ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်
Vol. 191 Ch. 2863
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ။
ဓားကမ္ဘာမှ လူတိုင်းသည် သုန်မှုန်နေသော အမူအရာဖြင့် တောင်ထွတ်ပေါ်မှ မြင်ကွင်းကို ကြည့်နေကြသည်။
ပန်းကမ္ဘာမှ အင်မော်တယ်ဘုရင်မယိုလန်က မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။
နဂါးဘုရင်မဦးချိုမဲ့က သူမ၏ ခေါင်းကိုခါယမ်းပြီး သက်ပြင်းချလိုက်သည်။
ပြန်ဝင်စားခြင်းမျက်လုံးက အောင်မြင်စွာအသက်ဝင်လာခဲ့ပြီဖြစ်ပြီး ဤတိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာမလိုတော့ပေ။
အခြားကမ္ဘာများမှ ဘုရင်များ၏ မျက်နှာများပေါ်တွင်လည်း တုန်လှုပ်နေသော အမူအရာများ ပေါ်ထွက်လာကြသည်။
သူတို့သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်သော်လည်း သူတို့အများစုသည် ပြန်ဝင်စားခြင်းမျက်လုံး၏ စွမ်းအားကို ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်သည်။
ဓားကမ္ဘာမှ အခြားသူများနှင့်မတူဘဲ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က အော်ဟစ်အားပေးနေကြ၏။
ဘုရင်အေးစက်မျက်လုံးက အူမြူးအားရသောအမူအရာနှင့် သူ၏ ခေါင်းကိုမော့ကာ ရယ်မောလိုက်၏။
ရှယင်စောစောက ပြောခဲ့သောစကားက သူလိုချင်သောအရာ အတိအကျဖြစ်သည်။
အဲဒါက မှန်သည်။ သူသည် ဤတိုက်ပွဲမှာ အားလုံးကို နမူနာယူစေချင်သည်။
ဤသည်က သူတို့၏ စွမ်းပကားကို ထူထောင်ခြင်းဖြစ်သည်။
ရုတ်တရက်ဆိုသလို။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်၏ ဧရာမပိတ်ကားပြင်ကနေတစ်ဆင့် မန်တောင်ထွတ်၌ တိုက်ပွဲမြေမှာ အပြောင်းအလဲတစ်ရပ်ဖြစ်ပွားလာပုံရသည်။
ပြန်ဝင်စားခြင်းမျက်လုံးနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက ချက်ချင်းဝါးမျိုမခံရပေ။
သူက အလျှော့မပေးသေးဘဲ ခုခံဆန့်ကျင်နေဆဲဖြစ်ပုံရသည်။
သူ၏ ပိန်ပိန်ပါးပါးနှင့် အားနည်းပုံရသော ခန္ဓာကိုယ်၏ နောက်ဘက်မှာ ကျောက်စိမ်းဖြူရောင် အစွယ်ရှစ်ချောင်းက ဖြည်းဖြည်းချင်းပေါ်ထွက်လာ၏။ သူတို့က ဝင်းလက်တောက်ပနေပြီး စွမ်းအားကြီးမား၍ လျှို့ဝှက်ဆန်းကြယ်သောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေသည်။
ဆူဇီမို၏ ခွန်အားက လျင်မြန်စွာ မြင့်တက်လာနေ၏။
“နတ်ဆင်အစွယ်တွေ”
ရုတ်တရက် ကောင်းကင်ဘုံဆင်ကမ္ဘာမှ ဘုရင်တစ်ဦးက မျက်မှောင်ကြုတ်ကာ အံ့အားတသင့်ရေရွတ်လိုက်သည်။
ဤအရာသည် သူတို့ ကောင်းကင်ဘုံဆင်မျိုးနွယ်၏ ပင်ကိုယ်နတ်ဘုရားစွမ်းအားဖြစ်ပြီး စုစုပေါင်း အဆင့်လေးဆင့်ရှိလေသည်။
အဲဒီမှာ နတ်ဆင်အစွယ်ရှစ်ချောင်း ရှိနေမည်ဆိုလျှင် အဲဒါသည် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်သို့ ရောက်ရှိနိုင်သည်။
သို့သော်လည်း ဓားကမ္ဘာမှ လူသားတစ်ယောက်က ဤပင်ကိုယ်နတ်ဘုရားစွမ်းအားကို ဘယ်လိုလုပ်ပြီး တတ်မြောက်နေတာလဲ။
“အိုး ဟိုး…”
ဘုရင်အေးစက်မျက်လုံးက မျက်ခုံးအနည်းငယ်ပင့်ပြီး တမင်သက်သက်ကျယ်လောင်စွာ ပြောလိုက်၏။
“ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်သခင်က တကယ့်ကို စွမ်းအားကြီးမားတာပဲ… သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အဲဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးတဲ့နောက် အဆအများကြီးတိုးလာတော့မှာပဲ”
