← Chapters

စိတ်အာရုံများ၏ ဗဟိုချက်

Vol. 191 Ch. 2861

စိတ်အာရုံများ၏ ဗဟိုချက်

Vol. 191 Ch. 2861

ကြည့်ရသည်မှာ ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့က သိသိသာသာဒဏ်ရာရရှိထားသည်။

သူတို့သည် စီးပိုးခြယ်လှယ်နိုင်သော တိုက်ခိုက်ရည်ခွန်အားကိုထုတ်ဖော်ပြီး ရန်သူများကို တိုက်ထုတ်ခဲ့သော်လည်း သူတို့က သူတို့၏ ရင်ထဲရှိ အမျက်ဒေါသကို ဖွင့်ထုတ်ခြင်းမျှသာဖြစ်သည်မှာ သိသာလေသည်။

အဝေးကနေ ပျံသန်းလာသော ဆူဇီမိုကတော့ သူသည် အစိမ်းရောင်ဝတ်ရုံကို သေသပ်စွာဝတ်ဆင်ထားပြီး သူ၏ အမူအရာက တည်ငြိမ်နေ၏။ သူ၏ အသက်ရှုသံက ပုံမှန်သာဖြစ်ပြီး ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့ထက် သူ၏ အခြေအနေက များစွာပိုမိုကောင်းမွန်သည်မှာ သိသာလေသည်။

“အစ်ကိုဆူကျူး နိုင်သွားပြီဟေ့”

လုံလီက သူမ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ထားပြီး စိတ်လှုပ်ရှားတက်ကြွနေ၏။

“သူက သူ့ရဲ့အနှိုင်းမဲ့စွမ်းအားကို အသုံးပြုခဲ့တာပဲ”

လင်းရွှင်ကျန်းက အနည်းငယ်စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။

“စောစောက အင်​မော်တယ်နှိမ်နင်းဓားရဲ့ ထက်ရှမှု ထွက်ပေါ်လာတာကို ကျွန်မအာရုံခံမိခဲ့တယ်”

သူမ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် အင်မော်တယ်နှိမ်နင်းဓားကို ကြိုတင်ထုတ်ဖော်ခဲ့မည်ဆိုလျှင် ရှယင်နှင့် ရင်ဆိုင်သည့်အခါ သူရှင်သန်နိုင့်မည့်အခွင့်အရေးက ပို၍ပင် နိမ့်ကျသွားပေလိမ့်မည်။

အဲဒါသည် သူ၏ အကြီးမားဆုံးဝှက်ဖဲကို ကြိုတင်အသုံးပြုထားခြင်းနှင့်တူလေသည်။

“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ငါ တကယ်ပဲသုံးခဲ့တယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူက ခဏမျှရပ်တန့်ပြီး ပြောလိုက်၏။

“ဒါပေမဲ့ အင်မော်တယ်နှိမ်နင်းဓားကိုထုတ်ဖော်ခဲ့တဲ့သူကတော့ ငါမဟုတ်ဘူး”

“ဟမ်”

လင်းရွှင်ကျန်းက ဒွိဟဖြစ်သွားပြီး အလိုလိုမေးလိုက်၏။

“တောင်ထွတ်သခင်.... ရှင်နဲ့ကျွန်မကလွဲရင် အခြားဘယ်သူကများ...”

သူမစကားမဆုံးသေးခင်မှာပင် သူ၏ စိတ်ထဲသို့ ပုံရိပ်တစ်ခုက ရုတ်တရက်ဖျတ်ခနဲဝင်ရောက်လာ၏။

ဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူလောကျွင်း။

သို့သော်လည်း သိပ်မကြာခင် လင်းရွှင်ကျန်းက အဲဒါနှင့်ပတ်သက်၍ စဥ်းစားတွေးတောပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“အင်မော်တယ်နှိမ်နင်းဓားက ဧကရာဇ်အင်မော်တယ်နှိမ်နင်း ဖန်တီးခဲ့တဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုပဲ”

“ဒါပေမဲ့... သူက အပြစ်သားကုန်းမြေမှာ အမြဲတမ်းအကျဥ်းချခံထားရတာ.... သူက အဲဒါကို ဘယ်လိုလုပ်ပြီး နားလည်ဆင်ခြင်နိုင်ခဲ့တာလဲ”

“အဲဒါအတွက် နည်းလမ်းတွေအများကြီးရှိတယ်”

