← Chapters

သရဲဘုရင်သစ်ခွပန်းပွင့်ချိန်

Vol. 7 Ch. 685

သရဲဘုရင်သစ်ခွပန်းပွင့်ချိန်

Vol. 7 Ch. 685

" ငါ့ရဲ့ ထာဝရအရိုးတွေကို ကျင့်ဖို့ နည်းမရှိသေးတာ တော်တော်ဆိုးတာပဲ "

ပိုင်ရှောင်ချန်းသည် သူ၏ ကျင့်ကြံခြင်းအခြေခံကို ထပ်မံတိုးမြှင့်ရေးနှင့်ပတ်သက်၍ ပျော်ရွှင်ကြည်နူးနေသော်လည်း သူ၏ ထာဝရအရိုးအကြောင်းတွေးလိုက်ရုံနှင့် စိတ်ဓာတ်ကျသွားလေသည်။

သူသည် မဟာမျိုးနွယ်စုသုံးစုထံမှ ရတနာများစွာ ရခဲ့သည့်တိုင် သက်စောင့်အား အလျှံအပယ်ပေးနိုင်သည့် ပစ္စည်းတစ်ခုကိုမှ မတွေ့ခဲ့ပေ။ ထို့ကြောင့် သူက သရဲကြီးဘုရင်၏မျက်ကွယ်၌ အခွင့်အရေးရခဲ့သည်အချိန်တွင် သူ၏ထာဝရထီးကို အသုံးမပြုခဲ့မိခြင်းအတွက် နောက်တရကာ တဟင်းဟင်း သက်ပြင်းချနေတော့သည်။ ထိုသည်ကိုပြုလုပ်ခဲ့ပါက အနည်းဆုံးတော့ အလုပ်လုပ်ရန် သက်စောင့်အားအတန်ငယ် ပေးနိုင်မည် မဟုတ်ပါလော။

" နှမြောလိုက်တာကွာ။ အဲဒါပဲ အချိန်နဲ့ဒီရေက လူကိုမစောင့်တဲ့ "

သူက သက်ပြင်းချရင်း ထိုကဲ့သို့ အန္တရာယ်များသောအတွေးများကို ခေါင်းထဲက ထုတ်လိုက်သည်။ သရဲကြီးဘုရင်သာ သူ ထိုသို့တွေးနေကြောင်း သိသွားပါက သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပေလိမ့်မည်။

" အခုကစပြီး ငါရဲ့ ထာဝရအရိုးအကြောင်း မေ့ထားဖို့လိုပြီ။ အခုအချိန်မှာ အရေးအကြီးဆုံးက ငါ့ရဲ့ ဆယ့်ငါးရောင်ခြယ်မီးတောက်စမ်းသပ်မှုပဲ "

သိသာထင်ရှားစွာပင် သူ၏ ကျင့်ကြံခြင်းအခြေခံကို အဆင့်မြှင့်တင်နိုင်ရန် အကောင်းဆုံးနည်းလမ်းသည်ကား ရောင်စုံမီးတောက်များအပေါ် အပြင်းအထန်ကြိုးစားခြင်းအားဖြင့်သာ ဖြစ်ပေသည်။ ယခုအချိန်အထိ သူသည် ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့်ပတ်သက်သည့် စမ်းသပ်စစ်ဆေးချက်ပေါင်းများစွာ လုပ်ခဲ့ပြီးဖြစ်သော်လည်း သူနားမလည်သည့် ဖန်တီးခြင်းကဏ္ဍများစွာ ရှိသေးသည်။

သူက အသက်တစ်ချက်ရှိုက်ကာ အိတ်ထဲမှ ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခုကို ထုတ်လိုက်ပြီးနောက် အနီးကပ်ကြည့်လိုက်သည်။ မကြာမီ သူက ထောင့်မျိုးစုံမှ ခွဲခြမ်းစိတ်ဖြာသည်တွင် သူ၏မျက်လုံးများထဲမှာ နိမိတ်ဖတ်နေသော အရိပ်အယောင်များကို မြင်လာရတော့သည်။

