အနန္တ ယင်ယန်
Vol. 191 Ch. 2864
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်တွင်…
တစ်ခုသော အခိုက်အတန့်မှာ အစက ဆူညံပွက်လောရိုက်နေသော အသံများက ရုတ်တရက်ပျောက်ကွယ်သွားသည်။
ကြီးမားသော ရင်ပြင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျသံကိုပင် ကြားရလောက်သည်။ ဤနေရာသည် မမြင်ရသော တစ်စုံတစ်ရာဖြင့် ဖိနှိမ်ခံလိုက်ရသည့်အလားပင်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များသည် မန်တောင်ထွတ်ပေါ်မှ မြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြသည်။
ဆူဇီမိုက လေထဲမှာ မတ်တတ်ရပ်နေပြီး သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေ၏။ နက်ရှိုင်းသော အကြည့်နှင့် သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ သူက ရှယင်ကို အဝေးကနေ လက်ညှိုးထိုးပြီး ပြန်ဝင်စားခြင်းမျက်လုံးထက်ပင် ပို၍ကြောက်စရာကောင်းသည့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထုတ်ဖော်လိုက်သည်။
ရှယင်သည် အဲဒါကို လုံးဝ မခုခံနိုင်ပေ။
ဧရာမ ပိတ်ကားပြင်ကနေပင်လျှင် ဘုရင်များသည် ဧရာမ ဝဲကတော့ချောက်နက်ရှေ့မှာ ရှယင်၏ သိမ်ငယ်မှု၊ စိတ်ပျက်အားငယ်မှု၊ မကျေမချမ်းမှုနှင့် ကူကယ်ရာမဲ့မှုတို့ကို ခံစားမိနိုင်သည်။
“အဲဒါ... အဲဒါက ဘာလဲ”
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဘုရင်တစ်ဦးက တုန်လှုပ်စွာ မယုံကြည်နိုင်စွာဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်၏။
“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ဘုရင်အေးစက်မျက်လုံးက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး မလှမ်းမကမ်းမှာရှိသော ဧရာမ ပိတ်ကားပြင်ကို မျက်လုံးပြူးကာ စိုက်ကြည့်နေ၏။ သူ၏ အသံက သူ၏ သွားကြားကနေ ဖျစ်ညှစ်ကာ ထွက်ပေါ်လာ၏။
“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်လား… သူက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဘယ်လိုလုပ်ပြီး နားလည်ဆင်ခြင်နိုင်ရတာလဲ”
ဘာကြောင့်ရယ်မသိ… ဘုရင်အေးစက်မျက်လုံး၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေ၏။
“ဒါက အစစ်အမှန် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ပဲ”
ရင်ပြင်ထဲမှာ ဘုရင်တစ်ပါးက ရုတ်တရက် အဆုံးမဲ့စိတ်ခံစားချက်များနှင့်အတူ လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
ထိုသက်ပြင်းချသံသည် နောက်ဆုံးမှာ ဖိနှိမ်ထားသော လေထုကို ဖြိုခွဲပြီး ဆူညံပွက်လောရိုက်နေသော အသံများကို နောက်တစ်ဖန် ထွက်ပေါ်လာစေသည်။
