← Chapters

ကြုံဆုံမှု

Vol. 191 Ch. 2854

ကြုံဆုံမှု

Vol. 191 Ch. 2854

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၊ ဧရိယာ-၉ မှာ။

ဆူဇီမိုနှင့် လင်းရွှင်ကျန်းက ကောင်းကင်ထက်ကနေ ဆင်းသက်လာကြသည်။

လင်းရွှင်ကျန်း၏ အမူအရာက တည်တံ့နေပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။

သူမသည် သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ပြီး သတိအနေအထားပြင်ထားသည်။

လက်ရှိ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေသည် ပို၍ပင် ကြောက်စရာကောင်းလာပြီး ပတ်ဝန်းကျင်အနေအထားက လွန်ခဲ့သည့်နှစ်တစ်ထောင်ကထက် ပို၍ဆိုးဝါးနေသည်။

ဤနေရာမှာရှိသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ အရေအတွက်က အဆပေါင်းများစွာ တိုးလာခဲ့ပြီး သူတို့နှစ်ယောက်သည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ တိုက်ခိုက်မှုများနှင့် အချိန်မရွေးကြုံတွေ့ရနိုင်သည်။

ဆူဇီမိုမှာ သတိပေးချက်အနေဖြင့် သူ၏ အာရုံခံသတိစိတ်ရှိထားပြီး သူက သူ၏ ဘေးပတ်ဝန်းကျင်မှ အလားအလာရှိသော အန္တရာယ်ကို ချက်ချင်းအာရုံခံမိနိုင်သည်။ ထို့ကြောင့် သူက တည်ငြိမ်နေသည်။

ဧရိယာ-၉သည် ဧရိယာ-၇နှင့် အတော်လေးနီးကပ်လေသည်။

“တောင်ထွတ်သခင်…”

လင်းရွှင်ကျန်းက ဆူဇီမိုကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“ကျွန်မတို့က စိန်ခေါ်မှုကို လက်ခံတော့မှာလား”

လင်းရွှင်ကျန်းသည် လွန်ခဲ့သည့်နှစ်တစ်ထောင်က သူမ၏ စိတ်ခံစားချက်များကို ထုတ်ဖော်ပြသ၍ ဆူဇီမိုက လျစ်လျူရှုခဲ့ပြီးနောက် သူမသည် ဆူဇီမိုကို တွေ့မြင်သည့်အခါ တောင်ထွတ်သခင်ဟု အမြဲတမ်းခေါ်ဝေါ်ခဲ့သည်။

သူမ၏ စိတ်ကူးအရ သူတို့သည် လောလောဆယ်မှာ ရှယင်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ကို ရှောင်လွှဲပြီး အခြေအနေအရ အလိုက်သင့် လှုပ်ရှားသင့်လေသည်။

မည်သို့ပင်ဆိုစေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ပကတိစိတ်ဝိညာဉ်များနှင့် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များအကြား သွေးသံရဲရဲနှင့် ချောက်ချားစရာကောင်းသော ထိတွေ့ရိုက်ခတ်မှုတစ်ခုက သေချာပေါက် ဖြစ်ပွားလာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးတစ်ခုရှိလာနိုင်သည်။ ဥပမာအားဖြင့် ရှယင်သည် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ရပြီး သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ကြိုတင်ထုတ်ဖော်ဖို့ ဖိအားပေးခံရနိုင်လေသည်။

ထိုသို့ဖြင့် ဆူဇီမိုသည် ရှယင်ကို အနိုင်ရဖို့ အခွင့်အရေးပိုမိုမြင့်မားလာပေလိမ့်မည်။

“သွားကြတာပေါ့”

ဆူဇီမိုက အဲဒါနှင့် ပတ်သက်၍ များစွာစဉ်းစားတွေးတောမနေဘဲ သာမန်ကာလျှံကာ ခေါင်းညိတ်ပြလိုက်၏။

“ဒီတိုက်ပွဲကို ရှောင်လွှဲလို့မရဘူးဆိုမှတော့ အဲဒါကို မြန်မြန်အဆုံးသတ်လိုက်တာ ပိုကောင်းတယ်”

