ချီချင်းမော့နှင့် ပြန်လည်ပေါင်းဆုံခြင်း (၂)
Vol. 33 Ch. 481
ချီချင်းမော့ပေါ်လာသည်နှင့် လတ်တလောရင်ဆိုင်နေရသည့်အန္တရာယ်သည် လွယ်ကူစွာ ဖြေရှင်းလိုက်နိုင်ပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။ သို့သော်လည်း ချီချင်းမော့ခြေဖဝါးအောက်မှ နွယ်ဆူးများသည် အသက်ဝင်ကာစိမ်းလာသည်ကို သတိပြုသောအခါတွင် သူမသည် မျက်မှောင်ကြုတ်၍ တစ်ကိုယ်လုံးတင်းမာသွားသည်။ ချီချင်းမော့သည် ယခုတွင် ထွက်ပြေးရန် ကြိုးစားနေသည်ကို သိလိုက်သောကြောင့်ပင် ဖြစ်၏။ အမြန်ဆုံးနှုန်းဖြင့် ပြေးရန်သာ အာရုံစိုက်ထားပြီး ပြန်တိုက်မည့်အရိပ်အယောင်မျိုးလည်း မရှိပေ။
ရန်သူထိန်းချုပ်ထားသော အစိမ်းရောင်တောက်ပနေသည့် ဆူးနွယ်များသည် ချီချင်းမော့ထက် အားကောင်းသည်ကို ပြသနေသည်။ ထိုဆူးနွယ်များကို ကြည့်လိုက်လျှင် နေလအထွတ်အမြတ်နယ်မြေမှ လာသည်နှင့် လွန်စွာတူသည်။ နေလအထွတ်အမြတ်နယ်မြေသည် သေမျိုးရန်သူသာ ဖြစ်သည်။ သတင်းဆိုးက ရှိနေပေသည်။
....
တစ်နေရာရာတွင်မူ မြေကြီးထဲမှ ထွက်လာသောချီချင်းမော့သည် လင်းဇီချန်နှင့် အခြားနှစ်ယောက်ကိုချက်ချင်းရှာတွေ့သွားသည်။ ထိုသူများကို မြင်သောအခါတွင် တွန့်ဆုတ်ခြင်းမရှိဘဲ သစ်ပင်များကို သူမဘက်သို့ ဆွဲခေါ်လိုက်ပြီး ထိုကလေးများ၏ခန္ဓာကိုယ်ပေါ်မှ အချုပ်အနှောင်များကို ဖြည်ပေးကာ အမြန်ဆုံးနှုန်းဖြင့် ထိုနေရာမှ ထွက်ပြေးသွားတော့သည်။ သူမသည် စုကျိုကျဲကို မသိပေ။ လင်းဇီချန်နှင့် ရှန်ချင်းဟန်ကိုသာ သိသည်။ စုကျိုကျဲသည် ထိုနှစ်ယောက်ဖြင့် အတူရှိနေသဖြင့် အတူခေါ်သွားရန် ဆုံးဖြတ်လိုက်လေသည်။
"ဝှစ်"
"ဝှစ်"
"ဝှစ်"
ထွက်ပြေးသွားသောချီချင်းမော့နှင့်အတူ ဆုတ်ဖြဲလိုက်သောအသံများကိုလည်း ကြားနေရသည်။ လေကိုခွင်း၍ လေဟာနယ်ထဲ၌ အက်ကွဲရာများပေါ်လာပြန်သည်။ ထိုအက်ကြောင်းများသည် ချီချင်းမော့ရှိရာတွင်ပေါ်လာပြီး ထိုးမဖောက်နိုင်သောအသိုက်တစ်ခု ဖြစ်လာသည်။ ပန်းနတ်ဘုရားက လှုပ်ရှားလေပြီ။
ပန်းနတ်ဘုရား၏ကွန်ရက်ဖြင့် ရင်ဆိုင်ရသည့်အခါတွင် ချီချင်းမော့က တစ်ချက်ပင်မကြည့်ဘဲ ချီသွေးစွမ်းအားအပြည့်ဖြင့် ဝင်လာသောကွန်ရက်ကို ခုတ်ပိုင်းပစ်သည်။ ထို့နောက်တွင် ကောင်းကင်ထက်၍ ပက်ကြားအက်များစွာပေါ်လာပြီး သူမသည်လည်း စိတ်ကူး၍ပင် မရသောအမြန်နှုန်းဖြင့် ပျံပြေးတော့သည်။ မျက်စိတစ်မှိတ်အတွင်းပင် ပန်းနတ်ဘုရားအာရုံခံနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားသည်။
"အဲ့မိန်းကတော့..."