ဤနည်းအားဖြင့် ဆယ့်ငါးရောင်ခြယ်မီးတောက်အစစ်ကို လေ့လာခြင်းက သူ့ကို လက်တွေ့အသုံးပြုရာတွင် ပို၍ ကျွမ်းကျင်စေမည်ဖြစ်ပြီး နောင်အလုပ်များကို ပို၍အဆင်ပြေချောမွေ့စေမည့် ကိုးကားချက်တစ်ခုလည်း ဖြစ်ပေသည်။

သုံးရက်ဟူသော အတိုင်းအတာသည် ဖျတ်ခနဲကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်းသည် ဆယ့်ငါးရောင်ခြယ်မီးတောက် စမ်းသပ်စစ်ဆေးခြင်းတွင် နစ်မြုပ်နေဆဲဖြစ်ပြီး ရံဖန်ရံခါ သူ၏ မျက်လုံးများသည် ဝမ်းမြောက်မှုနှင့်မျှော်လင့်ချက်များဖြင့် ရွှန်းလဲ့သွားသည်။ သုံးရက်သည် အချိန်တိုလေးပင်ဖြစ်လင့်ကစား သူ၏နိမိတ်ဖတ်ခြင်း ပညာကြောင့် သူ သိသိသာသာ တိုးတက်လာခဲ့သည်။

နောက်ဆုံးတွင် သူက မီးတောက်ကို ဖြန့်၍ အနေအထားအမျိုးမျိုးဖြင့် ကြည့်ပြီးနောက် ဖျက်စီးပစ်သည်အထိပင် ပြုလုပ်ခဲ့သည်။ကွဲပြားခြားနားနေသော မီးတောက် ဆယ့်ငါးမျိုး ပေါ်လာသည်တွင် ပိုင်ရှောင်ချန်းက တူညီသော ဆယ့်လေးရောင်ကို မတူညီသော ဆယ့်ငါးရောင်နှင့် နှိုင်းယှဥ်လိုက်သည်။ သူသိထားသည်ကို အခြေခံ၍ ထိုသည်က သူ့အား အရေးပါသည့် ဉာဏ်အလင်းကို ပေးစွမ်းသည်။

သုံးရက်မြောက်နေ့ ညနေခင်းတွင် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဖျက်စီးခံထားရသော ဆယ့်ငါးရောင်ခြယ်မီးတောက်ကို အချိန်အတော်ကြာစိုက်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများအား ပိတ်လိုက်သည်။ တစ်နာရီကြာသော် သူ့မျက်လုံးများ ပြန်ပွင့်လာြပီး တလက်လက်စူးရှတောက်ပနေသည်။ သူက နောက်ထပ် ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခုကို အလျင်အမြန် ဆွဲထုတ်ကာ ဆက်လက်လေ့လာပြီး ရုတ်တရက် သူက တံခါးပိတ်ကျင့်ရာအခန်း၏ အပြင်ကို အာရုံစိုက်လိုက်သည်။

" သုံးရက်ကုန်သွားပြီပဲ "

သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူက အပြင်သို့ ထွက်လာပြီး ခြံဝင်းထဲတွင် ကောင်းကင်ကို မော့ကြည့်လျက် စောင့်နေလိုက်သည်။ မကြာမီ အလင်းတန်းတစ်ခုပေါ်လာတော့သည်။

" ငါ့ကောင် ပိုင် "

ချန်ဟိုင်က အားပါးတရရယ်ကာ ဆို၏။ ပိုင်ရှောင်ချန်း၏ ရှေ့တွင် ဆင်းသက်ပြီးနောက် သူက ပြုံးရွှင်ရယ်မော၍ လက်ယှက်ဦးညွတ်လိုက်သည်။

" မိတ်ဆွေကြီးချန် "

ပိုင်ရှောင်ချန်းက ရှေ့လျှောက်လာကာ ဦးညွှတ်နေသောသူ့ကို ဆွဲထူ၍ ပြောလိုက်သည်။

" ငါ့ကောင်ပိုင်ရေ၊ တာဝန်ကတော့ အဆင်ပြေပြေနဲ့ ပြီးမြောက်သွားပြီ။ မင်းငါ့ကို တောင်းဆိုထားတဲ့ဟာတွေအကုန်လုံး ဒီမှာကွ "

