ရှေးဘိုးဘေးများ၏တိုက်ပွဲကြီး
Vol. 33 Ch. 482
"ဘာပြောလိုက်တယ်"
မိမိတို့ရှေ့မှ ရှေဖြင့်လုပ်ထားသည့် မီတာရာချီမြင့်သည့် ပင်လယ်နတ်ဘုရားသည် ချီချင်းမော့ဘေးမှ စုကျိုကျဲကို တင်းမာသောအမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
"ရှေးဟောင်းစိမ်းလန်းတောင်တန်းကို သစ်ပင်အကြီးအကဲနဲ့ တိတ်ဆိတ်ခြင်းအရှင်က ပေါင်းတိုက်ကြတယ်တဲ့လား။"
ထိုအခါမှသာ ပင်လယ်နတ်ဘုရားက စုကျိုကျဲ၏တည်ရှိမှုကို သတိပြုမိသွားသည်။ ယခုချိန်ထိ အာရုံသည် မူလမြေကို အထက်အောက်လှန်ကာ ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့သည့် ချီချင်းမော့ထံတွင်သာ ရှိဆဲဖြစ်သည်။
"ဟုတ်ကဲ့ သစ်ပင်အကြီးအကဲနဲ့ တိတ်ဆိတ်ခြင်းအရှင်တို့က ရှေးဟောင်းစိမ်းလန်းတောင်တန်းကို တူတူပေါင်းတိုက်နေကြပါတယ်။ အခု ကျွန်မဒေါ်လေးတစ်ယောက်တည်း တောင်ရဲ့အကာအကွယ်အစီအရင်ကို ထိန်းပြီး အဲ့နှစ်ယောက်တိုက်တာကို တောင့်ခံထားရတာ။"
စုကျိုကျဲက စိတ်ပူစွာဖြင့် ပြောလိုက်သည်။ စိတ်ပူနေသော်လည်း ရှေးဟောင်းစိမ်းလန်းတောင်တန်းဆီသို့ ရှေးဘိုးဘေးအဆင့်တစ်ယောက်က အပြေးသွား၍ကူမည်ဟု မျှော်လင့်မထားရဲပေ။
ပင်လယ်နတ်ဘုရားက စုကျိုကျဲ၏စကားများကို အပြည့်အဝယုံကြည်မှု မရှိပေ။ အားနည်းသောရေသတ္တဝါမှ အရှေ့ပိုင်းနယ်မြေအုပ်ချုပ်သူအထိဖြစ်လာခြင်းသည် လွန်စွာကောင်းသောသတိရှိခြင်းကို ပြသနေသည်။မဟုတ်လျှင် မည်မျှပင် ပါရမီရှိပါစေ လွန်ခဲ့သောသမိုင်းအစဉ်အဆက်တွင်ပင် ကိစ္စအမျိုးမျိုးကြောင့် ပျောက်ကွယ်သွားနိုင်သည်။
"ဘုန်း"
ကျယ်လောင်သောအသံတစ်သံကိုကြားလိုက်ရပြီး ထိုမီတာရာချီမြင့်သည့် ရေဘီလူးကြီးသည် ရေစက်များအဖြစ်သို့ပြောင်း၍ ပင်လယ်ထဲသို့ ကျသွားကာ နေရာအနှံ့၌ ရေများစင်သွားသည်။ ထိုသတ္တဝါကြီး ပြိုကျသွားသည်နှင့် ပင်လယ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ချီချင်းမော့ဖြင့် အပြိုင်ဖြစ်သွားသည်။ ယောက်ျားတစ်ယောက်ပင်ဖြစ်သည်။ ပင်လယ်နတ်ဘုရားအစစ်အမှန်ပုံစံဖြစ်ပေသည်။
