါး ရမှတ်များထက်ပင် ပိုမို တန်ဖိုးရှိသည်ဟု ဆိုကြ၏။
ကျန်းချန်က တစ်ကြိမ်တည်းဖြင့် အမှတ် ၅၀၀၀၀ကို ရရှိခဲ့သည်ဖြစ်ရာ သူတို့အနေဖြင့် မနာလိုဘဲ အဘယ်ကဲ့သို့ နေနိုင်ပါအံ့နည်း။
မှန်ပါသည်၊ ကောင်းကင်နဂါး ရမှတ်များအပြင် အားကျစရာအကောင်းဆုံးမှာ လျှို့ဝှက်နည်းစနစ်နှင့် ကိုယ်ခံပညာရပ်များကို အခမဲ့ရွေးချယ်ခွင့် ရရှိခြင်းပင် ဖြစ်သည်။
နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ် သို့မဟုတ် ကိုယ်ခံပညာရပ်များသည် ကျင့်ကြံသူတိုင်း အိပ်မက်မက်သော အရာများပင် မဟုတ်ပါလော။
နန်းဝတ်နန်းစားဝတ်စုံနှင့် လှပသောအမျိုးသမီးက ပထမနေရာအတွက် ဆုလာဘ်ကို ကြေညာလိုက်သည်ကို ကြားလျှင် ယန်ယွိသည် သွားများကို အံကြိတ်လိုက်ပြီး လက်သီးများကို ခပ်တင်းတင်းဆုပ်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် သွေးနီရောင် အလင်းတန်းတစ်ခုပင် ပေါ်ပေါက်လာခဲ့၏။
သူက ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာ အတွက် ရူးသွပ်စွာ ယှဥ်ပြိုင်ခဲ့ခြင်းမှာ နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်နှင့် ကိုယ်ခံပညာရပ်များကို အခမဲ့ရွေးချယ်ခွင့်ရရန်ပင်ဖြစ်သည်။
သို့သော်လည်း အခွင့်အရေးကို ကျန်းချန်က လုယူသွားခဲ့ပြီမဟုတ်ပါလော။
ယန်ယွိက သူ၏ နှလုံးသားကနေ သွေးများ ယိုစိမ့်ထွက်လာသကဲ့သို့ပင် ခံစားခဲ့ရသည်။
သူက ကျန်းချန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်တွင် စိတ်ထဲကနေ ပြင်းထန်စွာ ကြိမ်းဝါးလိုက်သည်။
"ကျန်းချန်.. မင်းက ငါ့ရဲ့အခွင့်အရေးကို လုယူခဲ့တယ်.. အနာဂတ်မှာ ဒီအတွက် မင်း ကြီးလေးတဲ့အဖိုးအခကို ပေးဆပ်စေရမယ်"
အခန်း(၁၅၄၃)ပြီး၏။
အခန်း(၁၅၄၄)
"ကောင်းကင်နဂါးစာရင်းရဲ့ အဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာရရှိတဲ့ ယန်ယွိက ကောင်းကင်နဂါးရမှတ် ၃၀၀၀၀ကို ရရှိပြီး နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်တစ်ခုကို အခမဲ့ရွေးချယ်နိုင်တယ်"
"ကောင်းကင်နဂါးစာရင်းရဲ့ အဆင့်သတ်မှတ်ချက်မှာ တတိယနေရာရရှိတဲ့ ယုချိုးရွှေက ကောင်းကင်နဂါးရမှတ် ၂၀၀၀၀ ရရှိပြီး ကောင်းကင်နတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ် ဒါမှမဟုတ် ကိုယ်ခံပညာရပ် တစ်မျိုးကို အခမဲ့ရွေးချယ်နိုင်တယ်"
"........."
