လူပြက်
Vol. 191 Ch. 2852
ရှယင်၏ မျက်လုံးက အနက်တစ်လုံး အဖြူတစ်လုံးဖြစ်ပြီး ယင်နှင့်ယန်၏ ပြောင်းလဲမှုပေါ် သက်ရောက်ကာ လောကကို မှောက်လှန်ပစ်နိုင်ပုံရသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေ၏။
“သူ့မျက်လုံးကို မကြည့်ကြနဲ့”
အမျိုးမျိုးသော မျိုးနွယ်များမှ ဘုရင်များ၏ အသံများက လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။ သူတို့သည် သူတို့နောက်ဘက်ရှိပကတိစိတ်ဝိညာဉ်များကို သတိပေးနေခြင်းဖြစ်သည်။ ရှယင်၏ ယင်ယန်မျက်လုံးများသည် အခြားသူများကို ကြည့်နေခြင်းမဟုတ်ဘဲ ဆူဇီမိုပေါ်မှာသာ ကျရောက်နေ၏။
ဆူဇီမိုက အနည်းငယ်ရှောင်တိမ်းလိုက်သည်နှင့်အမျှ သူက သူတို့၏ ပထမဆုံးထိတွေ့ရိုက်ခတ်မှုမှာ အရေးနိမ့်သွားရပေလိမ့်မည်။
သူတို့နှစ်ယောက်က ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တစ်ဖန်တွေ့ဆုံသည့်နှင့် ရှယင်က စိတ်ပိုင်းဆိုင်ရာအရ အသာစီးရရှိနေပေလိမ့်မည်။
သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှုက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်သို့ ရှယင်ဝင်ရောက်လာသည့်ခဏမှာပဲ စတင်လာခဲ့လေပြီ။ သို့သော်လည်း ရလဒ်က မထင်မှတ်ထားစွာ ဖြစ်ပေါ်လာ၏။
ဆူဇီမိုသည် ရှောင်တိမ်းခြင်း သို့မဟုတ် အာရုံစိုက်နေခြင်းမရှိပေ။ သူက စိတ်ဝင်စားစရာကောင်းသော တစ်စုံတစ်ရာကို တွေးမိနေသည့်အလား ရှယင်ကို ပြုံးစစဖြင့်သာ ကြည့်နေ၏။
ရှယင်က မသိမသာ မျက်မှောင်ကြုတ်လိုက်၏။
ဆူဇီမို၏ တုံ့ပြန်မှုက တကယ်ပင် သူ့ကို အံ့အားသင့်စေသည်။ သူသည် စောစောက ယင်ယန်မျက်လုံးများ၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်ခဲ့သော်လည်း သူ၏ မျက်လုံးမှာ ယင်နှင့်ယန်၏ စွမ်းအားပါဝင်နေ၏။
သာမန်ပကတိစိတ်ဝိညာဉ်များ၏ အကြည့်နှင့် စိတ်အာရုံက သေချာပေါက် သက်ရောက်ခံရပေလိမ့်မည်။
သူတို့သည် သူ၏ ယင်ယန်မျက်လုံးကို တစ်ချိန်လုံးစိုက်ကြည့်နေမည်ဆိုလျှင် သူတို့က သူတို့၏ အမြင်အာရုံကိုပင် ဆုံးရှုံးသွားရနိုင်လေသည်။
ဆူဇီမိုကတော့ သူ၏ ယင်ယန်မျက်လုံးများကို ကြည့်ရင်း သူ၏ အကြည့်က ကြည်လင်ရှင်းလင်းနေ၏။ အစကနေ ယခုအချိန်ထိ သူ၏ မျက်လုံးထဲမှာ မည်သည့်ဝဲဂယက်မှ ဖြာထွက်မလာဘဲ သူက လုံးဝသက်ရောက်မခံရပေ။
အဲဒါက အနည်းငယ်ထူးဆန်းနေသည်။
တကယ်တော့ ဆူဇီမို၏ မီးပဒေသာမျက်လုံးနှင့် တမလွန်မီးရောင်မျက်လုံးထဲမှာ ပဟေဠိဆန်သော ဇာစ်မြစ်များနှင့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးနှစ်တုံး ပုန်းလျှိုးနေသည်ကို ရှယင်က မသိရှိပေ။