“ဘုရားရေ… ဓားကမ္ဘာက ဆူကျူးက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို တကယ်ပဲ နားလည်ဆင်ခြင်ထားတာကိုး… သူက အဲဒါကို ကောင်းကောင်းဖုံးကွယ်ထားတာပဲ”
“ကြောက်စရာအကောင်းဆုံးအရာကတော့ သူက ဗလာနယ်ဝိညာဉ်နယ်ပယ်မှာပဲ ရှိနေသေးတာပဲ… ငါ အဲဒါကို မယုံကြည်နိုင်သေးဘူး… သူက သုခဘုံလေဟာနယ်နယ်ပယ်ထိ ကြီးပြင်းလာတာနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မျိုးနွယ်စုတစ်သောင်းက ပကတိစိတ်ဝိညာဉ်တွေကြားမှာ သူ့ကို ဘယ်သူက ရင်ဆိုင်နိုင်တော့မှာလဲ”
“အင်မော်တယ်နှိမ်နင်းဓားရယ်… စောစောကတင် သူနားလည်ဆင်ခြင်ခဲ့တဲ့ ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီးရယ်… ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရယ်ဆို… ဆူကျူးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသုံးခုကို တကယ်ကြီး နားလည်ဆင်ခြင်ထားတာပဲ”
“အဲဒါ လေးခုလေ”
နောက်ထပ်လူတစ်ယောက်က လေးနက်သောအသံဖြင့် ပြန်ပြောလိုက်၏။
“ကောင်းကင်ဘုံဆင်မျိုးနွယ်ရဲ့ နတ်ဆင်အစွယ် ပင်ကိုယ်နတ်ဘုရားစွမ်းအားကိုလည်း မမေ့လိုက်နဲ့… သူက ပကတိဧကနယ်ပယ်မှာတင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားတာပဲ”
“အဲဒါက တကယ့်ကို မကြုံစဖူး ထူးခြားအံ့မခန်းပဲ။”
“သူက အဲ့လောက်ထိ ယုံကြည်မှုရှိပြီး ရှယင်ရဲ့ စိန်ခေါ်မှုကို လက်ခံရဲတာ အံ့ဩစရာမရှိတော့ဘူး”
“ဒီလူနဲ့ဆိုရင် ဓားကမ္ဘာက သေချာပေါက် ထွန်းတောက်လာတော့မှာပဲ”
အဲဒါသည် တည်ငြိမ်နေသော ရေပြင်ထက်သို့ ကျဆင်းလာသည့် ကြီးမားသော ကျောက်တုံးတစ်တုံးကဲ့သို့ပင်။ ဆူညံပွက်လောရိုက်နေသော အသံများက အဆက်မပြတ်ထွက်ပေါ်လာ၏။
အင်မော်တယ်ဘုရင်မ ယိုလန်က ရုတ်တရက်ပြုံး၍ စိတ်လက်ပေါ့ပါးသွားသည်။
နဂါးဘုရင်မ ဦးချိုမဲ့က သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ သူမ၏ မူလက အေးစက်နေသော မျက်နှာပေါ်မှာ မခံချိမခံသာအမူအရာတစ်ခု ပေါ်ထွက်လာပြီး သူမဘာသာသူမ တီးတိုးရေရွတ်လိုက်၏။
“လူငယ်မျိုးဆက်က ငါတို့ကို တကယ်ကျော်တက်တော့မှာပဲ”
ဓားကမ္ဘာမှ လူတိုင်းသည် ဤကိစ္စကို လက်ခံဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြဆဲဖြစ်သည်။ လုယွင်နှင့် အခြားသူများသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက်ကို သိရှိထားပြီး သူတို့က သူ့အပေါ် အခြားသူများထက် ပိုမိုမျှော်လင့်ထားသော်လည်း ဤကဲ့သို့သော မြင်ကွင်းပေါ်ထွက်လာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
ဤသည်က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ဖြစ်သည်။