ပုံစံမှာ စောနကရေဘီလူးကြီးဖြင့်ပင် ဆင်တူပြီး နှစ်မီတာနီးပါးရှည်ကာ ခန္ဓာကိုယ်၌ တက်ကြွသောအားများအပြည့်ဖြင့် ဖြစ်သည်။ အခြားသူများ စောင့်ကြည့်နေသည့်အောက်တွင် ပင်လယ်နတ်ဘုရားသည် လက်ထဲ၌ ကြည်လင်နေသောရေစက်တစ်စက်ကို ဆင့်ခေါ်လိုက်ပြီး ထိုပေါ်သို့ အဆီအနှစ်သွေးကိုချကာ ထူးဆန်းသောမန္တာန်များကို ရွတ်ဆိုလိုက်သည်။ ရှန်ချင်းဟန်သည် ထိုမန္တာန်များကို ကြားသည့်အခါတွင် အနည်းငယ်မျှ အံ့အားသင့်သွားသည်။ ထို့နောက်တွင် လင်းဇီချန်ဘက်သို့လှည့်ကာ ချီသွေးစွမ်းအားဖြင့် စကားပြောလိုက်သည်။
"ဇီချန် သူဆိုနေတဲ့မန္တာန်တွေက ငါ့စိတ်ထဲမှာ ကြားတဲ့တီးတိုးသံနဲ့ဆင်တယ်။ အသံမဟုတ်ဘဲ ဘာသာစကားက အတော်လေးတူတဲ့ပုံပဲ။"
လင်းဇီချန်လည်း မအံ့ဩတော့ဘဲ ချီသွေးစွမ်းအားဖြင့် ပြန်ပြောလိုက်သည်။
"မင်းကိုယ်တွင်းက ရေနတ်ဘုရားအမွေအနှစ်ဆီက လာတာဖြစ်မှာပေါ့။ ရေနတ်ဘုရားနဲ့ ပင်လယ်နတ်ဘုရားရဲ့စကားကလည်း တူတူပဲဖြစ်မှာပေါ့။"
ရှန်ချင်းဟန်ကခေါင်းညိတ်ပြလိုက်ပြီး ကျိုးကြောင်းသင့်လျော်သည်ဟု ထင်မိသည်။ လင်းဇီချန်က ထပ်မံ၍ ပြောလိုက်သည်။
"ငါတို့ရှေ့က ပင်လယ်နတ်ဘုရားက ရေအောက်အပျက်အစီးတွေမှာတွေ့ခဲ့တဲ့ပုံတွေထဲကတစ်ပုံနဲ့ တူတယ်မလား။"
"ဘာကိုဆိုလိုတာလဲ။"
ရှန်ချင်းဟန်သည် တူညီချက်ကို သတိမထားမိသောကြောင့် လင်းဇီချန်ပြောသည်ကို နားမလည်နိုင်ဖြစ်နေသည်။
လင်းဇီချန်က ရှင်းပြလိုက်သည်။
"ငါတို့တွေ့ခဲ့တဲ့နံရံဆေးရေးပန်းချီမှာ အဆင့်အတန်းမြင့်တဲ့ရေသက်ရှိပုံတွေကိုထွင်းထားပြီး ထူးဆန်းတဲ့မိန်းမတစ်ယောက်က အခွံထဲမှာလှဲနေတာလေ။"
"အဲ့အခွံထဲကမိန်းမက ရေနတ်ဘုရားဖြစ်မဲ့ပုံပဲ။"
"ငါတို့ရှေ့က ပင်လယ်နတ်ဘုရားက အဲ့ဒီနံရံဆေးရေးပန်းချီထဲကတစ်ယောက်ပဲ။ နံရံဆေးရေးပန်းချီထဲမှာ သူက ဂိတ်တံခါးစောင့်အဖြစ် လုပ်နေတာ။"
"ဝင်ပေါက်နေပြီး အခြားသက်ရှိတွေကလည်း ဒူးထောက်နေပြီး အခွံထဲကမိန်းမကို ကိုးကွယ်နေကြတဲ့ပုံပဲ။"
"...."