“ငါတို့မျိုးနွယ်က ရှယင်က အန္တရာယ်ရှိလာတော့မှာလား”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ အခြားသောဘုရင်ကလည်း သူ၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပြီး သူနှင့်အတူ စနောက်ပြောဆိုလိုက်၏။
ထို့နောက် သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး ဟားတိုက်ရယ်မောလိုက်ကြသည်။
ကောင်းကင်ဘုံဆင်ကမ္ဘာမှ နောက်ထပ်ဘုရင်တစ်ဦးက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“နတ်ဆင်အစွယ်တွေရဲ့ စတုတ္ထအဆင့်နဲ့ဆိုရင်တောင် ဆူကျူးက ပြန်ဝင်စားခြင်းမျက်လုံးကို ခုခံနိုင်မှာမဟုတ်ဘူး… သူက အချည်းနှီးရုန်းကန်နေရုံပဲ”
နတ်ဆင်အစွယ်များ၏ ပင်ကိုယ်နတ်ဘုရားစွမ်းအားကို ကောင်းကင်ဘုံဆင်ကမ္ဘာထက် မည်သူကမှ ပိုမသိနိုင်ပေ။
ကောင်းကင်ဘုံဆင်ကမ္ဘာမှ ဘုရင်များ၏ စကားကို မည်သူကမှ သံသယမဝင်ပေ။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေ၊ မန်တောင်ထွတ်မှာ ။
ရှယင်သည် ဆူဇီမိုက အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားထုတ်ဖော်လိုက်သည်ကို တွေ့မြင်သောအခါ သူက ရယ်မောလိုက်၏။
“မင်းက ခုခံချင်သေးတာလား”
ရှယင်၏ အသံက ဖြည်းဖြည်းချင်းထွက်ပေါ်လာ၏။
“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မင်းမှာရှိတဲ့အရာရာတိုင်းက ပုံရိပ်ယောင်တွေနဲ့ ပူဖောင်းတွေအဖြစ်ပြောင်းလဲသွားလိမ့်မယ်… သူတို့က ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး… မင်းက ပြန်ဝင်စားခြင်းစက်ဝန်းထဲကို ဝင်ရောက်ရလိမ့်မယ်”
သူ၏ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်မှာ တိုးလာသော စွမ်းအားကို အာရုံခံရင်း ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး လက်ဟန်ချိပ်စည်းများကို စတင်လှုပ်ရှားလိုက်၏။
“ကောင်းကင်ဘုံမျက်လုံးစွမ်းအားကို အသုံးချပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရဲ့ အော်ရာနဲ့ ပုံရိပ်ကို တုပထားတာပဲ… တုပထားတဲ့ ဒီစွမ်းအားကို မင်းက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်လို့ ဘယ်လိုတောင် ပြောရဲတာလဲ”
ဆူဇီမိုက လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် သူ့ရှေ့တည့်တည့်မှာရှိသော ပြန်ဝင်စားခြင်းမျက်လုံးကိုကြည့်နေ၏။
ရှယင်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
“အဲဒါက မင်းကိုသတ်ဖို့တော့ လုံလောက်တာထက်ပိုတယ်”
“ဟားဟား”
မန်တောင်ထွတ်ပေါ်မှာ ဆူဇီမိုက သူ၏ ခေါင်းကိုမော့ကာ ရယ်မောလိုက်သည်။
သူ့လက်ထဲရှိဓမ္မပညာရပ်က စုဖွဲ့လာခဲ့ပြီဖြစ်သည်။ သူက သူ့ရှေ့မှာရှိသော ပြန်ဝင်စားခြင်းမျက်လုံးကို လက်ညှိုးထိုးပြီး တစ်လုံးချင်းပြောလိုက်၏။
“အစစ်အမှန် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က ဘာလဲဆိုတာ မင်းကို ငါပြပေးမယ်”
ဆူဇီမိုက ထိုသို့ပြောလိုက်သည့်ခဏမှာပင် သူ၏ လက်ချောင်းထိပ်ဖျားမှာ ဧရာမဝဲကတော့ချောက်နက်တစ်ခု ပေါ်ထွက်လာပြီး အဆက်မပြတ်ဖြန့်ကြက်လာခဲ့သည်။
ဝဲကတော့ကို နယ်မြေဒေသခြောက်ခုခွဲခြားထားပြီး နယ်မြေဒေသတစ်ခုချင်းစီက အဆုံးမဲ့စွမ်းပကား ဖြာထွက်နေသည့် ထူးဆန်းသောမှော်စာလုံးများဖြင့် ပြည့်နှက်နေသည်။
လောကက လည်ပတ်လာပြီး အချိန်နှင့်အာကာသကပင် ကစဉ့်ကလျားဖြစ်လာခဲ့သည်။
