← Chapters

တိုက်ပွဲနယ်မြေ စတင်ဖွင့်လှစ်ခြင်း

Vol. 191 Ch. 2851

တိုက်ပွဲနယ်မြေ စတင်ဖွင့်လှစ်ခြင်း

Vol. 191 Ch. 2851

ဆူဇီမိုအနေဖြင့် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်ကို ရှင်းထုတ်ပစ်ခြင်းသည် အခန့်သင့်သွားသော ကိစ္စတစ်ခုမျှသာဖြစ်သည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သူရောက်ရှိလာခြင်းမှာ သူ့တွင် အခြားရည်ရွယ်ချက် ရှိနေသည်။

ဒါ့အပြင် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် မုန့်ယောင်သည် သူ့ကို ဆက်လက်၍ မခြိမ်းခြောက်နိုင်တော့သလို သူ့ပြိုင်ဘက် လုံးဝမဟုတ်ကြပေ။

ဓားကမ္ဘာ၏ ဂေဟာရှိရာဘက်သို့ ပြန်လာရာလမ်းမှာ ကျင့်ကြံသူများစွာသည် သူ့ကိုတွေ့မြင်သောအခါ ထူးဆန်းသောအမူအရာများဖြင့် တိတ်တဆိတ် ဆွေးနွေးပြောဆိုနေကြသည်။

“မင်းတို့ ကြားပြီးသွားပြီလား… ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ရောက်လာပြီ”

“တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်ပေါ်က အဆင့်တစ် ရှယင်လည်း ရောက်လာပြီ… နောက်ပြီး သူက ဒီတစ်ခေါက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင် ဆူကျူးကို သတ်ဖြတ်ချင်တယ်လို့ ထုတ်ဖော်ကြေညာထားတယ်”

“သူက ရှယင်နဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဘယ်နှစ်ချီလောက် တောင့်ခံနိုင်မလဲ ငါသိချင်မိတယ်”

“အဲဒါက ရှယင်က သူ့ရဲ့ခွန်အားအပြည့်အဝကို ဘယ်အချိန်မှာ ထုတ်ဖော်မလဲပေါ် မူတည်တယ်… သူက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ချက်ချင်းထုတ်ဖော်လိုက်မယ်ဆိုရင် တိုက်ပွဲက တစ်ချီတည်းနဲ့ ပြီးသွားလောက်တယ်”

လူတိုင်း၏ အကြည့်အောက်မှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး တိုက်ပွဲမတိုင်ခင် မည်သည့်ဖိအားကိုမှ မခံစားရသည့်ပုံပင်။

ဤတစ်ခေါက်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်ပညာရှင်များက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ စုဝေးရောက်ရှိလာကြသည်။

ပေါ်ထွက်လာနိုင်သည့် တိုက်ပွဲတချို့သည် ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း လူပြောအများဆုံး ဆွေးနွေးစရာခေါင်းစဉ်များ ဖြစ်လာသည်။

တကယ်တော့ လူပြောအများဆုံး အကြောင်းအရာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပကတိစိတ်ဝိညာဉ်များနှင့် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကြား တိုက်ပွဲဖြစ်သည်။

ထိုအချိန်မှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် ကြီးမားသော သွေးလွှမ်းတိုက်ပွဲတစ်ခုက သေချာပေါက် ပေါ်ထွက်လာပေမည်။

ဤတိုက်ပွဲမှာ မဟာဆိုးယုတ်မိစ္ဆာ ဆယ်ဦးစလုံးက သေဆုံးသွားရဖို့ အခွင့်များနေသည်။

ဖီးနစ်မင်းသား၊ ဖီးနစ်မင်းသမီးနှင့် နဂါးမျိုးနွယ်မှ မိန်းကလေးလုံလီကြား အချေအတင်ဖြစ်မှုကလည်း လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်မိထားသည်။

ခွန်ကမ္ဘာနှင့် ဖန်းကမ္ဘာ၏ အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးကြား တိုက်ပွဲလည်း ရှိလာနိုင်သည်။