ရှယင်၏ မျက်လုံးများမှာ ယင်နှင့်ယန်၏ စွမ်းအားပါဝင်နေ၏။ သို့သော်လည်း မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးတို့သည် ယင်နှင့်ယန်၏ ဘိုးဘေးများဖြစ်သည်ဟု ဆိုနိုင်သည်။
သူတို့နှစ်ယောက်သည် မည်သို့ပင်ဆိုစေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာရှိနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်က ပေါ်ပေါ်တင်တင် မတိုက်ခိုက်နိုင်ကြပေ။
ရှယင်သည် မည်သည့်အကျိုးအမြတ်ကိုမှ မရရှိသည့်အခါ သူ၏ အကြည့်ကို ရုပ်သိမ်းပြီး ရင်ပြင်ထဲရှိ ဧရာမပိတ်ကားတစ်ချပ်ကို လက်ညှိုးထိုးပြလိုက်၏။
“ဆူကျူး… ငါမင်းကို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေရဲ့ ဧရိယာ-၇မှာ စောင့်နေမယ်”
ထိုစကားကို ကြားသောအခါ လူတိုင်းက စိတ်လှုပ်ရှားလာခဲ့သည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ စုစုပေါင်း ဧရိယာဆယ်ခုရှိလေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဉ်များသည် အထဲသို့ ဝင်ရောက်သည့်အခါ မတူညီသော နေရာများသို့ အလျှင်းသင့်သလို ကျဆင်းသွားပေလိမ့်မည်။ သူတို့နှစ်ယောက်ကြားတိုက်ပွဲသည် စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်လာသည်ဟု ဆိုနိုင်သည်။
သူတို့နှစ်ယောက်က မတူညီသော ဧရိယာများသို့ ဆင်းသက်သွားမည်ဆိုလျှင် သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဧရိယာများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ဖို့ အချိန်အတော်အတန်ကြာ ယူရပေလိမ့်မည်။ တိုက်ပွဲနယ်မြေမှာရှိသော လူများသည် ထိုအန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးကြား စိတ်လှုပ်ရှားစရာ တိုက်ပွဲကို မြင်တွေ့ခွင့်ရနိုင်မည် မဟုတ်ပေ။
သို့သော် ယခု သူတို့နှစ်ယောက်က ဧရိယာ-၇မှာ တိုက်ခိုက်ဖို့ သဘောတူလိုက်မည်ဆိုလျှင် လူတိုင်းက သွားရောက်ကြည့်ရှုရမည့်နေရာကို သိရှိသွားပေလိမ့်မည်။
သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကို ဝင်ရောက်ပြီး တစ်ချိန်တည်းမှာပင် ဧရိယာ-၇သို့ အသည်းအသန်သွားရောက်သည်နှင့် သူတို့သည် ထိုတိုက်ပွဲကို စောင့်ကြည့်ခွင့်ရပေလိမ့်မည်။
ဆူဇီမိုက မည်သည့်စကားမှမဆိုဘဲ ပြုံးနေသည်။
ရှယင်က ပြောလိုက်၏။
“မပူပါနဲ့ ငါမင်းကို မျှမျှတတတိုက်ခိုက်မှာပါ… မင်းက ယုံကြည်မှုမရှိဘူးဆိုရင် မင်း လင်းရွှင်ကျန်းနဲ့ ပူးပေါင်းလို့ရတယ်… ငါ အဲဒါကို စိတ်ထဲမှာ ထည့်မထားဘူး”
ဝေး….