ထို့နောက် သူက အိတ်ကို ထုတ်ကာ ပိုင်ရှောင်ချန်းကို ပေးလိုက်သည်။

ပိုင်ရှောင်ချန်းက အိတ်ကို ကြည့်လိုက်ပြီး ရင်ခုန်သံမြန်လာပြီ ဖြစ်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်စက်အလင်းများ စူးရှတောက်ပသွားပြီး သူက ချန်ဟိုင်ကို လက်ယှက်အရိုအသေပေး၍ အိတ်ကို ယူလိုက်ပြီးနောက် အချိန်အနည်းငယ်ကြာ စကားစမြည်ပြောဆိုလိုက်သည်။ နောက်ဆုံးတွင် ချန်ဟိုင်ထွက်ခွာသွား၏။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သူ၏ တံခါးပိတ်ကျင့်ရာအခန်းထဲပြန်ဝင်ကာ တင်ပျဥ်ခွေထိုင်လိုက်သည်။ အိတ်ထဲတွင်ကား ခေါင်းပြတ်ကိုးလုံး ရှိနေသည်။

သူတို့သည် သခင်မချိုင်ကို စစ်မေးခဲ့စဥ်က ဖော်ထုတ်သွားခဲ့သော လုပ်ကြံသူကိုးယောက်ဖြစ်သည်။ သူတို့ထဲရှိ မည်သူမျှ ပိုင်မျိုးနွယ်စုမှ မဟုတ်ပေ။ သခင်မချိုင် ကိုယ်တိုင် ခန့်ထားခြင်းဖြစ်သည်။ သူတို့၏ သရုပ်မှန် သို့မဟုတ် အဆင့်အတန်းများ မည်သို့ပင်ဖြစ်စေ ယခုအခါ ခေါင်းပြတ်များထက် မပိုတော့ပေ။

ရုတ်တရက် ပိုင်ရှောင်ချန်းသည် မြေရိုင်းဒေသသို့ ပထမဆုံးရောက်ခဲ့စဥ်က အချိန်ကို ပြန်တွေးမိသွားြပီး ပိုင်ဟောက်ကို အသက်ရှင်လျက် ကိုယ်တိုင်ကိုယ်ကျ မြင်နေမိသည်။ ခဏကြာသော် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ခေါင်းပြတ်ကိုးလုံး ပြာကျသွားတော့သည်။

" ပိုင်ဟောက်၊ ငါ့တပည့်လေး "

သူက နူးညံ့ ညင်သာစွာ ဆို၏။

" မင်းအတွက် ငါလက်စားချေပြီးပြီ။ မင်းရဲ့ရုပ်ကို ငါ သုံးနေပေမယ့် အခု မင်းရဲ့ဝိညာဥ်က အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်မယ်လို့ ထင်ပါတယ်ကွာ "

ထိုနေရာအရောက်တွင် သူက သက်ပြင်းရှည်ကြီးချလိုက်သည်။ ပင်မသွေးမျိုးဆက်များအားလုံး သေဆုံးသွားကြပြီဖြစ်၍ ယခုအခါ လူသတ်သမားများအားလုံးသည်လည်း ပြာမှုန်များထက်မပိုတော့ပေ။ လက်ရှိအချိန်တွင် အတုံ့အလှည့်၊ ရန်ကြွေးများအားလုံး ဖြေရှင်းပြီးသွားလေပြီ။

ပိုင်ရှောင်ချန်းက အချိန်အနည်းငယ်ယူ၍ စိတ်တည်ငြိမ်အောင် ထပ်မံပြုလုပ်လိုက်ပြီး နောက်ထပ် ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခုကို ဆွဲထုတ်ကာ နိမိတ်ဖတ်လိုက်သည်။

