← Chapters

ရှေးဟောင်းနတ်ဆိုးကမ္ဘာ ရောက်လာပြီ..

Vol. 45 Ch. 617

ရှေးဟောင်းနတ်ဆိုးကမ္ဘာ ရောက်လာပြီ..

Vol. 45 Ch. 617

ဘုန်း...

တစ်ချက်တည်းဖြင့်ပင် ဘိုးဘေးဟုန်တစ်ယောက် မြေကြီးထဲ နစ်ဝင်သွားတော့သည်။

အသံကျယ်ကြီး မြည်သွားပြီးနောက်...  အရာအားလုံး တိတ်ဆိတ်လျက်..

အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကို အံ့သြတုန်လှုပ်စွာ ကြည့်နေကြသည်။

" အကိုချင်း ၊ ခင်ဗျားမှာ အဲ့လိုအစွမ်းမျိုး ရှိလား "

သခင်ကြီးထျန်းလုံက မလှမ်းမကမ်းတွင် ရှိနေသော ချင်းဝူချုံကိုကြည့်ကာ မေးလိုက်၏။

ထိုအချိန်တွင် ချင်းဝူချုံမှာ လက်တစ်ဖက်ကျိုးပြီး တစ်ကိုယ်လုံးလည်း သွေးများရွှဲနေရှာသည်။

" ဘယ်ရှိပါ့မလဲဗျာ...  ဟိုတစ်ယောက်က..  ကြောက်

စရာကောင်းလွန်းတယ် "

ချင်းဝူချုံကပင် ထိုသို့ ပြောလာသည့်အတွက် သခင်ကြီးထျန်းလုံ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သို့သော် ထိုစဥ်မှာပင်..

ဝုန်း...

မြေအောက်ထဲမှ တုန်ခါလာ၏။

ထို့နောက်တွင်... သခင်ကြီးထျန်းလုံတစ်ယောက် လေထဲ လွင့်ထွက်သွားတော့သည်။

သူ့ခြေဖဝါးအောက်တွင် ရှိနေခဲ့သော မြေပြင်မှာလည်း ချောက်နက်ကြီး ဖြစ်သွားကာ ..

ထို ချောက်ထဲတွင်မူ ဟုန်မိသားစုဘိုးဘေးက လေထဲ ပျံလျက်...

သူ့ခေါင်းတွင်ကား.. နျိုထျဲ့၏ တင်းပုတ်ကြောင့်

ရထားသည့် ဖုကြီးတစ်ခု ရှိနေသည်။

သို့သော် ထိုသို့ ဒဏ်ရာဆိုးရွားစွာ ရထားသည့်တိုင် ဘိုးဘေးဟုန်မှာ ဂရုစိုက်ဟန် မတူပါချေ။

" သိပ်ကောင်းတယ်ကွာ... ငါးရောင်ခြယ်နတ်နွားမျိုးနွယ်က ငါ့ကို ခုလိုအခြေအနေထိရောက်အောင် လုပ်နိုင်မယ်လို့ တစ်ခါမှတောင် မတွေးမိဘူး ။ စောင့်ကြည့်လိုက်ပါကွာ.. မင်းကို သတ်ပြီး မင်းအသားတွေ အကုန်လုံးကို စားပစ်မယ် "

စကားဆုံးသည်နှင့် ဘိုးဘေးဟုန်၏ မျက်နှာထား ချက်ချင်းပြောင်းသွားသည်။

" အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ် "

သူ အော်လိုက်၏။

ဝုန်း...

သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ် ကိုးခု ပေါ်လာသည်။

ဝုန်း..

ချက်ချင်းမှာပင် ဘေးပတ်ဝန်းကျင် မြေပြင် ပြိုသွားပြန်၏။

ဘိုးဘေးဟုန် အသက်ပြင်းပြင်းရှိုက်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" ငါ့ရဲ့ မလေ့ကျင့်ရသေးတဲ့ အဆင့်ကိုး နတ်ဆိုးခန္ဓာကိုယ်ကို ထုတ်သုံးရမယ်လို့ ထင်တောင် မထင်ထားဘူးကွာ ။ စောနကထက် အဆင့်တစ်ဆင့်ပဲ ပိုတိုးသွားတယ် ဆိုပေမယ့် အစွမ်းကတော့ လုံးဝတောင် ယှဥ်လို့မရဘူး "

ဝုန်း..