လူအုပ်ကြာထဲမှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာ၏။
ရှယင်၏ စကားလုံးများသည် စီးပိုးခြယ်လှယ်မှုနှင့် ယုံကြည်မှုကောင်းကောင်းရှိနေသည်။ သူက အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးကို တစ်ယောက်တည်းတိုက်ခိုက်လိုလေသည်။
အဲဒါက အခြားတစ်ယောက်သာဆိုလျှင် သူတို့က မေးခွန်းထုတ်ခံရနိုင်သည်။ သို့သော်လည်း ရှယင်က ထိုစကားကို ပြောခွင့်ရှိသည်ဟု လူတိုင်းက ခံစားရသည်။
“မင်းအဲဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်သည်။
“ဟမ်”
ရှယင်က ခေါင်းမော့ပြီး ရယ်မောလိုက်၏။ သူက လောကမှာ စိတ်ဝင်စားစရာအကောင်းဆုံးအရာကို ကြားလိုက်ရသည့်အလားပင်။
“ခွီ”
သွေးကမ္ဘာဘက်အခြမ်းမှ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ သူတို့၏ ခေါင်းဆောင်က သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူလက်ထဲမှာ ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ဆွဲထားသည်။ သူသည် ဒီဘက်မျိုးဆက်မှာ သွေးနွယ်ပင်မျိုးနွယ်၏ အန္တိမပကတိစိတ်ဝိညာဉ် ရွှယ်ဝမ် ဖြစ်လေသည်။
သွေးကမ္ဘာကလည်း ထိပ်တန်းကမ္ဘာကြီးတစ်ခုဖြစ်သည်။ ရွှယ်ဝမ်သည်လည်း တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှ ပညာရှင်တစ်ဦးဖြစ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အတော်အတန်နာမည်ဂုဏ်သတင်းရှိလေသည်။
“ညီကိုရွှယ်ဝမ် မင်းဘာကို ရယ်တာလဲ”
နတ်ဘုရားသားတော် မင်ဟွေ့သည် ရွှယ်ဝမ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး သူက ဖြစ်ပျက်နေသည့်အရာကို မသိသယောင်ဟန်ဆောင်ကာ မေးလိုက်သည်။
ရွှယ်ဝမ်က နှုတ်ခမ်းမဲ့ပြီး သူ၏ ခေါက်ယပ်တောင်ကို ဝေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပြောလိုက်၏။
“တချို့လူတွေက သူတို့ရဲ့ အကန့်အသတ်ကိုသူတို့ လုံးဝမသိကြဘူး… သူတို့က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားတာနဲ့ပဲ ညီကိုရှနဲ့ တိုက်ခိုက်နိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေကြတာ… သူက အသိဉာဏ်နုံနဲတဲ့အခါကျတော့ လူပြက်တစ်ယောက်ဖြစ်လာရတာပဲ”
“အဲလို့လား…”
နတ်ဘုရားသားတော်မင်ဟွေ့က အံ့အားသင့်သယောင်ဟန်ဆောင်ပြီး မေးလိုက်၏။
“ညီကိုရွှယ် မင်းက ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ကို မြင့်မြင့်မားမားသတ်မှတ်မထားဘူးလား… သူက မြင့်မြတ်တဲ့အဆင့်အတန်းနဲ့ လုံးဝကို မောက်မာဝင့်ကြွားတဲ့ တောင်ထွတ်သခင်တစ်ဦးပဲ… လွန်ခဲ့တဲ့ရက်အနည်းငယ်ကဆို သူက ငါ့ရဲ့ဂေဟာမှာတောင် ကောင်းကင်ဘုံကမ္ဘာက တာအိုရောင်းရင်းနှစ်ဦးကို သတ်ဖြတ်ခဲ့သေးတယ်.. ဒီလူ့ရဲ့ မောက်မာမှုက အကန့်အသတ်ရှိပုံမရဘူး”
“မဟုတ်ပါဘူး.. ငါက သူ့ကို မြင့်မြင့်မားမားသတ်မှတ်ထားတာပေါ့… အရမ်းကိုမြင့်မြင့်မားမားပဲ… တကယ်ဆို…”
ရွှယ်ဝမ်က လျှို့ဝှက်ဆန်းကြယ်သယောင်ပြုံးပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ညီကိုရှက လှုပ်ရှားကွက်ဆယ်ကွက်အတွင်း သူ့ကို နေရာမှာပင် သတ်ဖြတ်နိုင်ဖို့များတယ်လို့ ငါထင်တယ်”
