မင်း၊ ရူးနေလား ပိုင်ဟောက်
Vol. 7 Ch. 683
သရဲကြီးမြို့တော်သို့ ပြန်လာပြီးနောက် ပိုင်ရှောင်ချန်းမှာ အချိန်အနည်းယူကာ သူ၏ခံစားချက်များကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သူသည် သတ်ရဖြတ်ရသည်များကို မနှစ်ခြိုက်သော်လည်း ပိုင်ဟောက်အဖြစ် သူဟန်ဆောင်နေခဲ့သည့် အချိန်အတွင်း သူကြုံတွေ့ခဲ့ရသည့် တရားမျှတမှုမရှိခြင်းများကြောင့် သူ၏ရင်ထဲတွင် အမျက်ဒေါသနှင့် သည်းမခံနိုင်ခြင်းများစွာ စုဝေးနေခဲ့သည်။
ပိုင်ဟောက်အတွက် သူသည် ပိုင်မျိုးနွယ်စုအား ပြန်လည်ပေးဆပ်ခိုင်းခဲ့ပြီဖြစ်သည်။ ပင်မသွေးမျိုးဆက်မှာ ထာဝရ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ့စိတ်ပြန်လည်တည်ငြိမ်လာသောအခါ သူစုစည်းမိခဲ့သည့် တလက်လက် စူးရှတောက်ပနေသော ပစ္စည်းပုံကြီးကိုကြည့်ကာ သူ၏မျက်ဝန်းများမှာ တောက်ပစွာ လင်းလက်လာတော့သည်။
သူက လောဘကြီးသည့် လူစားမျိုးထဲတွင် မပါဝင်ဘဲ ဟိတ်ကြီးဟန်ကြီး ကြွယ်ဝချမ်းသာမှုများကို တက်မက်သည့်လူစားမျိုးမဟုတ်သော်လည်း ယခုတွင်မူ သူသည် သာမန်လူတစ်ယောက်၏ ဘဝဆက်ပေါင်းတစ်သောင်းလောက်အတွင်း မရှာဖွေနိုင်မည့် ကြွယ်ဝမှုမျိုးကို မျက်စိနှင့် တပ်အပ်ကြည့်နေရသည်။ ထိုမြင်ကွင်းကြောင့် သူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်နေတော့သည်။
မရေမတွက်နိုင်သော အမုန်းဝိညာဥ်များ၊ အဆုံးမရှိသော ဝိညာဥ်ဆေးဝါးများ၊ နတ်ဝိညာဥ်တစ်ခု။ ရေတွက်၍မရနိုင်သော စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသည့် မှော်ပစ္စည်းများလည်းပါသေးသည်။ သူက ထိုအရာအားလုံးကို စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် မှင်တက်နေရတော့သည်။
စိတ်လှုပ်ရှားစရာ အကောင်းဆုံးအရာများမှာ မျိုးနွယ်စုသုံးစု၏ ကြွယ်ဝချမ်းသာမှုများမှ ရရှိထားသည့် လျှို့ဝှက်ရတနာများပင် ဖြစ်သည်။
ချိုင်မျိုးနွယ်စုတွင် ကျောက်စိမ်းဝိညာဥ်ရုပ်ထု ရှိသော်လည်း ချန်မျိုးနွယ်စုနှင့် ပိုင်မျိုးနွယ်စုတို့တွင်လည်း အလားတူပစ္စည်းများ ရှိနေသည်။ ဥပမာအားဖြင့် ချန်မျိုးနွယ်စု၏ လျှို့ဝှက်ရတနာမှာ ကြက်သွေးရောင် ကျောက်စိမ်းပုလင်းတစ်လုံးဖြစ်သည်။ ထိုပုလင်းထဲတွင် သေဆုံးနေသည့် မည်သည့်ဝိညာဥ်ကိုမဆို ၎င်း၏ယခင်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည်မှတ်မိစေကာ အသိဉာဏ်ပညာ ရှိလာအောင် ြပုလုပ်နိုင်သည့် သွေးတစ်စက်ပါဝင်သည်။ ထိုသွေးစက်သည် ဝိညာဥ်တစ်ခုကို ဝိညာဥ်ကျင့်ကြံသူတစ်ယောက်အသွင် ပြောင်းလဲ၍ရသည်ဟု ဆိုနိုင်သည်။