ကျောက်တုံးကမ္ဘာနှင့် ဓားကမ္ဘာကြားမှာလည်း ရန်ငြိုးရန်စ ရှိလေသည်။

သွေးကမ္ဘာ၊ ရွှေကျီးကန်းကမ္ဘာ၊ လူရိုင်းကမ္ဘာနှင့် စုန်းကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများမှ အန္တိမပကတိစိတ်ဝိညာဉ်များနှင့် ဘီလူးကမ္ဘာ၊ အဆိပ်ကမ္ဘာ၊ ဂူသင်္ချိုင်းကမ္ဘာနှင့် ကြယ်တာရာကမ္ဘာမှ အန္တိမပကတိစိတ်ဝိညာဉ်များကလည်း ရောက်ရှိလာကြသည်။ လက်ရှိမှာ အန္တိမပကတိစိတ်ဝိညာဉ် ၁၀၀ကျော်က မွန်မြတ်ကျွန်းပေါ်မှာ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။

ဆူဇီမိုနှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ နံပါတ်တစ်ပကတိစိတ်ဝိညာဉ် ရှယင်ကြား တိုက်ပွဲကလည်း လူစိတ်ဝင်စားမှုအများဆုံး တိုက်ပွဲများထဲမှ တစ်ခုဖြစ်သည်။

ဆူဇီမိုသည် ဓားကမ္ဘာ၏ ဂေဟာသို့ ပြန်လည်ရောက်ရှိလာသောအခါ လုယွင်နဲ့ အခြားတောင်ထွတ်သခင်များနှင့်အတူ လင်းရွှင်ကျန်း၊ ယွင်ထင်နှင့် အခြားသော ဓားကမ္ဘာမှ တပည့်ဂိုဏ်းသားများက သူ့ကို ဝန်းရံလာခဲ့ကြသည်။

လုယွင်နှင့် အခြားသူများ၏ အမူအရာများက သုန်မှုန်နေ၏။

လုယွင်က ပြောလိုက်သည်။

“ညီအစ်ကိုဆူ… ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က ရှယင်က ရောက်ရှိလာခဲ့ပြီ”

“အခုနေမှာ ဓားကမ္ဘာကို ပြန်သွားမယ်ဆိုရင် နောက်မကျလွန်းသေးဘူး… မင်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်တာနဲ့ အထဲမှာ ဘာတွေပဲဖြစ်လာဖြစ်လာ ငါတို့က ကူညီပေးနိုင်မှာ မဟုတ်ဘူး”

“အဲဒီကိစ္စက အဆင်ပြေပါတယ်”

ဆူဇီမိုက ပြုံးပြလိုက်၏။

“အားလုံးပဲ စိတ်ကိုလျှော့ထားစမ်းပါ… ခင်ဗျားတို့က အပြင်ကနေ တိုက်ပွဲကိုပဲ စောင့်ကြည့်နေကြ”

လုယွင်နှင့် အခြားသူများက ဆူဇီမိုထက်ပင် ပို၍ စိုးရိမ်ပူပန်နေကြသည်။

လုယွင်က လေးနက်စွာ ပြောလိုက်၏။

“ဒီတစ်ခေါက် အခြေအနေက တကယ့်ကို မကြုံစဖူးပဲ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ပကတိစိတ်ဝိညာဉ်ပညာရှင်တွေက စုဝေးရောက်ရှိလာကြပြီ… အန္တိမပကတိစိတ်ဝိညာဉ် ၁၀၀ကျော်က တစ်ချိန်တည်းမှာ ဝင်ရောက်ကြလိမ့်မယ်… အဲဒီမှာ အလှည့်အပြောင်းတွေ အများကြီး ပေါ်ထွက်လာနိုင်တယ်”

“အရင်တုန်းကဆို မင်းက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရွှင်ကျန်းနဲ့ ပူးပေါင်းထားမယ်ဆိုရင် ဘာအန္တရာယ်မှ ရှိလောက်မှာမဟုတ်ဘူး… ဒါပေမဲ့ အခုတော့ အဲဒါကိုကြည့်ရတာ ပြောဖို့ခက်လာပြီ”

