တန်ခိုးအာဏာကြီးမားလာသောအခါ
Vol. 7 Ch. 684
သရဲကြီးဘုရင်မှာ အမှန်တကယ်ဒေါသထွက်နေပြီး ပိုင်ရှောင်ချန်း၏ အလိုက်မသိမှုကြောင့် စိတ်ပျက်နေတော့သည်။ သူ၏မျက်နှာအမူအရာအရ အကယ်၍ ပိုင်ရှောင်ချန်းသည် သခင်မချန်ကို တော်ဝင်နန်းတော်ထဲမှ ချက်ချင်းအပြင်သို့မထုတ်လျှင် သူကိုယ်တိုင် လှုပ်ရှားကာ ပိုင်ရှောင်ချန်းအား အမှားတစ်ခုအတွက် အပြစ်ပေးခံရခြင်း၏ အရသာကို မြည်းစမ်းစေမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းကမူ မတရားခံနေရသည်အလား ခံစားနေရပြီး စိတ်ထဲတွင် အရှက်မရှိသည့် သရဲကြီးဘုရင်ကို ကျိန်ဆဲနေတော့သည်။ သို့သော် သူက ဘုရင်ကြီး၏ ဒေါသကို မမှုသည့်အလား မလှုပ်မယှက်ရပ်ကာ ဘုရင်ကြီးအား စိုက်ကြည့်နေတော့သည်။
" မင်း အဲဒီလိုရပ်ပြီး ဘာလုပ်နေတာတုံး "
သရဲကြီးဘုရင်က မာန်ပါပါအော်ဟစ်လိုက်ပြီး သူ၏လက်ဝါးကို ပလ္လင်လက်တန်းပေါ်သို့ ထပ်မံထုနှက်လိုက်ပြန်သည်။
ယခုတွင်မူ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ဖားယားနေသည့် အမူအရာ မရှိတော့ပဲ နာကျင်နေသည့် အမူအရာကိုသာ မြင်နိုင်တော့သည်။ သူက သက်ပြင်းချကာ ဆိုလိုက်လေသည်။
" စိတ်မပူပါနဲ့ အရှင်မင်းမြတ်ခင်ဗျား၊ ဒီကိစ္စကိုသိတာဆိုလို့ ကောင်းကင်ရယ်၊ ကမ္ဘာမြေကြီးရယ်၊ ကျွန်တော်မျိုးရယ် အရှင်မင်းမြတ်ရယ်ပဲ ရှိတာပါ။ ဒီကမ္ဘာပေါ်မှာရှိတဲ့ အခြားဘယ်သူမှ ဒီအကြောင်းကိုမသိပါဘူး။ ပိုင်ဟောက်ဆိုတဲ့ ကျွန်တော်မျိုးက သခင်မချန်ကို တက်မက်မိလို့ လုယူခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင်ကိုပါ သတ်ခဲ့တာလို့ လူတိုင်းက ထင်နေကြတာပါ "
" ပြီးတော့ အရှင့်ရဲ့ခြံဝန်းထဲရောက်နေတာကိုလည်း ဘယ်သူမှ မသိပါဘူး " သူက သက်ပြင်းထပ်ချလိုက်ပြီး " ဟန်ဆောင်ပြီး အရူးကွက်တွေနင်းမနေနဲ့ " ဟူသော အမူအရာဖြင့် သရဲကြီးဘုရင်ကို ကြည့်လိုက်တော့သည်။
ထိုအခါမှ သရဲကြီးဘုရင်မှာ ယခင်ကထက်မျက်လုံးပိုပြူးသွားပြီး မည်သို့ဆက်ပြောရမှန်းမသိလောက်အောင် ဖြစ်သွားတော့သည်။ သူက ပိုင်ဟောက်သည် ပုံမှန်အတိုင်း ဖားယားလိမ့်မည်ဟုထင်ထားပြီး အဆုံးတွင် သူကိုယ်တိုင်က အလျှော့ပေးကာ လက်ခံလိုက်မည်ဟု တွေးထားသည်။ ယခုလို ပိုင်ရှောင်ချန်းက တည့်တိုးကြီးပြောလာလိမ့်မည်ဟု သူက လုံးဝထင်မထားပေ။