ဆူဇီမိုက ပြောလိုက်သည်။

“ဒီလူ့ရဲ့ ပါရမီအရည်အချင်းအရဆို သူက အင်မော်တယ်နှိမ်နင်းဓားရဲ့ ဓမ္မတာအိုတွေ့မြင်ပြီး သူ့ရဲ့ ဓားစိတ်စန္ဒကို အာရုံခံမိမယ်ဆိုရင် သူက သူကျင့်ကြံထားတဲ့ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ပေါင်းစပ်ပြီး အဲဒါကို နားလည်ဆင်ခြင်နိုင်ဖို့ အခွင့်အရေးရှိတယ်”

“ပကတိဧကကောင်းကင်ဘုံကပ်ဘေးရဲ့ နဝမအဆင့်မှာ သူက အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်မယ့် အခွင့်အရေးလည်းရှိတယ်”

အရင်တုန်းက ယွင်ထင်သည် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ပေါ်မှီခို​ပြီး အင်မော်တယ်နှိမ်နင်းဓားရဲ့ အစစ်အမှန်သဘောတရားကို နားလည်ဆင်ခြင်မိခဲ့သည်။

“တောင်ထွတ်သခင်... ဒါဆိုသူက...”

လင်းရွှင်ကျန်း၏ ရင်ထဲမှ အလွန်တရာလေးနက်သောမေးခွန်းတစ်ခုရှိနေသည်။

“ငါတို့ ဓားကမ္ဘာကိုပြန်ရောက်မှပဲ အဲဒီအကြောင်းကို ပြောကြတာပေါ့”

ဆူဇီမိုက ညင်သာစွာခေါင်းခါပြလိုက်သည်။

သူတို့သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ရောက်ရှိနေပြီး မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေကြသည်။ ဤအကြောင်းကို ဤနေရာမှာပြောဆိုဖို့က မသင့်လျော်ပေ။

လူတိုင်းက သူတို့ကိုယ်သူတို့ ပြန်လည်ပြင်ဆင်ပြီးနောက် ဆိုယုတ်မိစ္ဆာတိုက်ပွဲမြေ၏ ဧရိယာ-၇သို့ ထွက်ခွာလာကြလေသည်။

တစ်ချိန်တည်းမှာပင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ နေရာတိုင်းမှာရှိသော ပကတိစိတ်ဝိညာဥ်ပညာရှင်များက ဧရိယာ-၇သို့ တစ်ပြိုင်နက်တည်း ဦးတည်လာရောက်နေကြသည်။

အမျိုးမျိုးသော ဧရိယာများမှ ပကတိစိတ်ဝိညာဥ်ပညာရှင်များစွာကြား တိုက်ခိုက်မှုများရှိခဲ့သော်လည်း သူတို့အများစုက သာမန်ကာလျှံကာမျှသာဖြစ်ပြီး ဧရိယာ-၇မှာရှိသောတိုက်ပွဲကို စောင့်ကြည့်လိုသည့်အတွက် ကြီးမားသောတိုက်ပွဲများ ဖြစ်ပေါ်မလာခဲ့ပေ။

ဤထူးခြားသောဖြစ်စဥ်က ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များစွာကိုပင် ဆွဲဆောင်မိလာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ”

မသဲကွဲသော မျက်နှာသွင်ပြင်နှင့် အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီး အမှောင်ထုထဲမှာ ပုန်းကွယ်နေသည့် အပြစ်သားစိတ်ဝိညာဥ်တစ်ဦးက မေးလိုက်သည်။

သူ၏ ဘေးပတ်လည်မှာ ဝတ်စားဆင်ယင်မှုဆင်တူသော အပြစ်သားစိတ်ဝိညာဥ်များစွာရှိနေပြီး သူ့ကိုဗဟိုပြုကာ ဝိုင်းပတ်ထားကြသည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှတစ်ဦး အမှောင်ဧက။

“စီနီယာအစ်ကို”

အပြစ်သားစိတ်ဝိညာဥ်တစ်ဦးက ပြောလိုက်သည်။

“အန္တိမပကတိစိတ်ဝိညာဥ်နှစ်ဦးက ဧရိယာ-၇မှာ တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်ထားတယ်လို့ ကျုပ်ကြားတယ်.... သူတို့ထဲကတစ်ယောက်က ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ကပဲ.... နောက်တစ်ယောက်ကတော့ ဓားကမ္ဘာကပဲ”

“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးလား”

အမှောင်ဧကက တီးတိုးရေရွတ်လိုက်၏။

“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ရှန့်မုန်က သေသွားခဲ့ပြီ... အခုရောက်လာတာ​က ရှယင်လား”

“ဟုတ်တယ်... သူပဲ”