လုယွင်က ပြောလိုက်၏။

“ရှယင်က ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ တစ်ဦးတည်းသော အန္တိမပကတိစိတ်ဝိညာဉ်ဆိုပေမဲ့ ကျောက်တုံးမျိုးနွယ်ကလည်း မင်းတို့တွေကို ပစ်မှတ်ထားလာလိမ့်မယ်… အဲဒီအချိန်ကျရင် ရွှမ်ကျန်းက မင်းကိုကူညီပေးနိုင်ချင်မှ ကူညီပေးနိုင်မယ်”

“နောက်ဆုံးမှာ မင်းက ရှယင်ကို တစ်ယောက်တည်း ရင်ဆိုင်ရနိုင်တယ်”

“ကျုပ်နဲ့ပတ်သက်ပြီး စိုးရိမ်နေစရာမလိုဘူး… ကျုပ်မှာ တောင်းဆိုစရာတစ်ခုပဲရှိတယ်”

ဆူဇီမိုက မလှမ်းမကမ်းမှာရှိသော လင်းရွှင်ကျန်းကို လှည့်ကြည့်လိုက်၏။

“အခြေအနေ မဟန်တော့ဘူးဆိုရင် မင်းက မင်းရဲ့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ထုတ်ပြီး ချက်ချင်းထွက်ခွာသွား… ဘာမှတွေဝေတုံ့ဆိုင်းမနေနဲ့”

“ဒါပေမဲ့…”

လင်းရွှင်ကျန်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တစ်ခုခုကို ပြောချင်နေသည့်အလား သူမ၏ နှုတ်ခမ်းကို အနည်းငယ်ဖွင့်ဟလိုက်၏။

ဆူဇီမိုက ညင်သာစွာ လက်ကာပြလိုက်သည်။

“ငါမကိုင်တွယ်နိုင်တဲ့ အရာတစ်ခုခု ဖြစ်လာမယ်ဆိုရင် မင်းရှိနေတာက ငါ့ကို စိတ်အာရုံပျံ့လွင့်စေလိမ့်မယ်… မင်းက မင်းကိုယ်မင်း ဂရုစိုက်နေရုံပဲ”

ဆူဇီမိုက ဆုံးဖြတ်ချက်ချပြီးသွားပြီကို လူတိုင်းတွေ့မြင်သောအခါ သူတို့က သူ့ကို ထပ်မံ၍ ဖျောင်းဖျမနေကြတော့ပေ။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ စုဝေးရောက်ရှိလာသော ပကတိစိတ်ဝိညာဉ်ပညာရှင်များက ပို၍ပို၍ များပြားလာသည်။ အချိန်ကြာလာသည်နှင့်အမျှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာသော ပကတိစိတ်ဝိညာဉ်များက တဖြည်းဖြည်း ပြည့်ကျပ်ညပ်လာခဲ့လေသည်။

ထိုစဉ်မှာပင် မွန်မြတ်ကျွန်း၏ အထက်ကောင်းကင်ကနေ စိတ်ခံစားချက်ကင်းမဲ့နေသော အသံတစ်သံက ထွက်ပေါ်လာ၏။

“ကမ္ဘာအမျိုးမျိုးက ပကတိစိတ်ဝိညာဉ်တွေ အဆင်သင့်ပြင်ထားကြ… ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဖွင့်လှစ်တော့မယ်”

ရွှစ်…

မွန်မြတ်ကျွန်းပေါ်မှ လူအုပ်ကြီးက ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

ချက်ချင်းပင် မရေမတွက်နိုင်သော ပကတိစိတ်ဝိညာဉ်များသည် သူတို့၏ ဂေဟာများကနေ ထွက်ခွာကာ မွန်မြတ်စံအိမ်ရှိရာသို့ အုံလိုက်ကျင်းလိုက် တလိပ်လိပ်တိုးဝင်လာကြလေသည်။

သူတို့ကြားမှာ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ဖို့ ပြင်ဆင်ထားသော ပကတိစိတ်ဝိညာဉ်များရှိသော်လည်း လူအများစုက ပွဲကြည့်ပရိသတ်များဖြစ်ကြသည်။

တစ်ခဏချင်းမှာပင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်က မည်းမည်းလှုပ်နေသော လူအုပ်ကြီးဖြင့် ပြည့်နှက်သွားပြီဖြစ်သည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသို့ ဝင်ရောက်ရသည့် ကန့်သတ်ချက်များကို ပြောင်းလဲမထားပေ။