ထို့အပြင် ပိုင်ရှောင်ချန်းက မတရားခံနေရသည့် လေသံဖြင့်ဆိုလိုက်ရာ သရဲကြီးဘုရင်မှာ ရှက်ပြုံးပြုံးလိုက်ရတော့သည်။ အမှန်မှာ ပိုင်ဟောက်သည် ဤကိစ္စကြောင့် နာမည်ဆိုးကြီး တွင်သွားတော့မည်ဖြစ်ပြီး ဤကိစ္စ၏ အမှန်တရားကို အခြားမည်သူမှ မသိသည် မဟုတ်ပါလော။
စိတ်ထဲတွင်မူ သရဲကြီးဘုရင်သည် ထိုအချင်းအရာတစ်ခုလုံးကြောင့် ကျေနပ်နေတော့သည်။ ယခုအခါ သူက ပိုင်ဟောက်ကို ပို၍အထင်ကြီးသွားပြန်တော့သည်။ ဤကိစ္စကို ကိုယ်တွယ်ဖြေရှင်းလိုက်ပုံအား သူက သဘောကျနှစ်သက်ပါသော်လည်း အပြင်ပန်းတွင် စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်ပြန်သည်။
အဆုံးတွင်မူ သူက ရွေးစရာမရှိတော့သည့်အလား သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီး စကားစ ဖြတ်လိုက်တော့သည်။
" အာ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နောက်ဆို ဒါမျိုးထပ်မလုပ်နဲ့တော့၊ ဟုတ်ပြီလား "
ထိုအခါ ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး သရဲကြီးဘုရင်ကိုထပ်၍ စိုက်ကြည့်လိုက်ပြန်သည်။ သူ၏မျက်နှာပေါ်မှ အမူအရာမှာ " ဒီနေရာမှာ ကျုပ်တို့နှစ်ယောက်ပဲရှိတာ။ ဟန်ဆောင်နေစရာမလိုပါဘူးဗျာ " ဟူ၍ အဓိပ္ပါယ်သက်ရောက်နေတော့သည်။
သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အချိန်တစ်ခဏမျှ စိုက်ကြည့်လိုက်ကြပြီးနောက် သရဲကြီးဘုရင်မှာ ပို၍အပြစ်ရှိသလို ခံစားလာရတော့သည်။ ထို့ကြောင့် သူကချောင်းဟန့်ကာ ဆိုလိုက်လေသည်။
" အမှုဆောင်ချုပ်ဆိုတဲ့ရာထူးက အမည်သက်သက်ပဲရှိတဲ့ပုံစံတကယ်ပေါက်နေတာပဲ။ ငါမင်းကို သရဲကြီးမြို့တော်ရဲ့ စစ်ဆေးရေးအရာရှိအဖြစ် ခန့်မယ်ဆို ဘယ်လိုသဘောရတုံး။ ဘယ်သူမှ မင်းရဲ့စုံစမ်းစစ်ဆေးမှုကို အာခံလို့မရစေရဘူး။ ပြီးတော့ ပုန်ကန်မှုဖြစ်အောင်လို့ လှုံ့ဆော်သွေးထိုးနေတဲ့လူတွေတွေ့ရင် အပြစ်ရှိတဲ့လူတိုင်းကို ကွပ်မျက်ခွင့်ရမယ် "
သရဲကြီးဘုရင်က သူ၏နောက်ဆုံးစကားလုံးများကို ပို၍ အဓိပ္ပါယ်သက်ရောက်စေရန် အင်္ကျီလက်ကိုဝှေ့ယမ်းကာ တည်ကြည်သည့်အမူအရာဖြင့် ဆိုလိုက်သည်။
ထိုစကားကြောင့် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောင်လက်သွားတော့သည်။ သူအလိုရှိသည့် လူတိုင်းကို စစ်ဆေးနိုင်မည့် စစ်ဆေးရေးအရာရှိ ဖြစ်တော့မည်ဟူသော အတွေးကြီးကြောင့် အလွန်စိတ်လှုပ်ရှားနေတော့သည်။