ထိုစဉ်မှာပင် လင်းရွှင်ကျန်း၏ အမူအရာက ပြောင်းလဲသွားပြီး မလှမ်းမကမ်းရေကန်ကို လှမ်းကြည့်လိုက်၏။

ထိုနေရာမှာ ဓားကျင့်ကြံသူဆယ်ဦးကျော် ရှိနေကြသည်။

သူတို့၏ ခါးများမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများ ရှိမနေဘဲ သူတို့၏ အဝတ်အစားများကပင် ဆိုးယုတ်အပြစ်သားများအဖြစ် သူတို့၏ သရုပ်သကန်ကို ထုတ်ဖော်ပြသနေသည်။

တစ်ချိန်တည်းမှာပင် ဆိုးယုတ်အပြစ်သား ဓားကျင့်ကြံသူများက သူတို့နှစ်ယောက်ကို အာရုံခံမိသွားပြီး သူတို့၏ မျက်လုံးထဲရှိ ပြင်းထန်ကြမ်းတမ်းသော သတ်ဖြတ်လိုစိတ်နှင့် ရန်လိုစိတ်နှင့်အတူ တစ်ယောက်ပြီးတစ်ယောက်လှည့်ကြည့်လာကြသည်။

ဇီ… ဇီ… ဇီ…

ဆိုးယုတ်စိတ်ဝိညာဉ်ဓားကျင့်ကြံသူများက သူတို့၏ ဓားများကို ချက်ချင်းပင်ဆင့်ခေါ်ပြီး ရန်လိုခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ဓားအလင်းတန်းများအသွင်ပြောင်းလဲကာ ပျံသန်းလာနေကြသည်။

လင်းရွှင်ကျန်း၏ အမူအရာက အေးစက်လာခဲ့သည်။ သူမနောက်ကျောမှဓားက သူမ၏ စိတ်ဆန္ဒကို အာရုံခံမိပုံရပြီး သူမ၏ လက်ဖဝါးထဲသို့ အလိုလိုဆင်းသက်ရောက်ရှိလာသည်။

ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တစ်ခါက သောင်းကျန်းခဲ့ဖူးလေသည်။ သူမ၏ အသိပညာအရ ဆိုးယုတ်မိစ္ဆာများကို သတ်ဖြတ်ပြီး အပြစ်သားစိတ်ဝိညာဉ်များကို ဖိနှိမ်ခြင်းသည် ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ဆူဇီမိုသည် အပြစ်သားကုန်းမြေဆယ်ခုနှင့်ပတ်သက်၍ ပိုမိုသိရှိထားသည်။

အရင်တုန်းက ဖြစ်ပျက်ခဲ့သော ကိစ္စများစွာရှိပြီး သူတို့ကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပုံရကာ ဘယ်ဟာအမှန် ဘယ်ဟာအမှားဖြစ်သည်ကို ပြောဖို့ခက်လေသည်။

ထို့ကြောင့် သူသည် အပြစ်သားကုန်းမြေဆယ်ခုမှ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များနှင့် ရင်ဆိုင်ရသည့်အခါ အမြဲတမ်းချင့်ချိန်တွက်ဆတတ်သည်။ လိုအပ်မှုမရှိသရွေ့ သူက တိုက်ခိုက်လိုစိတ်မရှိပေ။

“ခဏလောက်စောင့်ဦး”

ဆူဇီမိုက သူ၏ လက်ကို အနည်းငယ်မြှောက်ပြီး လင်းရွှင်ကျန်းကို တားဆီးလိုက်သည်။

လင်းရွှင်ကျန်းက တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

“တောင်ထွတ်သခင်… အရင်တုန်းက နီညိုရောင်မျောက်ဝံက ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေကြားက ထူးခြားမှုတစ်ခုပဲ”

လင်းရွှင်ကျန်းက ပြောလိုက်သည်။

“အဲဒီဓားကျင့်ကြံသူတွေရဲ့ ရန်လိုခက်ထန်တဲ့ စိတ်သဘောထားကိုကြည့်လေ… ရှင့်ရဲ့ နှလုံးသားက နူးညံ့ပျော့ပျောင်းနေမယ်ဆိုရင်တောင် သူတို့တွေက သနားညှာတာမှု ပြနေမှာမဟုတ်ဘူး”