ကမ္ဘာတစ်ခုစီမှ လူဆယ်ယောက်သာလျှင် ဝင်ရောက်နိုင်ကြသည်။

ထို့သို့ဖြင့် သူတို့သည် အမျိုးမျိုးသော ကမ္ဘာများ၏ ခွန်အားကို မျှခြေတစ်ခုမှာ အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်မည်ဖြစ်သည်။ အနည်းဆုံးတော့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အဖွဲ့တစ်ဖွဲ့သည် လူအရေအတွက်ဖြင့် တစ်ဖက်သတ် အမဲလိုက်သော အခြေအနေမျိုး ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။

ဓားကမ္ဘာမှ လူတိုင်းက ရောက်ရှိလာပြီး မကြာခင် လူအုပ်ကြီး၏ နောက်ဘက်မှာ ရုတ်ရုတ်သဲသဲအသံတစ်သံ ထွက်ပေါ်လာ၏။

သူတို့သည် ကြီးမားသော ခြိမ်းခြောက်မှုအင်အားတစ်ရပ်ကို အာရုံခံမိလိုက်သည့်အလား သူတို့က စိုးရိမ်ပူပန်စွာဖြင့် ပြည့်ကျက်ညပ်နေသော လူအုပ်ကြီးက ဘေးတစ်ဖက်စီသို့ အမှန်တကယ်ပင် ဆုတ်ခွာလိုက်ကြလေသည်။

မလှမ်းမကမ်းမှ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ လူတိုင်းက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကြသည်။

ခေါင်းဆောင်ဖြစ်သူက အနက်နှင့်အဖြူ တာဝါဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

သူ၏ ဆံပင်ရှည်က တဖျပ်ဖျပ်လွင့်နေပြီး သူ၏ မျက်နှာက ထပ်ရှနေ၏။ သူ့မှာ အေးစက်စက်အမူအရာတစ်ခုရှိပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားလေသည်။ ထို့သို့ဆိုလျှင်တောင် သူက သူလျှောက်လှမ်းနေသည့်နေရာကို သိရှိထားပြီး ဓားကမ္ဘာမှ လူတိုင်းရှိရာဘက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။

ထိုလူ၏ နှာရောင်ပေါ်မှာ သွေးရောင်အမှတ်အသားတစ်ခုသည် ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေသည်။

ဘေးပတ်ဝန်းကျင်မှ ပကတိစိတ်ဝိညာဉ်များသည် ထိုသွေးရောင်အမှတ်အသားကို အမှတ်တမဲ့ ကြည့်မိသည့်အချိန်မှာ တုန်လှုပ်သွားကြသည်။

သူတို့သည် သူတို့၏ အကြည့်များနှင့် စိတ်ဝိညာဉ်အသိစိတ်များက ထိုသွေးရောင်အမှတ်အသားဖြင့် ဝါးမျိုခြင်းခံရတော့မည်ဟု ခံစားလိုက်ရသည်။

သူတို့၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးများကပင် စိမ့်ထွက်လာတော့မည့်အလား လှုပ်လှုပ်ခတ်ခတ်ဖြစ်လာ၏။

“အဲဒါက တော်တော်ကြောက်ဖို့ကောင်းတာပဲ”

“အဲဒါက ပြန်ဝင်စားခြင်းမျက်လုံးပဲ”

လူအုပ်ကြားထဲမှာ အံ့အားတသင့် ရေရွတ်ပြောဆိုသံများ ထွက်ပေါ်လာ၏။

ပကတိစိတ်ဝိညာဉ်များစွာသည် သူတို့၏ မျက်လုံးများကို တစ်ယောက်ပြီးတစ်ယောက် မှိတ်လိုက်ကြ၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ ရှယင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များက ပို၍ပို၍ ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှာ ကမ္ဘာဖျက်မျက်လုံး၊ ဒွိမျက်လုံးနှင့် ပြန်ဝင်စားခြင်းမျက်လုံးဟူ၍ အဓိက စက္ခုနည်းစနစ်သုံးခု ရှိသည်ဟု ဆိုလေသည်။

