← Chapters

သတ်

Vol. 7 Ch. 681

သတ်

Vol. 7 Ch. 681

သရဲကြီးဘုရင်မြို့တော်၏ အမှုဆောင်ချုပ်အနေနှင့် ပိုင်ရှောင်ချန်း၏ အပြုအမူများသည် ပြင်းပြင်းထန်ထန်စစ်ဆေးသည့် လုပ်ရပ်ဖြစ်ခဲ့သည်။ သူ၏ ကျင့်ကြံသူသောင်းချီခေါ်၍ ရက်စက်ကြမ်းကြုတ်သော ရည်ရွယ်ချက်များဖြင့် မဟာမျိုးနွယ်စုကြီးသုံးစုကို သွားရောက်သည့် လုပ်ရပ်အား မည်သူမျှ သတိမထားမိကြဘဲ နေကြမည်မဟုတ်ချေ။

ထို့ကြောင့် ချိုင်မျိုးနွယ်စုထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့ပြီးသည်နှင့် မြို့တော်ထဲတွင်ပြောစမှတ်တွင်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ချန်မျိုးနွယ်စုအကြောင်း ကောလဟာလများ မည်သို့မည်ဖို့ လျင်မြန်စွာ ပျံ့နှံ့သွားမည်ကို ဖော်ပြရန်ပင် လိုအပ်တော့မည်မထင်ပေ။

မြို့သူမြို့သားအားလုံးနီးပါး သတင်းများကို ကြားသွားကြပြီး မကြာမီ လူတိုင်းသည် မျိုးနွယ်စုခေါင်းဆောင်၏ ကံတရားအကြောင်းနှင့်ပတ်သက်၍ ပြောနေကြချေပြီ။

လူအားလုံး၏မျက်နှာများထက်ဝယ် အံသြမယုံကြည်နိုင်မှု အရိပ်အယောင်များ ထင်ဟပ်သွားကာ မကြာလှသောအချိန်အတွင်း မြို့တော်ထဲမှာ အတင်းအဖျင်းစကားများ ပွက်ပွက်ညံလာတော့သည်။

" ဘာ။ သူက သခင်မချန်ကို အတင်းအဓမ္မခေါ်သွားတယ်"

" ဟင်၊ ပိုင်ဟောက်၊ ပိုင်ဟောက်.... သူ့မှာ ဒီလိုဝါသနာရှိတယ်ဆိုတာ ဘယ်သူသိမှာတုန်း ။ သူက ချန်ရီရှန်းရဲ့ အမျိုးသမီးကို တကယ် ကြိုက်နေတာပဲ။ မင်းသိလား။ အဲဒီအမျိုးသမီးက ကျင့်ကြံခြင်းအမျိုးအစားတစ်ခုအတွက် ပြစ်မျိုးမှဲ့မထင်ခန္ဓာကိုယ်အချိုးအဆစ်ရှိတဲ့ အလှလေးတစ်ယောက်တဲ့ကွ "

" ဟုတ်တယ်၊ ငါဘယ်ပြောရမလဲတောင် မသိတော့ဘူး။ ဒီပိုင်ဟောက်က တော်တော့်ကို ရက်စက်ကြမ်းကြုတ်တာပဲကွာ။ သူက ချန်ရီရှန်းရဲ့ မိန်းမကို ခိုးရုံမကဘူး၊ အဲဒီလူကိုပါ သတ်ပစ်လိုက်တာက တော်တော် တရားလွန်တာပဲ "

အတင်းအဖျင်းစကားများသည် တောမီးပမာ တဟုန်းဟုန်းတောက်လောင်နေတော့သည်။ ထိုသတင်းကိုကြားလိုက်ရသည့်လူတိုင်းက အထင်အမြင်သေးသောစကားလုံးများ၊ လှောင်ပြောင်သရော်သော အပြုံးများဖြင့် တုန့်ပြန်ကြလေသည်။

သတင်းများပျံ့နှံ့သွားစဥ် လူအများက ပိုင်ဟောက်ကို ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားကင်းမဲ့၍ မျိုးနွယ်စုကို သစ္စာဖောက်သူဟု ခေါ်ကြသည့်အပြင် ယခုအခါ သူများသားမယားကို သဘောကျလေ့ရှိသော လူယုတ်မာတစ်ယောက်အဖြစ်ပါ ပြောလာကြတော့သည်။