အပြစ်သားစိတ်ဝိညာဥ်က ပြောလိုက်သည်။

“ရှယင်နဲ့တိုက်ခိုက်မယ့်သူက လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ရှန့်မုန်ကိုသတ်ဖြတ်ခဲ့တဲ့သူပဲ... သူ့နာမည်က ဆူကျူးထင်တယ်”

“စိတ်ဝင်စားစရာပဲ”

အမှောင်ဧကက တီးတိုးရေရွတ်လိုက်၏။

“ငါတို့က ဒီလိုကြီးမားတဲ့တိုက်ပွဲတစ်ခုကို လက်လွှတ်ရမယ်ဆိုရင် နှမြောစရာပဲ”

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ ဧရိယာ-၁ မှာ ...။

အနက်ရောင်ဝတ်အမျိုးသမီးတစ်ဦးက သူမ၏ ကျောထက်မှာ ဓားတစ်လက်ကိုလွယ်ထားပြီး သူမ၏ လက်ထဲမှာ မြင်းမြီးကျာပွတ်တစ်ခု ကိုင်ဆွဲထားသည်။

သူမသည် သူမ၏ လက်အောက်ငယ်သားများထံမှ သတင်းစကားကိုကြားရသောအခါ မျက်မှောင်ကြုတ်လိုက်၏။

“ဧရိယာ-၇ က အန္တိမပကတိစိတ်ဝိညာဥ်နှစ်ဦးကြား တိုက်ပွဲတစ်ပွဲက ဒီလောက်ထိ ရုတ်ရုတ်သဲသဲဖြစ်သွားစေတာလား”

“ငါလည်းတစ်ချက်လောက်သွားကြည့်ဦးမှပဲ”

အနက်ရောင်ဝတ်အမျိုးသမီးက ထွက်ခွာသွားသည်။

ထိုအမျိုးသမီးသည် အနက်ရောင်ရောင်ဝတ်အမျိုးသမီးဟု အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သက်ရှိများခေါ်ဝေါ်သော မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။

ရုတ်တရက်... ဧရိယာ-၅ မှာ။

တောင်ကြောရိုးတစ်ခုက ပေါက်ကွဲထွက်သွားပြီး လက်ထဲမှာ ကျောက်သားတောင်ဝှေးတစ်ချောင်းကိုင်ဆွဲထားသည့် အရပ်ရှည်ရှည်နှင့်ဗလာတောင့်တောင့်ပုံရိပ်တစ်ခုက ခုန်ထွက်လာခဲ့သည်။ သူ၏ မျက်လုံးများက နီရဲနေပြီး ထိုသူက နီညိုရောင်မျောက်ဝံဖြစ်သည်။

ဧရိယာ-၁၀ မှာ လေဟာနယ်ထဲ​တွင် လှိုင်းများက တလိပ်လိပ်ထိုးတက်လာ၏။

ယက္ခတစ်ကောင်က ပေါ်ထွက်လာပြီး သွားဖြီးကာ လေဟာနယ်ထဲသို့ နောက်တစ်ဖန်တိုးဝင်ပျောက်ကွယ်သွားသည်။

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးသည် များသောအားဖြင့် ဧရိယာဆယ်ခုမှာ ဖြန့်ကြက်နေရာယူထားကြသည်။

သို့သော်လည်း သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဥ်ပညာရှင်များ၏ မူမမှန်မှုကို အာရုံခံမိသောအခါ မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးသည် စူးစမ်းလိုစိတ်ဖြင့် ဧရိယာ-၇သို့ တစ်ယောက်ပြီးတစ်ယောက် ဦးတည်လာနေကြသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပကတိစိတ်ဝိညာဥ်များနှင့် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များသည် မည်သို့မျှ ညှိနှိုင်းဆွေးနွေး၍မရသော အဖွဲ့အစည်းနှစ်ခုဖြစ်သော်လည်း သူတို့ကြားမှာ ကြီးမားသောတိုက်ခိုက်မှုများစွာ ရှိမလာခဲ့ပေ။

ထိုအစား သူတို့အားလုံးသည် မမြင်ရသောစွမ်းအားတစ်ခုဖြင့် ညှို့ငင်ယူခြင်းခံနေရသည့်အလား ဧရိယာ-၇သို့ အတူတကွဦးတည်နေကြသည်။

ချက်ချင်းပင် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ ဧရိယာ-၇က စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်လာခဲ့သည်။

