← Chapters

မျှားခေါ်ထုတ်ခြင်း

Vol. 191 Ch. 2857

မျှားခေါ်ထုတ်ခြင်း

Vol. 191 Ch. 2857

“ဆူကျူး”

ဖီးနစ်မင်းသားက ပြောလိုက်သည်။

“ငါတို့နှစ်ယောက်က ရန်သူတွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ အမြဲတမ်းပူးပေါင်းနေကျပဲ… ငါတို့ရင်ဆိုင်နေရတာက လူတစ်ယောက်ပဲဖြစ်ဖြစ်.. လူနှစ်ယောက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် လူဆယ်ယောက်ပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က အဲဒါကို ပူးပေါင်းဖြေရှင်းရမှာပဲ”

“အမှန်ပဲ”

ဖီးနစ်မင်းသမီးက ထပ်ပြောလိုက်သည်။

“နင်က ဒီကိစ္စမှာ ကြားဝင်စွက်ဖက်လိုတယ်ဆိုရင် လုံလီနဲ့ ပူးပေါင်းလိုက်… ငါတို့ဘက်ကတော့ ငါတို့နှစ်ယောက်ပဲ”

သူတို့နှစ်ယောက်သည် ဤစကားနှင့်ပတ်သက်၍ ပေါက်တတ်ကရပြောဆိုနေခြင်း တကယ်ပင်မဟုတ်ပေ။

သူတို့နှစ်ယောက်သည် ငယ်ရွယ်စဉ်ကတည်းက အတူပူးပေါင်းကျင့်ကြံခဲ့ပြီး စိတ်ချင်းဆက်နေကြသည်။

သူတို့နှစ်ယောက်၏ ပူးပေါင်းမှုနှင့် အလိုအလျောက်နားလည်မှုသည် သူတို့တစ်ယောက်ချင်းစီထက် များစွာသာလွန်သော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်စေသည်။

အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဦးက ပူးပေါင်းမည်ဆိုလျှင်တောင် သူတို့အပေါ် အသာစီးရရှိနိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။

“အော်… အဲလိုလား”

ဆူဇီမိုက ပြုံးလိုက်သည်။

“ငါက တာအိုရောင်းရင်းလုံလီနဲ့ ပတ်သက်မှုရှိတယ်… ငါတို့က ဒီနေ့ ဒီနေရာမှာ လာဆုံမည်ဆိုမှတော့ ငါက မင်းတို့ရဲ့ အစွမ်းအစတွေကို တွေ့ကြုံခံစားဖို့ အခွင့်ကောင်းပဲ”

အစကတော့ လင်းရွှင်ကျန်းသည် ဆူဇီမိုနှင့် ပူးပေါင်းတိုက်ခိုက်လိုလေသည်။ သို့သော်လည်း ဆူဇီမိုက ဘေးတိုက်တစ်ချက်ကြည့်ပြီးနောက် အသံနှိမ့်ကာ ပြောလိုက်၏။

“နောက်ပြီးကျရင် လုံလီကို ဂရုစိုက်ပေးလိုက်… အနီးနားမှာ ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေများလာပြီ… သူတို့တွေက အခြေအနေအပေါ် အမြတ်ထုတ်လာနိုင်တယ်”

လင်းရွှင်ကျန်းသည် သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်၍ စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။

တကယ်ပင်..။

သူတို့နှစ်ယောက်သည် ဤနေရာရှိ ရုတ်ရုတ်သဲသဲအခြေအနေကြောင့်် ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော်လည်း ဤနေရာကို တဖြည်းဖြည်းစုဝေးရောက်ရှိလာသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များကလည်း များပြားလာခဲ့ပြီဖြစ်သည်။ သူတို့က အနီးနားမှာ ပုန်းကွယ်နေပြီး အငမ်းမရမျက်လုံးများဖြင့် ချောင်းမြောင်းကြည့်ရှုနေကြသည်။

အနီးနားဝန်းကျင်မှာရှိသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ အရေအတွက်က ဆက်လက်၍ တိုးလာနေသည်။

လုံလီ၏ ဘက်မှာတော့ လူဆယ်ဦးသာရှိပြီး သူတို့အားလုံးက ဒဏ်ရာများရရှိထားကြသည်။

လုံလီက သူမ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ယခုတင်ထုတ်ဖော်ထားခါစဖြစ်ပြီး သူမ၏ အကြီးမားဆုံးမှီခိုအားထားရာကို ဆုံးရှုံးထားခြင်းနှင့်တူလေသည်။ သူမက ဤမျှများပြားသော ဆိုးယုတ်မိစ္ဆာနှင့် အပြစ်သားစိတ်ဝိညာဉ်များ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူမက အန္တရာယ်အချို့နှင့် တကယ်ပင် ကြုံတွေ့ရနိုင်သည်။