မြေရိုင်းဒေသထဲတွင် ထိုသို့သော တန်ဖိုးကြီးရတနာများမှာ ဖီးနစ်ငှက်မွှေးများနှင့် ချီလင် ဦးချိုများကဲ့သို့ ရှားပါးသည်။ ချန်မျိုးနွယ်စုမှာ ထိုသွေးစက်ကို သူတို့၏ ခေါင်းဆောင်ကြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ရောက်ကာ သက်တမ်းကုန်သွားသည့်အခါတွင်မှ သုံးရန် ကြံစည်ထားသည်။ ထိုအခါတွင် ခေါင်းဆောင်ကြီးမှာ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်အဖြစ် ဆက်လက်နေထိုင်ကာ မျိုးနွယ်စုကို နှစ်ပေါင်းများစွာ စောင့်ရှောက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ပုန်ကန်မှုအပြီးတွင် ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ အကျဥ်းချခံလိုက်ရသဖြင့် ထိုအကြံအစည်များမှာ အသုံးမဝင်တော့ပေ။
ပိုင်မျိုးနွယ်စု၏ ကြွယ်ဝချမ်းသာမှုများထဲတွင် ခုနစ်ရောင်ခြယ် ကြာပန်းစေ့များပါသည့် အသီးတောင့်တစ်တောင့် ရှိသည်။ ထိုအသီးတောင့်ထဲတွင် ပထမက အစေ့ခုနစ်စေ့ပါဝင်သော်လည်း ယခုတွင်မူ နှစ်စေ့သာ ကျန်တော့သည်။ ထိုအစေ့တစ်စေ့ကို စားလိုက်သူတိုင်းမှာ မည်သည့်ဒဏ်ရာမှမဆို အပြီးတိုင် ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေသည့် လူတစ်ယောက်ကိုပင် ထိုအစေ့များသည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသည့်အလား ပုံမှန်အတိုင်းပြန်ဖြစ်အောင်လုပ်နိုင်သည်။
မျိုးနွယ်စုခေါင်းဆောင်နှင့် သူတို့၏ နတ်အဆင့်ခေါင်းဆောင်ကြီးတို့ သူတို့၏ပြင်းထန်လှသော ဒဏ်ရာများမှာ လျင်မြန်စွာပြန်လည်ကောင်းမွန်လာနိုင်သည်မှာ ထိုအစေ့များကြောင့် ဖြစ်သည်။
ဤ လျှို့ဝှက်ရတနာ သုံးခုစလုံးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ခါသွားစေနိုင်ပြီး မျိုးနွယ်စုသုံးခု၏ ချမ်းသာကြွယ်ဝမှုမှာ မည်မျှများပြားနေကြောင်းကို ဖော်ပြနေတော့သည်။
" ဒီ မျိုးနွယ်စုသုံးခုက တော်တော့်ကို ချမ်းသာတာပဲ " ပိုင်ရှောင်ချန်းက စုတ်သပ်ကာ တွေးလိုက်တော့သည်။ ထို့နောက် သူသည် မျိုးနွယ်စုတိုင်း၏ တစ်ရောင်ခြယ်မှ ဆယ့်ခုနစ်ရောင်ခြယ်အထိ မီးတောက်ဖန်တီးသည့် နည်းလမ်းများပါဝင်သည့် ကျောက်စိမ်းပေလွှာတစ်ခုကို ကောက်ယူလိုက်လေသည်။
မျိုးနွယ်စု သုံးခုကို မြေလှန်ရှာခဲ့ပါသော်လည်း ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖော်စပ်နည်းကိုမူ မတွေ့ခဲ့ရပေ။ အဆုံးတွင် ထိုမျိုးနွယ်စု သုံးစုတွင် ထိုဖော်စပ်နည်းမရှိကြောင်း ယုံကြည်သွားတော့သည်။ အမှန်မှာ မြေရိုင်းဒေသတစ်ခုလုံးရှိ အောက်လမ်းဆရာမျိုးနွယ်စုများထဲတွင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်မှာ အရှားပါးဆုံးအရာများထဲတွင် ပါဝင်နေသည်။