ဓားကမ္ဘာနှင့် ရန်ငြိုးရန်စရှိသော ကျောက်တုံးကမ္ဘာမှ ရှစ်ပိုက သွားဖြီးကာ ပြောလိုက်၏။
“အဲဒီကောင်လေးက လှုပ်ရှားကွက်ငါးကွက်အတွင်း သေချာပေါက်သေရလိမ့်မယ်လို့ ငါလောင်းတယ်”
“ဟားဟား…”
နတ်ဘုရားသားတော် မင်ဟွေ့က အသံထွက်ကာ ရယ်မောလိုက်၏။
ဤနေရာမှာ စုဝေးရောက်ရှိနေသော အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပကတိစိတ်ဝိညာဉ်များကြား ဆူဇီမိုကို မြင့်မြင့်မားမားသတ်မှတ်ထားသည့်သူ များစွာမရှိပေ။
မည်သို့ပင်ဆိုစေ ဆူဇီမို၏ နာမည်ဂုဏ်သတင်းသည် လွန်ခဲ့သည့်နှစ်ထောင်ကမှ မြင့်မားလာခဲ့ပြီး အန္တိမပကတိစိတ်ဝိညာဉ်အများစုက သူ့ကို သိပင်မသိကြပေ။
လူတိုင်းသည် စိတ်လှုပ်ရှားစရာကောင်းသော ပြပွဲတစ်ခုကို စောင့်ကြည့်ချင်ရုံမျှသာဖြစ်သည်။
“တကယ်တော့ လူပြက်က နင်ပဲလို့ ငါထင်တယ်”
ထိုစဉ်မှာပင် ညင်သာသောအော်ဟစ်သံတစ်သံက လူအုပ်ကြားထဲကနေထွက်ပေါ်လာသည်။
လူတိုင်းက အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ရွှယ်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအသံက သူ့ကိုပစ်မှတ်ထားနေသည်မှာ သိသာလေသည်။
စကားပြောလိုက်သောသူက ပန်းကမ္ဘာမှဖြစ်သည်။
ဆူဇီမိုကလည်း လှည့်ကြည့်လိုက်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သူနှင့်တစ်ခါတွေ့ဆုံခဲ့ဖူးသည့် အင်မော်တယ်ဘုရင်မယိုလန်ကို တွေ့မြင်လိုက်ရသည်။ သူမက သူ့ဘက်ကိုပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။
စကားပြောလိုက်သောအမျိုးသမီးက အင်မော်တယ်ဘုရင်မယိုလန်၏ ဘေးမှာ မတ်တတ်ရပ်နေသည်။ သူမက ချောမောလှပပြီး သူရဲကောင်းဆန်သော အော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သူမက အင်မော်တယ်ဘုရင်မယိုလန်၏ တပည့်မဖြစ်ပုံရသည်။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ထိုအမျိုးသမီးထံမှ ရင်းနှီးနေကျအော်ရာတစ်ခုကို အာရုံခံမိလိုက်၏။
အစိမ်းရောင်ကြာပန်းမျိုးနွယ်လား။
ဆူဇီမို၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။
ယုလန်က တီးတိုးပြောလိုက်၏။
“အဲဒါက အင်မော်တယ်ဘုရင်မယိုလန်ရဲ့တပည့် မူလန်ဖြစ်ပုံရတယ်... သူကအမျိုးသမီးဆိုပေမယ့် သူ့မှာ ရဲရင့်တဲ့ နာမည်ဂုဏ်သတင်းရှိတယ်... နောက်ပြီး သူတို့မျိုးနွယ်က သွေးနွယ်ပင်မျိုးနွယ်နဲ့ နက်ရှိုင်းတဲ့ရန်ငြိုးရန်စရှိတယ်”
“အချောလေး... စောစောက မင်းဘာပြောလိုက်တာလဲ”
စကားပြောလိုက်သူက မိန်းမလှလေးတစ်ဦးဖြစ်သည်ကို ရွှယ်ဝမ်တွေ့မြင်သောအခါ သူ့မျက်နှာပေါ်ရှိအမျက်ဒေါသက ချက်ချင်းပင်ပျောက်ကွယ်သွားသည်။ သူက နှုတ်ခမ်းကိုလျှာဖြင့်သပ်ပြီး ပြုံးစစဖြင့်မေးလိုက်သည်။
မူလန်က လှောင်ရယ်လိုက်၏။