နန်းဝတ်နန်းစားဝတ် အမျိုးသမီးက အဆင့်သတ်မှတ်ချက်အလိုက် ဆုလာဘ်များကို ပေးအပ်လိုက်သည်။
အဆင့်နိမ့်လေ ဆုလာဘ်နည်းသည်မှာ သဘာဝကျပေသည်။
အထူးသဖြင့် အဆင့် ၇၃နောက်ပိုင်းတွင် အဆင့်သတ်မှတ်ခံရသော လူ ၃၆ယောက်သည် ကောင်းကင်နဂါးရမှတ် ၃၀၀၀ ကိုသာ ဆုလာဘ်အဖြစ် ရရှိသည်။
ယင်းက ဘာမှမရရှိတာထက် စာလျှင် ကောင်းနေသေးသည်မဟုတ်ပါလော။
"ကောင်းပြီ ကလေးတို့.. မင်းတို့ကို ဆုလာဘ်တွေ ပေးအပ်ပြီးပြီ.. ငါက ကောင်းကင်နဂါးမြို့တော်ရဲ့အကြီးအကဲ ရွှေလင်းလုံပဲ.. ငါ့ရဲ့နံဘေးမှာ ရှိတဲ့၂ယောက်က အကြီးအကဲကျင်းချိုးရန်နဲ့ အကြီးအကဲ ယန်ချန်တို့ပဲ.. ငါတို့နဲအတူ မြို့ထဲကို လိုက်လာဖို့ ပြင်ဆင်ထားကြပါ.. ထုံးစံအတိုင်းပဲ ကောင်းကင်နဂါးမြို့တော်ကို စတင် ဝင်ရောက်တာနဲ့ စမ်းသပ်မှုကို ခံယူဖို့အတွက် ကောင်းကင်နဂါးနန်းတော်ကို အရင်သွားရောက်ရမယ်"
ဆုလာဘ်များကို ပေးအပ်ပြီးနောက်တွင် နန်းဝတ်နန်းစားဝတ်အမျိုးသမီးက လူတိုင်းကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲရွှေ.. ဒီကောင်းကင်နဂါးနန်းတော်ရဲ့စမ်းသပ်မှုက မြေကမ္ဘာနဂါးမြို့တော်က မှော်နဂါးနန်းတော်နဲ့ တူညီမှု ရှိမရှိသိချင်ပါတယ်"
"ကောင်းကင်နဂါးနန်းတော်နဲ့ မှော်နဂါးနန်းတော်က အမှန်တကယ် ဆင်တူကြတယ်.. ၂ခုစလုံးကို ပါရမီရှင်တွေရဲ့ အလားအလာ စမ်းသပ်ရမှာ အသုံးပြုကြတယ်.. ဒါပေမဲ့ ကွဲပြားမှုအချို့တော့ ရှိတယ်"
ရွှေလင်းလုံက လူတိုင်းကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
ကောင်းကင်နဂါးနန်းတော်တွင် မှော်နဂါးနန်းတော်ကဲ့သို့ အဆင့်၁၀ဆင့် မရှိပေ။
ကောင်းကင်နဂါးနန်းတော် တစ်ခုလုံးတွင် ခန်းမကျယ်တစ်ခန်းသာလျှင် ရှိသည်။
ထိုခန်းမကြီးသည် အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားတဖြည်းဖြည်း တိုးမြှင့်လာလိမ့်မည် ဖြစ်၏။
ကောင်းကင်နဂါးနန်တော်ထဲသို့ ဝင်ရောက်၍ အစမ်းသပ်ခံသူများသည် ထိုခန်းမထဲတွင် အချိန်မည်မျှကြာကြာ ခံနိုင်ရည်ရှိသလဲ ဆိုသည်ကို စမ်းသပ်ကြသည်။
၎င်းတို့ တောင့်ခံနိုင်သည့် အချိန်ကိုလိုက်၍ ပါရမီနှင့်ခွန်အားကို အကဲဖြတ်ကြ၏။
ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်း ခံနိုင်ရည်ရှိလျှင် ထိုလူသည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အဆင့်နိမ့် တပည့်တစ်ဦးအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
အသက်ရှူကြိမ် ၁၀ကြိမ်မှ အကြိမ် ၂၀အထိ ခံနိုင်ရည်ရှိလျှင်မူ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အလယ်အလတ်အဆင့် တပည့်တစ်ဦး အဖြစ် သတ်မှတ်ခံရမည် ဖြစ်၏။
၂၀မှ ၃၀အထိ ခံနိုင်ရည်ရှိလျှင်မူ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အဆင့်မြင့်တပည့်တစ်ဦး အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
အသက်ရှူကြိမ် အကြိမ်၃၀ ကျော် ခံနိုင်ရည်ရှိလျှင်မူ ရှေးဟောင်းမျိုးနွယ်စု၏ မာနနဂါးအဆင့် တပည့် အဖြစ် သတ်မှတ်ခံရပေမည်။
မာနနဂါးအဆင့်သည့် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အမြင့်ဆုံး ပါရမီရှင်အဆင့် ဖြစ်ပြီး ၎င်း၏ အဆင့်အတန်းသည် သာမန် ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲများထက် မနိမ့်ကျပေ။
အဆင့်များကိုလိုက်၍ တပည့်များသည် ကောင်းကင်နဂါး မြို့တော်တွင် မတူညီသော ဆက်ဆံမှုများကို ရရှိမည်မှာ သဘာဝကျပေသည်။
၎င်းတို့ ရရှိသည့်အဆင့်ကို လိုက်၍ တပည့်များကြားတွင် နေထိုင်မှု အခြေအနေများပင် များစွာ ကွာခြားကြ၏။
အဆင့်နိမ့်တပည့်သည် မြေကမ္ဘာနဂါး မြို့တော်၏ သာမန်ဧရိယာတွင် နေထိုင်သော ကျင့်ကြံသူနှင့် လုံးဝ နီးပါး ညီမျှသည်။