" အာ ဘာပဲ ဖြစ်ဖြစ်ပါ။ နောက်မှပဲ အဲဒီဖော်စပ်နည်းကိုရှာတွေ့နိုင်တဲ့ အခြေအနေကို စောင့်ရတာပေါ့။ ဒါမှမဟုတ် ပိုင်ဟောက်ရဲ့နည်းလမ်းနဲ့လည်း ဖန်တီးလို့ရရင် ရမှာပေါ့ ဘယ်သူပြောနိုင်မှာလဲ။ "
သူ၏ ရတနာပုံထဲတွင် ထိုဖော်စပ်နည်းမပါဝင်သော်လည်း သူက စိတ်လှုပ်ရှားနေဆဲပင်ဖြစ်သည်။
" ဒီတစ်ခေါက်တော့ ရွှေကြောကြီးနဲ့ တိုးတာပဲဟေ့။ ဒီပစ္စည်းတွေအားလုံးကို ငါ့တစ်သက်လုံး စားကုန်တော့မယ် မထင်ဘူး "
ယခုတွင်မူ သူသည် ချမ်းသာကြွယ်ဝသော မျိုးနွယ်စုများအား ငွေညှစ်ရသည်ကို အလွန်သဘောတွေ့နေပြီဖြစ်သည်။ ငွေညှစ်သည့်လုပ်ရပ်နှင့် နှိုင်းယှဥ်ကြည့်လိုက်လျှင် ဝိညာဥ်မြေများကို ရှင်းလင်းသည့်လုပ်ရပ်မှာ အဓိပ္ပါယ်ပင် မရှိတော့သည့်အလား ဖြစ်သွားသည်။
" အနာဂတ်မှာ အခွင့်ကြုံလို့ကတော့ နောက်ထပ်မျိုးနွယ်စုတွေကို ထပ်ပြီးငွေညှစ်ရမယ်။ " ထိုအကြံမှာ အကောင်းဆုံးဟု သူကလက်ခံလိုက်တော့သည်။ သို့သော် အနည်းငယ်ကြာသောအခါ သူ မျက်မှောင်ကြုတ်သွားြပီး သူ၏ရင်ထဲတွင် မအီမလည်ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
" ခဏနေပါဦး။ အခုငါ့ဆီမှာ တန်ဖိုးကြီးရတနာတွေက တော်တော်ကိုများနေပြီ။ ငါတစ်ယောက်ထဲ အပိုင်သိမ်းလိုက်မယ်ဆိုရင် လူတွေက သေချာပေါက် မနာလိုကျမှာပဲ။ ပြီးတော့သရဲကြီးဘုရင်ကလည်း သဘောကျမှာ မဟုတ်လောက်ဘူး "
သူက တွေဝေသွားပြီး ရတနာပုံကြီးကို ခေတ္တမျှကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်တော့သည်။
" ဓနဥစ္စာပစ္စည်းတွေက ကောင်းတာမှန်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ သနားစရာအသက်လေးက အရေးကြီးဆုံးပဲလေ "
သူက စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် မဟာတံတိုင်းပေါ်တွင် သူနေခဲ့သည့်အချိန်များနှင့် ထိုတံတိုင်းရှိ မြို့တစ်မြို့မှ တရားသူကြီးတစ်ယောက်၏ လုပ်ရပ် ကို ပြန်လည်တွေးတောလိုက်တော့သည်။ ထိုအခါ သူ၏မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာတော့သည်။ ထို့နောက် သူကအင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး ရတနာပုံထဲမှ တချို့ကို ဖယ်ထုတ်လိုက်တော့သည်။
ညနေခင်းအချိန်ရောက်သော် သူက ပြီးစီးသွားပြီဖြစ်၍ သရဲကြီးရုပ်ထုပေါ်ရှိ တော်ဝင်နန်းတော်ဆီသို့ ပျံသန်းသွားတော့သည်။ ထိုသို့ရောက်သောအခါ သူက တရိုတသေလက်ယှက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်တော့သည်။
" ပိုင်ဟောက်က အရှင်မင်းမြတ်နဲ့ တွေ့ဆုံစကားပြောချင်လို့ပါ "
ထိုသို့တောင်းဆိုလိုက်ပြီး သူက အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာအချိန်အထိ တိတ်ဆိတ်စွာ ရပ်နေလိုက်လေသည်။ ထို့နောက် တည်ကြည်သော အသံတစ်သံထွက်ပေါ်လာတော့သည်။
