← Chapters

အလယ်ပိုင်းဒေသ၏အမွေအနှစ်

Vol. 33 Ch. 488

အလယ်ပိုင်းဒေသ၏အမွေအနှစ်

Vol. 33 Ch. 488

လင်းဇီချန်သည် ထိုအချိန်တွင် မသက်မသာဖြစ်သည်ဟု ခံစားမိသည်။ တိုက်ပွဲကြီးကို ရှောင်ရှားရန်အတွက် အလယ်ပိုင်းဒေသကို ထွက်ပြေးလာခဲ့သည်။ မျှော်လင့်မထားစွာဖြင့် ထိုနေရာတွင်ပင် ချင်ချွမ်းဖြင့် ဆုံသည်။ ထို့အပြင် ချင်ချွမ်းက နောက်မှလိုက်ခံနေရပြီး အခြေအနေက မဟန်လှပေ။

"သွားကြစို့။ အထဲဝင်ရအောင်။"

လင်းဇီချန်က ပြောပြီးသည်နှင့် ပုံရိပ်ကပျောက်ကွယ်သွားပြီး ရှန်ချင်းဟန်ကိုခေါ်၍ ဂူထဲသို့ဝင်သွားသည်။ ဂူထဲတွင်ပုန်းကာ ကောင်းကင်မှလူများကို ရှောင်ရှားရန် ဖြစ်၏။

ဂူထဲသို့ဝင်ပြီးနောက်တွင် ကမ္ဘာသစ်တစ်ခုတည်းသို့ဝင်သွားသည်ဟု ခံစားမိသည်။ အထဲတွင် မည်းမှောင်ကာ အဆုံးမရှိသည့်လိုဏ်ဂူဖြစ်မည်ဟု ထင်မိသော်လည်း အဆုံးသတ်မြင်ကွင်းမရှိသည့်ကမ္ဘာငယ်တစ်ခု ဖြစ်နေသည်။

"ဒီလိုဏ်ဂူက ဒီလောက်ကြီးတာ။ တောင်တစ်တောင်ထက်တောင်မှ ပိုကြီးသေးတယ်။"

ရှန်ချင်းဟန်က ပတ်ဝန်းကျင်ကိုလေ့လာပြီး မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။

လင်းဇီချန်သည်လည်း ထိုသို့ပင်စဉ်းစားမိပြီး ဖြေလိုက်လေသည်။

"အထဲမှာထူးခြားတဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေရှိမဲ့ပုံပဲ။ သိုလှောင်အိတ်လိုမျိုးပေါ့။ အပြင်က သေးတယ်ထင်ရပေမဲ့လို့ အထဲမှာကျ ပစ္စည်းအများကြီးဆံ့နေတာမျိုးပေါ့။"

"အင်း အဲ့လိုပဲဖြစ်မှာပါ။"

ရှန်ချင်းဟန်က သဘောတူသည့်အနေဖြင့် ‌ခေါင်းညိတ်ပြလိုက်သည်။

လင်းဇီချန်ကမူ တိတ်ဆိတ်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ကို လေ့လာနေသည်။ မိမိရှေ့မှပတ်ဝန်းကျင်သည် လွန်စွာကျယ်ပြီး မြင်သမျှအရာအားလုံးက ကျောက်တုံးများဖြစ်ကာ လွန်စွာရှေးကျဟန်တူသည်။

အမြင်ဖြင့်ကြည့်ပြီးနောက်တွင် လင်းဇီချန်သည် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ဂူအနက်ထဲသို့ အာရုံခံကြည့်သည်။ သို့သော်လည်း ဝိညာဉ်စွမ်းအားကို မိမိ၏အမြင်အာရုံထက်ပို၍ ဖြန့်မရပေ။ မြင်ကွင်းနောက်မှနေရာများကို မမြင်နိုင်သောအမြေးပါးတစ်ခုက ပိတ်ထားပြီး ဝိညာဉ်စွမ်းအားဝင်ရောက်ခြင်းမှ တားဆီးထားသည်။

"ဇီချန် ထူးဆန်းလိုက်တာ။ ငါ့ဝိညာဉ်စွမ်းအားကို ထပ်ပြီးဖြန့်မရတော့ဘူး။"