“ဒါပေမဲ့… ရှင်တစ်ယောက်တည်းဆိုရင်”

သို့သော်လည်း လင်းရွှင်ကျန်းက ဆူဇီမိုကို စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

သူမက လုံလီနှင့် အခြားသူများကို ကာကွယ်ပေးမည်ဆိုလျှင် ဆူဇီမိုသည် ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီး၏ ပူးပေါင်းတိုက်ခိုက်မှုကို တစ်ယောက်တည်းရင်ဆိုင်ရတော့မည်ဟု ဆိုလိုလေသည်။

ပကတိစိတ်ဝိညာဉ်များကြားမှာ သူတို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုက ခုခံဖို့ အခက်ခဲဆုံးဖြစ်သည်။

“မပူပါနဲ့”

ဆူဇီမို၏ လေသံက တည်ကြည်ခိုင်မာနေပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“သူတို့နှစ်ယောက်က ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး”

လင်းရွှင်ကျန်းက ဆူဇီမို၏ စိတ်လက်ပေါ့ပါးသည့်အသံကို ကြားရသည့်အခါ သူမက အနည်းငယ်စိတ်သက်သာရာရသွားသည်။ သူမက ခေါင်းညိတ်ပြပြီး လုံလီရှိရာဘက်သို့ ပြေးထွက်သွားသည်။

“အစ်ကိုဆူကျူး… သူတို့ရဲ့လက်နက်တွေကို သတိထားဦး”

ထိုစဉ်မှာပင် လုံလီ၏ သတိပေးသံက ပေါ်ထွက်လာ၏။

“ဖီးနစ်မင်းသားမှာ သန်မာတဲ့ ကိုယ်ကာယနဲ့ သွေးချီရှိတယ်… သူက ဖီးနစ်ငှက်မွေးလှံကို သုံးပြီး အနီးကပ်တိုက်ခိုက်ရည်မှာ တော်တယ်… ဖီးနစ်မင်းသမီးက ဖီးနစ်အရိုးလေးနဲ့ ဖီးနစ်ငှက်မြားတွေကိုကိုင်ဆွဲပြီး အဝေးကနေ အားနည်းချက်ကိုရှာတယ်… သူက တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ရပ်ကို စောင့်ဆိုင်းနေလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

ဇီ… ဇီ… ဇီ…

ဆူဇီမိုသည် ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့နှင့် အလ္လာပသလ္လာပပြောဆိုမနေပေ။ သူ၏လက်ကိုမြှောက်ပြီး သူ၏လက်ညှိုးဓားကိုသုံးကာ သူတို့နှစ်ယောက်ရှိရာဘက်သို့ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှစ်ခုကို ပစ်ထုတ်လိုက်၏။

“ဟမ်း”

အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးအနေဖြင့် ဖီးနစ်မင်းသားသည် ဆူဇီမိုအရင်စတင်တိုက်ခိုက်လာသည်ကိုတွေ့မြင်သောအခါ သူကလည်း လုံးဝထိန်ချန်ငဲ့ကွက်မနေပေ။ သူက မီးတောက်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဆူဇီမိုရှိရာသို့ ပစ်ဝင်လာခဲ့သည်။

ရွှစ်…

ဖီးနစ်ငှက်မွေးလှံက ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းပြီး လေထုကို ဆုတ်ဖြဲကာ ဖီးနစ်အော်သံများနှင့်အတူ ဆူဇီမို၏ ဦးခေါင်းရှိရာသို့ ထိုးစိုက်လာခဲ့သည်။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။ သူက နောက်ဆုတ်၍ ရှောင်တိမ်းတော့မည့်ဆဲဆဲမှာပင် သူ၏ အာရုံခံသတိစိတ်က သူ့ကို သတိပေးလာခဲ့သည်။

“အမ်”

ဆူဇီမိုက သူ၏ မျက်ဝန်းထောင့်ကနေ တစ်ချက်လှမ်းကြည့်လိုက်၏။

ခပ်လှမ်းလှမ်းမှာ ဖီးနစ်မင်းသမီးသည် လေထဲမှာ မတ်တတ်ရပ်ပြီး သူမလက်ထဲရှိ ဖီးနစ်အရိုးလေးကို အပြည့်အဝ ဆွဲတင်ထားပြီဖြစ်သည်။ ဖီးနစ်ငှက်မွေးမြားက လေးကြိုးပေါ်မှာ ရောက်ရှိနေပြီဖြစ်ပြီး ဆူဇီမိုကို ချိန်ရွယ်ထားသည်။