အချိန်များ ထပ်မံကုန်ဆုံးသွား၏။ ပိုင် ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့်ပတ်သက်၍ လေ့လာခြင်းနှင့် နိမိတ်ဖတ်ခြင်းများတွင် ပိုင်ရှောင်ချန်းက စိတ်ရောကိုယ်ပါနစ်မြုပ်နေသည်မှာ တစ်လ ကုန်ဆုံးသွား၏။ သူက တံခါးပိတ်ကျင့်ရာအခန်းထဲမှ တစ်ခါမျှ ထွက်မလာသည့်တိုင် သူ၏ကျော်ဇော်မှုအဟုန်တို့သည် သရဲကြီးမြို့တော်တွင် ဆက်လက် ကြီးထွားလျက်ရှိသည်။ မဟာမျိုးနွယ်စုသုံးစုအတွင်း ဖြစ်ပွားခဲ့သည့် အကြောင်းကိစ္စများနှင့်ပတ်သက်သည့် ပြောစကားများ အတန်ငယ်ငြိမ်သက်သွားသော်လည်း လူအများ ပိုင်ရှောင်ချန်းအပေါ် ချစ်ကြောက်ရိုသေခြင်းများသည်ကား ပို၍သာ ကြီးထွားလာသည်။

ထို့နောက် သရဲကြီးဘုရင်သည် ပိုင်ဟောက်ကို စစ်ဆေးရေးအရာရှိ အဖြစ် ခန့်အပ်လိုက်ပြီဟု ကြေညာချက်ထုတ်ပြန်လိုက်ပြီး သူ့ကို အဖိုးတန် လှံတစ်ချောင်းနှင့် စစ်ဆင်ရေးနန်းတော်ကိုန ပေးအပ်ချီးမြှင့်လိုက်ရာ သူ၏နာမည်သည် ပို၍ သြဇာအာဏာရှိလာကာ နာမည်ကြီးလာတော့သည်။

ပိုင်ရှောင်ချန်း ပို၍တန်ခိုးအာဏာကြီးမားကာ လေးစားခံလာရစဥ် မြို့တော်ရှိ အမျိုးမျိုးသော အုပ်စုများ၊ အဖွဲ့အစည်းများသည် တိတ်ဆိတ်ငြိမ်သက်လာကြ၏။ သရဲကြီးမြို့တော်၏ အရေးအခင်းကာလသည် နောက်ကျန်ခဲ့ပြီဖြစ်ပြီး အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

သို့သော် သရဲကြီးဘုရင်မြို့တော်ပုံမှန်ပြန်ဖြစ်နေပြီး မည်သူမျှ မျှော်လင့်မထားသောကိစ္စတစ်ခု နေ့လည်ခင်းတစ်ခု၌ ဖြစ်ပွားခဲ့သည်။ ၎င်းမှာ သရဲကြီးမြို့တော်မှ ကီလိုမီတာ ငါးသိန်းအကွာရှိနေရာတွင် အံသြတုန်လှုပ်ဖွယ်ကောင်းသော မတော်တဆမှုတစ်ခု ဖြစ်ခဲ့ခြင်းပင်။

ရွှံ့နွံများထူထပ်၍ တောရိုင်းတိရစ္ဆာန်များပင် ကျက်စားခြင်းမရှိသည့် ထိုနေရာကို သိပ်သည်းထူထဲသော မြူတိမ်များက အစဥ်ဖုံးလွှမ်းနေတတ်ပြီး မီတာ ငါးထောင်ကျယ်ဝန်းသည်။ သက်ရှိနှင့်တူသည့် အရာတစ်ခုမှ မရှိသည့်အတွက် သေခြင်းနှင့် ဝိညာဥ်များ မင်းမူနေတတ်သည့်နေရာတစ်ခုဟု ဆိုရပေမည်။

ထိုနေရာတစ်ဝိုက်သည် မြူများဖြင့် အစဥ်ဖုံးလွှမ်းနေသည့်အတွက် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရန်မှာ လွန်စွာခဲယဥ်းသည်။ ပြင်းထန်သော သေမင်းအငွေ့အသက်များနှင့် စက်ဆုပ်ရွံရှာဖွယ် ဆိုးရွားလှသော အငွေ့အသက်များကြောင့် ယင်ယန်ဝိညာဥ်ကျင့်ကြံသူများအတွက်ပင် အလွန်အန္တရာယ်များလှပြီး တချို့လူများသာ ထိုေနရာထဲသို့ ကြာရှည်စွာ ဝင်ရောက်ခဲ့ဖူးသည်။ အကယ်၍ ယင်ယန်ဝိညာဥ်အဆင့်အောက်နိမ့်သည့်လူများသာ ဝင်ရောက်ခဲ့လျှင် သေသွားရမည်မှာ သေချာသည်။