"ရှေးဘိုးဘေးအဆင့်ကတောင တံခါးစောင့်သာသာပဲ ရှိတာလား။"
လင်းဇီချန်၏ရှင်းပြချက်ကို ကြားမိသည့်အခါတွင် ရှန်ချင်းဟန်တစ်ယောက် အတော်လေးအံ့အားသင့်သွားမိသည်။ လွန်စွာအားကြီးသောပင်လယ်နတ်ဘုရားသည်ပင် တံခါးစောင့်သာသာ သာဖြစ်သည်။
ထိုသို့နှိုင်းယှဉ်ကြည့်လျှင် ရေနတ်ဘုရားက မည်မျှအင်အားကြီးလိုက်မည်နည်း။
တစ်ဖက်တွင်မူ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် ချီသွေးစွမ်းအားဖြင့် ဆက်သွယ်နေကြသော်လည်းချီချင်းမော့က အားလုံးကို ကြားနေသည်။ ယခုတွင် သူမဘာသာ ချီသွေးစွမ်းအားကို ထုတ်နိုင်ပြီဖြစ်ကာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ ချီသွေးစွမ်းအားသည်လည်း သူမ၏အာရုံမှ မလွတ်နိုင်ပေ။ သူမသည် နှစ်ဦးသား အပြန်အလှန်ပြောနေကြသည်ကိုသာ တိတ်တဆိတ်နားထောင်ပြီး ဘာမှဝင်မပြောပေ။ ဆန့်ကျင်ဘက်တွင်မူ ပင်လယ်နတ်ဘုရားသည် လက်ထဲမှရေစက်ကိုကြည့်ကာ ရေရွတ်နေဆဲဖြစ်သည်။ ရုတ်တရက်ပင် ရေစက်၏အရောင်သည် ကြည်လင်နေရာမှ အမည်းရောင်အဖြစ်ပြောင်းသွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် ပင်လယ်နတ်ဘုရားက မျက်မှောင်ကြုတ်မိပြီး တင်းမာသွားသည်။ လက်ထဲမှရေစက်သည် သက်ရှိတစ်ယောက်၏အနာဂတ်လမ်းကြောင်းကို ဖော်ထုတ်နေသည်နှင့်တူသည်။
သူသည် ရှေးဟောင်းစိမ်းလန်းတောင်တန်း၏တောင်အရှင် စုမေရှောင်၏အနာဂတ်လမ်းကြောင်းကို လေ့လာကြည့်သည်။ ထိုရေစက်သည် အနက်ရောင်ပြောင်းသွားသည်နှင့် အနာဂတ်လမ်းကြောင်းက အန္တရာယ်များသည်ဟု ဆိုလိုသည်။ လုံးဝမည်းမှောင်သွားခြင်းက သေစေနိုင်သောကံကြမ္မာ သို့မဟုတ် ရှင်လျက်ဖြင့်ငရဲကျတော့မည်ဟု ဆိုလိုနေသည်။ ထိုအချိန်တွင် ပင်လယ်နတ်ဘုရားသည် ရပ်ကြည့်၍ မနေနိုင်တော့ပေ။ စုမေရှောင်သည် သခင့်အဆင့်က ခင်မင်ခဲ့သောမိတ်ဆွေဖြစ်သည်။ နှစ်ပေါင်းများစွာ ဆက်ဆံရေးအတွက် စုမေရှောင်ကို ကယ်ရန် မိမိအသက်ကိုပင် စွန့်လွှတ်နိုင်သည်။
"တာအိုဝတ်ရုံမိန်းမ ငါနဲ့အတူ ရှေးဟောင်းစိမ်းလန်းတောင်တန်းကိုလိုက်ပြီး ကူတိုက်ပေးပါ။ ပြီးရင် မင်းကြိုက်တဲ့ဘယ်ဆုမဆို တောင်းလို့ရတယ်။"
ပင်လယ်နတ်ဘုရားက ချီချင်းမော့ကို ကြည့်ပြီး ပြောလိုက်သည်။
ချီချင်းမော့က ပြန်ပြောလိုက်၏။
"ရှင့်လက်ထဲက ရေစက်ကို လိုချင်တယ်။"
"ယူလိုက်"
ပင်လယ်နတ်ဘုရားသည် တွန့်ဆုတ်ခြင်းမရှိဘဲ ချီချင်းမော့ကို ရေစက်ကို ပေးလိုက်သည်။ ထို့နောက်တွင် အရည်တစ်မျိုးဖြင့် ပြည့်နေသည့် ဖန်ပုလင်းများစွာကို ပစ်ပေးလိုက်သည်။