ထင်ထားသည့်အတိုင်း သရဲကြီးဘုရင်သည် နောက်ဆုံး၌ ထိုကိစ္စအကြောင်းကို ကြားသိလိုက်ရရာ သူ၏မျက်နှာထား တင်းမာခက်ထန်သွားသည်။ သို့သော် သူ့နှလုံးထားထဲတွင်ကား စိတ်အားထက်သန်ပြင်းပြသော ဇောအဟုန်များ တောက်လောင်နေပြီး ချီးကျူးမှုများဖြင့် ချန်မျိုးနွယ်စုရှိရာဘက်သို့ အကြည့်လွှဲလိုက်သည်။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းသည် သခင်မချန်ကို အစောင့်အရှောက်ကျင့်ကြံသူများဖြင့် ခြံရံ၍ သရဲကြီးဘုရင်မြို့တော်ရှိ သူ၏နေအိမ်သို့ ပြန်ပို့လိုက်ကာ၊ သူက ကျန်ရှိသော လူတစ်သောင်းဖြင့် ပိုင်မျိုးနွယ်စုထံ ဦးတည်လိုက်သည်။

သူတို့သွားနေကြစဥ် ချန်ဟိုင်က ပိုင်ရှောင်ချန်းရှိရာဘက်သို့ လေးစားကြည်ညိုသောအကြည့်များဖြင့် မကြာမကြာလှမ်းလှမ်းကြည့်လေသည်။ မထင်မှတ်ထားသော ဝါသနာတစ်ခုပေါ်သွားကြောင်း သူပြန်တွေးလိုက်သောအခါ ရုတ်တရက် သူ့အသိဥာဏ်ထဲတွင် ကမ္ဘာသစ်တစ်ခုပွင့်သွားသည့်အလား ခံစားလိုက်ရသည်။ အမှုဆောင်ချုပ်ပိုင်က ထိုကိစ္စကို အလွန်မျက်နှာပြောင်တိုက်ပြီး ရဲတင်းစွာ လုပ်ခဲ့သည်ကို မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ထို့ပြင် အမှုဆောင်ချုပ်ပိုင်သည် အာဏာရှိသောလူတစ်ယောက်ဖြစ်ကြောင်း စဥ်းစားလိုက်ပါက ချန်ဟိုင်သည် ယခင်ထက်ပို၍ သူနှင့်အတူ အချိန်ကုန်ဆုံးခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

ကျိုးရီရှင်းသည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုမှ မပေါ်အောင် ထိန်းသိမ်းနေပြီး ထိုကိစ္စနှင့်ပတ်သက်၍ စကားတစ်ခွန်းပင် မဆိုရဲပေ။ သို့သော် သူသည် ပိုင်ရှောင်ချန်း၏ နောက်လိုက်တစ်ဦးဖြစ်ကြောင်း စဥ်းစားလိုက်ရင်း နောင်ကျလျှင် လှပကြော့ရှင်းသော ဇနီးသည်များကို တစ်ယောက်မကျန် သေချာမှတ်သားထားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

သူတို့နှစ်ယောက်တွေးနေသည်ကို မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက မသိဘဲနေမည်နည်း။ သူ ပို၍မှားသွားပြီဟုခံစားလိုက်ရသည့်တိုင် ထိုအခြေအနေအား ရှင်းပြမနေတော့ပေ။ စိတ်ပျက်စွာသက်ပြင်းချရင်း အေးစက်စက်တောက်ပနေသောမျက်ဝန်းများဖြင့် သူ့ရှေ့ရှိ ပိုင်မျိုးနွယ်စုဆီသို့သာ မမှိတ်မသုန် စူးစိုက်ကြည့်လိုက်သည်။

ဤနေရာသို့ သူပထမဆုံးရောက်ခဲ့စဥ်အခါကတည်းက ကိစ္စများစွာ ဖြစ်ပွားခဲ့သည်။ အချို့သော အရာများကို သူမျက်ကွယ်ပြုနိုင်သော်လည်း သူဘယ်တော့မှ မမေ့နိုင်သော အရာတစ်ခုရှိသည်။ ၎င်းမှာ မိုးထိအောင်မြင့်မားလုမတတ် သစ်ပင်ကြီးတစ်ပင်အောက်တွင် ဖြူဆုတ်နေသော မျက်နှာနှင့် လူငယ်လေးတစ်ယောက်၏မြင်ကွင်း ဖြစ်သည်။

" ပိုင်ဟောက် "

