အလယ်ပိုင်းဒေသ (၂)
Vol. 33 Ch. 487
ရှန်ချင်းဟန်၏ဝိညာဉ်တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသည့်အခါတွင် သူမသည်လည်း တစ်စက္ကန့်မျှပင် တောင့်မခံနိုင်တော့ဘဲ ချက်ချင်းပင် ကယောင်ချောက်ချားအခြေအနေသို့ ကျရောက်သွားရသည်။ ထိုပုံစံကို မြင်သည့်အခါတွင် လင်းဇီချန်သည် အနည်းငယ်မျှ တွန့်ဆုတ်မနေရဲပေ။ သူမရှေ့၌ ပုံရိပ်က ဖျက်ခနဲပေါ်လာပြီး ချီသွေးစွမ်းအားအပြည့်ပါသည့်လက်သီးချက်သည် ဘုန်းခနဲမြည်သံနှင့်အတူ သွေးများအဖြစ် ပြောင်းလဲသွားစေတော့သည်။ ထို့နောက်တွင် ရင်းနှီးနေသည့်မီးတောက်လောင်သည့်အသံလည်း ထွက်ပေါ်လာပြီး ကြက်သွေးနီရောင်မီးတောက်များပေါ်လာကာ ပျောက်ကွယ်သွားလေသည်။
"ငါက တကယ်ပဲ အဲ့လောက်အားကြီးတာလား?"
လင်းဇီချန်သည် ချီသွေးစွမ်းအားအပြည့်ပါသည့်လက်သီးချက်ကို ကြည့်ပြီး မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။ မိမိဘာသာ အားကောင်းသည်ကို သိသော်လည်း မြင့်မြတ်သူအဆင့်နှစ်ယောက်ကို တစ်ဆက်တည်းသတ်နိုင်လိမ့်မည်ဟု ထင်မထားမိပေ။
ထို့အပြင် အဆင့်ကျော်၍ နှစ်ယောက်တစ်ယောက်သတ်ခြင်းပင်ဖြစ်သည်။ ထိုသို့လုပ်နိုင်ခြင်းက အခြေခံအဆင့်၊ အဆင့်မြင့်အဆင့်၊ သခင်အဆင့်တွင် အဆင့်ကျော်သတ်ဖြတ်ခြင်းထက် ပို၍သာသည်။
တကယ်ပဲကောင်းကင်ဘုံကို ဖီဆန်နိုင်တဲ့အထိ အားကောင်းနေတာလား?
လင်းဇီချန်တစ်ယောက် စိတ်လှုပ်ရှားသွားပြီး နှလုံးခုန်မြန်လာမိသည်။ သို့သော်လည်း အမြန်ပင် စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်လေသည်။
ပြိုင်ဘက်နှစ်ယောက်ကို အဆင့်ကျော်၍သတ်နိုင်ခြင်းသည် မိမိ၏ခွန်အားတွင် အားသာချက်များစွာရှိနေသောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ရှန်ချင်းဟန်၏အကူအညီလည်းပါကာ ရန်သူ၏အထင်သေးခြင်းလည်းပါသည်။ ရှန်ချင်းဟန်၏အကူအညီမပါဘဲ ရန်သူကလည်း အလေးအနက်ထားလျှင် ထိုသို့အလွယ်တကူအောင်မြင်နိုင်မည်မဟုတ်ပေ။
"ဇီချန် အဆင်ပြေရဲ့လား။"
ရန်သူများကို အောင်မြင်စွာနှိမ်နင်းနိုင်သည်ကို မြင်လိုက်ရသောအခါတွင် ရှန်ချင်းဟန်သည် ခြေဖျားလေးထောက်ပြီး လင်းဇီချန်ရှိရာသို့ ပျံဝဲလာကာ စိုးရိမ်စွာဖြင့် မေးလိုက်မိသည်။
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
"ကိုယ်အဆင်ပြေပါတယ်။"
ထို့နောက်တွင် မေးလိုက်လေသည်။
"ဘာလို့ ပြန်လာရတာလဲ။"
"နင့်ကို စိတ်ပူလို့လေ။"