လွန်ခဲ့သောအချိန်များစွာကတည်းက ထိုနေရာကို မည်သူမှ မဝင်ရောက်နိုင်သည့် တားမြစ်နေရာတစ်ခုဖြစ်ခဲ့သည်။ မည်သည့် ဝိညာဥ်ကျင့်ကြံသူမဆို လမ်းကြုံ၍ ၄င်းနေရာအား တွေ့မိပါက ရှောင်ကွင်းသွားကြသည်။

သို့သော်လည်း အထက်ကောင်းကင်ယံမှနေ၍ ထိုနေရာကို ငုံ့ကြည့်နိုင်သော မည်သည့်တန်ခိုးရှင်မဆို ထူထပ်သိပ်သည်းနေသော မြူများအတွင်းမှာ အဆောက်အအုံတစ်ခု ရှိကြောင်း သတိပြုမိနိုင်မည်ဖြစ်သည်။

၄င်းသည် ဧရာမရေနွေးအိုကြီးအလား.

ရေနွေးအိုကြီး၏ ပတ်ပတ်လည်တွင် ဝိညာဥ်များပြွတ်သိပ်နေ၏။ သို့သော် သူတို့သည် မြေရိုင်းဒေသတွင် အမြဲလိုလိုမြင်နေရသည့် အမုန်းဝိညာဥ်များနှင့် ကွဲပြားသည်။ သူတို့၏ မျက်လုံးများမှာ နီရဲနေပြီး အလွန်ကြမ်းကြုတ်ရက်စက်မည့်ဟန်တူသည်။သူတို့၏ နဖူးမှ ဦးချိုများပင် ထိုးထွက်နေရာ မကောင်းဆိုးဝါးသရဲများ ပုံပေါက်နေတော့သည်။

သို့သော်လည်း ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးသရဲများသည် ရေနွေးအိုးကြီး၏ ပတ်လည်တွင်သာ ရှိနေကြခြင်းဖြစ်ပြီး မြူများကိုကျော်လွန်၍ ပျံထွက်မလာကြပေ။ ကြည့်ရသရွေ့ သူတို့ကို ရန်မစေသရွေ့ အန္တရာယ်ပြုလိမ့်မည် မဟုတ်ပေ။

ဤနေရာသည် အင်ပါယာမျိုးနွယ်စုနှင့် သက်ဆိုင်သည့် လျှို့ဝှက်နယ်မြေထဲမှ တစ်ခုဖြစ်သည်။ ယင်းကား ဝိညာဥ် ရေနွေးအိုးပင်ဖြစ်ပေသည်။

မည်သည့်စစ်ဆေးမှုတစ်စုံတရာမှ ဝိညာဥ်ရေနွေးအိုး၏ဇစ်မြစ်ကိုသော်လည်းကောင်း၊ ရေနွေးအိုးကြီး၏ ပုံပန်းသွင်ပြင်နှင့် တူနေရခြင်း အကြောင်းရင်းကိုသော်လည်းကောင်း အတည်ပြုမပေးနိုင်ပေ။ တစ်ခုတည်းသော သိရသည့်အချက်မှာ ၄င်းအတွင်းမှာ အင်ပါယာမျိုးနွယ်စုနှင့် သက်ဆိုင်နေသည့် ကံကောင်းခြင်းများရှိသည်ဟူ၍။ ရေနွေးအိုး ပတ်ပတ်လည်ရှိ မြူခိုးများက သင့်မြတ်သည့်အခါသမယ၌သာ လွင့်ပါးပျောက်ကွယ်သွားသော နှစ်ပတ်လည်တံဆိပ်တော်ကို ဖန်တီးပေးထားသည်။ သို့သော်လည်း ယနေ့တွင် ဝိညာဥ်ရေနွေးအိုးကြီးတစ်ခုလုံး မထင်မှတ်ထားဖွယ် တုန်ခါလာပြီး ၄င်းပတ်ပတ်လည်ရှိ မြေကြီးများသည် ပြင်းထန်စွာ တုန်လှုပ်လာတော့သည်။