" ဝင်ခဲ့ "
သူရပ်စောင့်နေရသည့် အချိန်မှာ စိုးထိတ်ဖွယ်ကောင်းလွန်းလှသဖြင့် အဆုံးတွင် သူသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။ သူ ရင်တဒိန်းဒိန်းခုန်နေပြီး သရဲကြီးဘုရင်သည် အကြံအစည်များချကာ ဆောင်ရွက်ရသည်ကိုနှစ်သက်ကြောင်းသိလာပြီးနောက် ထိုသို့သောလူ၏ ခေါင်းကို ထပ်ခါထပ်ခါ ရိုက်နှက်ခဲ့သည့် အမှတ်တရများကြောင့် သူက သက်ပြင်းသာချလိုက်တော့သည်။
ကံမကောင်းသည်မှာ ထိုစိတ်လှုပ်ရှားမှုမျိုးသည် သူ၏နှလုံးသားထဲတွင် နှစ်မြှုပ်ထားရမည့် အရာတစ်ခုသာဖြစ်သည်။ သူသည် ယခုလက်ရှိထက် အဆတစ်သောင်းခန့် ပို၍ရဲတင်းနေခဲ့လျှင်တောင် ထိုကဲ့သို့လုပ်ရပ်မျိုး ထပ်လုပ်ရဲတော့မည် မဟုတ်ပေ။
သူ၏ အတွေးများကို တည်ငြိမ်အောင်လုပ်လိုက်ပြီး ဖားယားသည့်ပုံစံဖြင့်ပြုံးကာ ခန်းမထဲသို့ပြေးဝင်သွားသောအခါ ပလ္လင်ပေါ်တွင် တည်ကြည်စွာထိုင်နေသည့် သရဲကြီးဘုရင်ကို သူ မြင်လိုက်ရတော့သည်။
" မင်းပြန်လာပြီလား "
ဘုရင်ကြီးက အေးစက်စက်မေးလိုက်သည်။
" မင်းတော်တော်ကို ရုတ်ရုတ်သဲသဲ လုပ်ခဲ့တယ်လို့ကြားတယ် "
သူက ဒေါသထွက်မနေသလို ကျေနပ်မနေပေ။ သူ၏စကားများအရ သူ ချီးကျူးနေသလား၊ ဝေဖန်နေသလား ခွဲခြားရန်မှာ အလွန်ခက်ခဲလှသည်။
ပိုင်ရှောင်ချန်းမှာမူ ကြောင်အမ်းအမ်းဖြစ်ကာ စိုးထိတ်နေရသည်။ ယခုတွင် သရဲကြီးဘုရင်သည် သူ၏ကျင့်ကြံခြင်းအခြေခံကို ပြန်ရနေပြီဖြစ်ရာ အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ အကယ်၍ သူသာစကားမှားသွားပါက ထိုလူကြီးမှာ ဒေါသအိုးပေါက်ကွဲကာ သူ့အားကွပ်မျက်လိမ့်မည်ဟု ထင်နေသည်။
သို့သော် ဤပုံစံရှိသော သရဲကြီးဘုရင်ကို မည်သို့ကိုင်တွယ်ဆက်ဆံရမည် ဖြစ်ကြောင်း သူ ကောင်းကောင်းသိထားသောကြောင့် ဘုရင်ကြီးကို ကိုးကွယ်ချင်နေသည့်အလား အလွန်အမင်း စိတ်လှုပ်ရှားနေသည့် မျက်နှာထား ဖမ်းလိုက်တော့သည်။
" ရှင်ဘုရင်ကြီး ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ မျိုးနွယ်စုသုံးစုက ကျိကျိတက် ချမ်းသာနေတာပါ။ အမုန်းဝိညာဥ်တွေ၊ ဝိညာဥ်ဆေးဝါးတွေ၊ မှော်ပစ္စည်းတွေမှ များလွန်းလို့ မရေတွက်နိုင်လောက်အောင်ပါပဲ။ ဒါပေမဲ့ သူတို့က အဲဒီပစ္စည်းတွေကို လက်မလွှဲပေးပဲ ကျွန်တော်မျိုးကို လှည့်စားဖို့ ကြံစည်ခဲ့ကြတာပါ "
" သူတို့အတွက်ကံမကောင်းတာက ကျွန်တော်မျိုးက အရှင့်ဆီကို အရင်ဝင်ပြီး ခစားခဲ့လို့ အရှင့်ရဲ့ အဆုံးမဲ့လှတဲ့ ဘုန်းတန်ခိုးတွေကြောင့် အများကြီး အသိဥာဏ်ပွင့်ခဲ့ရပြီး သူတို့ရဲ့ မလောက်လေးမလောက်စား လှည့်ကွက်လေးကို ထိုးဖောက်မြင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေထဲက လျှို့ဝှက်ရတနာတွေကိုတောင် ကျွန်တော် ရယူနိုင်ခဲ့ပါတယ် "