ဆူဇီမိုက ပြန်မဖြေပေ။

ဤဓားကျင့်ကြံသူအုပ်စုသည် သူ့ကို တကယ်ပဲ တိုက်ခိုက်လာမည်ဆိုလျှင် သူက ဒီတိုင်း လည်စင်းခံပေးလိမ့်မည် မဟုတ်ပေ။

သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ အကြည့်က မလှမ်းမကမ်း ရေကန်ဘေးသို့ ဆင်းသက်ရောက်ရှိသွားသည်။ ထိုနေရာမှာ လူတစ်ယောက်ထိုင်နေသည်။

သူက ဖျင်ကြမ်းအင်္ကျီကို ဝတ်ထားပြီး သောက်စားမူးယစ်နေလေသည်။ မလှမ်းမကမ်းမှာ သံချေးတက်နေသော ဓားတစ်လက်ကို ကျောက်တုံးတစ်တုံးထဲမှာ ထိုးစိုက်ထားသည်။

“ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူ… မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲက တစ်ဦးပဲ”

လင်းရွှင်ကျန်းကလည်း ထိုလူကို သတိထားမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။ သို့သော်လည်း သိပ်မကြာခင် သူမ၏ မျက်လုံးများက သန်မာသော တိုက်ပွဲဝင်စိတ်ဝိညာဉ်ဖြင့် ပြည့်နှက်လာပြီး ဓားချီက သူမကို လွှမ်းခြုံလာခဲ့သည်။ သူမသည် တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေသည်။

သူမသည် လွန်ခဲ့သည့်နှစ်တစ်ထောင်က ဤဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူနှင့် တွေ့ဆုံမည်ဆိုလျှင် သူမက သူ့ကို ရှောင်လွှဲမိပေလိမ့်မည်။

သို့သော်ယခု သူမသည် အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်ပြီး အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး ဖြစ်လာခဲ့သည်။ သူမသည် အန္တိမပကတိစိတ်ဝိညာဉ်များပင်ဖြစ်သော ဆိုးယုတ်မိစ္ဆာများကို တွေ့မြင်သည့်အခါ သူမမှာ စိတ်ကျေနပ်အားရသည်အထိ တိုက်ခိုက်လိုစိတ်သာ ရှိလေသည်။

သူမသည် အပြင်လောကမှ အန္တိမပကတိစိတ်ဝိညာဉ်များနှင့် ရင်ဆိုင်ရသည့်အခါ အနည်းနှင့်အများဆိုသလို ထိန်ချန်ငဲ့ကွက်ရပေလိမ့်မည်။

သို့သော်လည်း သူမသည် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များနှင့် ရင်ဆိုင်သည့်အခါ မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှုကိုမှ ခံစားရလိမ့်မည် မဟုတ်ပေ။

“ပြန်လာခဲ့ကြ”

ထိုစဉ်မှာပင် ဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူက ရုတ်တရက်ပြောလိုက်၏။ သူ၏ လေသံက မတိုးလွန်းမကျယ်လွန်းဘဲ အနည်းငယ်ခြောက်သွေ့အက်ကွဲနေ၏။ သို့သော်လည်း ဓားကျင့်ကြံသူဆယ်ဦးကျော်က ထိုစကားကိုကြားသောအခါ သူတို့၏ ခြေလှမ်းများကို တစ်ချိန်တည်းမှာ ရပ်တန့်လိုက်ကြသည်။

“စီနီယာအစ်ကို… ကျွန်မတို့တွေက ဓားကျင့်ကြံသူအချင်းချင်းဖြစ်လို့ ရှင်က တိုက်ခိုက်လိုစိတ်မရှိဘူးဆိုပေမဲ့… သူတို့တွေက အပြင်လောကကပဲ… သူတို့က ကျွန်မတို့ကို သတ်ဖို့အတွက် ဒီကိုရောက်လာတာပဲ”

အမျိုးသမီးက ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူကို တွေဝေရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။