တိမ်စိုင်များကြားထိ ငွားငွားစွင့်စွင့်မြင့်မားသော တောင်ထွတ်တစ်ခုပေါ်မှာ ရှယင်က တောင်ထွတ်ပေါ်မှာ တစ်ယောက်တည်းမတ်တတ်ရပ်ပြီး အောက်ဘက်သို့ ငုံ့ကြည့်နေ၏။ သူ၏ အနက်နှင့်အဖြူ တာအိုဝတ်ရုံက လေနှင့်အတူ တဖျတ်ဖျတ်လွင့်နေသည်။

သို့သော်လည်း သူ၏ စိတ်နှလုံးက တည်ငြိမ်နေသည်။

သူ၏ အောက်ဘက်မှ တောင်ထွတ်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ ဧရိယာ-၇မှာ အမြင့်မားဆုံးတောင်ထွတ်ဖြစ်သည်။

သူသည် ဤတောင်ထွတ်ပေါ်သို့ ဆင်းသက်လာပြီးကတည်းက ဤနေရာမှာ တခြားမည်သည့်သက်ရှိမှ မရှိတော့ပေ။

သူသည် ဤတောင်ထွတ်၏ နာမည်ကို မသိပေ။

သူက ဂရုလည်းမစိုက်ပေ။

သူသည် အမြင့်မားဆုံးတောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်ပြီး အားနည်းသောထိုဓားကျင့်ကြံသူကို လူတိုင်း၏ ရှေ့မှောက်မှာ အကြည့်တစ်ချက်မျှနှင့် သတ်ဖြတ်ရမည်ကိုသာ သိထားလေသည်။

အနည်းဆုံးတော့ သူ၏ မျက်လုံးထဲမှာ ထိုဓားကျင့်ကြံသူကို ထုတ်ဖော်ပြောဆိုဖို့ မထိုက်တန်ပေ။ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဘုရင်များစွာ၏ ထပ်တလဲလဲတောင်းဆိုမှုကြောင့်မဟုတ်လျှင် သူသည် ထိုဓားကျင့်ကြံသူနှင့် အချီရေအနည်းငယ်ကြာအောင် ကစားမိပေလိမ့်မည်။ သူသည် အထက်စီးကနေကြည့်ပြီး အရာရာတိုင်းကို ထိန်းချုပ်ကာ တစ်ဘက်သူကို နောက်ပြောင်ကျီစယ်ရခြင်းကို နှစ်သက်သဘောကျသည်။

တကယ်တော့ တစ်ဘက်သူကို သေသည့်တိုင်အောင် နင်းခြေသတ်ဖြတ်ရခြင်းကလည်း မဆိုးလှပေ။

ထိုသို့အတွေးဖြင့် သူ့နှာရောင်ပေါ်ရှိ သွေးအမှတ်အသားက အနည်းငယ်ပွင့်သွားပြီး ချောက်ချားစရာကောင်းသောအော်ရာတစ်ခု ထွက်ပေါ်လာ၏။ အဲဒါသည် တမလွန်ဘုံကနေ ရောက်ရှိလာသည့်အလား မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းနေသည်။

“ဒီကောင်းကင်ဘုံမျက်လုံးကိုဖွင့်လိုက်တာနဲ့ သူ့ရဲ့မျက်နှာအမူအရာက ဘယ်လိုဖြစ်သွားမလဲ”

ရှယင်၏ စိတ်ထဲမှာ ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။

သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွှတ်သွားလေသည်။ သူသည် ဓားကျင့်ကြံသူ၏ သေခါနီးဆဲဆဲ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုကို မြင်ယောင်နေသည့်အလား သူ၏ မျက်နှာပေါ်မှာ အေးစက်၍ နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခုရှိနေသည်။

သူသည် လူပေါင်းများစွာ၏ မျက်နှာအမူအရာများကို တွေ့မြင်ခဲ့ဖူးသည်။

ရှယင်၏ မျက်လုံးများက ရွေ့လျားသွားပြီး အဝေးတစ်နေရာသို့ ငေးကြည့်လိုက်၏။

အနီးနားပတ်လည်မှာ လူများစွာရောက်ရှိနေပြီဖြစ်သည်။

တောင်ခြေရင်းမှာ၊ လေထဲမှာ၊ မြက်ပင်များနှင့် တောအုပ်များထဲမှာ။

ထိုနေရာမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဥ်ပညာရှင်များရှိနေသည်။ ထိုနေရာမှာ ပုန်းလျှိုးနေသော အန္တိမပကတိစိတ်ဝိညာဥ်များနှင့် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များပင်ရှိနေသည်။

“အာ”