ယွင်ထင်ကလည်း ဝမ်းသာပျော်ရွှင်မိသည်။ သို့သော်လည်း သူ၏ ခံစားချက်များက ရောထွေးနေဆဲဖြစ်သည်။
အစကတော့ သူသည် ဆူဇီမိုကို သူ၏ ကျင့်ကြံရေးလမ်းမှာ အသန်မာဆုံးပြိုင်ဘက်အဖြစ် ရှုမြင်ထားခဲ့သည်။
ဆူဇီမိုက သူ့ကို ကျော်တက်လာသောကြောင့် သူက လုံးဝ ခိုကပ်မနေရဲပေ။
သူသည် ဆူဇီမိုကို လိုက်မီဖို့ အပတ်တကုတ် ကြိုးစားလိုသည်။
သို့သော်ယခု သူတို့နှစ်ယောက်ကြား ကွာဟချက်က ပို၍ကြီးမားလာဖို့သာ ရှိသည်ကို သူက ရုတ်တရက် နားလည်သဘောပေါက်လိုက်သည်။ တကယ်ဆို သူက ကူကယ်ရာမဲ့မှုကိုပင် ခံစားနေရပြီဖြစ်သည်။
သူက ဘယ်လိုလုပ် လိုက်မီနိုင်တော့မှာလဲ…
နှစ်တစ်ထောင်၊ နှစ်နှစ်ထောင်မျှနှင့် ဆူဇီမိုသည် သူ့ကို ဖုန်လုံးများကြားမှာ ချန်ထားရစ်ခဲ့ပြီဖြစ်သည်။
ဓားကမ္ဘာမှ လူတိုင်းကြားမှာ ပေမင်ရွှယ်တစ်ဦးတည်းကသာ တည်ငြိမ်နေပြီး ဤမြင်ကွင်းမှာ အံ့အားသင့်သွားခြင်း မရှိပေ။
ဓားကမ္ဘာမှာ ပေမင်ရွှယ်ကသာ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားအကြောင်း အသိဆုံးဖြစ်သည်။
ပြီးခဲ့သည့် နှစ်တစ်ထောင်မှာ ဆူဇီမိုသည် ဓားသင်္ချိုင်းတောင်ထွတ်မှာ တံခါးပိတ်ကျင့်ကြံနေပြီး လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများစွာနှင့် လျှို့ဝှက်အတတ်တစ်ခုကို အသုံးချကာ ဝင်္ကပါတစ်ခုကို ခင်းကျင်းပြီး အပြင်ဘက်ကနေ ထောက်လှမ်းမှုများကို ပိတ်ဆို့တားဆီးထားခဲ့သည်။
ပေမင်ရွှယ်ကသာ ဆူဇီမိုဘေးကနေ စောင့်ကြပ်ပေးနေပြီး သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများ တစ်ခုပြီးတစ်ခု နားလည်ဆင်ခြင်နေသည်ကို တွေ့မြင်ခဲ့ရသည်။
သူမဆရာသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို နားလည်ဆင်ခြင်ခဲ့စဉ်က သူ၏ အဆင့် ၁၂ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ခြောက်ကြိမ်ဆက်တိုက် လဲပြိုကျသွားခဲ့သည်ကို သူမမျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စွမ်းအားနှင့် ကြောက်မက်ဖွယ်ရာကောင်းမှုကို သူမက ကောင်းကောင်းသိလေသည်။ သူမက အဲဒါကို ပြန်စဉ်းစားမိစဉ် ပေမင်ရွှယ်သည် သူမ၏ ရင်ထဲမှာ နွေးထွေးသော ခံစားချက်တစ်ခုကို ရရှိလာသည်။
သူမဆရာသည် သူ့ကိုကာကွယ်ပေးဖို့ သူမကိုပြောခဲ့သည်မှာ တကယ်တော့ သူက အန္တရာယ်ကျရောက်နိုင်သောကြောင့် မဟုတ်ပေ။
သူမဆရာသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို သူနားလည်ဆင်ခြင်နေစဉ် သူမကို ဘေးကနေ စောင့်ကြည့်စေပြီး ဖြစ်စဉ်တစ်ခုလုံးကို ခံစားမိစေလိုခြင်းဖြစ်သည်။ ထို့သို့ဖြင့် သူမသည် ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားများမှ ဓမ္မတာအိုကို နားလည်ဆင်ခြင်နိုင်မည်ဖြစ်သည်။