နောက်ထပ် အမျိုးသားတစ်ယောက်က ထပ်ပြောလိုက်၏။

“စီနီယာအစ်ကို… ဒီနှစ်တွေထဲမှာ ခင်ဗျားလွှတ်ပေးခဲ့တဲ့ ပြင်ပဓားကျင့်ကြံသူတွေ ဘယ်လောက်တောင်များနေပြီလဲ… နောက်ပြီး အဲဒီဓားကျင့်ကြံသူတွေက ကျုပ်တို့အပေါ် ဘယ်တုန်းကမှ စိတ်သဘောထား မပျော့ပျောင်းခဲ့ဘူး”

ထိုစကားကိုကြားသောအခါ လင်းရွှင်ကျန်း၏ သတ်ဖြတ်လိုစိတ်က လျော့ကျသွားသည်။

လွန်ခဲ့သည့်နှစ်တစ်ထောင်က သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ လှည့်လည်သွားလာခဲ့စဉ် သူတို့သည် ဤဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူကို အဝေးကနေ အမှန်တကယ်တွေ့မြင်ခဲ့ဖူးကြောင်း သူမက ရုတ်တရက်သတိရသွားသည်။

သို့သော်လည်း ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူက သူတို့ကို ထိုစဉ်တုန်းက လျစ်လျူရှုခဲ့သည်။

အစကတော့ ဤဓားကျင့်ကြံသူသည် မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး သူတို့အပေါ် အထင်အမြင်သေးသောကြောင့်ဖြစ်သည်ဟု တွေးမိခဲ့သည်။

ယနေ့ ဆိုးယုတ်အပြစ်သားဓားကျင့်ကြံသူနှစ်ဦး၏ စကားကိုကြားရချိန်ပြီးနောက် ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူက သူတို့ကို တမင်သက်သက်လွှတ်ပေးခဲ့ကြောင်း သိရှိလိုက်ရသည်။

ဒါက ဘာသဘောလဲ။

လင်းရွှင်ကျန်း၏ မျက်လုံးအနက်ပိုင်းထဲတွင် တွေဝေရှုပ်ထွေးသော အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာခဲ့သည်။

“ပြန်လာခဲ့ကြ”

ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူက ထပ်မံ၍ ရှင်းပြမနေဘဲ သက်ပြင်းသာချလိုက်၏။

ဓားကျင့်ကြသူဆယ်ဦးကျော်က ဆူဇီမိုနှင့် လင်းရွှင်ကျန်းကို ပြင်းထန်သောရန်လိုစိတ်နှင့်အတူ မကျေမချမ်းကြည့်လိုက်ကြ၏။

သို့သော်လည်း သူတို့က ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူ၏ စကားကို မနာခံဘဲမနေဘဲ ဖြည်းဖြည်းချင်းနောက်သို့ ဆုတ်ခွာသွားကြသည်။

ထိုသို့ဖြင့် တိုက်ပွဲက ဖြစ်ပွားမလာတော့ပေ။

ဆူဇီမိုက ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူ၏ နောက်ကျောကိုကြည့်ကာ သူ၏ ရင်ထဲမှာ ဖော်မပြတတ်သော ခံစားချက်တစ်ခု ရုတ်တရက်ပေါ်ထွက်လာ၏။ သူသည် ရှေ့သို့တက်လှမ်းပြီး သူနှင့်စကားပြောဆိုချင်လေသည်။

ရွှစ်…

ဖျတ်ခနဲဆို ဆူဇီမိုက ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူရှိရာသို့ လျှောက်လှမ်းသွားသည်။

လင်းရွှင်ကျန်းက ဆူဇီမို၏ ရည်ရွယ်ချက်ကို မသိရှိသော်လည်း သူမက တွေဝေရှုပ်ထွေးစွာဖြင့် ထပ်ကြပ်မကွာလိုက်ပါလာခဲ့လေသည်။

“ဟမ့်”

ယခုတင် နောက်သို့ဆုတ်ခွာသွားသော ဆိုးယုတ်အပြစ်သားဓားကျင့်ကြံသူများ၏ အမူအရာက သုန်မှုန်သွားပြီး ဆူဇီမိုနှင့် လင်းရွှင်ကျန်းကို ကြည့်နေသည်။ သူတို့က သူတို့၏ ဓားများကို နောက်တစ်ဖန် ထုတ်ပြီး အာရုံစူးစိုက်ကာ စောင့်ဆိုင်းနေကြသည်။