ရှန်ချင်းဟန်၏အသံက အနည်းငယ်မျှတုန်နေပြီး လင်းဇီချန်ထံမှအဆူခံရမည်ကို ကြောက်နေဟန်ပေါ်သည်။ တိကျစွာဆိုရလျှင် ဖခင်တစ်ယောက်ဆုံးမမည်ကို ကြောက်နေသည်နှင့်တူသည်။ ထိုစကားကို ကြားမိသောအခါတွင် လင်းဇီချန်၏နှလုံးသားမှာ နွေးထွေးသွားရသည်။ သူမ၏မျက်နှာလေးကို ညင်သာစွာပွတ်လိုက်ပြီး နူးညံ့စွာပြောလိုက်၏။
"မင်းကိုယ့်ကို စိတ်ပူပြီး ပြန်လာကြည့်တာ ကောင်းပါတယ်။ မဟုတ်ရင်ဒီတစ်ခေါက်တော့ ကိုယ်တကယ်အဆုံးသတ်သွားလောက်တယ်။"
ထိုစကားများက ရှန်ချင်းဟန်ကို နှစ်သိမ့်ပေးခြင်းမဟုတ်ဘဲ အမှန်အတိုင်းပြောနေခြင်းသာဖြစ်သည်။ ရှန်ချင်းဟန်သာအချိန်မီရောက်မလာလျှင် ဟွမ်ယင်း၏ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုဖြင့်ပင် အရေးနိမ့်နေပြီဖြစ်မည်။
"ငါက ခုထိဝန်ထုပ်ဝန်ပိုးဖြစ်နေတုန်းလား။"
ရှန်ချင်းဟန်သည် သေးသွယ်သောလက်လေးကို မြှောက်ပြီး မိမိပါးပေါ်၍ရှိသည့် လင်းဇီချန်၏လက်ဖမိုးပေါ်၌ တင်လိုက်သည်။ မျက်လုံးလေးက အရောင်တောက်ပစွာဖြင့် လင်းဇီချန်ကို မေးနေရှာသည်။
လင်းဇီချန်က ပြန်ဖြေလိုက်၏။
"မင်းက ဘယ်တုန်းကမှ ဝန်ထုပ်ဝန်ပိုးမဖြစ်ပါဘူး။"
"နင်လိမ်နေတာ။"
ရှန်ချင်းဟန်က နှုတ်ခမ်းလေးထော်၍ ပြောလိုက်သည်။
"စောနက ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုးဆိုပြီး ပြောထားတာတောင် မကြာသေးဘူး။"
လင်းဇီချန်က ရှင်းပြလိုက်၏။
"တကယ်လို့ မနိုင်တာ့ရင် ငါ့နဲ့အတူခံစားရမှာထက် မင်းကိုလွတ်သွားစေချင်တာကြောင့် အဲ့လိုပြောလိုက်ရတာပါ။"
ရှန်ချင်းဟန်ကမူ ထိုရှင်းပြချက်ကို မကြိုက်ပေ။ နီရဲနေသောမျက်လုံးလေးများဖြင့် ပြောလိုက်သည်။
"အခုကစပြီး ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ကြုံကြုံ နင့်ကိုတစ်ယောက်တည်းရင်ဆိုင်ခွင့်မပေးတော့ဘူး။ နင့်ဘေးမှာနေခွင့်ပေးရမယ်။ ဟုတ်ပြီလား။"
"ဟုတ်ပါပြီ။"
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
.
နှစ်ယောက်သားစကားပြောပြီးနောက်တွင် ရှေးဟောင်းစိမ်းလန်းတောင်တန်းဖြင့် ဝေးရာဆီသို့ ပျံသန်း၍ ထွက်ခွာသွားကြသည်။
"ဇီချန် အရှေ့ပိုင်းနယ်မြေက ပင်လယ်နတ်ဘုရားက ရေအောက်အမွေအနှစ်မှာရှိတဲ့ နံရံဆေးရေးပန်းချီမှာပါတဲ့ ဒူးထောက်ပြီး ထူးဆန်းတဲ့အမျိုးသမီးကို စောင့်နေတဲ့အစောင့်လို့ နင်ပြောလိုက်တယ်မလား။"
ပြောပြီးသောအခါတွင် ရှန်ချင်းဟန်က စပ်စုစွာဖြင့် မေးလိုက်သည်။