ပိုင်ရှောင်ချန်းမှာ သူကြားလိုက်ရသည့် အချက်အလက်များကို တိကျသေချာစေရန် မေးခွန်းထုတ်လိုက်တော့သည်။
" ကျွန်တော်မျိုးကို အာခံတဲ့လူတွေ ရှိလာရင်ရော အရှင်ဘုရား "
ထိုအခါ သရဲကြီးဘုရင်က အေးစက်စက် ရယ်မောလိုက်တော့သည်။ ပုန်ကန်မှုအတွင်း ဖြစ်ပျက်ခဲ့သည် အရာများကြောင့် ဤမြို့ထဲရှိ မည်သူ့ကိုမှ သူက မယုံတော့ပေ။ သောကကင်းဝေကိုးသွယ် ဘုရင်ပါ ပါဝင်ခဲ့သည်ဖြစ်၍ ပို၍ဆိုးနေတော့သည်။ ထို့ကြောင့် လူတိုင်းကို သူ အကောင်းမမြင်နိုင်တော့ပေ။ သူ၏လက်ကိုဝှေ့ယမ်းကာ အနက်ရောင်လှံတစ်ချောင်းကိုဆင့်ခေါ်လိုက်ပြီး ပိုင်ရှောင်ချန်းထံသို့ ပစ်လိုက်လေသည်။
၎င်းမှာ လျှပ်စီးတန်းတစ်ခုအလား လေကိုခွင်းကာ သူ၏ရှေ့တည့်တည့်တွင် ပေါ်ပေါက်လာတော့သည်။ သူ၏ရှေ့တွင် လှံမှာ အသံကျယ်လောင်စွာမြည်ကာ ရပ်တန့်သွားသောအခါ ၎င်းပေါ်တွင် ရွှေရောင်အင်းကွက် ခြောက်ကွက်ရှိနေသည်ကို မြက်လိုက်ရ၍ သူ အံ့အားသင့်သွားရတော့သည်။
သူက ဂယောင်ခြောက်ခြားဖြစ်ကာ ပန်းပန်ပြားများကဲ့သို့ပြူးကျယ်နေသည့် မျက်ဝန်းများဖြင့် ပင့်သက်ရှိုက်ကာ ရေရွတ်မိလိုက်တော့သည်။
" အဆင့်ဆယ့်ခြောက်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတာပါလား "
" အဲဒီလှံကို ငါ ငယ်ငယ်တုံးက သုံးခဲ့တာ "
သရဲကြီးဘုရင်က ဆိုလိုက်သည်။
" အဲဒီလှံကိုဆုလာဒ်တစ်ခုအဖြစ် ယူလိုက်ကွာ။ တစ်ယောက်ယောက်က မင်းကိုအခက်တွေ့အောင်လုပ်နေပြီဆိုရင် အဲဒီလှံနဲ့သာ ကွပ်မျက်ပစ်လိုက် "
သူ၏ စကားသံထဲမှ ပြတ်သားမှုများမှာ ပြင်းထန်လှပြီး သုန်မှုန်လွန်းနေသည်။ သူက ပိုင်ရှောင်ချန်းကို ကြည့်နေရင်း သူတို့နှစ်ယောက် အန္တရာယ်ကြီးမားသည့် အခြေအနေများစွာနှင့်ကြုံတွေ့ခဲ့စဥ် ပိုင်ရှောင်ချန်းမှာ သူ့အား ပစ်မထားခဲ့သည်ကိုသတိရသွားပြီး ယခုအခါမှာလည်း စွမ်းအားကြီးမှော်ရတနာတစ်ခုအပြင် ချောမောလှပသော အမျိုးသမီးတစ်ယောက်က သူ့အား သူ၏ခြံဝန်းထဲတွင် စောင့်မျှော်နေသည်တို့ကို တွေးမိလိုက်တော့သည်။
" သရဲကြီး ရုပ်ထုရဲညာလက်က အရင်တုံးက နယ်စားကြီး သေမင်းေအာ်သံရဲ့ စစ်ဆင်ရေးနန်းတော်ပဲ။ အခုကစပြီး အဲဒါကို မင်းရဲ့တရားဝင် စံအိမ်တော်အဖြစ် သိမ်းပိုက်လိုက်တော့ "