သူက ခပ်တိုးတိုးရေရွတ်လိုက်၏။ နတ်ဝိညာဥ်ဖြစ်စေ၊ မျိုးနွယ်စုနှင့်ပတ်သက်သည့် သူ၏ မကျေပွဲပင်ဖြစ်စေ၊ ထိုအရာအားလုံးသည် အကြောင်းကြောင့် အကျိုးဖြစ်လာခြင်းဖြစ်သည်။ ထို့ပြင် တချိန်လုံး ပိုင်ရှောင်ချန်းသည် သူ၏တပည့်အတွက် တရားမျှတမှုကို မျှော်လင့်ထားခဲ့သည်။

ယခုတွင်.... ထိုအချိန် ရောက်ရှိလာခဲ့လေပြီ။

အလင်းတန်းထောင်ပေါင်းများစွာသည် ကြောက်မက်ဖွယ် သေခြင်းအရှိန်အဝါများကို ထုတ်လွှတ်ရင်း လေကိုခွင်း၍ ပိုင်မျိုးနွယ်စုထံ တဟုန်ထိုးသွားနေကြသည်။

ပိုင်မျိုးနွယ်စုရှိ လူတိုင်းမှာ ရင်တမမ ဖင်တကြွကြွ ဖြစ်နေကြပြီး အများစုသည် ဟိုဟိုသည်သည်ပြေးလွှားနေကြကာ ထိတ်ထိတ်ပျာပျာ ဗျာများနေကြသည်။ သို့သော် ချန် သို့မဟုတ် ချိုင်မျိုးနွယ်စုများနှင့် အတန်ငယ်ကွာခြားလေသည်။ ပိုင်မျိုးနွယ်စုရှိ ပင်မသွေးမျိုးဆက်များအားလုံးသည် ပိုင်ဟောက်နှင့် သူတို့အကြား မပြေလည်နိုင်သောရန်ငြှိုးများရှိကြောင်း သိထားသည်။

သို့သော် မျိုးနွယ်စုရှိ လူတိုင်းက ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များတော့ မဟုတ်ပေ။ အရန်သွေးမျိုးဆက်အဖွဲ့ဝင်များသည် စိတ်လှုပ်ရှားနေကြသော်လည်း ပိုင်ဟောက်ကိုလိုက်ဖမ်းရာတွင် မပါဝင်ခဲ့ရာ ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များကဲ့သို့ စိုးရိမ်ကြောင့်ကြနေခြင်းမရှိပေ။

ထိုမျှသာမက ပုန်ကန်မှုအတောအတွင်းက အရန်သွေးမျိုးဆက်အဖွဲ့ဝင်များသည် မြို့ကိုဝင်စီးရာတွင် ပါဝင်ခဲ့ကြသည့်တိုင် ပိုင်ရှောင်ချန်းကို သတ်ရန် ကြိုးစားသူတစ်ယောက်မှ မရှိပေ။

ထိုကိစ္စတွင် ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များက ဦးဆောင်ခဲ့ကြပြီး အထူးသဖြင့် မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။ ပိုင်ဟောက်ကို တိုက်ခိုက်ခဲ့ကြသည့် မျိုးနွယ်စုအကြီးအကဲများထဲမှာပင် အများစုက ပင်မသွေးမျိုးဆက်မှ ဖြစ်ကြ၏။ သို့ဖြစ်ရာ ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များနှင့် အရန်သွေးမျိုးဆက်အဖွဲ့ဝင်များ အကြားရှိ သဘောထားသည် မိုးနှင့်မြေကဲ့သို့ ကွာခြားပြီး သိသာရှင်းလင်းလှသည်။

အမှန်တွင် လောလောဆယ်၌ ပင်မသွေးမျိုးဆက်အဖွဲ့ဝင် ကျင့်ကြံသူများသည် မျက်လုံးစိမ်းကြီးများဖြင့်စိုက်ကြည့်နေကြသော အရန်သွေးမျိုးဆက်အဖွဲ့ဝင်များ၏ ဝိုင်းထားခြင်း ခံနေကြရသည်။

မျိုးနွယ်စုခေါင်းဆောင်၊ သခင်မချိုင်၊ အမှန်တရားရေးရာခန်းမမှ မဟာအကြီးအကဲ၊ ပင်မသွေးမျိုးဆက်အဖွဲ့ဝင်အကြီးအကဲများနှင့် အခြားမျိုးနွယ်စုဝင်တစ်ထောင်နီးပါးခန့်သည် ဖြူဖပ်ဖြူရော်ဖြစ်နေသောမျက်နှာများ၊ စိတ်ပျက်အားငယ်ေနသော အမူအရာများဖြင့် စောင့်ဆိုင်းနေကြသည်။