"ရှေးဘိုးဘေးအဆင့်ကတောင် ဒူးထောက်ပြီးကိုးကွယ်ရတယ်ဆိုရင် အဲ့ထူးဆန်းတဲ့အမျိုးသမီးက ဘယ်လိုဖြစ်တည်မှုမျိုးပါလိမ့်။"
စဉ်းစားကြည့်ပြီးနောက်တွင် လင်းဇီချန်က ဖြေလိုက်၏။
"သူက ရှေးဘိုးဘေးအဆင့်ထက်မြင့်တဲ့အဆင့်မျိုးဖြစ်မယ်ထင်တာပဲ။"
"ရှေးဘိုးဘေးထက်မြင့်တဲအဆင့်?ဘာအဆင့်မျိုး ဖြစ်နိုင်မလဲ။"
"အဲ့ဒါတော့ ကိုယ်လည်းမသိဘူး။"
နှစ်ဦးသား ချီသွေးစွမ်းအားဖြင့် စကားပြောနေကြပြီး ရှေးဟောင်းစိမ်းလန်းတောင်တန်းအဝေးသို့ ပျံသန်းသွားကြသည်။ ထို့နောက်တွင် တောင်ပိုင်းပိုင်နက်အစွန်အဖျားသို့ရောက်လာကာ အလယ်ပိုင်းဒေသနယ်စပ်ဖြင့်နီးလာသည်။
လင်းဇီချန်သည် မိုင်ဒါဇင်ချီအဝေးကပင် အလယ်ပိုင်းဒေသ၏ ခြောက်သွေ့သောသဲကန္တာရကို အာရုံခံမိသည်။ အာရုံခံမိပြီးနောက်တွင် ထူးဆန်းသောနေရာကို သတိထားမိ၏။ တောင်ပိုင်းပိုင်နက်မှကန္တာရကမူ စိမ်းလန်းပြီး ခြောက်သွေ့မနေပေ။ သို့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် အလယ်ပိုင်းဒေသ၏ကန္တာရသည်မူ သဲနှင့်မြေကြီးသာရှိပြီး သက်ဝင်လှုပ်ရှားမှုမရှိသည့်အဘိုးအိုနှင့်တူကာ ရှေးဟောင်းဆန်လှ၏။ လင်းဇီချန်သည် မှတ်တမ်းများ၌ ရေးထားသည့် အလယ်ပိုင်းဒေသအကြောင်းကို မှတ်မိသေးသည်။
မှတ်တမ်းများတွင် အလယ်ပိုင်းဒေသသည် လူမှုအဖွဲ့အစည်းတစ်ခု၏အပျက်အစီးနယ်မြေဖြစ်ပြီး များပြားလှစွာသောအမွေအနှစ်များနှင့် မူလမြေ၏ရှေးအကျဆုံးလူအဖွဲ့အစည်းရှိခဲ့ကာ အချိန်ပိုင်းဖြင့်သာ ပွင့်သော တားမြစ်နယ်မြေပင် ဖြစ်သည်။ ရှေးဘိုးဘေးအဆင့်အများစုကလည်း အလယ်ပိုင်းဒေသထဲတွင်ပင် မွေးဖွားလာကြသည်။ ယခုတွင် အလယ်ပိုင်းဒေသက ထူးဆန်းစွာဖြင့် ပွင့်နေသည်။ ထို့ကြောင့် အထဲသို့ဝင်ကြည့်ရမည်။ လင်းဇီချန်က ထိုသို့တွေးပြီး ရှန်ချင်းဟန်ကိုခေါ်ကာ အလယ်ပိုင်းဒေသထဲသို့ ဝင်သွားလေသည်။
....
တစ်နေရာတွင်မူ ကောင်းကင်ပြာပေါ်၌ မြို့အရှင်ချင်ချွမ်းသည် ဖရိုဖရဲဖြစ်နေပြီး အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးနေသည်။ နောက်တွင် ဒုမြို့အရှင်နှစ်ယောက်က လိုက်လာပြီး သတ်ရန်ကြိုးစားနေကြသည်။
မကောင်းတော့ဘူး....
စောနကပင် အလစ်တိုက်ခံရလို့ ဒဏ်ရာအပြင်းအထန်ရသွားပြီ။
ဒီလိုသာဆက်ပြေးနေရင် အချိန်ကြာရင်မိသွားမှာပဲ။
သေဖို့ကို စောင့်မနေနိုင်ဘူး....
နောက်ကသစ္စာဖောက်နှစ်ယောက်ကိုဖြေရှင်းဖို့ နည်းလမ်းရှာရမယ်...
သိပြီ....