ဤကဲ့သို့သော အတွေ့အကြုံတစ်ခုက အရမ်းကိုရှားပါးပြီး သူမအတွက် အရမ်းကို အဖိုးတန်လေသည်။
သူမဆရာသည် သူမအား တာအိုကို သင်ကြားပေးရာမှာ မည်သည့်ထိန်ချန်မှုမှမရှိဘဲ အိတ်သွန်ဖာမှောက် ချပေးထားလေသည်။
ပေမင်ရွှယ်သည် တည်ကြည်ခိုင်မာသောအကြည့်နှင့်အတူ သူမ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ထား၏။
သူမသည် သူမဆရာ၏ အမွေအနှစ် သိုင်းတာအို သို့မဟုတ် သူမဆရာ တည်ဆောက်ထားသည့် အန္တိမနာမည်ဂုဏ်သတင်းကို စိတ်ပျက်စေရလိမ့်မည်မဟုတ်ဟု ယုံကြည်လေသည်။
“ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က လူတွေပြောတာ မှန်နေတာပဲ… ဒီတိုက်ပွဲက တကယ်ကို တစ်ချီတည်းနဲ့ ပြီးသွားတာပဲ”
“ဟီးဟီး… သူတို့ခန့်မှန်းထားတဲ့ ရလဒ်က လွဲသွားရုံပဲ”
ဘေးပတ်ဝန်းကျင်လူအုပ်ကြီးက စတင်၍ လှောင်ပြောင်ပြောဆိုလာကြပြီဖြစ်သည်။
“မ…ဖြစ်…နိုင်…ဘူး”
ဘုရင်အေးစက်မျက်လုံး၏ အသံက ရုတ်တရက်ထွက်ပေါ်လာ၏။ သူက အံကိုကြိတ်ထားပြီး စကားတစ်လုံးချင်းစီကို ဖိပြောလိုက်၏။
လူတိုင်းက လှည့်ကြည့်လာကြသည်။
ဘေးမှာရှိသော တစ်ယောက်က နှစ်သိမ့်ပေးလိုက်သည်။
“ညီအစ်ကိုအေးစက်မျက်လုံး… အဲဒါကို ထားလိုက်စမ်းပါ… ရှယင်က သေရမယ်ဆိုရင်တောင် သူက ဒီလိုမျိုးပြိုင်ဘက်နဲ့မှ ကြုံတွေ့ရတာ သူ့ရဲ့ကံဆိုးမှုကိုပဲ အပြစ်တင်ရမယ်”
“ငါပြောပြီးပြီပဲ… ရှယင်က သေဖို့မဖြစ်နိုင်ဘူး”
ဘုရင်အေးစက်မျက်လုံးက နောက်တစ်ဖန် ဟိန်းဟောက်ပြောဆိုကာ သူ၏ မျက်နှာက နီမြန်းလာ၏။
“သူ့ကို ထပ်ပြီး မစနဲ့တော့… ကြည့်ရတာ သူက စိတ်လွတ်သွားလောက်ပြီ”
နောက်ထပ်တစ်ယောက်က ခပ်တိုးတိုးပြောလိုက်၏။
“ဟားဟား”
ဘုရင်အေးစက်မျက်လုံး၏ အမူအရာက အနည်းငယ် ခက်ထန်ကြမ်းတမ်းလာပြီး သူက ငိုသည်ထက်ပင် အကျည်းတန်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
သူက ဓားကမ္ဘာမှ လူတိုင်းကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဆူကျူးက သေချာပေါက် အနိုင်ရလိမ့်မယ်လို့ မင်းတို့တွေ ထင်လို့လား”
“ငါ မင်းတို့ကို ပြောလိုက်မယ်… ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က ဘယ်လောက်ပဲ သန်မာသန်မာ… အဲဒီမှာ အကန့်အသတ်တစ်ခုရှိတယ်”
လုယွင်နှင့်အခြားသူများက နှုတ်ဆိတ်နေ၏။
ထိုစကားလုံးများက တကယ်ပင် မမှားပေ။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ… ၎င်းသည် နတ်ဘုရားစွမ်းအားများ၏ အတိုင်းအတာအတွင်းမှာသာရှိပြီး ၎င်းစွမ်းအား၏ အထက်စည်းကို ကျော်လွန်နိုင်မည် မဟုတ်ပေ။
ဘုရင်အေးစက်မျက်လုံးက ဆက်ပြောလိုက်သည်။