ပိုင်ရှောင်ချန်းမှာ ဂုဏ်ယူအားရလွန်းနေသဖြင့် ရင်ဘတ်ကြီးပင်လှိုက်ဖိုနေပြီး သူ့မျက်ဝန်းများမှာလည်း စိတ်လှုပ်ရှားမှုများကြောင့် တောက်ပနေတော့သည်။ သရဲကြီးဘုရင်မှာ သူ့ကိုတရားဝင် ရာထူးတိုးပေးကာ တန်ဖိုးကြီးရတနာတစ်ခုကို လက်ဆောင်ပေးသည့်အပြင် စစ်ဆင်ရေးနန်းတော်တစ်ခုကိုပါ ချီးမြှင့်ခဲ့သည် မဟုတ်ပါလော။ ထိုအချင်းအရာများကိုကြည့်၍ သူသည် ကျေနပ်နေကြောင်း သိနိုင်သည်။ ပိုင်ရှောင်ချန်းက အားမာန်အပြည့်ဖြင့်တက်ကြွစွာ လက်ယှက်လိုက်ပြီး ကျယ်လောင်စွာ ဆိုလိုက်တော့သည်။
" ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ် "
သရဲကြီးဘုရင်မှာ ထောက်ခံသည့်အမူအရာဖြင့် ပြုံးလိုက်ပြီး အားပေးစကားများ အနည်းငယ်ထပ်မံပြောကြားကာ ပိုင်ရှောင်ချန်းအား ထွက်ခွာသွားရန် မျက်ရိပ်မျက်ကဲ ပြလိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာလည်း လူရိပ်လူကဲကို နားလည်သူဖြစ်ရာ လူညစ်ကြီးမှာ စိတ်မရှည်တော့ပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့်သူက သူ့အားလက်ဆောင်ပေးသည့် လှံကို အိတ်ထဲသိုထည့်ကာ ထွက်ခွာရန်ပြင်လိုက်တော့သည်။
သူက တံခါးအပြင်သို့ထွက်ရန်ပြင်လိုက်ချိန်တွင် တစ်ခဏမျှရပ်လိုက်ပြီး ဘုရင်ကြီးကို ပြန်လှည့်ကြည့်လိုက်လေသည်။
“ အရှင်မင်းကြီးခင်ဗျာ။ အရှင့်ဆီမှာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အတွက် ဖော်စပ်နည်းလေး တစ်ခုလောက်များ ရှိလားမသိဘူး "
" ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖော်စပ်နည်းဟုတ်လား။ မရှိဘူးကွ။ မြေအဆင့်အောက်လမ်းဆရာတွေဆီမှာပဲ အဲဒီဖော်စပ်နည်းရှိတာ။ မြေရိုင်းဒေသမှာ သူတို့သုံးယောက်စလုံးက ရာထူးတော်တော်ကြီးတဲ့ထဲပါတယ်။ ငါ ဆန္ဒရှိရင်တောင် သူတို့ဆီက ယူလို့မရနိုင်ဘူး "
သရဲကြီးဘုရင်မှာ ပိုင်ဟောက်သည် မီးတောက်ဖော်စပ်ရာတွင် ပါရမီပါသည်ကိုသိသော်လည်း ယခုသူပြောသည့်စကားမှာ အမှန်အတိုင်းပင် ဖြစ်သည်။
ထိုသို့ဆိုကာ သူသည် စိတ်မရှည်သည့်အမူအရာဖြင့် လက်ကိုဝှေ့ယမ်းကာ ကွယ်ပျောက်သွားတော့သည်။
" လူညစ်ကြီး "
ပိုင်ရှောင်ချန်းကမူ စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။ ထို့နောက် သူသည်လည်း တော်ဝင်နန်းတော်ဆီမှထွက်ခွာလာပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် သူ၏နေအိမ်အဟောင်းဆီသို့ ပျံသွားတော့သည်။ ထို့နောက် သူက မျိုးနွယ်စုသုံးစုထံမှ ရထားသည့် ရတနာများအချို့ကိုယူကာ ချန်ဟိုင်နှင့် ကျိုးရီရှင်းတို့ကို ဝေစုခွဲပေးလိုက်သည်။