အလယ်အလတ် အဆင့် တပည့်ကမူ သာမန် ခြံဝန်းတစ်ခုတွင် နေထိုင်ခွင့် ရရှိသည်။
အဆင့်မြင့်တပည့်ကမူ ဇိမ်ခံခြံဝန်း တစ်ခုတွင် နေထိုင်ခွင့်ရရှိ၏။
မာနနဂါးအဆင့်ကမူ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တစ်ဦးတည်းသော နယ်မြေနတ်ဘုရား ကိုယ်တိုင် ဖန်တီးပေးသည့် ကိုယ်ပိုင် တောင်တစ်လုံးကို အပိုင်စားရရှိမည် ဖြစ်သည်။
ဆိုရလျှင် ကောင်းကင်နဂါးမြို့တော်တွင် မာနနဂါးအဆင့်သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်၏ သင်္ကေတပင် ဖြစ်၏။
သို့သော်လည်း ကောင်းကင်နဂါး မြို့တော်တွင် မာနနဂါးအဆင့်ကို ရရှိရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်ပင် ခက်ခဲသောအရာ ဖြစ်သည်။
ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နှစ်သန်းပေါင်းများစွာ သမိုင်းမှာပင် ကောင်းကင်နဂါးမြို့တော်တွင် မာနနဂါး အများအပြား မမွေးဖွားခဲ့ပေ။
နှစ်၁၀၀၀မှာပင် တစ်ဦး ပေါ်ထွက်ရန် ခက်ခဲ၏။
ဥပမာအားဖြင့် ယနေ့တွင် ကောင်းကင်နဂါးမြို့တော်တွင် မာနနဂါးအဆင့်ပါရမီရှင် ၉ဦးသာလျှင် ရှိ၏။
ထို့နောက်တွင် ရွှေလင်းလုံသည် လူတိုင်းကို ကောင်းကင်နဂါးမြို့တော်ထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းခရီးတွင် ကောင်းကင်နဂါးမြို့တော်၏ စည်းမျဥ်းတချို့နှင့် မိတ်ဆက်ပေးခဲ့သည်။
ကောင်းကင်နဂါးမြို့တော်နှင့် မြေကမ္ဘာနဂါးမြို့တော်တို့ ကြားတွင် ကွာခြားမှု ကြီးကြီးမားမား မရှိသော်လည်း ဤနေရာရှိ ယှဥ်ပြိုင်မှုသည် မြေကမ္ဘာနဂါးမြို့တော်ထက် ပိုမိုရက်စက်၏။
ကောင်းကင်နဂါးမြို့တော်သည် မြေကမ္ဘာနဂါး မြို့တော် ကဲ့သို့ ၁၀နှစ်တာ ကာလအတွင်း ရာထူးတိုးမြှင့်ခြင်း မအောင်မြင်ခဲ့လျှင် ဖယ်ထုတ်မည် မဟုတ်သော်လည်း ၁၀နှစ်၁ကြိမ် မစ်ရှင်တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ပေးရမည်ဖြစ်သည်။
မစ်ရှင်ကို လက်ခံပြီးသည်နှင့် ကောင်းကင်နဂါးမြို့တော်၏ သက်သောင့်သက်သာ နေထိုင်ရသော နယ်မြေကနေ ထွက်ခွာရမည်ဖြစ်ရာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့်ပင် ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
ကောင်းကင်နဂါးမြို့တော်တွင် နှစ်စဥ်နှစ်တိုင်းလိုလို တပည့်များစွာသည် မစ်ရှင်အတွက်ဖြင့် ကောင်းကင်နဂါးမြို့တော်မှ ထွက်ခွာခဲ့ကြပြီးနောက်တွင် သတင်းတစ်စုံတစ်ရာ မရရှိတော့ပေ။
ထို့ကြောင့် ကောင်းကင်နဂါး မြို့တော်တွင် ပိုမို ကောင်းမွန်စွာရှင်သန်လိုပါက တစ်ခုတည်းသော နည်းလမ်းမှာ ကြိုးကြိုးစားစား လေ့ကျင့်ပြီး မိမိကိုယ်ကို သန်မာအောင် ပြုလုပ်ခြင်းပင်ဖြစ်၏။
ရွှေလင်းလုံထံမှ ကောင်းကင်နဂါးမြို့တော်၏ စည်းမျဥ်းများကို နားထောင်ရင်း ကျန်းချန်တို့ လူစုသည် ရွှေလင်းလုံတို့ သုံးဦး၏ ဦးဆောင်မှုအောက်တွင် ကောင်းကင်နဂါး နန်းတော်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။
ကောင်းကင်နဂါးမြို့တော်၏ အခြေအနေသည် မြေကမ္ဘာနဂါးမြို့တော်နှင့် အလွန်ပင် ကွာခြား၏။
၎င်းက မြို့တစ်မြို့နှင့် လုံးဝမတူပဲ ကောင်းကင်ဘုံနှင့်ပင် ဆင်တူနေခဲ့သည်။
မြို့ထဲတွင် ခမ်းနားထည်ဝါသော အဆောက်အအုံ တချို့အပြင် လေထဲတွင် တည်တံ့နေသော တောင်ထွတ်များလည်း ရှိသည်။
ထိုတောင်ထွတ် တစ်ခုစီတွင် မတူညီသော ဥပဒေသစွမ်းအားများ ပါဝင်နေပုံရ၏။
မီးလျှံများဖြင့် ပြည့်နှက်နေသော မီးတောင်များ၊ နှင်းများဖုံးလွှမ်းနေသော ရေခဲတောင်များ၊ မိုးကြိုးလျှပ်စီးများဖြင့် ပြည့်နှက်နေသော မိုးကြိုးတောင်တန်းများ..