ပန်းနတ်ဘုရားသည် ချီချင်းမော့ပျောက်ကွယ်သွားသည့်အရပ်ကို ကြည့်ကာ အရေခွံကိုဆွဲဖြဲကာ သွေးကိုသောက်ချင်သည်အထိ စိတ်ထဲတွင်မုန်းတီးသွားမိသည်။ စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် ပန်းနတ်ဘုရားသည် ချက်ချင်းပင် အစိမ်းရောင်နွယ်ပင်များကို မြေကြီးထဲသို့ ထည့်ကာ သစ်သားနတ်ဘုရား၏အခြေအနေကို စိုးရိမ်စွာဖြင့် စုံစမ်းကြည့်သည်။
ခေတ္တမျှကြာပြီးနောက်တွင် ပန်းနတ်ဘုရားသည် သစ်သားနတ်ဘုရားနားနေရာသို့ ရောက်လာသည်။ ကျယ်ပြန့်လှသောရှေးဟောင်းအုတ်ဂူကြီးထဲတွင် ပန်းနတ်ဘုရားသည် အုတ်ဂူ၏အနက်ရှိုင်းဆုံးအပိုင်းသို့ သွားကာ အုတ်ဂူသည် တစ်ဝက်ကျိုးပဲ့နေပြီး အောက်မှ အစိမ်းရောင်တောက်နေသည့်နွယ်ပင်များ ဖြာထွက်နေသည်ကို မြင်လိုက်ရသည်။
သစ်သားနတ်ဘုရား နိုးထလာလေပြီ။ ဆိုလိုသည်မှာ သစ်သားနတ်ဘုရား၏ကြီးထွားလာမှုက အဆုံးသတ်သွားပြီး အတော်လေးအားအင်နည်းသွားရှာသည်။
"တစ်နေ့မှာ အဲ့တာအိုဝတ်စုံနဲ့မိန်းမကို သတ်ပစ်မယ်။"
ပန်းနတ်ဘုရားက မည်းမှောင်သောအမူအရာဖြင့် ကြုံးဝါးလိုက်သည်။ ထိုသို့ပြောပြီးမကြာခင်တွင်ပင် လူသားပုံစံနှင့်တူသော ဆန်းကြယ်သစ်သီးသည် အုတ်ဂူအောက်မှ လွင့်မျောလာသည်။ ထိုလူသားပုံဆန်းကြယ်သစ်သီးသည် ခုနစ်နှစ် သို့မဟုတ်ရှစ်နှစ်သားကလေးနှင့်တူပြီး မမွေးရသေးကလေးကဲ့သို့ ကွေးသောအနေအထားတွင်ပင် ရှိသေးသည်။
ခေတ္တမျှကြာပြီးနောက်တွင် ထိုကလေးနှင့်တူသော ဆန်းကြယ်သစ်သီးသည် မည်းမှောင်နေသောမျက်ဝန်းတစ်စုံဖွင့်လာပြီး ရှေ့မှပန်းနတ်ဘုရားကို မပျော်မရွှင်ဖြင့် ကြည့်နေမိသည်။
"ဘာလို့ ပြင်ပမျိုးနွယ်တစ်ခုကို ငါ့ဂူထဲဝင်ခွင့်ပြုပြီး ငါအိပ်နေတာကို နှောင့်ယှက်ခိုင်းရတာလဲ။"
"မြင့်မြတ်လှတဲ့သစ်သားနတ်ဘုရား ကျွန်မရှင်းပြပါရစေ။"
ပန်းနတ်ဘုရား၏လှပသောမျက်နှာလေးသည် ကြောက်ရွှံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ထိုသစ်သီးက ပန်းနတ်ဘုရား၏ရှင်းပြချက်ကို နားမထောင်ဘဲ ချက်ချင်းပင် တုတ်ခိုင်သည့်နွယ်ပင်များကို ခန္ဓာကိုယ်ထဲမှ ပစ်လွှတ်လိုက်ပြီး ပန်းနတ်ဘုရားကို ရေဘဝဲလက်တံကဲ့သို့ ရစ်ပတ်ထားလေသည်။
"အား...."
ရှေးဘိုးဘေးအဆင့်ဖြစ်သောပန်းနတ်ဘုရားသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ ထိုနွယ်ပင်များစွာက ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်နှင့် ခန္ဓာကိုယ်တွင်းမှ အဆီအနှစ်များ လျော့ကျလာသည်။ ပန်းနတ်ဘုရား၏မျက်နှာသည်လည်း ချက်ချင်းပင် ညှိုးနွမ်းသွားသောသစ်ပင်ကဲ့သို့ မျက်နှာက ခြောက်ကပ်လာသည်။ ထိုနွယ်ပင်များကို ပြန်သိမ်းလိုက်သည့်အခါတွင်မှ မြေကြီးပေါ်သို့ ဘုန်းခနဲပြန်ကျသွားပြီး အသက်ရှင်ရုံလေးသာ ကျန်ခဲ့သည်။
"ထပ်ပြီး မဖြစ်စေနဲ့။"
ထိုသို့ပြောကာ လူသားပုံစံဆန်းကြယ်သားရဲသည် မြေကြီးထဲသို့ ပြန်ဝင်သွားပြီး မြေအောက်မြစ်တစ်ခုတွင် ပြန်အမြစ်တွယ်နေ၏။
....