သူတို့အနေဖြင့် ထွက်မပြေးချင်၍မဟုတ်ဘဲ ကောင်းကင်နှင့် မြေပြင်က မည်မျှပင်ကြီးလင့်ကစား သူတို့ပုန်းခိုရန်အတွက် မလုံလောက်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့နှင့်ပိုင်ဟောက်အကြားရှိ အာဃာတတရားများက ကြီးမားလွန်းလှသည်။ သရဲကြီးဘုရင်ပြန်လာပြီးနောက် ပိုင်ဟောက်က ထင်ရှားကျော်ကြားလာသဖြင့် ဤပတ်ဝန်းကျင်ရှိလူတိုင်းမှာ ပိုင်ဟောက်၏အကောင်းမြင်မှုရစေရန်အတွက် ကြိုးစားနေကြသည်။ ထိုမျှသာမက ထိုဒေသတစ်ဝိုက်ရှိ လူအားလုံးက ပိုင်မျိုးနွယ်စုကို မျက်စိဒေါက်ထောက်ကြည့်နေကြသည်။

အမှုဆောင်ချုပ်ဖြစ်လာပြီးနောက်တွင် ပိုင်ဟောက်သည် ထိုဒေသတစ်ဝိုက်ရှိ အင်အားကြီး အဖွဲ့အစည်းများကို ပိုင်မျိုးနွယ်စုအား အာရုံစိုက်ထားရန် စကားအရိပ်အမြွက်ပြခဲ့သည်။ သို့ဖြစ်ရာ သူက တစ်ယောက်မှ ခိုးကြောင်ခိုးဝှက်ထွက်ပြေးလွတ်မြောက် မသွားစေရန် မျိုးနွယ်စုတစ်စုလုံးကို ချုပ်နှောင်ထားခဲ့ပြီးဖြစ်သည်။

အမှန်တကယ်တော့ ထိုသို့ဖြစ်လာမည်အား ထိုပတ်ဝန်းကျင်ရှိ မည်သည့်အဖွဲ့မဆို ခွင့်ပြုမည်မဟုတ်ပေ။ အထူးသဖြင့်... သရဲကြီးဘုရင်သည် မဟာမျိုးနွယ်စုကြီးသုံးစု၏ အနာဂတ်ကို ရှင်းရှင်းလင်းလင်းမဆုံးဖြတ်ရသေးသည့်အချိန်အခါမှာပင် ဖြစ်သည်။ မျိုးနွယ်စုတစ်စုလုံး ထွက်ပြေးရန် ကြိုးစားပါက သေချာပေါက် အမြစ်ဖြုတ်သုတ်သင်ခံရမည်ဖြစ်သည်။

အပြင်ဘက်မှကြည့်လျှင် မျိုးနွယ်စုသည် တစည်းတလုံးတည်း ဖြစ်နေသည့်ဟန်ရှိသော်လည်း အမှန်တွင်ကား အံသြဖွယ်ကောင်းလောက်အောင် အဖွဲ့များကွဲနေသည်။ ထို့ကြောင့် ကိစ္စရေးရာများသည် ယခုလက်ရှိ အခိုက်အတန့်အထိ လေးဖင့်နေခြင်းဖြစ်သည်။ အားလုံးအထဲ အရေးအကြီးဆုံးမှာ အရန်သွေးမျိုးဆက်အဖွဲ့ဝင် အကြီးအကဲများနှင့် မျိုးနွယ်စုဝင်များအားလုံးသည် အခြေအနေရေးရာများနှင့်ပတ်သက်၍ ပိုင်ဟောက်ကို ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း သိထားသည်။ အကယ်၍ ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များသာ ထွက်ပြေးသွားလျှင် ပိုင်ဟောက်က သူ၏ဒေါသများကို သူတို့အပေါ်လွှဲချမည်မှာ သေချာသည်။

ထို့ကြောင့် သူတို့၏ ကိုယ်ပိုင်လုံခြုံမှုအတွက်...