ထိုတောင်ထွတ်များမှ မျက်စိကျိန်းလောက်စရာ အလင်းရောင်သည် ကောင်းကင်နဂါးမြို့တော်၏ ပတ်ဝန်းကျင်ကိုပင် လင်းထိန်စေခဲ့သည်။
ကျန်းချန်က ရေတွက်ကြည့်လိုက်ရာ ကောင်းကင်နဂါးမြို့တော်တွင် ထိုကဲ့သို့သော တောင်ထွတ် ၉ခုတိတိ ရှိနေကြောင်းတွေ့ရှိခဲ့သည်။
"ဒီတောင်ထွတ်တွေက မာနနဂါးအဆင့် ပါရမီရှင်တွေရဲ့ နေအိမ်ပဲ ဖြစ်ရမယ်.. နယ်မြေနတ်ဘုရား ကိုယ်တိုင် တည်ဆောက်ထားတဲ့ တောင်ထွတ်တွေက အရမ်းကို ခမ်းနားထည်ဝါတာပဲ"
ကျန်းချန်က တောင်ထွတ်၉ခုကိုကြည့်ကာ စိတ်ထဲတွင် အံ့အားသင့်နေခဲ့သည်။
ကျန်းချန်၏ ပတ်ပတ်လည်မှ လူများစွာသည်လည်း တောင်ထွတ်၉လုံး၏ ဖြစ်တည်မှုကို ကျန်းချန်ကဲ့သို့ပင် တွေးတောနေခဲ့ကြပြီး ၎င်းတို့၏ မျက်ဝန်းများတွင် လေးစားမှုနှင့် တောင့်တသော အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။
ကျန်းချန်တို့ လူစုက လမ်းလျှောက်လာစဥ် ထူခြားသောပုံရိပ်များစွာကိုလည်း တွေ့ခဲ့ရသည်။
ထိုပုံရိပ်များသည် ကျန်းချန်တို့ အဖွဲ့ကိုမြင်လျှင် လေသံတိုးတိုးဖြင့် စကားပြောဆိုနေခဲ့ကြသည်။
"လူသစ်တွေ ထပ်ရောက်လာပြန်ပြီ.. ဒီနှစ် ကောင်းကင်နဂါးစာရင်းရဲ့ ပထမနေရာကို ဘယ်သူရသွားလဲမသိဘူး"
"နောက်ဆုံးအကြိမ်က ကျင်းပတဲ့ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲမှာ ထိပ်ဆုံး၁၀ နေရာစာရင်းကို ဝင်ရောက်ထားတဲ့ ယန်ယွိပဲ ဖြစ်ဖို့များတယ်.. သူဆိုရင်တော့ ကောင်းကင်နဂါးနန်းတော်မှာ အဆင့်မြင့်တပည့် အဖြစ် သတ်မှတ်ခံရဖို့များတယ်.. ဒါကပဲ အတော်လေး ကောင်းမွန်နေပါပြီ"
"............."
လူတိုင်း၏ စကားပြောဆိုနေသော အကြည့်များအောက်မှာပင် ကျန်းချန်တို့ လူစုသည် နန်းတော်တစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုနန်းတော်ကနေ နတ်စွမ်းအားများသည် သူတို့ရှိရာသို့ ပျံ့လွင့်နေခဲ့၏။
ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်တွင် နန်းတော်ထဲကို ဝင်ရောက်မည့် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တပည့်အချို့ရှိနေခဲ့သည်။
သူတို့က ကျန်းချန်တို့ လူစုကိုမြင်လျှင် လူသစ်များက စမ်းသပ်မှုအတွက် ကောင်းကင်နဂါးနန်းတော် ထဲသို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်း သိရှိသွားခဲ့ကြပြီး ဘေးဖယ်ပေးလိုက်ကြသည်။
"ကောင်းကင်နဂါးနန်းတော်မှာ မင်းတို့ တောင့်ခံနိုင်တဲ့ အချိန်ပေါ်မူတည်ပြီး မင်းတို့ရဲ့ တပည့်အဆင့်ကို သတ်မှတ်ပေးမှာဖြစ်တယ်.. အဆင့်အလိုက် မင်းတို့ရဲ့ နေအိမ်နဲ့ လစဥ်ရရှိနိုင်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေက ကွာခြားသွားလိမ့်မယ်.. ဒါကြောင့် မင်းတို့အနေနဲ့ အစွမ်းကုန်ကြိုးစားတာ အကောင်းဆုံးပဲ"
ရွှေလင်းလုံတို့ အကြီးအကဲ၃ဦးက ကောင်းကင်နဂါးနန်းတော်၏ အရှေ့တွင် ဝင့်ကြွားစွာ ရပ်နေရင်း ညင်သာစွာရှင်းပြလိုက်သည်။
"ကဲ စလို့ရပြီ"
အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မည်သူကမှ ရှေ့တက်လိုခြင်း မရှိခဲ့ပေ။
သူတို့က ကောင်းကင်နဂါးနန်းတော်၏ အခြေအနေကို လုံးဝနားမလည်ဘဲ စမ်းသပ်မှုအတွက် ပထမဆုံး ဝင်ရောက်ရမည့်သူ ဖြစ်လိုခြင်း မရှိသည်မှာ ထင်ရှားနေခဲ့သည်။
"ဟားဟား မင်းတို့က ပထမဆုံး အစမ်းသပ် မခံရဲရင်တော့ ငါပဲ အရင်ဆုံးသွားလိုက်ပါ့မယ်"
ယန်ယွိက လူတိုင်းကို မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်ကာ ကောင်းကင်နဂါး နန်းတော်ထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်သွားခဲ့သည်။
လူတိုင်းက ထိုအချင်းအရာကိုမြင်လျှင် တုန်လှုပ်သွားကြသည်။
ယန်ယွိသည် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့်ပါရမီရှင်သုံးပါးအနက် အသန်မာဆုံးသူ ဖြစ်သည်။
သူက ကျန်းချန်၏ အနိုင်ယူခြင်းကို ခံခဲ့ရသော်လည်း သူ၏ ခွန်အားနှင့်ပါရမီသည် အကောင်းဆုံးများထဲမှ တစ်ဦးပင်ဖြစ်၏။
သူတို့အားလုံးက ကောင်းကင်နဂါးနန်းတော်တွင် ယန်ယွိ အချိန်မည်မျှ တောင့်ခံနိုင်မလဲ ဆိုသည်ကို သိချင်နေခဲ့ကြသည်။
အခန်း(၁၅၄၄)ပြီး၏။
အခန်း(၁၅၄၅)
လူအုပ်ကြီးက အသက်ရှူဖို့ကိုပင် မေ့လျော့နေကာ ကောင်းကင်နဂါးနန်းတော်ကို စိုက်ကြည့်နေခဲ့ကြသည်။
အသက်ရှူကြိမ် ၁ကြိမ်၊၂ကြိမ်၊၃ကြိမ်...
ယန်ယွိက ကောင်းကင်နဂါးနန်းတော် ထဲသို့ ဝင်ရောက်သွားသည်မှာ အသက်ရှူကြိမ် ၁၀ကြိမ်ခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ယန်ယွိသည် ကောင်းကင်နဂါးနန်းတော်ထဲမှ ထွက်လာမည့် လက္ခဏာမျိုး မရှိခဲ့ပေ။
အလွန်လျင်မြန်စွာပင် ကောင်းကင်နဂါးနန်းတော်တွင် ယန်ယွိ ရှိနေသောအချိန်သည် အသက်ရှူကြိမ်၂၀ကြိမ်ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
အသက်ရှူကြိမ် ၂၃ကြိမ် ပြည့်ပြီးနောက်တွင် ယန်ယွိသည် အဆုံးသတ်၌ ဖြူဖျော့သော မျက်နှာ အမူအရာဖြင့် ကောင်းကင်နဂါးနန်းတော်ထဲကနေ ထွက်လာခဲ့သည်။
အသက်ရှူကြိမ် ၂၃ကြိမ်၊ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အဆင့်မြင့်တပည့် အဆင့်။
ကောင်းကင်နဂါးနန်းတော်ထဲကနေ ထွက်လာသော ယန်ယွိကိုမြင်လျှင် လူတိုင်းသည် သက်ပြင်းချလိုက်ကြသည်။
ယန်ယွိသည် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင်သုံးပါးထဲတွင် အသန်မာဆုံးဖြစ်သည် ဟူသော ဂုဏ်ပုဒ်နှင့်ထိုက်တန်မှု ရှိသည်။
ကောင်းကင်နဂါး မြို့တော်သို့ ဝင်ရောက်သည်နှင့် အဆင့်မြင့်တပည့်တစ်ဦးအဆင့် ဖြစ်လာခဲ့သည်။
သိထားရမည့်အချက်မှာ ကောင်းကင်နဂါးမြို့တော်တွင် အဆင့်မြင့် တပည့်များသည် အလွန်တရာပင် ရှားပါးပြီး ထိုအဆင့်သည် မာနနဂါးအဆင့် ဖြစ်တည်မှုပြီးလျှင် ဒုတိယအဆင့်ပင် ဖြစ်သည်။
"အားပါးပါး ကောင်းကင်နဂါးနန်းတော်ရဲ့ ပထမဆုံးအကြိမ်စမ်းသပ်မှုမှာ အသက်ရှူကြိမ် ၂၃ကြိမ်တောင် ခံနိုင်ရည်ရှိခဲ့တာပဲ.. ဒါက အရမ်းအံ့သြစရာကောင်းတယ်"