ထို့အပြင် သူသည် မျိုးနွယ်စုသုံးစုကို ကိုင်တွယ်ဖြေရှင်းရာတွင် သူ့အားကူညီခဲ့သည့် ဝိညာဥ်ကျင့်ကြံသူသောင်းဂဏန်းများစွာကိုလည်း ဆုလာဒ်များ ခွဲဝေပေးလိုက်သေးသည်။ သူသည် မိမိအတွက် အလုပ်လုပ်ပေးသည့် လူများအား ဆုချခြင်း၏ တန်ဖိုးကို နားလည်သဘောပေါက်နေသည်မှာ ကြာပြီမဟုတ်ပါလော။
ချန်ဟိုင်မှာ အလွန်ပျော်ရွှင်နေပြီး ကျိုးရီရှင်းမှာလည်း စိတ်လှုပ်ရှားနေတော့သည်။ ထို့အပြင် ဝိညာဥ်ကျင့်ကြံသူများမှာ ခွဲဝေပေးသည့်ဆုလာဒ်များကို ရရှိလိုက်သောအခါ ပိုင်ရှောင်ချန်းကိုပို၍ ကြည်ညိုလေးစားလာကြတော့သည်။
ပိုင်ရှောင်ချန်းက ထိုသို့လုပ်ပြီးနောက် သရဲကြီးရုပ်ထု၏ ညာလက်ပေါ်ရှိ စစ်ဆင်ရေးနန်းတော်ကို မော့ကြည့်လိုက်တော့သည်။ ထို့နောက် သူကတစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ သူ့ထံတွက် လျှို့ဝှက်ချက်များစွာ ရှိနေသဖြင့် သရဲကြီးဘုရင်နှင့်နီးကပ်စွာနေရမည်ကို သူကစိုးထိတ်နေသည်။
သို့သော် သူက မေးငေါ့လိုက်ပြီး ဂုဏ်ယူဝင့်ကြွာစွာ ရေရွတ်လိုက်တော့သည်။
" အာ.. ဘာပဲဖြစ်ဖြစ်ပါ။ စစ်ဆင်ရေးနန်းတော်ပဲကို။ သရဲကြီးမြို့တော်ရဲ့ အမှုဆောင်ချုပ်နဲ့ စစ်ဆေးရေးအရာရှိ တစ်ယောက်အနေနဲ့ နေအိမ်တစ်ခုထဲရှိနေလို့ ဘယ်သင့်တော်ပါ့မလဲ "
ထိုသို့ဆိုကာ သူက ဆယ့်ငါးရောင်ခြယ်မီးတောက် ဆယ်ခုကျော်ရှိသော အိတ်ကိုပွတ်လိုက်တော့သည်။
ထိုဆယ့်ငါးရောင်ခြယ်မီးတောက်များအားလုံးမှာ မျိုးနွယ်စု သုံးစုထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
" ငါကိုယ်တိုင် ဆယ့်ငါးရောင်ခြယ်မီးတောက်တွေကို မဖန်တီးနိုင်သေးပေမဲ့ ဒီလို မီးတောက်တွေကိုလက်ဝယ်ပိုင်ဆိုင်ထားမှတော့ ဒါတွေကို လေ့လာပြီးရင် ငါ့ရဲ့နည်းလမ်းတွေကို အောင်မြင်အောင် ပြုပြင်နိုင်မှာ အသေအချာပဲ။ အနည်းဆုံးတော့ စမ်းသပ်မှုတွေလုပ်ဖို့ အချိန်ကုန်မနေတော့ဘူးပေါ့။ ပြီးတော့ ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခုရှိရင် အစောပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကနေ အလယ်ပိုင်းအဆင့်ကို ဖောက်ထွက်လို့လည်း ရပြီပဲ "