အတိအကျဆိုရလျှင် ဖီးနစ်မင်းသမီးသည် ဆူဇီမို၏ ထွက်လမ်းကို ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။ မြားကို ပစ်လွှတ်လိုက်သည်နှင့် ၎င်းသည် သူ၏ ထွက်လမ်းကို ပိတ်ဆို့လိုက်ပေလိမ့်မည်။

“သူတို့နှစ်ယောက် တကယ်ကို စိတ်ချင်းဆက်နေတာပဲ... သူတို့က ဒီလောက်အတိုင်းအတာအထိ ပူးပေါင်းတိုက်ခိုက်နိုင်တယ်ဆိုတာ တကယ့်ကို ချီးကျူးစရာပဲ”

ဆူဇီမို၏ စိတ်ထဲ အတွေးတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။ သို့သော်လည်း သူ၏ လှုပ်ရှားမှုကို မပြောင်းလဲလိုက်ပေ။ သူက နောက်သို့ဆုတ်ခွာ၍ ဖီးနစ်ငှက်မွေးလှံ၏ အထက်ရှဆုံးအနားစောင်းကို ရှောင်တိမ်းလိုက်ဆဲဖြစ်သည်။

ရွှစ်…

နီရဲနေသော မီးတောက်တစ်ခုက လေထုကို ဆုတ်ဖြဲပြီး လေထဲမှာ လောင်ကျွမ်းရာအမှတ်အသားတစ်ခုကို ကျန်ရစ်ခဲ့စေသည်။

ဖီးနစ်မင်းသမီးက ဤအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။

ဖီးနစ်ငှက်မွေးမြားက ဆူဇီမို၏ ထွက်လမ်းကို ပိတ်ဆို့လိုက်ပြီဖြစ်သည်။

ဆူဇီမိုက နောက်သို့ဆုတ်ခွာသည်နှင့်အမျှသူသည် ဖီးနစ်ငှက်မွေးမြားနှင့် သေချာပေါက် ထိခတ်ခံရပေလိမ့်မည်။

သူတို့နှစ်ဦးကြား ပူးပေါင်းတိုက်ခိုက်မှုသည် သူတို့၏ အရိုးများထိ စိမ့်ဝင်နေခဲ့ပြီဖြစ်သည်။ တကယ်ဆို… သူတို့သည် ခန္ဓာကိုယ်တစ်ခုတည်း မွေးဖွားလာပြီး အဲဒါကို မျှဝေယူထားသည့်အလား ဆက်သွယ်ပြောဆိုနေစရာပင် မလိုပေ။

ဆူဇီမိုက နောက်သို့ဆုတ်ခွာနေဆဲဖြစ်သည်။ သို့သော်လည်း သူက ဖီးနစ်ငှက်မွေးမြား၏ အထက်ရှဆုံးအနားစောင်းကို ရှောင်တိမ်းပြီးနောက် သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ ဖီးနစ်ငှက်မွေးလှံ၏ ဘေးတစ်ဖက်ကို ညင်သာစွာရိုက်ပုတ်လိုက်၏။

ဆူဇီမိုသည် ထိုလက်ဝါးရိုက်ချက်မှာ သူ၏ သွေးချီကို အသုံးမပြုဘဲ သူ၏ ခွန်အားတစ်ဝက်ကိုသာ သုံးခဲ့လေသည်။

သို့သော်လည်း ၎င်းသည် ဖီးနစ်ငှက်မွေးမြား၏ မူလလမ်းကြောင်းကို သွေဖယ်သွားစေဖို့ လုံလောက်သည်။

ဖီးနစ်ငှက်မွေးလှံက ဆတ်ခနဲတုန်ခါသွားပြီး အနည်းငယ်သွေဖယ်ကာ ဆူဇီမို၏ ဘေးကနေ ဖြတ်သွားသည်။

တစ်ချိန်တည်းမှာပင် ဖီးနစ်ငှက်မွေးမြား၏ မီးတောက်များက ဆင်းသက်လာပြီး ဖီးနစ်ငှက်မွေးလှံ၏ အဖျားကို တန်းတန်းမတ်မတ်ထိခတ်သွား၏။