ရှယင်က သူ၏ လက်ညှိုးကို ဆန့်ထုတ်ပြီး သူ၏ နှာရောင်ပေါ်ရှိ သွေးရောင်အမှတ်အသားကို ညင်သာစွာပွတ်သပ်ကာ ခပ်ယဲ့ယဲ့သက်ပြင်းချလိုက်၏။

“ငါ သူတို့ကို စိတ်ပျက်စေမိတော့မှာပဲ”

“ဒီနေရာမှာ ဘယ်လိုကမ္ဘာတုန်လောက်တဲ့ ထူးခြားအံ့မခန်းတိုက်ပွဲမှရှိလာမှာ မဟုတ်ဘူး.... အဲဒါက တစ်ချီတည်းနဲ့ အဆုံးသတ်သွားမှာ”

ထိုသည်က ရှယင်၏ အတွေးဖြစ်သည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ ဧရိယာ-၇မှာ ပေါ်ထွက်လာသော သက်ရှိများက ပို၍ပို၍များပြားလာသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပကတိစိတ်ဝိညာဥ်ပညာရှင်များက တောင်ထွတ်ပတ်လည် ဧရိယာထက်ဝက်ကျော်ကို သိမ်းပိုက်နေရာယူထားကြလေသည်။ အနောက်ဘက်အရပ်ကိုသာ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဥ်များအတွက် ချန်ပေးထားကြသည်။

ရှယင်နှင့် ဆူဇီမိုကြားတိုက်ပွဲမစတင်ခင် အဖွဲ့အစည်းနှစ်ခုက အကွာအဝေးတစ်ခုမှာထိန်းထားပြီး ကိစ္စများက အတော်လေးတည်ငြိမ်အေးချမ်းနေ၏။

ဓားကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာ၊ ခွန်ကမ္ဘာ၊ ဖန်းကမ္ဘာ၊ အလင်းကမ္ဘာ၊ လူရိုင်းကမ္ဘာ၊ သွေးကမ္ဘာနှင့် အခြားသောထိပ်တန်းကမ္ဘာကြီးများမှ ပကတိစိတ်ဝိညာဥ်များက ရောက်ရှိလာကြသည်။

ပန်းကမ္ဘာ၊ ဘီလူးကမ္ဘာ၊ အဆိပ်ကမ္ဘာ၊ ကြယ်တာရာကမ္ဘာ၊ ဆန်းကြယ်ကမ္ဘာ၊ သက်မဲ့ကမ္ဘာ၊ ဂူသင်္ချိုင်းကမ္ဘာ... စသည်ဖြင့် အဆင့်မြင့်ကမ္ဘာများမှ လူများကလည်း တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြ၏။

သတ္တုကမ္ဘာ၊ သစ်သားကမ္ဘာ၊ လေကမ္ဘာ၊ မိုးကမ္ဘာ၊ မိုးကြိုးကမ္ဘာ၊ ကောင်းကင်ဘုံကင်းမြီးကောက်ကမ္ဘာ၊ ကျောက်စိမ်းဖားပြုပ်ကမ္ဘာ၊ စိတ်ဝိညာဥ်ပနံသင့်ကမ္ဘာ စသည်ဖြင့် အလယ်အလတ်ကမ္ဘာများစွာကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်ရှိလာကြသည်။

ဤနေရာမှာ အဆင့်နိမ့်ကမ္ဘာများမှ လူများစွာလည်းရှိနေသည်။ သူတို့ကြားမှာ အန္တိမပကတိစိတ်ဝိညာဥ်များမရှိသော်လည်း ပကတိစိတ်ဝိညာဥ်ပညာရှင်များစွာက တိုက်ပွဲကိုစောင့်ကြည့်ဖို့ ရောက်လာကြဆဲဖြစ်သည်။

အမြင့်မားဆုံးတောင်ထွတ်မှာ ရှယင်သည် လက်နှစ်ဖက်နောက်ပစ်ပြီး လောကကိုငုံ့ကြည့်နေ၏။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၏ အတွင်းဘက်နှင့် အပြင်ဘက်မှာ လူတိုင်းသည် အာရုံစူးစိုက်ထားကြသည်။ လေပြင်းတစ်ချက်က အော်မြည်တိုက်ခတ်လာပြီး လေထဲမှာသဲများက လွင့်ပျံကာ ကြမ်းကြုတ်ခက်ထန်သောအော်ရာတစ်ခုဖြင့် လောကက ပြည့်နှက်သွားသည်။

ထိုစဥ်မှာပင် မိုးကုပ်စက်ဝိုင်းတစ်နေရာကနေ အစိမ်းရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာလေသည်။

All Chapters