“ငါတို့မျိုးနွယ်က ရှယင်က နှစ်တစ်သန်းမှာတစ်ယောက် ပေါ်ထွက်လာတဲ့ နံပါတ်တစ် ပါရမီရှင်ပဲ… ပြန်ဝင်စားခြင်းမျက်လုံးက သူပထမဆုံးနားလည်ဆင်ခြင်မိတဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားပဲ… သူ့မှာ နောက်ထပ်အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ရှိသေးတယ်”
“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်ရင် သူက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ သေချာပေါက် ရုန်းထွက်လာနိုင်လိမ့်မယ်”
လုယွင်နှင့် အခြားသူများက မငြင်းဆန်ကြပေ။
ရှယင်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်မည်ဆိုလျှင် သူသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ တကယ်ပင် ရုန်းထွက်နိုင်ကြောင်း သူတို့က အကြမ်းဖျင်း ခန့်မှန်းမိသောကြောင့်ဖြစ်သည်။
သို့သော်လည်း ဘုရင်အေးစက်မျက်လုံး၏ စကားလုံးများက စွမ်းအားကြီးမားပြီး တည်ကြည်ခိုင်မာသော်လည်း သူ့မှာ အရှိန်အဝါများစွာမရှိပေ။
လုယွင်က စိတ်ဖောက်ပြန်လုနီးပါးဖြစ်နေသော ဘုရင်အေးစက်မျက်လုံးကို တိတ်တဆိတ်ဖြင့်ကြည့်ကာ မှင်သေသေဖြင့်မေးလိုက်၏။
“မင်းက အဲ့လောက်ထိ စကားတွေအများကြီးပြောပြီး ဒေါနဲ့မောနဲ့ အတင်းအော်ဟစ်နေတာ ရှယင်က အသက်ရှင်နိုင်မယ်ဆိုတာကို သက်သေပြချင်ရုံပဲလား”
ထိုစကားက အရမ်းကို ပြင်းထန်လေသည်။
ဘုရင်အေးစက်မျက်လုံးသည် မိုးကြိုးပစ်ချခံရသည့်အလား ဆတ်ခနဲတုန်ယင်သွား၏။ သူက သူ၏ ရင်ဘတ်ကို လက်ဖြင့်အုပ်ကိုင်လိုက်၏။ သူ၏ ရင်ဘတ်မှ နာကျင်ကိုက်ခဲမှုကို ခံစားရပြီး သူက သွေးအန်လုမတတ်ပင်။
ကျောက်တုံးကမ္ဘာမှ ဘုရင်ရှစ်ရှောက ရပ်ကြည့်မနေနိုင်တော့ဘဲ ဘုရင်အေးစက်မျက်လုံးဘက်ကနေ ရပ်တည်ပေးလို၏။ သူက အော်ပြောလိုက်၏။
“သူက ထွက်ပြေးလွတ်မြောက်လာနိုင်တာနဲ့ အဲဒါက ရှုံးနိမ့်တယ်လို့ မဆိုသာဘူး… ရှေ့လျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်သေးတယ်”
“ရှယင်ရဲ့ ပါရမီအရည်အချင်းနဲ့ဆို သူတို့နှစ်ယောက်က နောက်ပိုင်းကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ပြန်ပြီးတိုက်ခိုက်ကြရလိမ့်မယ်… အဲဒီအချိန်ကျရင် ဘယ်သူနိုင်မယ်ဆိုတာ ပြောလို့မရဘူး”
ထိုစဉ်မှာပင် မန်တောင်ထွတ်တိုက်ပွဲနယ်မြေမှာ အပြောင်းအလဲတစ်ခုက တကယ်ပင် ပေါ်ထွက်လာသည်။
ဘုရင်အေးစက်မျက်လုံး ပြောသည့်အတိုင်းပင် သေအံ့ဆဲဆဲအချိန်မှာ ရှယင်၏ မျက်လုံးက အမျက်ဒေါသဖြင့် ပြူးကျယ်လာပြီး သူက လုံးဝထိန်းချန်မထားတော့ပေ။ သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင် ရှယင်က သူ၏ ဒုတိယမြောက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အနန္တယင်ယန်ကို ထုတ်လွှတ်လိုက်လေသည်။