သူတို့ကို အလယ်ပိုင်းဒေသကို ခေါ်သွားရမယ်။
ပိုင်နက်နှစ်ခုကြားကနယ်စပ်မှာရှိတဲ့ မူလသလင်းကျောက်တွင်း ကြောက်စရာကောင်းတဲ့အစောင့်အကြပ်သားရဲရှိတယ်ပြောကြတယ်။ အဲ့သစ္စာဖောက်နှစ်ယောက်ကို အဲ့ကိုခေါ်သွားပြီး သတ်ခံရအောင်လုပ်ရမယ်။
ချင်ချွမ်းသည် စိတ်ထဲတွင် တွေးနေမိကာ အမြန်ဆုံးနှုန်းဖြင့် မူလသလင်းကျောက်တွင်းဆီသို့ ပျံသွားသည်။ အထူးသဖြင့် သူသည် ရှန်ကွမ်းယွဲ့ဟွာကို သေစေချင်မိသည်။ ထိုမိန်းမသည် ဒုမြို့အရှင်ရာထူးခိုင်မြဲစေပြီး မြို့အရှင်ရာထူးအတွက် မိမိဖြင့်ပင် မကြာခဏကျူးလွန်ခဲ့ကာ ယခုတွင်မူ သစ္စာဖောက်ဖြစ်နေသည်။ သစ္စာဖောက်ခံလိုက်ရသည်ဟု ခံစားမိသဖြင့် ချင်ချွမ်းက ထိုမိန်းမကို ပို၍ဒေါသထွက်နေမိသည်။
....
ပိုင်နက်နှစ်ခုကြားနယ်စပ်တွင်မူ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် အမြန်ဆုံးနှုန်းဖြင့် ကောင်းကင်ထက်၌ ပျံသန်းနေကြပြီး ချောချောမွေ့မွေ့ဖြင့် အလယ်ပိုင်းဒေသထဲသို့ ဝင်သွားသည်။ ထိုထဲသို့ဝင်သွားကာ ခြေလျင်လမ်းလျှောက်ရန်သာ ဆုံးဖြတ်လိုက်သည်။ ကောင်းကင်တွင်ပျံနေခြင်းက ပစ်မှတ်ဖြစ်ရန်လွယ်ပြီး အခြားသက်ရှိများတွေ့သွားနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ခြေလျင်လျှောက်လျှင် မလိုအပ်သောပြဿနာများကို တားဆီးနိုင်ပေမည်။
"ဇီချန် ရှေ့မှာ ဂူတစ်ခုရှိတယ်။ အဲ့ထဲမှာ ရေတွေအများကြီးရှိနေတယ်။ မူလအားအများကြီးပါတဲ့ရေတွေပဲ။"
မိုင်ပေါင်းများစွာလျှောက်ပြီးနောက်တွင် တောင်ခြေတစ်ခုသို့ ရောက်သည့်အခါ၌ ရှန်ချင်းဟန်က ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ ဂူထဲ၌ မူလအားပေါကြွယ်ဝသည့်ရေများရှိနေပြီး ထူးဆန်းသည့်အသွင်သဏ္ဍာန်ရှိသည့်ရေသတ္တဝါများစွာလည်း ရှိသည်။ ရှန်ချင်းဟန်ပြောသည်ကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက် မအံ့ဩဘဲ မနေနိုင်ပေ။ မိမိ၏ဝိညာဉ်စွမ်းအားက ပို၍မြင့်သော်လည်း ဂူထဲမှအရာများကို မြင်ရသည်အထိ အာရုံမခံနိုင်ပေ။သို့သော် သူမက ထိုသို့လုပ်နိုင်နေသည်။
သူမရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ကြောင့်များလား?
ထိုသို့သာဖြစ်ရပေမည်။ လင်းဇီချန်ဘာသာ စဉ်းစားနေမိသည်။ ထိုစဉ်တွင်ပင်
"ဘုန်း"
ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရသည်။ အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါတွင် ရင်းနှီးနေသည့်သူများကို မြင်လိုက်ရပေသည်။ သွေးအလိမ်းလိမ်းဖြင့် ထွက်ပြေးလာသောချင်ချွမ်းနှင့် ဒဏ်ရာအနည်းငယ်ရထားပြီး အုပ်စုဖွဲ့ကာ ချင်ချွမ်းနောက်မှ လိုက်လာသော ပိုင်ဝူပျန့်နှင့် ရှန့်ကွမ်းယွဲ့ဟွာတို့ပင် ဖြစ်လေည်။
'မဖြစ်သေးဘူး။ သူတို့နဲ့ ဝေးအောင် ရှောင်လာတာပါတယ်ဆိုမှ ဘယ်လိုလုပ် ငါတို့က သူတို့တိုက်ပွဲထဲ ပါနေရပြန်တာလဲ?'