ရှန်ချင်းဟန်က အသာမျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

လင်းဇီချန်ကဲ့သို့ပင် သူမသည်လည်း ဝိညာဉ်စွမ်းအားဖြန့်မရပေ။

လင်းဇီချန်က မျက်မှောင်ကြုတ်၍ ဖြေလိုက်သည်။

"ငါရောပဲ။ ငါ့ဝိညာဉ်စွမ်းအားက ထပ်သွားလို့မရတော့ဘူး။ ဒီနေရာက ဝိညာဉ်စွမ်းအားကို ပိတ်ထားတဲ့ပုံပဲ။"

ထိုသို့ပြောနေရင်းဖြင့် စိတ်ထဲတွင် မသေချာမရေရာမှုကို ခံစားမိသည်။ မသိသောအန္တရာယ်တစ်ခုကို ခံစားမိသကဲ့သို့ဖြစ်၏။ အတိတ်တွင် သူသည် မရင်းနှီးသောနေရာတစ်ခုသို့ ရောက်သည့်အခါတွင် ပတ်ဝန်းကျင်ကိုသိနိုင်ရန် ဝိညာဉ်စွမ်းအားဖြန့်၍ လေ့လာနေကျဖြစ်သည်။ ယခုတွင်မူ ထိုသို့မလုပ်နိုင်တော့သည့်အတွက် မလုံခြုံဟု ခံစားနေမိသည်။

"ငါတို့အထဲကို ထပ်သွားသင့်လား။"

လင်းဇီချန်က မျက်မှောင်ကြုတ်ပြီး အနားနားသီု့တိုးကာ မေးလိုက်သည်။ လင်းဇီချန်ကလည်းအတွေးတူတူပင်ဖြစ်သည်။

"ငါတို့ဝိညာဉ်စွမ်းအားတွေက ဒီမှာ အသုံးမဝင်ဖူးဆိုမှတော့ လုံခြုံရေးအတွက် မစွန့်စားတာက ပိုကောင်းလိမ့်မယ်။"

"အင်း အထဲကိုမသွားတာက ပိုကောင်းမယ်။"

ရှန်ချင်းဟန်က ကြက်လေးကဲ့သို့ အခါခါခေါင်းညိတ်ပြသည်။ လင်းဇီချန်က တစ်ခုခုကို အမှတ်ရသွားပြီး သူမကို မေးလိုက်၏။

"ငါတို့မဝင်ခင်က မူလအားပါတဲ့ရေတွေနဲ့ထူးဆန်းတဲ့သက်ရှိတွေကို အာရုံခံမိတယ်လို့ပြောတယ်။ ဘယ်လိုလုပ် အာရုံခံနိုင်တာလဲ။"

လှိုဏ်ဂူသည် ဝိညာဉ်စွမ်းအားကို တားထားသော်လည်း သူမကမူ အပြင်မှနေ၍ လိုဏ်ဂူအတွင်းမှ ပတ်ဝန်းကျင်ကို အာရုံခံနိုင်သည်။

ရှင်းပြရန်က ခက်ခဲပေသည်။ သူမက အမြန်ပင် ရှင်းပြလိုက်မိသည်။

"ငါ့ဝိညာဉ်စွမ်းအားနဲ့ အာရုံခံတာမဟုတ်ဘူး။ ငါ့အသိစိတ်ပင်လယ်ထဲက ရေနတ်ဘုရားနန်းတော်က အာရုံခံတာ။"

လင်းဇီချန်က စပ်စုလိုက်၏။

"ရေနတ်ဘုရားက ဘယ်လိုလုပ် အာရုံခံတာလဲ။"

ရှန်ချင်းဟန်က စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။

"ရေနတ်ဘုရားနန်းတော်က ဘယ်လိုအာရုံခံလိုက်လဲဆိုတာကိုတော့ ငါလည်းမသိဘူး။ ဒါပေမဲ့ နန်းတော်အထက်ကမြင်ကွင်းကနေ လိုဏ်ဂူထဲဝင်သွားပြီး အဲ့အမြင်ကနေပဲ အထဲကပတ်ဝန်းကျင်ကို မြင်လိုက်မိတာ။"

နားထောင်ပြီးနောက်တွင် အတော်လေးထူးဆန်းသည်ဟု ထင်မိပြီး ပြောလိုက်သည်။

"အဲ့လိုဆို မင်းရဲ့ရေနတ်ဘုရားနန်းတော်က လိုဏ်ဂူထဲကို လမ်းပြပေးတာပေါ့။"