ချွင်…

သန့်စင်ယန်စိတ်ဝိညာဉ်ရတနာနှစ်ခုဖြစ်သော ဖီးနစ်ငှက်မွေးမြားနှင့် ဖီးနစ်ငှက်မွေးလှံက ဆူဇီမို၏ ဘေးမှာ ကျယ်လောင်သော မြည်သံဖြင့် ထိတွေ့ရိုက်ခတ်ပြီး မီးတောက်များက တလိပ်လိပ်ထိုးတက်လာသည်။

သန့်စင်ယန်စိတ်ဝိညာဉ်ရတနာနှစ်ခုသည် သူတို့၏ အသန်မာဆုံးခွန်အားကို ထုတ်ဖော်လိုက်သောလည်း ဆူဇီမိုကို လုံးဝထိခိုက်စေခြင်း မရှိပေ။

ထိုအစား ဆူဇီမိုသည် သူတို့၏ ခွန်အားကို အသုံးချကာ ဤတိုက်ခိုက်မှုကို လက်တစ်လုံးကြား ဖြေရှင်းလိုက်သည်။

ဖြစ်စဉ်တစ်ခုလုံးက လျှပ်တပြက်အတွင်း ဖြစ်ပွားခဲ့သည်။ အဲဒါက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ဆူဇီမို၏ အခြေအနေပေါ် တိကျသည့် ထိန်းချုပ်မှုနှင့် အချိန်ကိုက်လှုပ်ရှားမှုကို ပြသပေးနေသည်။

“ဟားဟား…”

ဆူဇီမိုက ရယ်မောပြီး သူလာရာလမ်းအတိုင်း ဆက်လက်ဆုတ်ခွာသွားလေသည်။

သူက ခေါင်းခါပြလိုက်၏။

“ဆိုတော့… ဖီးနစ်မင်းသားနဲ့ ဖီးနစ်မင်းသမီးရဲ့ ပူးပေါင်းတိုက်ခိုက်မှုဆိုတာ ဒါပဲလား”

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးသည် ဤကဲ့သို့သော ရန်စစော်ကားမှုကို ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဖူးဘဲ ဒေါသချောင်းချောင်းထွက်သွားရသည်။ ဖီးနစ်မင်းသား၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူက ဆူဇီမိုထံသို့ ဖီးနစ်ငှက်မွေးလှံနှင့်အတူ နောက်တစ်ဖန်ပြေးဝင်လာ၏။

ဖီးနစ်မင်းသမီးကလည်း သူမ၏ ဖီးနစ်အရိုးလေးကိုဆွဲတင်ပြီး ထပ်ကြပ်မကွာလိုက်ပါလာသည်။ ဆူဇီမိုနှင့် ခပ်လှမ်းလှမ်းကနေ လိုက်ပါလာပြီး သူမက သူ့ကို မမှိတ်မသုန်စိုက်ကြည့်ကာ သေစေနိုင်သောမြားချက်ကို အချိန်မရွေးပစ်လွှတ်ဖို့ အဆင်သင့်ဖြစ်နေသည်။

သို့သော်လည်း ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်ဆန်ပြီး ပေါ့ပါးဖျတ်လတ်နေသည်။

သူ၏ နောက်ဘက်မှာ ဆန်းကြယ်တောင်ပံတစ်စုံ ပေါ်ထွက်လာ၏။ သူ၏ တည်နေရာက အပြောင်းအလဲမြန်ပြီး ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးသည် တစ်ခဏအတွင်း သူ့ကို မပိတ်ဆို့နိုင်ကြပေ။

ဖီးနစ်မင်းသားသည် ဆူဇီမိုက သူတို့နှင့်တိုက်ခိုက်ခြင်းမရှိသည်ကို တွေ့ရသောအခါ သူတို့က စိတ်ထဲမှာ ကသိကအောက် ခံစားလာရပြီး လှောင်ပြောင်လိုက်၏။

“ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်က တစ်ခါတုန်းက ကောင်းကင်ဘုံမျက်လုံးကမ္ဘာက ပကတိစိတ်ဝိညာဉ်ဆယ်ဦးကို ဓားချက်တစ်ချက်နဲ့ တစ်ဦးတည်းသတ်ဖြတ်ခဲ့တယ်လို့ ငါကြားထားတာ သူက အတော်လေးအစွမ်းအစရှိတာပဲလို့ ငါထင်နေတာ”

“ဒီနေ့ မင်းကို တွေ့ပြီးမှပဲ… ငါက အကြီးကြီးစိတ်ပျက်သွားရတော့တယ်… လက်စသတ်တော့ မင်းက ခေါင်းကိုကွယ်ပြီး သုတ်သီးသုတ်ပျာ ပြေးဖို့ပြသိတဲ့ ငကြောက်တစ်ကောင်ပဲ”