ထိုအတွေးကြောင့် သူက ပို၍စိတ်လှုပ်ရှားလာရတော့သည်။ သူ၏ယင်ယန်ဝိညာဥ်ကို နောက်ထပ်တစ်ကြိမ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီးပါက မြေရိုင်းဒေသတွင် အုပ်အော်သောင်းနင်းဖြစ်သွားကြမည်မှာ အမှန်ပင်ဖြစ်သည်။ ယခုတွင်မူ လူတိုင်းမှာ သူ့ကိုလိုက်ရှာနေသည်ဖြစ်၍ အခြေအနေများမှာ ဆိုးရွားနေပြီမဟုတ်ပါလော။
" အဲဒိအချက်ကြောင့် ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံ တိုးတက်မှုနှောင့်နှေးနေလို့ ဘယ်ဖြစ်ပါ့မလဲ။ ငါကရော ဘာကိုကြောက်နေရမှာတုံး။ သရဲကြီးမြို့တော်ရဲ့ အမှုဆောင်ချုပ်နဲ့ စစ်ဆေးရေးအရာရှိတစ်ယောက်အနေနဲ့ ငါကိုယ်တိုင်က ဦးဆောင်ပြီး ပိုင်ရှောင်ချန်းကို ရှာနေရမှာလေ။ ဘာမှကြောက်စရာမရှိပါဘူး။ ငါမှပိုင်ရှောင်ချန်းကို ရှာမတွေ့ရင် ဘယ်သူတွေ့မှာလဲကွ "
သူက ရှေ့နှင့်နောက် အကြိမ်အနည်းငယ်ခန့် ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်ပြီး တံခါးပိတ်ကျင့်စဥ်အခန်းထဲသို့ ဦးတည်သွားတော့သည်။
ထို့နောက် ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာတော့သည်။
ဝေးလံလှသော ဗဟိုဧကရာဇ်မြို့တော်ရှိ ငရဲဧကရာဇ် ကျောက်တိုင်တွင် ပိုင်ရှောင်ချန်း၏ နာမည်မှာ စာရင်း၏ နံပါတ်တစ်နေရာတွင်ရှိနေဆဲ ဖြစ်ပြီး နာမည်၏ဘေးတွင် တစ်ဆယ့်လေးဟူသည့် ဂဏန်းရှိနေသည်။ သို့သော် ခဏအကြာတွင် သူ၏နာမည်မှာ မျက်စိကျိန်းမတတ် စူးရှသောအလင်းတန်းများဖြင့် တောက်ပလာတော့သည်။
ဗဟိုဧကရာဇ်မြို့တော်တစ်ခုလုံးမှာ နောက်ထပ်တစ်ခေါက် အုပ်သော်သောင်းနင်းဖြစ်သွားကြပြီး လူအများကမော့ကြည့်လိုက်ကြသောအခါ... ပိုင်ရှောင်ချန်း၏ နာမည်ဘေးတွင် တစ်ဆယ့်ငါးဟူသော ဂဏန်းပေါ်လာသည်ကို တွေ့လိုက်ရသည်။
" ဆယ့်ငါး ဟုတ်လား။ ပိုင်ရှောင်ချန်းက ယင်ယန်ဝိညာဥ်ကို နောက်ထပ်တစ်ခေါက် စိတ်စွမ်းအင်အဆင့်မြှင့်လိုက်ပြန်ပြီလား "
" ဒီကောင် သေချင်နေတာလား၊ ဘာတုံး။ သူ့အသက်ကို လောင်းကြေးထပ်ပြီး ကစားနေတုံးပဲလား။ ရူးလိုက်တာ "
" ပိုင်ရှောင်ချန်းဆိုတဲ့ကောင် အသတ်မခံရသရွေ့ ငရဲဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်လာမယ်လို့ငါထင်နေပြီဟေ့ "
အခြားလူအနည်းငယ်မှာလည်း ထိုသို့မှန်းဆနေကြပြီဖြစ်သည်။ တစ်မြို့လုံးမှာရှုတ်ယှက်ခတ်နေကြစဥ် သခင်မလေးဟုန်ချိန်မှာ သရဲကြီးတပ်ထဲတွင် တရားထိုင်နေသည်။ ဖြစ်ပျက်နေသည့်အရာများကို သူမက သိရှိသွားသောအခါ စူးရှစွာအော်ဟစ်လိုက်တော့သည်။ ပိုင်ဟောက်အပေါ်ထားရှိသည့် သူမ၏မုန်းတီးမှုများမှာ အဝါရောင်ရေပန်းများကဲ့သို့ နက်ရှိုင်းနေပြီဖြစ်သည်။