သူ ပြောပြီးသည်နှင့် နျိုထျဲ့ချူဆီသို့ ပြေးဝင်သွား၏။

" မြန်လိုက်တာ... "

နျိုထျဲ့ချူ လန့်သွားကာ သူ့အား တင်းပုတ်ဖြင့် ရိုက်

လိုက်သည်။

ဘုန်း..

ဘိုးဘေးဟုန်က တင်းပုတ်အား လက်တစ်ဖက်တည်းဖြင့် ဖမ်းကိုင်လိုက်၏။

" ဟင်... "

နျိုထျဲ့ချူ တုန်လှုပ်သွားရတော့သည်။

အစောကလေးတင် သူမ ဖိနှိပ်နိုင်ခဲ့သည့် သူက ယခု သူမထက် အစွမ်းပိုသာနေလေပြီ ။

" သေစမ်းကွာ "

ဘိုးဘေးဟုန်က ဒေါသတကြီးအော်ကာ လက်သီးဖြင့် ထိုးလာ၏။

" မဖြစ်ဘူး... "

နျိုထျဲ့ချူမှာ ၎င်းကိုကြည့်ပြီး လန့်သွားကာ

နောက်သို့ ချက်ချင်းဆုတ်လိုက်ရသည်။

သို့သော် ထိုလက်သီးချက်၏ လက်ကျန်အစွမ်း အနည်းငယ်က သူမအား ထိုးမိသွားဆဲပါပင် ။

နျိုထျဲ့ချူ၏ လက်တွင် ဒဏ်ရာတစ်ခု ချက်ချင်းပေါ်လာ၏။

" ဒါ... မဖြစ်နိုင်တာ... "

နျိုထျဲ့ချူ အံ့သြတုန်လှုပ်သွားရသည်။

သူမ၏ နဂါးအသွင်ပြောင်း ခန္ဓာကိုယ်သည်ပင် ထိုလက်သီးချက်၏ လက်ကျန်အစွမ်းလေးနည်းနည်းကို မခံနိုင်ခဲ့ဘူးတဲ့လား..

သူမရှေ့မှ လူကြီးက မည်မျှအစွမ်းထက်ပါသနည်း ။

ထိုစဥ် တဖက်မှ သခင်ကြီးထျန်းလုံနှင့် သူ့မိတ်ဆွေနှစ်ယောက်တို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လေထဲ ပျံတက်လိုက်ကြသည်။

" မိန်းကလေး နျို ၊ ဒီကောင့်ကိုက မင်းတစ်ယောက်တည်း တိုက်ခိုက်လို့မရဘူးကွ ။ ငါတို့

အားလုံး အတူတူ တိုက်ခိုက်ကြတာပေါ့ "

သခင်ကြီးထျန်းလုံ ပြောလိုက်၏။

ချင်းဝူချုံကလည်း ခေါင်းညိတ်၍ ပြောသည်။

" အမှန်ပဲ... ကျုပ် အသက်စွန့်ရမယ်ဆိုရင်တောင် ဒီကောင်ကြီးကို သွေးတွေနဲ့ ပက်ပစ်မယ် "

သွမ့်ချန်ချိုးကမူ သက်ပြင်းချပြီး အရက်ပုလင်းတစ်ခုကိုထုတ်၍ အရူးအမူးသောက်လိုက်သည်။

" ဟင်... ဘာလုပ်နေတာလဲ "

ကျန်လူများ အံ့အားသင့်ကုန်ကြ၏။

သွမ့်ချန်ချိုးက သူတို့ကို လှည့်ကြည့်ကာ ပြောသည်။

" ဒီဝိုင်က စျေးအရမ်းကြီးတယ်ဗျ ၊ ဒါ့ကြောင့်မို့လဲ ကျုပ် ပုံမှန်ဆို မသောက်ပဲချန်ထားတာ ။ ဒါပေမယ့်.. အခုက မကြာခင်သေနိုင်တာဆိုတော့ မသောက်လိုက်ရရင် နှမျောစရာကြီး ဖြစ်သွားမှာလေ "

အားလုံးမှာ ဆွံ့အလျက်..