တစ်နေနေရာတွင်မူ ချီချင်းမော့သည်လည်း လင်းဇီချန်ကဲ့သို့ပင် ဦးတည်ရာအတည်တကျမရှိဘဲ ပျံသန်းနေသည်။ သမူသည် ထိုနေရာနှင့်ဝေးဝေးသို့ရောက်ရန်သာ ရည်ရွယ်ပြီး ပျံသန်းနေလေသည်။
"ကောင်းကင်လူသားသခင် ဘယ်လိုလုပ်ရောက်လာတာလဲ။"
အမြန်ဆုံးနှုန်းဖြင့်ပြေးနေသဖြင့် စကားဖြင့်ပြောလျှင်မကြားရမည်စိုးသောကြောင့် ချီသွေးစွမ်းအားဖြင့် ချီချင်းမော့ခန္ဓာကိုယ်ထဲသို့ထည့်ပေးကာ မေးလိုက်သည်။ မေးခွန်းကို ကြားသောအခါတွင် ချီချင်းမော့လည်း ထိုသို့ပင် ချီသွေးဖြင့် ပြန်ဖြေလိုက်သည်။
"အချိန်တိုအတွင်းရှင်းပြရမှာခက်တယ်။ အချိန်ရှိတဲ့အခါကျမှ ပြန်ပြောပြမယ်။"
"ကောင်းပြီ။"
လင်းဇီချန်လည်း ထပ်မမေးတော့ပေ။ ယခုတွင် ပြေးနေချိန်ဖြစ်သဖြင့် စကားပြောရန်ချီချင်းမော့က အားထုတ်နေရမည်ကိုသာ စိုးမိသည်။ ထိုသို့ဖြင့် ထိုအဖွဲ့သည် တိတ်ဆိတ်စွာဖြင့် ကောင်းကင်ထက်၌ ပြေးလာကြသည်။ အချိန်သည်ကုန်လွန်နေကာ မည်မျှကြာသွားသည်ကိုပင် မသိကြပေ။ ချီချင်းမော့သည် လင်းဇီချန်နှင့်အခြားသူများကို ကျယ်ပြန့်သောပင်လယ်ကြီးဆီသို့ ခေါ်လာပြီး ရုတ်တရက်ပင် ကောင်းကင်ထိမြင့်သောလှိုင်းလုံးများပေါ်လာကာ ကြောက်စရာကောင်းသောလက်တံကြီးက ချီချင်းမော့ကို အုပ်မိုးလိုက်သည်။ ရုတ်တရက်တိုက်ခိုက်မှုဖြင့် ရင်ဆိုင်လိုက်ရသည့်အခါတွင် ချီချင်းမော့လည်း အလောမကြီးတော့ဘဲ သူမ၏ချီသွေးစွမ်းအားကိုသာထုတ်ပြီး ရောက်လာသောလက်ဝါးကြီးကို ဖြိုခွဲလိုက်သည်။
"ထွက်သွားစမ်း"
"အရှေ့ပိုင်းနယ်မြေက မင်းတို့ကို မကြိုဆိုဘူး။"
"ဆက်ပြီးနေရဲရင် မင်းကို ဒီနေ့ ပြန်လမ်းမရှိအောင် လုပ်ပေးမယ်"
ချီသွေးစွမ်းအားကြောင့် ပြိုကွဲသွားသောရေစက်များသည် မီတာရာချီမြင့်သည့်ဘီလူးကြီးအသွင်သို့ ပြောင်းသွားပြီး ချီချင်းမော့ကို အပေါ်မှအုပ်မိုး၍ သတိပေးစကားဆိုလေသည်။ ချီချင်းမော့သည်မူ မူလမြေ၌ မည်သည့်နေရာသို့ပင်သွားသွား ဖရိုဖရဲဖြစ်စေသည့်အတွက် မည်သည့်နေရာကမှ မကြိုဆိုကြပေ။ ချီချင်းမော့သည် ပြောရန်ပြင်လိုက်သော်လည်း အသံတစ်သံမထွက်နိုင်ခင်တွင်ပင် စုကျိုကျဲက ရှိသမျှအားဖြင့် အော်ပြောလိုက်သည်။
"ပင်လယ်နတ်ဘုရား ရှေးဟောင်းစိမ်းလန်းတောင်တန်းကို နေလအထွတ်အမြတ်နယ်မြေက အကြီးအကဲနဲ့ မေ့ပျောက်ခြင်းနယ်မြေက တိတ်ဆိတ်ခြင်းအရှင်တို့ကို ပေါင်းတိုက်ကြပါတယ်။ ကျွန်မအဒေါ်က သူ့ဘာသာ မနည်းရုန်းကန်နေရပြီး ခုချက်ချင်းရှင့်ရဲ့အကူအညီကိုလိုနေပြီ။"
စုကျိုကျဲ၏အသံက ကျယ်လှသည်။ အောက်မှပင်လယ်သည်ပင် လှိုင်းလုံးများထကာ ပဲ့တင်သံထပ်သွားလေသည်။