ထိုသတင်းများမှာ တောင်ပံပေါက်နေသည့်အလား ဗဟိုဧကရာဇ်မြို့တော်ထဲမှ အပြင်သို့ ပျံ့နှံ့သွားကြပြီး ပိုင်ရှောင်ချန်းကို ရှာဖွေနေသူများမှာလည်း ပို၍ ဗျာများလာကြတော့သည်။
မြေရိုင်းဒေသထဲရှိ လက်ရွေးစင်တိုင်းမှာ ဒေါသတကြီးအံကိုကြိတ်နေရတော့သည်။ သူတို့အားလုံးမှာ ပါးအရိုက်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ မြေရိုင်းဒေသထဲရှိ ငရဲဧကရာဇ်ကျောက်တိုင်ကို ကောင်းကင်တံတားဒေသရှိ ကျင့်ကြံသူတစ်ယောက်က မင်းမူထားသည် မဟုတ်ပါလော။ ထိုအချင်းအရာကြောင့် သူတို့အားလုံးမှာ ရူးမတတ်ဖြစ်နေရတော့သည်။
" ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်ကို ငါသတ်မယ် "
" မင်းကို ငါရှာမတွေ့ပါစေနဲ့သာ ဆုတောင်းထား ပိုင်ရှောင်ချန်းရေ။ တွေ့လို့ကတော့ မင်းရဲ့ အရိုးတွေကိုအမှုန့်ချေပြီး လေထဲဝဲပစ်မယ် "
မြေရိုင်းဒေသတစ်ခွင် ကျိန်ဆဲသံ အမျိုးမျိုးကို ကြားနေရတော့သည်။
အခြားသူများ မည်ကဲ့သို့ ပြုမူတုံ့ပြန်နေကြသည်ကို ပိုင်ရှောင်ချန်းမှာ မသိသော်လည်း ခန့်မှန်း၍ရပေသည်။ သူ့ ယင်ယန်ဝိညာဥ်၏ မျက်လုံးများမှာ ပွင့်လာပြီး ဒယ်အိုးထဲမှ ပျံထွက်ကာ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားတော့သည်။ ပြဿနာလုံးဝ မရှိကြောင်း သူကစစ်ဆေးပြီးလိုက်သောအခါ စိတ်သက်သာရာရသွားသည့်အလား သက်ပြင်းချလိုက်တော့သည်။
" ဟွန်း။ ငါ့ကိုသတ်ချင်တယ်ပေါ့။ ငါ့ကိုပဲ အရင်တွေ့အောင် ရှာကြပါဦးကွာ "
သူ့ကိုယ်သူ အလွန်ကျေနပ်နေသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံကို အနည်းငယ်မျှ စမ်းသပ်ကြည့်လိုက်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားရတော့သည်။
သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခုဆိုလျှင် ပင်လယ်ကဲ့သို့ အဆုံးအစမဲ့နေပြီဖြစ်သည်။ သူသည် ယခင်က သူ၏အဆင့်ထက် သာလွန်သည့် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ့ရင်ထဲတွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင်ရှာဖွေကာ တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။