"ဒီကောင်က ဒီအသုတ် ဝင်ရောက်လာတဲ့ မြေကမ္ဘာနဂါးမြို့တော်ရဲ့ ပါရမီရှင်တွေထဲမှာ အသန်မာဆုံး ပါရမီရှင် ယန်ယွိပဲ.. သူက အနာဂတ်မှာ မာနနဂါးအဆင့် တပည့်တောင် ဖြစ်လာနိုင်တယ်"
"အဲဒီလောက်ထိတော့ လွယ်ကူမှာမဟုတ်ဘူး.. ကောင်းကင်နဂါးနန်းတော်ရဲ့ အသက်ရှူကြိမ် ၂၀ကြိမ် နောက်ပိုင်းမှာ နောက်ထပ် အသက်ရှူကြိမ် ၁ကြိမ်ကို ခံနိုင်ရည်ရှိဖို့ ဆိုတာက လွယ်ကူတဲ့အလုပ်မဟုတ်ဘူး"
"အမှန်ပဲ.. ငါတို့အသုတ်တုန်းက အသန်မာဆုံး ပါရမီရှင်ဆိုရင် ကောင်းကင်နဂါးနန်းတော်ရဲ့ ပထမဆုံး စမ်းသပ်မှုမှာ အသက်ရှူကြိမ် ၂၅ကြိမ်ပဲ ခံနိုင်ရည်ရှိခဲ့တယ်.. အခု နှစ်၂၀ကျော်ကြာ ကျင့်ကြံလာတာတောင် ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၂ကြိမ်ပဲ ပိုမို ခံနိုင်ရည်ရှိခဲ့တယ်.. မာနနဂါးအဆင့်တပည့် ဖြစ်လာဖို့က အရမ်းကို ခက်ခဲလွန်းတယ်"
"..........."
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကလည်း ယေဘုယျအားဖြင့် ထိုသို့ပင် ခံစားမိခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်နဂါးမြို့တော်သို့ ပထမဆုံးအကြိမ် ဝင်ရောက်စဥ်တွင် ကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှု၌ အသက်ရှူကြိမ် ၂၃ကြိမ် အထိ ခံနိုင်ရည်ရှိကာ အဆင့်မြင့်တပည့်တစ်ဦး ဖြစ်လာသည်ကပင် အလွန်တရာကောင်းမွန်နေပြီ မဟုတ်ပါလား။
ယန်ယွိသည် သူ၏ စမ်းသပ်မှုရလဒ်ကို အလွန်ပင် ကျေနပ်နေခဲ့ပြီး မျက်နှာထက်တွင် ဝင့်ကြွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို လှမ်း၍ ကြည့်လိုက်၏။
သူ၏အကြည့်တွင် စိန်ခေါ်သော အမူအရာများ ပါဝင်နေခဲ့သည်။
သူက နေရာလွတ်နယ်မြေတွင် ကျန်းချန်ကို ရှုံးနိမ့်ခဲ့ရသည်။
သိ့သော်လည်း ကျန်းချန်သည် ကိုယ်ခံပညာ ဥပဒေသများကို အားကိုး၍သာ သူ့ကို အနိုင်ရသွားခြင်း ဖြစ်၏။
ဤကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှုသည် ကိုယ်ခံပညာဥပဒေသများကိုသာ အားကိုး၍ မရပေ။
ယန်ယွိသည် သူ့ထံကနေ ကောင်းကင်နဂါးစာရင်း၏ အဆင့် သတ်မှတ်ချက် နေရာကို လုယူသွားသော ကျန်းချန်ကို မုန်းတီးခဲ့သည်။
သူက ကောင်းကင်နဂါးမြို့တော်တွင် ကျန်းချန်ကို သူ၏ ခြေရင်း၌ နင်းချေပစ်မည်ဟု စိတ်ထဲကနေ တိတ်တဆိတ်ကျိန်ဆိုထားခဲ့၏။
ကျန်းချန်က ယန်ယွိကို လျစ်လျူရှုလိုက်ပြီး ကောင်းကင်နဂါးနန်းတော်ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
"ကျန်းချန် စမ်းသပ်တော့မယ်.. မင်းတို့တွေ သူအသက်ရှူကြိမ် ဘယ်နှစ်ကြိမ် ခံနိုင်ရည်ရှိမယ်လို့ထင်လဲ"
"သူက နေရာလွတ်နယ်မြေမှာ ယန်ယွိကိုတောင် အနိုင်ရခဲ့တာဆိုတော့ အနည်းဆုံးတော့ အသက်ရှူကြိမ် ၂၃ကြိမ်ထက် ပိုမယ်လို့ထင်တယ်"
"ပြောနေစရာတောင်မလိုဘူး.. ကျန်းချန်က အသက်ရှူကြိမ် ၃၀ကို ကျော်လွန်ပြီး တစ်ခါတည်း မာနနဂါးအဆင့် ပါရမီရှင်တောင် ဖြစ်လာနိုင်တယ်"
".......... ..."