ရှယင်၏ ပြန်ဝင်စားခြင်းမျက်လုံးသည် ဧရာမဝဲကတော့ချောက်နက်နှင့်ယှဉ်သည့်အခါ မှေးမှိန်သွားပြီး ကွာခြားချက်က မိုးနှင့်မြေလိုဖြစ်နေသည်။
ရှယင်၏ ခန္ဓာကိုယ်က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဆွဲငင်မှုကို ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်က ပေါ်ထွက်လာရသည်။
သူ၏ မျက်နှာက တုန်လှုပ်မှု၊ တွေဝေရှုပ်ထွေးမှု၊ မယုံကြည်နိုင်မှု၊ စိုးရိမ်ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်နေ၏။
နောက်ဆုံးမှာ မယုံကြည်နိုင်မှုကသာ ကျန်ရစ်ခဲ့လေသည်။
အဲဒါက ဘာလဲ။
သူက ငေးငိုင်နေစဉ် ရှယင်သည် သူ၏ ယင်ယန်မျက်လုံး ပထမဆုံးပွင့်လာစဉ်က သူဖျတ်ခနဲတွေ့မြင်ခဲ့ရသော ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ပြန်လည်မြင်ယောင်မိလာသည်။
ထိုစဉ်တုန်းက သူသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ခဏတဖြုတ်သာတွေ့မြင်ခဲ့ရသည်။
သို့သော်လည်း ထိုမြင်တွေ့မှုသည် ရေခဲတောင်၏ ထိပ်ဖျားမျှသာ ဖြစ်ပြီး သူက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ပုံပန်းသဏ္ဌာန်အပြည့်အဝကို မတွေ့မြင်ခဲ့ရပေ။
ထိုအခိုက်အတန့်မှသာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က ဘာလဲဆိုတာ သူက အမှန်တကယ်တွေ့မြင်လာရသည်။
ဟာ…
တိုက်ပွဲကို စောင့်ကြည့်နေသော ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာသည် ထိုအပြောင်းအလဲမှာ ပင့်သက်ကို ရှိုက်လိုက်ကြသည်။
လူတိုင်းသည် စောစောက ရှယင်၏ ပြန်ဝင်စားခြင်းမျက်လုံးမှာ အရမ်းကို တုန်လှုပ်သွားခဲ့ကြသည်။
ယခု ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ ထုတ်ဖော်လိုက်သော ပြန်ဝင်စားခြင်းစက်ဝန်းခြောက်ခုသည် သူတို့၏ ဝိညာဉ်များထဲထိ တိုက်ရိုက်စိမ့်ဝင်လာသော အကြောက်တရားနှင့် သက်တောင့်သက်သာမရှိမှုကို ခံစားရစေသည်။
အဲဒါကို ရပ်တန့်တားဆီး၍ မရနိုင်ပေ။
ဤဝဲကတော့ချောက်နက်ကို မည်သည့်စွမ်းအားကမှ မခုခံနိုင်ပေ။
မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးအပါအဝင် အန္တိမပကတိစိတ်ဝိညာဉ်တစ်ရာကျော်ကျော်သည် သူတို့က ရှယင်နေရာမှာ ရှိနေမည်ဆိုလျှင် သူတို့အတွက် ရလဒ်က တစ်ခုတည်းသာဖြစ်သည်ဆိုတာ နားလည်သဘောပေါက်လိုက်သည်။
သေဆုံးခြင်း။
“မဖြစ်နိုင်ဘူး… ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ရှယင်က ပေါ်ထွက်လာပြီးနောက် သူ၏ ပြန်ဝင်စားခြင်းမျက်လုံးကနေစုဖွဲ့ထားသော ပုံရိပ်ယောင်က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဖိနှိမ်မှုကို လုံးဝမခုခံနိုင်ဘဲ လျင်မြန်စွာပြိုကျလာသည်။
ပြန်ဝင်စားခြင်းမျက်လုံးမှာ သွေးရောင်တချို့ပေါ်ထွက်လာပြီး သွေးစတချို့ကပင် စိမ့်ထွက်လာခဲ့သည်။
“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရှယင်သည် သူ့ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်ပေ။
“အဲဒါက မင်းရဲ့ ပုံရိပ်ယောင်နည်းစနစ်တစ်ခုဖြစ်ရမယ်”
ရှယင်က အော်ပြောလိုက်သည်။
“ဒါက ပုံရိပ်ယောင်အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အသင်္ချေနယ်မြေဖြစ်စဉ်ဘဲ… မင်း အဲဒါနဲ့ ငါ့ကို ညာနိုင်မယ်မထင်နဲ့”
မဟာဆိုးယုတ်မိစ္ဆာဆယ်ဦးကြားမှာ အသင်္ချေနယ်မြေဖြစ်စဉ်ကို ကျင့်ကြံထားသော ဆိုးယုတ်မိစ္ဆာတစ်ဦးတကယ်ပင် ရှိလေသည်။
ထိုအခိုက်အတန့်မှာ ရှယင်၏ သွေးပျက်ချောက်ချားနေသော အော်ဟစ်သံကို ကြားသောအခါ သူက သူခေါင်းကို ခါယမ်းလိုက်၏။