သူတို့အနေဖြင့် ပိုင်ဟောက်လာလျှင် ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များရှိနေစေရန် အသေအချာဆောင်ရွက်ရမည်ဖြစ်သည်။

မျိုးနွယ်စုတစ်စုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ အရန်သွေးမျိုးဆက်အဖွဲ့ဝင်များ၏ နှုတ်ဆိတ်နေသော သဘောထားကြောင့် ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များသည် သူတို့၏အစေခံ အခြွေရံ လက်ပါးစေများနှင့်အတူ တဆတ်ဆတ်တုန်ရီနေကြသည်။ သူတို့ထဲမှတစ်ယောက်သည် မျိုးနွယ်စုထဲ ပိုင်ဟောက် ဝင်ရောက်လာခဲ့သည့် အခိုက်အတန့်၌ အထင်မြင်သေးစွာ လှောင်ရယ်ခဲ့သည့် မိန်းကလေးဖြစ်သည်။ တခြားတစ်ယောက်က သူ့ကို ပြစ်တင်ကြိမ်းမောင်းခဲ့သည့် ယောက်ျားသားအစေခံဖြစ်သည်။ ပိုင်ဟောက်ကို အထင်အမြင်သေးကာ သရော်လှောင်ပြောင်ခဲ့ကြသည့် လူတိုင်း ထိုနေရာတွင် ရှိနေကြသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏စိတ်ထဲတွင် စိတ်ပျက်အားငယ်ခြင်းများ၊ ခိုကိုးရာမဲ့ခြင်းများ ကြီးထွားလာတော့သည်။ အထူးသဖြင့် ဖြူဆုတ်နေသော မျက်နှာနှင့် ရင်ထဲတွင် ခါးသီးမှုများ ပြည့်နှက်နေသည့် မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည်။ မြို့တော်၏ ကျုံးအနားရှိ တိုက်ပွဲအတောအတွင်းက နတ်ဘုရားတစ်ပိုင်းအဆင့် ဝိညာဥ် ပေါက်ကွဲခြင်းသည် သူ၏ခန္ဓာကိုယ်တစ်ပိုင်းအား ဖျက်စီးခဲ့ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ကွဲကြေလုနီးပါးဖြစ်ခဲ့ရသည်။ ပိုင်မျိုးနွယ်စု၏ ရတနာပစ္စည်းများအနက် လျှို့ဝှက်ရတနာတစ်ပါး၏ ကျေးဇူးဖြင့် သူပြန်လည်သက်သာခဲ့သည်။ သို့သော် ယခု သူက အချိန်များ တဖြည်းဖြည်းကုန်ဆုံးလာသည်ကိုသာ မတတ်သာ၍ စောင့်ဆိုင်းနေရသည်။ သူ့ဘေးတွင်ကား သခင်မချိုင်ဖြစ်သည်။ သူမ၏မျက်နှာသည် သွေးပင်မရှိတော့ဘဲ ရံဖန်ရံခါ အဆိပ်ပြင်းသောမုန်းတီးခြင်းများ ရောယှက်နေသည့် အကြောက်တရားများဖြင့် လေထဲကို မော့ကြည့်နေသည်။

ရှိသမျှလူတိုင်းတွင် မည်သူမျှ သခင်မချိုင်ထက်ပို၍ ပိုင်ရှောင်ချန်းကို မမုန်းကြပေ။ တချိန်တည်းမှာပင် သူမထက်ပို၍ ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့် စိတ်ပျက်ခြင်းများအား မည်သူမျှ ခံစားရမည်မဟုတ်ပေ။ သူမသည် ပိုင်မျိုးနွယ်စု၏ ရင်းမြစ်များအားလုံးနှင့် ကြိုးစားအားထုတ်ခဲ့သည့်တိုင် နောက်ဆုံးတွင် ရှုံးနိမ့်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။ ထို့ပြင် ပိုင်ဟောက်သည် ...... အရာအားလုံးကို ပြောင်းပြန်လှန်၍ ကောင်းကင်ဘုံအထိ ထိုးတက်သွားနိုင်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

ပိုင်မျိုးနွယ်စုက တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြစဥ် လူအုပ်ထဲ၌ အလွန်စိတ်ရှုပ်ထွေးနေသည့် အမူအရာများဖြင့် ရံဖန်ရံခါ ကောင်းကင်ကြီးကို မော့ကြည့်လျက်ရှိသော လှပချောမောသည့် မိန်းမပျိုလေးတစ်ယောက်ရှိသည်။ သူမသည်ကား မမလေးငါးပင်။ သူမသည်ပင် တစ်နေ့တွင် ပိုင်ဟောက်က သူပိုင်ဆိုင်သောအရာများကို ရယူနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ဖူးပေ။