သူ၏ မျက်နှာပေါ်မှ အမူအရာနှင့် သူ၏စကားပြောဆိုပုံများမှာ ဤအောင်မြင်မှုသည် သရဲကြီးဘုရင်၏ ဘုန်းတန်ခိုးကြောင့်ဖြစ်ကြောင်း ဖော်ပြနေသည်။
သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာကိုမှ မမြင်ရသော်လည်း သူ၏မျက်ဝန်းများအတွင်းတွင်မူ အနည်းငယ် အနေရခက်နေသည့် အမူအရာကိုမြင်နိုင်သည်။
သူသည် ပိုင်ရှောင်ချန်း၏ ဖားယားမှုများကို အနည်းငယ်ခံနိုင်ရည် ရှိလာပါသော်လည်း အတိုင်းအတာတစ်ခုအထိ သာယာနေဆဲဖြစ်သည်။
" ချန်မျိုးနွယ်စုနဲ့ ပိုင်မျိုးနွယ်စုကို တစ်ခဏလောက်မေ့ထားလိုက်ပါဘုရား " ပိုင်ရှောင်ချန်းက ဆက်ပြောလိုက်သည်။
" ချိုင်မျိုးနွယ်စုရဲ့ လျှို့ဝှက်ရတနာက တော်တော်ကို အံ့အားသင့်ဖို့ကောင်းတာ။ အင်မတန် ထူးဆန်းပြီး သုံးမီတာမြင့်တဲ့ ဝိညာဥ်ကျောက်စိမ်း ရုပ်ထုတစ်ခုပါ။ သူ့ဆီကထွက်တဲ့ အလင်းရောင်က ကောင်းကင်ဘုံထက်တောင် သာလွန်နေပြီး အဲဒီအလင်းရောင်ထဲမှာ မြေရိုင်းဒေသရဲ့ အရှားပါးဆုံး စိတ်စွမ်းအင် အမျိုးအစားတစ်ခု ပါဝင်နေတာဘုရား "
သူက စကားပြောနေရင်း ပို၍စိတ်လှုပ်ရှားလာသည့်ပုံစံပေါ်လာကာ သရဲကြီးဘုရင်၏ အမူအရာကို မသိမသာ လှမ်း၍အကဲခတ်နေတော့သည်။
" အဲဒီရုပ်တုက အပြင်ကို ရောက်လာတာနဲ့ မီတာသုံးထောင်ပတ်ပတ်လည် အရပ်မျက်နှာတိုင်းမှာ အလွန်အားကောင်းတဲ့ စိတ်စွမ်းအင်တွေ ဖုံးလွှမ်းသွားပါတယ်။ အဲဒီရုပ်တုက မျိုးနွယ်စုတစ်ခုစာလောက်အတွက် ကောင်းကောင်း လုံလံုလောက်လောက် သုံးနိုင်တဲ့အပြင် တစ်ယောက်ပဲသုံးမယ်ဆိုရင်လည်း တန်ဖိုးကြီးရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ် "
ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာမှာ အလွန်တက်ကြွနေပြီး သူက ကိုယ်ဟန်အမူအရာများကိုပါသုံးကာ သူ၏စကားများကို ပို၍မြင်သာအောင် ပြုလုပ်နေသည်။ သူ၏စကားအရဆိုလျှင် ထိုကျောက်စိန်းဝိညာဥ် ရုပ်ထုမှာ ရှားမှရှားသော ပစ္စည်းတစ်ခု ဖြစ်သည်။
သရဲကြီးဘုရင်မှာ ထိုဝိညာဥ်ကျောက်စိမ်းရုပ်ထုကို တစ်ခါမှ မမြင်ဖူးသော်လည်း ပိုင်ရှောင်ချန်း၏ စကားများအရ ၎င်းမှာ အလွန်အံ့သြဖွယ်ကောင်းနေသည်ဖြစ်သည်။
" ဟင်။ အင်း..... မင်းစကားသာမှန်မယ်ဆိုရင် အဲဒိပစ္စည်းက တကယ့်ကို အံ့သြဖို့ကောင်းမှာပဲ "
သို့သော် သူက ထိုစကားများကို ဆိုနေပါသော်လည်း သူ၏မျက်နှာမှာမူ အသက်မဲ့နေဆဲပင်။
တချိန်လုံး ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်ကို အကဲခတ်နေသည့်အတွက် သူ၏လက်ရှိတုံ့ပြန်မှုကိုမြင်လိုက်ရသောအခါ သူက ရှေ့သို့တစ်လှမ်းလှမ်းလာကာ အသံတိုးတိုးနှင့် ပြောလိုက်တော့သည်။