“နင်တို့ ဘာလုပ်နေတာလဲ”

“စီနီယာအစ်ကိုက နင်တို့ကို ထွက်ခွာခွင့်ပေးထားပြီးပြီ… ဘာလို့ဒီကို ဆက်လာတာလဲ… အသက်ရှင်ရတာ ငြီးငွေ့နေလို့လား”

အပြစ်သားစိတ်ဝိညာဉ်ဓားကျင့်ကြံသူတချို့က ကျယ်လောင်စွာအော်ငေါက်လိုက်၏။ လင်းရွှင်ကျန်းက လှောင်ရယ်ပြီး အပြစ်သားစိတ်ဝိညာဉ်ဓားကျင့်ကြံသူများကိုကြည့်ကာ ပြောလိုက်၏။

“နောက်ဆုံး ဘယ်သူအသက်ရှင်လျက်ကျန်ခဲ့မလဲဆိုတာ ပြောဖို့ခက်တယ်”

သူမ၏ ကျင့်ကြံမှုနယ်ပယ်အရ သူမသည် သူမရှေ့မှာရှိသော အပြစ်သားစိတ်ဝိညာဉ်ဓားကျင့်ကြံသူများကို လှုပ်ရှားကွက်ဆယ်ကွက်အတွင်း သတ်ဖြတ်နိုင်သည်ဟု ယုံကြည်မှုရှိလေသည်။

“မင်းတို့တွေက သူ့ပြိုင်ဘက်မဟုတ်ဘူး… ဘေးကိုဖယ်နေကြ”

ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူက လင်းရွှင်ကျန်းကို တစ်ချက်ကြည့်ပြီးနောက် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ပြောလိုက်သည်။

ထို့နောက် သူ၏ အကြည့်က ဆူဇီမိုပေါ် ဆင်းသက်ရောက်ရှိသွားပြီး မသိမသာမျက်မှောင်ကြုတ်ကာ အတန်ကြာအောင်ရပ်တန့်နေ၏။

အပြင်လောကမှ အမျိုးသမီးဓားကျင့်ကြံသူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားလောက်ပြီကို သူက ပြောနိုင်သည်။

အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်အမျိုးသားကတော့ ထူးခြားလေသည်။ သူသည် ဗလာနယ်ဝိညာဉ် ပကတိဧကနယ်ပယ်မှာသာရှိသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် ထိုနယ်ပယ်မှာ လူတစ်ယောက်က ဘယ်လောက်ပင် ပါရမီအရည်အချင်းရှိသည်ဖြစ်စေ သူတို့ထုတ်ဖော်နိုင်သည့် တိုက်ခိုက်ရည်ခွန်အားက အကန့်အသတ်ရှိသည်။

သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူသည် ဤလူကို ထွင်းဖောက်၍မမြင်နိုင်ဟု ခံစားနေရသည်။

အပြစ်သားစိတ်ဝိညာဉ်ဓားကျင့်ကြံသူများက လမ်းဖယ်ပေးလိုက်ကြသည်။ သို့သော်လည်း သူတို့က ဆူဇီမိုနှင့် လင်းရွှင်ကျန်းကို စိုက်ကြည့်နေဆဲဖြစ်ပြီး အချိန်မ‌ရွေးတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေကြသည်။

အမျိုးသား၏ ဘေးသို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုက ကျောက်တုံးပေါ်မှာ သာမန်ကာလျှံကာ ထိုးစိုက်ထားသည့် သံချေးတက်နေသောဓားကို တစ်ချက်ကြည့်ကာ အဲဒါကို ဆွဲယူကြည့်လိုက်၏။

“ဒီဓားက နဲနဲအိုဟောင်းနေပြီ”

ဆူဇီမိုက ပြောလိုက်သည်။

ဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူက ပြန်ဖြေလိုက်၏။

“အဲဒါကို သတ်ဖြတ်ဖို့အတွက် အသုံးပြုနိုင်နေသေးသရွေ့ အဆင်ပြေပါတယ်။”

All Chapters