ထိုစကားကို ကြားသောအခါမှ ရှန်ချင်းဟန်လည်း သဘောပေါက်သွားသည်။

"နင်ပြောသလိုပဲ။ ဒါပေမဲ့ အဲ့လိုမျိုးတော့လည်းမဟုတ်ဘူး။"

ရေနတ်ဘုရားနန်းတော်သည် များသောအားဖြင့် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတတ်သည်။ သိ့သော်လည်း ရုတ်တရက်ပင် လိုဏ်ဂူထဲသို့ခေါ်သွားသည့်အမြင်အာရုံ‌ပေါ်လာခြင်းက ရည်ရွယ်ချက်ရှိရပေမည်။

လင်းဇီချန်က မှန်းဆလိုက်သည်။

"လိုဏ်ဂူထဲမှာများ အမွေအနှစ်တွေရှိလို့များ ရေနတ်ဘုရားနဲ့ပက်သက်နေမလား။"

"ဖြစ်နိုင်တယ်။"

ရှန်ချင်းဟန်က ပြန်ဖြေလိုက်၏။

များသောအားဖြင့် သူမသည် လင်းဇီချန်ဖြင့် အတူရှိလျှင် များများစားစားမတွေးတတ်ပေ။ သူမသည် လင်းဇီချန်‌ပေါ်၌ အားကိုးလွန်းသည်။ လက်ရှိသူမသည် လင်းဇီချန်သာမရှိလျှင် မည်သို့အသက်ရှင်ရမည်ကို မသိပေ။ ထိုစဉ်တွင် လင်းဇီချန်က တွန့်ဆုတ်နေမိသည်။ မိမိတို့နှစ်ဦး လိုဏ်ဂူထဲသို့ဝင်သင့်မဝင်သင့်ကို စဉ်းစားနေမိသည်။ ရေနတ်ဘုရားနန်းတော်မှညွှန်ကြားချက်ကို ပြန်စဉ်းစားကြည့်ပြီး အန္တရာယ်မဖြစ်လောက်ဟုလည်း ထင်မိသည်။

ထိုသို့စဉ်းစားနေစဉ်တွင်ပင်

"ဝှစ်"

လိုဏ်ဂူအပြင်မှ အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံက မိမိတို့ဘေးသို့ရောက်လာသည်နှင့်တူသည်။ ချင်ချွမ်းပင်ဖြစ်ကာ မျက်နှာအတော်လေးပျက်နေသည်ကို သတိထားမိသည်။ ဘာမှမပြောနိုင်ခင်တွင်ပင် ဒဏ်ရာရထားသောချင်ချွမ်းသည် ချီသွေးစွမ်းအားအပြည့်ဖြင့်ဂူထဲသို့ပြေးဝင်သွားသည်။ ဂူထဲ၌လူရှိမည်ဟုမထင်သဖြင့် အနည်းငယ်အံ့ဩနေမိသည်။ သို့သော်လည်း အထဲမှလူက လင်းဇီချန်နှင့်ရှန်ချင်းဟန်ဖြစ်နေသောအခါတွင် ကြောင်သွားမိသည်။

ထိုနှစ်ဦးသည် တောင်ပိုင်းပိုင်နက်တွင်မဟုတ်ဘဲ အလယ်ပိုင်းဒေသတွင် မည်သို့ရောက်နေသည်ကို မစဉ်းစားတတ်တော့ပေ။ အထူးသဖြင့် ထူးဆန်းသည့်အစီအရင်ဖြင့် ဖုံးကွယ်ထားသည့်အမွေအနှစ်နေရာကိုပင် ဖြစ်သည်။ မိမိ၏အံ့ဩမှုက ခဏသာဖြစ်သည်။ ထို့နောက်တွင် ချင်ချွမ်းသည် လင်းဇီချန်နှင့်ရှန်ချင်းဟန်ကိုပါခေါ်ပြီး လိုဏ်ဂူထဲသို့ ပြေးဝင်သွားတော့သည်။ နောက်တွင်မူ ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့သည်လည်း လင်းဇီချန်တို့နှစ်ဦးကို မြင်လိုက်ရသည့်အတွက် အံ့ဩသွားမိလေသည်။

All Chapters