မိုးခြိမ်းသံကဲ့သို့ ထစ်ခြုန်းသံများ လေထဲတွင်ပြည့်သွားပြီး မြူများတပွက်ပွက်ထလာကာ မြေပြင်မှနေ၍ အပေါ်သို့လွင့်တက်လာ၏။ ဤအချိန်တွင် ဝိညာဥ်ရေနွေးအိုးပေါ်ရှိ ကောင်းကင်ယံထက်၌ ထူးခြားသော အနက်ရောင်ပန်းတစ်ပွင့် ပေါ်ပေါက်လာတော့သည်။

အနက်ရောင်ပန်းပွင့်၌ ပွင့်ဖတ်ငါးခုရှိပြီး တစ်ဖတ်စီသည် သရဲတစ်ကောင်၏ မျက်နှာအား ဖော်ပြနေ၏။ ပန်းပွင့်သွားစဥ် မြူများသည် ၄င်းကို လှည့်ပတ်သွားပြီး သရဲမျက်နှာတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။ ၄င်းသည် ကြည့်ရှုရန် အလွန်အံသြတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပေသည်။

ရုတ်တရက်ပြောင်းလဲမှုကို သတိပြုမိသည့် ပထမဆုံးလူကား သရဲကြီးမြို့တော်ရှိ သရဲကြီးဘုရင်ကလွဲ၍ တခြားလူ မဟုတ်ပေ။ ထိုမတိုင်မီ အချိန်အနည်းငယ်က သူသည် တော်ဝင်နန်းတော်ထဲတွင် ထိုင်လျက် သောကကင်းဝေးကိုးသွယ်မြို့တော်နှင့် ဆက်နွှယ်နေသည့် ကိစ္စရေးရာအချို့အား နယ်စား သေမင်းအော်သံ တင်ပြအစီရင်ခံနေသည်ကို နားထောင်နေသည်။ သူ့မျက်လုံးများသည် အေးစက်သောအလင်းများဖြင့် စူးရှတောက်ပနေခဲ့ပြီး သူက မေးခွန်းမေးရန် ပြင်လိုက်ဆဲဆဲတွင် ရုတ်တရက် သူ၏မျက်နှာအမူအရာပြောင်းသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

" သရဲဘုရင်သစ်ခွပန်း "

သူ၏ အရှိန်အဝါများ အထိန်းအကွပ်မဲ့စွာ မတည်မငြိမ်ဖြစ်နေရင်းမှ ပြောလိုက်သည်။ ရုတ်တရက် သရဲကြီးဘုရင်က ပျောက်သွားပြီး ကောင်းကင်ယံတွင် ပြန်ပေါ်လာသောကြောင့် နယ်စားသေမင်းအော်သံ၏ မျက်လုံးများ ပြူးကျယ်သွားလေသည် ။ ထိုနေရာတွင် သူက လျှပ်စီးမိုးကြိုးကဲ့သို့ လျင်မြန်စွာ တဟုန်ထိုးရွေ့လျားသွားပြီး ဝိညာဥ်ရေနွေးအိုး အနီးနားပတ်ဝန်းကျင်တွင် ပေါ်လာသည်။ သူသည် ကောင်းကင်ယံတွင် လွင့်မျောနေသော အနက်ရောင်ပန်းပွင့်ကြီးကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ စူးရှတောက်ပသွားတော့သည်။ သူက ဝိညာဥ်ရေနွေးအိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်တစ်ကြိမ်ပျောက်ကွယ်သွားပြီး သူ၏ တော်ဝင်နန်းတော်တွင် ပြန်ပေါ်လာ၏။ နယ်စားသေမင်းအော်သံကို ပြန်လွှတ်လိုက်ပြီး သူက အတွေးများစွာဖြင့် အချိန်အတော်ကြာသည်အထိ မျက်လုံးမှိတ်ထားလိုက်ပြီးနောက် ဗဟိုဧကရာဇ်မြို့တော်ရှိရာဘက် လှည့်ကြည့်လိုက်သည်။