“ဆူကျူး… နင်က ဓားတာအိုကို ကျင့်ကြံထားတာ ရှေ့ကိုပဲ တက်လှမ်းသင့်တယ်… နင်က ဘာလို့ ထပ်တလဲလဲ နောက်ကို ဆုတ်နေရတာလဲ”

ဖီးနစ်မင်းသမီးကလည်း အော်ငေါက်လိုက်၏။

ဆူဇီမိုက ပြန်မဖြေဘဲ သူ၏ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့အပြုံးတစ်ခုသာရှိနေသည်။

ထိုအချိန်တိုအတွင်းမှာ သူတို့သုံးဦးသည် ပြေးရင်းလိုက်ရင်းနှင့် နောက်ထပ်တိုက်ပွဲနယ်မြေတစ်ခုအနားသို့ လျင်မြန်စွာ ချဉ်းကပ်လာနေကြသည်။

ထိုအချိန်အတောအတွင်း ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ ပကတိစိတ်ဝိညာဉ်ပညာရှင်များသည် လောကျွင်းနှင့် အခြားသော အပြစ်သားစိတ်ဝိညာဉ်ဓားကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြဆဲဖြစ်သည်။

ပိုးမွှားကမ္ဘာ၊ ကြွက်ကမ္ဘာနှင့် ပုရွက်ဆိတ်ကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညဉ်များသည် သူတို့ဘက်မှ ပြင်းထန်သည့် သေကြေပျက်စီးမှုများကို တွေ့မြင်သည့်အခါ သူတို့၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ဖို့ ပြင်ထားပြီဖြစ်သည်။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသုံးခုနှင့်အတူ သူတို့သည် ဤဖျင်ကြမ်းအင်္ကျီဝတ်ဓားကျင့်ကြံသူကို မသတ်ဖြတ်နိုင်ဘူးဟု သူတို့သုံးယောက်က မယုံကြည်ပေ။ ထိုစဉ်မှာပင် ဆူဇီမိုသည် ရုတ်တရက်ရပ်တန့်လိုက်ပြီး ကောင်းကင်ဘုံခြေလှမ်း၊ ကန့်သတ်မဲ့ရွှေအလင်းနှင့် အခြားသော လှုပ်ရှားမှုနည်းစနစ်များကို ထုတ်ဖော်လိုက်၏။ သူက ထပ်မံ၍ အရှိန်တင်ပြီး ဖီးနစ်မင်းသမီးရှိရာသို့ ပြေးဝင်သွားလေသည်။

ဖီးနစ်မင်းသား၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။

သူနှင့်ယှဉ်လျှင် ဖီးနစ်မင်းသမီးက အနီးကပ်တိုက်ခိုက်ရည်မှာ မတော်ပေ။

ဖီးနစ်မင်းသမီး၏ ဖီးနစ်အရိုးလေးနှင့် ဖီးနစ်ငှက်မွေးမြားကတော့ သူတို့သည် အနီးကပ်တိုက်ခိုက်ရည်မှာ သူတို့၏ စွမ်းပကားအပြည့်အဝကို မထုတ်ဖော်နိုင်ပေ။

ရွှစ်…

ဖီးနစ်မင်းသမီးက ဆူဇီမိုပြေးဝင်လာသည်ကို တွေ့မြင်သောအခါ သူမက ပျာပျာသလဲဖြင့် နောက်ထပ်မြားတစ်စင်းကို ပစ်လွှတ်လိုက်၏။ သို့သော်လည်း ဆူဇီမိုက အဲဒါကို အလွယ်တကူရှောင်တိမ်းလိုက်သည်။

ထိုအကွာအဝေးမှာ သူမသည် ဤမြားတစ်စင်းကိုသာ ပစ်လွှတ်ဖို့အခွင့်အရေးရလေသည်။

သူမက ဒုတိယမြောက် ဖီးနစ်ငှက်မွေးမြားကို ဆွဲမတင်နိုင်ခင် ဆူဇီမိုက အနားကို ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။ သူ၏ အနက်ရောင်ဆံပင်က လွင့်နေပြီး သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ ဖြစ်သည်။ သူသည် သူမကို နှစ်ပိုင်းခုတ်ဖြတ်လိုသည့် ထုတ်ဖော်ထားသော ဓားတစ်လက်နှင့်တူလေသည်။

All Chapters