သူတို့ထဲမှာ ပြန်ဝင်စားခြင်းမျက်လုံးက အရေးအကြီးဆုံးဖြစ်သည်။

ရှယင်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို အမှန်တကယ် နားလည်ဆင်ခြင်ထားခြင်း မရှိသေးပေ။ သူသည် ယင်နှင့်ယန်ကြား အဟန့်အတားကို ချိုးဖျက်ရန် ယင်ယန်မျက်လုံးကို အသုံးချကာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ခဏတစ်ဖြုတ် တွေ့မြင်မိရုံသာ ဖြစ်လေသည်။

နောက်ပိုင်းမှာ ရှယင်သည် ထိုအတွေ့အကြုံကို အသုံးချကာ သူ၏ ကောင်းကင်ဘုံမျက်လုံးကို ပြန်ဝင်စားခြင်းမျက်လုံးအဖြစ် ကျင့်ကြံနိုင်ခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် ရှယင်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို အသက်သွင်းရန် သူ၏ ကောင်းကင်ဘုံမျက်လုံးကို အသုံးချခြင်း ဖြစ်သည်။

သူ၏ နာမည်ဂုဏ်သတင်းက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

ရှယင်၏ အမည်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။

ထိုအခိုက်အတန့်မှသာ ပကတိစိတ်ဝိညာဉ်များစွာသည် တိုက်ပွဲရမှတ် ကျောက်စိမ်းကျောက်စာတိုင်၏ အဆင့်တစ်က ဘယ်လောက်ကြောက်စရာကောင်းသလဲ အမှန်တကယ် နားလည်သဘောပေါက်သွားကြသည်။ သူတို့ထံ တလိပ်လိပ်တိုးဝင်လာသည့် ဖိအားက မွန်းကျပ်ဖွယ်ရာကောင်းနေ၏။

နေကာသစ်ပင်ကမ္ဘာ…

နီရဲနေသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ရှယင်၏ နှာရောင်ပေါ်မှ သွေးရောင်အမှတ်အသားကို တွေ့မြင်သောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူ၏ ဖီးနစ်မျက်လုံးများထဲမှာ မီးတောက်လုံးတစ်လုံးက တဖြည်းဖြည်းပေါ်ထွက်လာ၏။

သူ၏ မျက်လုံးများက နာကျင်မှုအနည်းငယ်ကို အမှန်တကယ်ပင် ခံစားလိုက်ရသည်။

ရုတ်တရက် သူ့ဘေးမှာရှိသော အမျိုးသမီးက သူမ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။

သူတို့၏ လက်ဖဝါးများကို ချိတ်ဆက်လိုက်သောအခါ မီးတောက်လုံးနှစ်လုံးက အမျိုးသားနှင့် အမျိုးသမီး၏ မျက်လုံးများထဲမှာ ပေါ်ထွက်လာ၏။

အမျိုးသား၏ မျက်လုံးထဲရှိ နာကျင်မှုကလည်း ပျောက်ကွယ်သွားလေသည်။

တကယ်တော့ လူအုပ်ကြားထဲမှာ ထိုဖိအားကို ခံနိုင်ရည်ရှိသော ပကတိစိတ်ဝိညာဉ်တချို့ ရှိနေသည်။

တကယ်ဆို လူတချို့သည် ရှယင်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ လုံးဝတည်ငြိမ်သော အမူအရာများကို ထိန်းသိမ်းထားနိုင်ကြသည်။

ဆူဇီမိုက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။

သူသည် ရှယင်၏ နှာရောင်ပေါ်မှ သွေးရောင်အမှတ်အသားကိုကြည့်ပြီး သူ၏ ခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်၏။

သူက စဉ်းစားတွေးတောရင်း သူ၏ မျက်နှာပေါ်မှာ စိတ်ဝင်စားမှုအငွေ့အသက်တစ်ခုပင် ပေါ်ထွက်လာလေသည်။

ထိုစဉ်မှာပင် ရှယင်က ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည့်ခဏမှာပင် သူ၏ အကြည့်က ဆူဇီမိုပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းလာခဲ့လေသည်။

All Chapters