သရဲကြီးမြို့တော်နှင့်အတော်ဝေးလှသော ထိုမြို့တော်ရှိ အင်ပါယာနန်းတော်မှ မဟာခန်းမထဲတွင် ပျက်စီးနေသော ရှေးဟောင်းအရိုးရှစ်ချောင်းကို အမြတ်တနိုးဌာပနာထားလေသည်။ ရုတ်တရက် ပျက်စီးကွဲကြေနေသော အရိုးအပိုင်းအစတစ်ခုမှ အနက်ရောင်မြူများထွက်လာကာ လျင်မြန်စွာပင် ဝိညာဥ်ရေနွေးအိုးအပေါ်ရှိ ပန်းနှင့် တစ်ထပ်တည်းတူသော ပန်းတစ်ပွင့်ပုံစံဖြစ်သွား၏။

ထိုခန်းမအပြင်၌စောင့်နေကြသည့် အသက်ကြီးကြီး ကျင့်ကြံသူမြောက်များစွာသည် ပြောင်းလဲမှူကို အာရုံရလိုက်ကြပြီး အထဲသို့ အပြေးအလွှားသွားလိုက်ကြသည်။ ပျက်စီးနေသော အရိုးထံမှ ထွက်လာသည့် အနက်ရောင်ပန်းပွင့်ကို မြင်ရသောအခါ သူတို့မှာ အမြုတေအထိ တုန်လှုပ်သွားကြတော့သည်။

"သရဲဘုရင်သစ်ခွပန်း ပွင့်နေပြီ"

အကြည့်များဖလှယ်ပြီးနောက် အဘိုးအိုက ကျောက်စိမ်းပေလွှာများကို ထုတ်ကာ မဟာကောင်းကင်အကြီးအကဲကို အကြောင်းကြားလိုက်သည်။

မဟာကောင်းကင်အကြီးအကဲသည် လောလောဆယ်တွင် ဗဟိုဧကရာဇ်မြို့တော်၏ ကောင်းကင်သခင်ခန်းမတွင် ရှိနေသည်။ သတင်းရသောအခါ သူ၏ မျက်လုံးများ ပွင့်လာပြီး ခပ်ဝေးဝေးရှိ ဝိညာဥ်ရေနွေးအိုးထံ လှမ်းကြည့်လိုက်သည်။

" ဝိညာဥ်ရေနွေးအိုးက အသက်ဝင်နေပြီး သရဲဘုရင်သစ်ခွပန်းက ပွင့်နေတယ်။ လျှို့ဝှက်နယ်မြေ ရှစ်ခုထဲက တစ်ခု ပွင့်သွားပြီ။ ဒီပန်းက သရဲကြီးဘုရင်အတွက် အထူးအရေးကြီးတယ် "

ရုတ်တရက် သူသည် အပြင်ဘက်မှ အသံတစ်သံကြားလိုက်ရသည်။

" ကောင်းကင်သခင်။ သခင်မလေးဟုန်ချိန်က ဒီမှာ တွေ့ခွင့်တောင်းနေပါတယ်"

မဟာကောင်းကင်သခင်၏ မျက်လုံးများ ဝင်းလက်သွားပြီးနောက် ပြောသည်။

" သူ့ကို ပြန်လွှတ်လိုက်။ သရဲဘုရင်သစ်ခွပန်းကို ရဖို့ကံပါတဲ့ဘယ်သူမဆို ရနိုင်တယ် "

မဟာကောင်းကင်သခင်၏ ကြေညာချက်ပြီးနောက် သရဲဘုရင်သစ်ခွပန်းပွင့်သည့်သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ထိုအချိန်တွင် သရဲကြီးဘုရင်မြို့တော်၌ ပိုင်ရှောင်ချန်းသည် ခြောက်ခုမြောက် ဆယ့်ငါးရောင်ခြယ်မီးတောက်ကို လေ့လာပြီးရုံသာ ရှိသေးသည်။ သို့သော် သူ၏ ထိန်းချုပ်နိုင်မှုအဆင့်မှာ တိုးတက်နေသည်ဖြစ်ပြီး ဤအချိန်တွင် သူက ဝိညာဥ်သိုလှောင်စေတီတစ်ဆူကို စိတ်လှုပ်ရှားစွာ ထုတ်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် အမုန်းဝိညာဥ်အုပ်လိုက်ကြီးသည် ဝုန်းခနဲပျံထွက်လာကြပြီးနောက် ပိုင်ရှောင်ချန်းက ဆယ့်ငါးရောင်ခြယ်မီးတောက်ကို စတင်ဖန်တီးတော့သည်။

All Chapters