လူအုပ်ထဲတွင် အရန်သွေးမျိုးဆက်အဖွဲ့ဝင်များမှ မျိုးနွယ်စုအကြီးအကဲများ၏ ခေါင်းဆောင်တစ်ယောက်ဟု ထင်ရသော အဘိုးအိုတစ်ဦးလည်း ရှိသည်။ သူကား တရားစီရင်ရေးရာခန်းမမှ မဟာအကြီးအကဲဖြစ်သည်။ သူသည် တမ်းတကြေကွဲနေသာအမူအရာဖြင့် ပိုင်ဟောက်က မျိုးနွယ်စုအား သစ္စာဖောက်ခဲ့သည့်မြင်ကွင်းကို ပြန်တွေးနေမိသည်။ နောက်ဆုံး၌ သူသည် မျက်လုံးများကိုသာ ပိတ်လိုက်တော့သည်။

" ဘယ်လောက် နှမြောစရာကောင်းလိုက်လဲ။သူက ပိုင်မျိုးနွယ်စုရဲ့ စစ်မှန်တဲ့ ချီလင်သားပဲ "

တန်ခိုးအာဏာရှိသော မဟာအကြီးအကဲဖြစ်သည့်တိုင် ခေါင်းဆောင်ကြီး၏ အမိန့်များကို သူ မလွန်ဆန်နိုင်ခဲ့ပေ။ သူအကောင်းဆုံးလုပ်နိုင်သည့်အရာမှာ တိုက်ပွဲအတောအတွင်း ပိုင်ဟောက်ကို မတိုက်ခိုက်ရန်သာ ဖြစ်ခဲ့သည်။

ရုတ်တရက် မဟာအကြီးအကဲ၏ အမူအရာများ ပြောင်းလဲသွား၏။ အခြားသော မျိုးနွယ်စုအကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင်သည်လည်း ထိုနည်းတူပင်။ ပတ်ဝန်းကျင်တစ်ခွင် မိုးခြိမ်းသံကဲ့သို့ အသံကြီး ပြည့်နှက်သွားပြီး သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသော တိမ်မည်းကြီးတစ်ခုက ကောင်းကင်ကို ဖုံးလွှမ်းသွားသောကြောင့် လူတိုင်းမှာ အသက်ပင်မရှုနိုင်ကြတော့ပေ။

"သူရောက်လာပြီ "

၄င်းအား မည်သူပြောလိုက်သည်ကို ပြောရန် မဖြစ်နိုင်ချေ။ ပိုင်မျိုးနွယ်စုတစ်စုလုံးသည် ဝိညာဥ်ကျင့်ကြံသူများထောင်ချီရှိသော တိမ်မည်းကြီးကို မော့ကြည့်ရင်း ရင်တထိတ်ထိတ်နှင့် စောင့်နေကြ၏။ ထိုတိမ်တိုက်အတွင်းမှ ဆင်းလာသူကား..... ပိုင်ရှောင်ချန်း။

သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် ပင်မသွေးမျိုးဆက်အဖွဲ့ဝင်များ၏ နှလုံးသားများကို မိုးကြိုးများ ပစ်ခတ်နေသည့်အလား ဖြစ်နေရာ သူတို့၏ မျက်နှာများသည် လူသေများပမာ ဖြူဖပ်ဖြူရော်ဖြစ်သွားတော့သည်။

မျိုးနွယ်စုခေါင်းဆောင်မှာ တဆတ်ဆတ်တုန်ရီနေပြီး သခင်မချိုင်၏ မျက်လုံးများထဲရှိ မုန်းတီးခြင်းဒေါသများကို ထိတ်လန့်ကြောက်ရွံခြင်းများက လွှမ်းခြုံသွားတော့သည်။

" ကျုပ် လူသတ်ရတာ မကြိုက်ဘူး "

သူက ကောင်းကင်နှင့်မြေပြင် တစ်ခွင် ပဲ့တင်ထပ်သွားသော ဟိန်းဟောက်သံကြီးဖြင့် ပြောလိုက်သည်။

" ဒါပေမဲ့ တစ်ခါတလေတော့ မလွှဲမရှောင်သာပဲ လုပ်ရလေ့ရှိတယ်။ ဒါက ကျုပ်အတွက်လုပ်တာပဲဖြစ်ဖြစ်၊ တခြားသူအတွက်လုပ်တာပဲဖြစ်ဖြစ်၊ ဒီလိုမှမဟုတ် မှားနေတာ ဖြစ်ဖြစ်၊ မှန်နေတာဖြစ်ဖြစ် အရေးမကြီးဘူး။ သူတို့ကို သတ်ကွာ "

All Chapters