" ကျွန်တော်မျိုး အဲဒီဝိညာဥ်ကျောက်စိမ်း ရုပ်ထုကို အရှင့်ရဲ့ ခြံဝန်းတစ်ခုထဲမှာ ထားခိုင်းထားပါတယ်။ အရှင့်စိတ်ကြိုက် လေ့လာတော်မူပါ "
ထိုအခါတွင် သရဲကြီးဘုရင်မှာ မျက်လုံးပြူးသွားပြီး သူ၏မျက်နှာပေါ်တွင် သဘောကျနှစ်ခြိုက်သော အပြုံးတစ်စ ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းကို ဤကဲ့သို့ နွေးနွေးထွေးထွေးဆက်ဆံသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် ပိုင်ရှောင်ချန်း၏ လုပ်ရပ်ကို ကျေနပ်လွန်းနေသဖြင့် သူ့ကို ချီးကျူးသည့်အကြည့်ဖြင့် ကြည့်နေတော့သည်။
" ဒီ တေလေဂျပိုးလေးကတော့.. " သူကတွေးလိုက်သည်။
" ကာလံဒေသကိုလိုက်ပြီး ကိုက်ညီလျောက်ပတ်ေအာင် ပြောတတ်တဲ့ ကောင်ပဲ။ သူက အရည်အချင်းပြည့်ဝရုံတင်မကပဲ ရက်ရောသေးတယ်။ ပြီးတော့ လူတွေဘာကိုတွေးနေလဲဆိုတာပါ တွက်ချက်တတ်နေပါလား "
ယခုတွင်မူ သရဲကြီးဘုရင်သည် ပိုင်ရှောင်ချန်းကို ပို၍ အကောင်းမြင်လာပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူသည် တစ်စုံတစ်ရာကိုမှတ်မိသွားသဖြင့် ချောင်းဟန့်လိုက်တော့သည်။
" ကောင်းပြီ။ ဒါနဲ့ ချန်မျိုးနွယ်စုခေါင်းဆောင်ဟောင်းရဲ့ ဇနီးက တုဖက်ကင်းတဲ့ မိန်းမလှလေးဆိုပဲ။ ပြီးတော့ ကျင့်ကြံရာမှာ အထောက်အကူပြုနိုင်တဲ့ ခန္ဓာကိုယ်အချိုးအစား ရှိတယ်လို့လဲ ငါ သတင်းကြားတယ် "
သူ့ စကားမဆုံးခင်မှာပင် ပိုင်ရှောင်ချန်းက စိတ်ထဲတွင် ကျိန်ဆဲနေပါသော်လည်း တကယ့် လက်တွေ့တွင်မူ အရိပ်အကဲနားလည်နေသည့် အမူအရာဖြင့် ရယ်မောလိုက်လေသည်။
" အရှင်မင်းမြတ်ခင်ဗျား။ သခင်မချန်ကိုလည်း ကျွန်တော်မျိုးက အရှင့်ရဲ့ခြံဝန်းထဲကို ပို့ဆောင်ပြီးပါပြီ။ အရှင် သူ့ကိုအချိန်မရွေး သွားရောက်လေ့လာ.... "
ထိုအခါ သရဲကြီးဘုရင်မှာ ပလ္လင်၏ လက်တန်းပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။ ထို့နောက် သူက မျက်လုံးများပြူးကာ အော်ဟစ်လိုက်တော့သည်။
" တယ်ရိုင်းလှပါလား။ သခင်မချန်က မျိုးနွယ်စုခေါင်းဆောင်ဟောင်းတစ်ယောက်ရဲ့ ဇနီးလေ။ ငါက ကောင်းကင်ဘုရင်လေးပါးထဲက နတ်ဘုရားတစ်ပိုင်းအဆင့် ဘုရင်တစ်ပါးလေကွာ။ အဲဒီလိုမျိုး ငါ လုပ်လို့ရပါ့မလားကွ။ ဒီသတင်းသာ ပေါက်ကြားသွားရင် ငါ့နာမည်ဘယ်လိုဖြစ်သွားမတုံး မင်းစဥ်းစားကြည့်။ မင်းရူးနေလား ပိုင်ဟောက်။ သခင်မချန်ကို အခုချက်ချင်း ဒီကနေ ထုတ်သွားစမ်းကွာ "
#Translator note အပိုင်း ( ၅၃၀ ) မှာ ကမ္ဘာမြို့ တရားသူကြီးဆီမှ ပိုင်ရှောင်ချန်းက " အကွက်သစ်သင်ယူခဲ့ပါသည်။