“အသင်္ချေနယ်မြေဖြစ်စဉ်က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကိုမပြောနဲ့ မင်းရဲ့ ပြန်ဝင်စားခြင်းမျက်လုံးကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး”
“ငါက ငါ့ရဲ့ ပြန်ဝင်စားခြင်းမျက်လုံးကို နားလည်ဆင်ခြင်ဖို့အတွက် ငါက လမ်းခြောက်သွယ်ကို တစ်ခါက ခဏတဖြုတ်တွေ့မြင်ခဲ့ဖူးတယ်… မင်း..မင်းမှာ ဘာအခွင့်အရေးရှိခဲ့လို့လဲ”
ရှယင်က ဆူဇီမိုကို အော်ဟစ်ပြောဆိုနေဆဲဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲကြောင်းများ စတင်ပေါ်ထွက်လာပြီး သူက လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။ သွေးချီများစွာက လေထဲမှာ ပါးလွှာသော ချီမျှင်များအဖြစ် ပြောင်းလဲပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ထဲသို့ ဝင်ရောက်လာနေသည်။
“ဘာလို့လဲဆိုတော့… ငါအရင်က တမလွန်ဘုံကို ရောက်ခဲ့ဖူးလို့ပဲ”
ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။
“မင်းရော သွားချင်လား… အဲဒါဆို ငါအခုပဲ မင်းကို ပို့ပေးမယ်”
ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို နောက်တစ်ဖန်လှည့်ပတ်ပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ ထုတ်ဖော်လိုက်၏။ လမ်းခြောက်သွယ်ပေါ်ရှိ မှော်စာလုံးများက ကျိန်းစပ်နေသော အလင်းရောင်တစ်ခုနှင့်အတူ တောက်ပလာခဲ့သည်။
သူတို့က အရာရာတိုင်းကို ဝါးမျိုနိုင်သည့်အလားပင်။
လောကမှာရှိသည့် သက်ရှိတိုင်းနှင့် အရာရာတိုင်းသည် ပြန်ဝင်စားခြင်းစက်ဝန်းကနေ မလွတ်မြောက်နိုင်ကြပေ။
“သတ်..”
ရှယင်က ခပ်စူးစူးအော်ဟစ်လိုက်ပြီး သူ၏ ပြန်ဝင်စားခြင်းမျက်လုံးကနေ သွေးရောင်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်ကာ ဆူဇီမိုရှိရာသို့ ပျံသန်းလာလေသည်။
ဤသည်က ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်။
အဲဒါသည် ပြန်ဝင်စားခြင်းမျက်လုံးနှင့်အတူ တွဲဖက်၍ ထုတ်ဖော်နိုင်သော တစ်မူထူးခြားသည့် အမြုတေစိတ်ဝိညာ်လျှို့ဝှက်အတတ်တစ်ခု ပြန်ဝင်စားခြင်းအလင်းဖြစ်သည်။
ရှယင်သည် သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး ဆူဇီမို၏ ဓမ္မပညာရပ်ကို ဟန့်တားနှောက်ယှက်လိုသည်။
ဆူဇီမို၏ အမူအရာက ပြောင်းလဲမသွားပေ။ တကယ်ဆို သူက ခုခံဖို့အတွက် သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို အသုံးပြုခြင်းပင်မရှိပေ။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်နှင့် ရင်ဆိုင်ရချိန်မှာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကပင် မလွတ်မြောက်နိုင်ပေ။
သွေးရောင်အလင်းက ဆူဇီမိုပေါ်သို့ ဆင်းသက်မလာနိုင်ခင် ၎င်းသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ဖြင့် ဆွဲယူခြင်းခံရပြီး ၎င်း၏ လမ်းကြောင်းက ပြောင်းလဲကာ ဝဲကတော့ ချောက်နက်ထဲသို့ ဝင်ရောက်သွားလေသည်။
ဧရာမဝဲကတော့သည် အရာရာတိုင်းကို ဝါးမျိုချင်နေပုံရသည်။
တကယ်ဆို လူတိုင်းက ထင်ယောင်ထင်မှားပင် မြင်မိလာကြသည်။
ဤဝဲကတော့ချောက်နက် ဆက်လက်ကြီးထွားပြီး ဖြန့်ကြက်လာခဲ့မည်ဆိုလျှင် ဤလောကနှင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတစ်ခုလုံးကပင် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဝါးမျိုခြင်းခံရမည်ဟူ၍ ဖြစ်လေသည်။