“တာအိုရောင်းရင်းဆူကျူးက တကယ်ပဲအစွမ်းအစမရှိဘူးဆိုရင်တောင် တစ်ခါတုန်းက ခုတ်ချက်တစ်ချက်တည်းနဲ့ ကျင့်ကြံမှုနယ်ပယ်တူမှာရှိတဲ့ ပြိုင်ဘက်ဆယ်ဦးကို သတ်ဖြတ်ခဲ့ဖူးတယ်... သေသွားတဲ့သူတွေထဲမှာ အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးတောင်ပါတယ်... နင်တို့ကိုယ်နင်တို့ ဘယ်သူတွေထင်နေလို့လဲ... အနည်းဆုံးတော့ တာအိုရောင်းရင်းဆူကျူးက ရှယင်ကို ရင်ဆိုင်ရဲတယ်... နင်တို့ကတော့ ရှယင်နဲ့တိုက်ခိုက်ဖို့တောင် သတ္တိမရှိဘူးမလား... ဒီနေရာမှာ ပေါက်တတ်ကရလျှောက်ပြောနေတဲ့ အစစ်အမှန်လူပြက်တွေက နင်တို့ပဲ”
ရွှယ်ဝမ်က ဒေါသထွက်မသွားဘဲ မျက်နှာပြောင်တိုက်ကာ ပြုံးလိုက်၏။
“အချောလေး... နင်ငါနဲ့အလောင်းအစားလုပ်ချင်လား”
“ညီကိုရှက လှုပ်ရှားကွက်ဆယ်ကွက်အတွင်း ဆူကျုးကို အနိုင်ရမယ်ဆိုရင် နင်ကငါ့ရှေ့ကို အသာတကြည်နာခံစွာနဲ့လာပြီး တောင်းပန်ရမယ်... ဘယ်လိုလဲ”
“တာအိုရောင်းရင်းဆူကျူးက လှုပ်ရှားကွက်ဆယ်ကွက်ထက်ပိုခံနိုင်ခဲ့မယ်ဆိုရင်ရော”
မူလန်က ရွှယ်ဝမ်၏ ပြုံးနေသောမျက်နှာကိုကြည့်ပြီး မသတီသလိုခံစားလာရ၏။ သူမက သူမ၏ စိတ်ကို ပိုင်းဖြတ်ပြီး ကျယ်လောင်စွာမေးလိုက်သည်။
“ငါရှုံးမယ်ဆိုရင်... အချောလေး ငါနင့်သဘောအတိုင်း လုပ်ပေးမယ်”
ရွှယ်ဝမ်သည် ရှယင်ပေါ် ပကတိယုံကြည်မှုရှိနေပြီး လုံးဝကြောက်ရွံ့မနေပေ။
“အစ်မ မူလန်... နင်သူနဲ့အလောင်းအစားမလုပ်တာ ပိုကောင်းလိမ့်မယ်”
ထိုစဥ်မှာပင် နဂါးမျိုးနွယ်ဘက်ခြမ်းကနေ မိန်းကလေးတစ်ဦး၏ အသံက ထွက်ပေါ်လာ၏။
အသံပိုင်ရှင်က ရှေ့သို့ထွက်လာသောလုံလီဖြစ်သည်။ လုံလီက အရမ်းကိုတည်တံ့စွာဖြင့် ပြောလိုက်၏။
“နင်က... ဒီအလောင်းအစားမှာ အနိုင်ရခဲ့မယ်ဆိုရင်တောင် ရွှယ်ဝမ်က အရှုံးကို ဝန်ခံမှာမဟုတ်ဘူး... ရွှယ်ဝမ်က အရေထူတဲ့နေရာမှာ နာမည်အကြီးဆုံးလို့ ငါကြားထားတယ်”
“မိန်းကလေး... နင်ဘာစကားပြောလိုက်တာလဲ”
ရွှယ်ဝမ်က ဆက်လက်၍သည်းမခံနိုင်တော့ပေ။ သူ၏ အကြည့်က သုန်မှုန်လာပြီး သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လုံလီက အကြောက်အလန့်မရှိဘဲ ပခုံးတွန့်ပြလိုက်၏။
“နင်က တစ်ခါတုန်းက ကြေးညိုအရေပြားသံမဏိအရိုးနည်းစနစ်လို့ခေါ်တဲ့ ရှေးဟောင်းခန္ဓာမီးဆေးနည်းစနစ်တစ်ခုကို ရခဲ့တယ်လို့ငါကြားတယ်... ဒါပေမဲ့ နင်တို့သွေးနွယ်ပင်မျိုးနွယ်က အားနည်းတဲ့ကျောရိုးတွေနဲ့မွေးလာပြီး အရိုးမရှိကြဘူး... အဲဒါကြောင့် နင်က အဲဒီနည်းစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း သံမဏိအရေပြားကိုပဲ ကျင့်ကြံနိုင်ခဲ့တယ်... နင်က အဲဒီနည်းစနစ်ကိုအထူးပြုကျင့်ကြံပြီးတော့ နင့်ရဲ့အရေပြားက မြို့ရိုးလို တုတ်ခိုင်ထူထဲလာတယ်မလား”
“ဟားဟားဟား...”
ရုတ်တရက် လူအုပ်ကြားထဲမှာ အော်ဟစ်ရယ်မောသံများထွက်ပေါ်လာ၏။
ရွှယ်ဝမ်၏ နာမည်ဂုဏ်သတင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တကယ်ပင်သိပ်မကောင်းလှဘဲ အထူးသဖြင့် သူကျင့်ကြံသည့် ကျင့်ကြံရေးနည်းစနစ်နှင့်ပတ်သက်၍ဖြစ်သည်။
သို့သော်လည်း ငယ်ရွယ်သောမိန်းကလေး၏ အပြစ်ကင်းစင်သောအသံနှင့် အပြုံးက လက်ရှိလူတိုင်းကို ရယ်ရွှင်ဖွယ်ရာဖြစ်လာစေလေသည်။