"ဒီဖန်ပုလင်းတွေထဲမှာ ကမ္ဘာဦးရေအဆီအနှစ်ပါတယ်။ အနည်းဆုံးကမ္ဘာဦးရေအဆီအနှစ်က ခွက်လေးတစ်ခွက်စာပြည့်ဖို့ ခေတ်တစ်ခေတ်စာလောက်ကြာတယ်။ ကမ္ဘာဦးရေအဆီအနှစ်က အရာအားလုံးမူလရင်းတည်ခြင်းကလာတဲ့ အသက်ဓာတ်ပစ္စည်းတွေပဲ။ ရှေးမှတ်တမ်းတွေအရတော့ မူလမြေက သက်ရှိဘိုးဘေးဘီဘင်တွေအားလုံးက ကမ္ဘာဦးရေအဆီအနှစ်နဲ့ဖွဲ့စည်းထားတဲ့ သမုဒ္ဒရာကြီးတစ်ခုကနေ ပေါက်ဖွားလာကြတာလို့ ပြောတယ်။"
"မူလမြေက ရှေးနတ်တွေထဲက တစ်ပါးဖြစ်တဲ့ ရေနတ်ဘုရားကလည်း ကမ္ဘာဦးရေအဆီအနှစ်ကနေ မွေးဖွားလာတာပေါ့။"
"အဲ့လိုဆို ကမ္ဘာဦးရေအဆီအနှစ်တစ်စက်နဲ့တင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆုံးခန်းတိုင်စေနိုင်ပြီး ရှေးဘိုးဘေးအဆင့်ထိရောက်အောင် ဆင့်ကဲပြောင်းလဲနိုင်တာပေါ့။"
"ငါမင်းကို ဒီတန်ဖိုးကြီးတဲ့ ကမ္ဘာဦးရေအဆီအနှစ်ကို ပေးတာက ရှေးဟောင်းစိမ်းလန်းတောင်တန်းကို ကာကွယ်တဲ့နေရာမှာ ရှိသမျှအားထုတ်ဖို့ မျှော်လင့်မိလို့ပဲ။"
ချီချင်းမော့က ကယ်ရာတွင် အပြည့်အဝမကူညီဘဲ ထွက်ပြေးမည်ကိုစိုးသောကြောင့် ပြောခြင်းဖြစ်သည်။
ချီချင်းမော့က လက်ကိုဝှေ့ယမ်းပြီး သူမကို ပစ်ပေးလိုက်သောပုလင်းငယ်များကို ဖမ်းလိုက်သည်။ ထိုပုလင်းကို ထိလိုက်သည်နှင့် ချက်ချင်းပင် အထဲတွင်ပါဝင်သောအဆုံးအစမဲ့အသက်ဓာတ်ကို အာရုံခံမိသည်။ ထိုအရာက ရတနာတစ်ပါးပင် ဖြစ်သည်။ ချီချင်းမော့တစ်ယောက် မျက်လုံးအရောင်တောက်သွားသည်။ ထိုစဉ်တွင် လင်းဇီချန်ကမူ ထိုပုလင်းကို လေ့လာပြီး ပင်လယ်နတ်ဘုရားပြောသည်များကို ပြန်စဉ်းစားကြည့်သည်။ မိမိအတွက်မဟုတ်ဘဲ ရှန်ချင်းဟန်အတွက် စဉ်းစားပေးနေခြင်းပင် ဖြစ်သည်။ ရှန်ချင်းဟန်မွေးဖွာလာစဉ်ကတည်းကပင် သူမသည် ရေနှင့် ထူးခြားသည့် ပက်သက်ဆက်နွယ်ခြင်းမျိုး ရှိခဲ့သည်။ ယခုတွင် သူမသည် ရေနတ်ဘုရားပြန်လည်နိုးထခြင်းအတွက် အသက်သွေးကြောဖြစ်သည်ဟု ပြောနေကြသည်။
ရှန်ချင်းဟန်တွင်သာ ကမ္ဘာဦးရေအဆီအနှစ်မျိုး ပိုင်ဆိုင်လျှင် သူမ၏သွေးမျိုးဆက်အဆင့်ကလည်း သိသိသာသာတိုးနိုင်မည်လားကို သိချင်မိသည်။ ထိုအကြောင်းများကို စဉ်းစားနေစဉ်တွင်ပင် ပင်လယ်နတ်ဘုရားက ချီချင်းမော့ကို တိုက်တွန်းလိုက်လေသည်။
"စကားပြောနေဖို့အချိန်မရှိဘူး။ အခုသွားကြမယ်။"
မျက်စိတစ်မှိတ်အတွင်းတွင်ပင် ပင်လယ်နတ်ဘုရားက ပျောက်ကွယ်သွားလေသည်။