အသစ်ရောက်လာသော ပါရမီရှင်များ၏ မျက်ဝန်းများသည်လင်းလက်နေခဲ့ပြီး ကောင်းကင်နဂါးနန်းတော်၏ ဂိတ်ပေါက်ဝကို စူးရှစွာ စူးစိုက်ကြည့်နေခဲ့ကြသည်။
"ဒီလူသစ်တွေက ဘာတွေပြောနေကြတာလဲ.. သူတို့ ပြောပုံအရဆို ခုနက ဝင်သွားတဲ့သူထက် ဒီကောင်လေးက ပိုမိုသန်မာတယ်နဲ့ တူတယ်"
ကောင်းကင်နဂါးမြို့တော်၏ တပည့်တစ်ဦးက မျက်လုံးများရုတ်တရက် ပြူးကျယ်သွားခဲ့ပြီး မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
တခြားသူများသည်လည်း အံ့အားသင့်စွာဖြင့် ကောင်းကင်နဂါးနန်းတော်၏ ဂိတ်ပေါက်ကို စူးစိုက်ကြည့်နေကြသည်။
အစောပိုင်းက ကြည့်နေကြသော ယန်ယွိ၏ ရလဒ်သည်ပင် အတော်လေး ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။
ဤကောင်လေးသာ ယန်ယွိထက် မည်မျှပင် ထိတ်လန့်စရာကောင်းသော ဖြစ်တည်မှု ဖြစ်မည်နည်း။
ကောင်းကင်နဂါးနန်းတော်၏ ရှေ့တွင် စီနီယာ တပည့်များစွာနဲ့ အသစ်ရောက်လာသော သူများသည် ကျန်းချန်၏ ရလဒ်ကိုစောင့်ဆိုင်းနေခဲ့ကြသည်။
ကောင်းကင်နဂါး နယ်မြေ၏ အကြီးအကဲသုံးပါး ဖြစ်သော ရွှေလင်းလုံတို့ သုံးပါးသည်ပင် ဤကိစ္စနှင့် ပတ်သက်၍ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ကြသည်။
သူတို့သည်လည်း ကျန်းချန်က အသက်ရှူကြိမ် အကြိမ်၃၀ ကျော်ကို ခံနိုင်ရည်ရှိကာ ကောင်းကင်နဂါးမြို့တော်၏ ဆယ်ဦးမြောက် မာနနဂါးအဆင့် ပါရမီရှင် ဖြစ်လာနိုင်ခြင်း ရှိမရှိကို သိရှိလိုခဲ့ကြသည်။
ကျန်းချန်က ကောင်းကင်နဂါးနန်းတော်၏ ဂိတ်ပေါက်ကို လျှောက်ဝင်လာသောအခါ နေရာလွတ်ကို ဖြတ်ကျော်လာသကဲ့သို့ ခံစားခဲ့ရသည်။
သူက နေရာလွတ်နယ်မြေ အလွှာများစွာနှင့် ခန့်မှန်း၍မရနိုင်သော အပြောင်းအလဲများရှိသည့် လျှို့ဝှက်ဆန်းကြယ်သောနေရာလွတ် တစ်ခုတည်းသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့၏။
ကျန်းချန်က ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်နေစဥ်မှာပင် သူ၏ ရှေ့၌ ပုံရိပ်တစ်ခုသည် လေထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်က အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး၏ ပုံရိပ်ယောင် ဖြစ်သည်။
ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်က အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်တွင် ရှိ၏။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် အင်အားအကုန်အစင်ကို ထုတ်သုံးကာ တုံ့ဆိုင်းမနေဘဲ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"ဟမ့်.. အဆင့်နိမ့်ပကတိနတ်ဘုရား အစောပိုင်းအဆင့်လေးက ငါ့ရှေ့မှာ ရမ်းကားရဲတယ်လား"
ကျန်းချန်က လှောင်ပြောင်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ဓားစွမ်းအားသည် အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်တွင် ရုတ်တရက် အက်ကြောင်းများ ပေါ်လာခဲ့ကာ လေထဲတွင် အစအနပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို သတ်ဖြတ်လိုက်ပြီးနောက်တွင် နေရာလွတ်လှိုင်းများက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အနက်ရောင် ဝတ်စုံဝတ် လူငယ်နှစ်ဦးသည် လေထဲတွင် ထွက်ပေါ်လာခဲ့ကာ ကျန်းချန်ကို တိုက်ခိုက်ခဲ့ကြသည်။
ကျန်းချန်က သူ၏ လက်ညှိုးမှ ဓားစွမ်းအားဖြင့်ပင် အနက်ရောင်ဝတ်စုံဝတ်လူငယ်၂ဦးကို သတ်ပစ်လိုက်၏။
ထိုအနက်ရောင် ဝတ်စုံဝတ်လူငယ်၂ဦး ပျောက်ကွယ်သွားပြီး သိပ်မကြာမီမှာပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၃ဦး ထပ်မံထွက်ပေါ်လာခဲ့သည်။
"ဒီကောင်းကင်နဂါးနန်းတော်က နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ"
ဤမြင်ကွင်းကိုကြည့်ကာ ကျန်းချန်၏ မျက်ဝန်းတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက ကောင်းကင်နဂါး နန်းတော်သို့ ဝင်ရောက်လာခဲ့သည်မှာ အသက်ရှူကြိမ် ၃ကြိမ် ရှိနေပြီ ဖြစ်သည်။
ပထမဆုံးအကြိမ်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၁ဦးပေါ်လာပြီး ဒုတိယတစ်ကြိမ်တွင် ၂ဦးပေါ်လာကာ တတိယတစ်ကြိမ်တွင် ၃ဦး ပေါ်ထွက်လာခဲ့သည်။
အသက်ရှူကြိမ် ၁ကြိမ်တိုင်းတွင် ကောင်းကင်နဂါးနန်းတော်သည် နောက်ဆုံးအကြိမ်ကထက် ပြိုင်ဘက်၁ဦး ပို၍ ထွက်ပေါ်လာခြင်းမျိုး ဖြစ်နိုင်ပါသလော။
ထိုသို့တွေးမိပြီးနောက်တွင် ကျန်းချန်သည် သူ၏ ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် ၃ယောက်ကို ၁ခါတည်း မသတ်တော့ဘဲ ၎င်းတို့၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
မကြာခင်မှာပင် အသက်ရှူကြိမ် ၄ကြိမ်မြောက်ကို ရောက်ရှိသွားခဲ့ပြီး လေထုထဲတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ် ၄ဦး ထပ်မံ ပေါ်ပေါက်လာခဲ့သည်။
ဤသို့ပင် ကျန်းချန်၏ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ် အရေအတွက်သည် ၇ဦး အထိကို ရောက်ရှိသွားခဲ့သည်။
"ငါ့ခန့်မှန်းတာ မှန်နေတာပဲ"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့သည်။
မြေကမ္ဘာနဂါးမြို့တော်မှ ရွေးချယ်ခံရသော ပါရမီရှင် အများစုသည် ကောင်းကင်နဂါးမြို့တော်တွင် အသက်ရှူကြိမ် ၁၀ကြိမ်အောက်သာ ခံနိုင်ရည်ရှိရသည့် အကြောင်းအရင်းကို အဆုံးသတ်တွင် သူက နားလည်သွားခဲ့သည်။
စင်စစ် ဤကောင်းကင်နဂါးနန်းတော်သည် သူတွေးထားသလောက် မရိုးရှင်းပေ။
ပြိုင်ဘက်ကို ချက်ချင်းအနိုင်မယူနိုင်လျှင် ပြိုင်ဘက်က ပျောက်ကွယ်သွားမည် မဟုတ်၍ ရင်ဆိုင်ရမည့် ပြိုင်ဘက်အရေအတွက် တိုးမြင့်လာမည် ဖြစ်ပြီး စမ်းသပ်သူကို ပို၍ ခက်ခဲသွားစေနိုင်သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် သာမန် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်နှင့်သာ ညီမျှ၍ ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းလာသောပါရမီရှင် အများစုသည် သုံးလေးငါး ဦးနှင့် ရင်ဆိုင်ရာတွင် ပြဿနာရှိမည်မဟုတ်ပေ။
သို့သော်လည်း ကောင်းကင်နဂါးနန်းတော်၏ အစီအစဥ်သည် ပါရမီရှင်အများစုကို မျှော်လင့်ချက်မဲ့စေရန် လုံလောက်၏။
ပြိုင်ဘက်ကို ချက်ချင်း မသတ်ဖြတ်နိုင်လျှင် အသက်ရှူကြိမ်အနည်းငယ် အတွင်းမှာပင် သင့်အနေဖြင့် ပြိုင်ဘက်ဒါဇင်ပေါင်းများစွာ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး လူအများစုသည် ထိုသို့ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိမည်မဟုတ်ကြချေ။
ကျန်းချန် မှင်တက်နေသော အချိန်မှာပင် အသက်ရှူကြိမ် ၅ကြိမ်မြောက်၌ အနက်ရောင် အရိပ်ငါးခုသည် ထပ်မံ ပေါ်ထွက်လာခဲ့သည်။
သို့ရာတွင် ကျန်းချန်၏ အမူအရာက တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့၏။
သူ၏လက်ရှိခွန်အားဖြင့်ဆိုလျှင် ထိုအနက်ရောင် ဝတ်စုံဝတ် လူငယ်များသည် ပုရွက်ဆိတ်များနှင့် မခြားပေ။
၁၀ယောက်ကျော် အရေအတွက်ကို မပြောနှင့်၊ ရာပေါင်းများစွာကို တစ်ပြိုင်နက် ရင်ဆိုင်ရလျှင်ပင် သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ခြေ။
ကျန်းချန်က အချိန်ဖြုန်းမနေတော့ဘဲ ဓားဥပဒေသ စွမ်းအားကို ထုတ်ဖော်လိုက်သည်။
အဆုံးမဲ့ဓားစွမ်းအင်များသည် လေထုထဲတွင် ပေါက်ကွဲထွက်လာခဲ့ပြီး အနက်ရောင်အရိပ် တစ်ဒါဇင်ကျော်ကို ချက်ချင်းပင် သတ်ဖြတ်ပစ်လိုက်၏။
အခန်း(၁၅၄၅)ပြီး၏။