နျိုထျဲ့ချူက ၎င်းကိုကြည့်ကာ ခေါင်းယမ်း၍ ပြောလိုက်သည်။

" အဲ့လောက်ကြီး လုပ်ဖို့မလိုပါဘူး သခင်ကြီးရယ် ။ ခု အခြေအနေက လုံးဝကြီး မျှော်လင့်ချက် မဲ့တာတော့ မဟုတ်သေးပါဘူး ။ ကျွန်မရဲ့အကိုကြီး လောထျန်းသာ ရှိနေရင်တော့ သူ ဒီနတ်ဆိုးကောင်ကို အနိုင်ယူနိုင်မှာ အသေချာပဲ ။ တကယ်လို့ အကိုကြီးလောထျန်း ရောက်မလာနိုင်ဘူး ဆိုရင်တောင် ကျွန်မတို့ ပျောင်ပိုင်မြို့မှာ ကျင့်ကြံနေကြတဲ့ ဘီလူးလိုလူတွေ ရှိပါသေးတယ် ။ သူတို့ကိုသာ ဒီကို အရောက်ခေါ်နိုင်ရင် ကျွန်မတို့အတွက် မျှော်လင့်ချက် ရှိသေးတယ် "

သူမ၏ စကားကြောင့် လူများစွာပင် အားတက်သွားကြသည်။

သွမ့်ချန်ချိုးကလည်း သူ သောက်လက်စ မကုန်သေးသည့် အရက်ပုလင်းကို ခါးတွင် ပြန်ချိတ်ထားလိုက်၏။

သို့သော်.. ထိုစဥ်မှာပင် ...

ဝုန်း...

ကောင်းကင်နှင့်မြေကြီး တုန်ခါလာသည်။

ဖော်ပြရန်ခက်သော ဖိနှိပ်အားကြီးတစ်ခုလည်း ရုတ်တရက် ပေါ်လာ၏။

" ဟင်... ဒါက... "

ထိုဖိအားကို ခံစားမိသည်နှင့် သခင်ကြီးထျန်းလုံတို့ လူစု တစ်စုံတစ်ရာကို တွေးမိသွားကာ မှင်သက်ကုန်ကြသည်။

ထိုစဥ်တွင်.. ဟုန်မိသားစုဘိုးဘေးကမူ ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ရယ်၏။

" အရူးကောင်တွေ... ငါ ကျုံ့ကျိူးကို ခြေမချတာ ဒီလောက်နှစ်တွေကြာသွားပြီးမှ.. အခု ဘာလို့ စွန့်စားပြီးလာခဲ့လဲဆိုတာ မတွေးမိကြဘူးလား "

သူ ရယ်ရင်း ပြောသည်။

သခင်ကြီးထျန်းလုံ ဆတ်ခနဲ တုန်သွားတော့သည်။

" ဒီကို.. ရောက်လာကြပြီလား "

ဘိုးဘေးဟုန်က အပြုံးဖြင့် ပြန်ပြော၏။

" အခုတော့ နားလည်ပြီလား ။ တကယ်တော့ ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်က ကမ္ဘာနှစ်ခုကြားတံခါးပေါက် ပွင့်လာမယ့် နေရာပဲ "

" ဘယ်လို.... "

သခင်ကြီးထျန်းလုံ အံ့သြမှင်သက်နေသည့် မျက်နှာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ထိုစဥ်မှာပင်.. ကောင်းကင်နှင့် မြေကြီးတို့ တွေ့ဆုံသွားပြီး...

စည်းမျဥ်းများမှနေ၍ ရှေးဟောင်း တံခါးပေါက်ကြီးတစ်ခု အသွင်ပေါ်လာသည်။

၎င်းမှာ.. ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခု၏ ကြောက်စရာအကောင်းဆုံး သုံးခုထဲမှ တစ်ခု ရောက်လာပြီဆိုသည့် အဓိပ္ပါယ်ပင်...

ဟုန်မိသားစုဘိုးဘေးက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင်ရပ်ကာ တံခါးကို ကျော

ပေးလိုက်၏။ ထို့နောက် သခင်ကြီးထျန်းလုံတို့ လူစုအား နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြောသည် ။

" သိပ်မကြာခင်မှာ ထျန်းယွမ်ကမ္ဘာက ဖျက်ဆီးခံရတော့မှာကွ ။ အရူးကောင်တွေ... ဘာလို့ ဆက်ပြီး ခုခံနေဦးမှာလဲကွာ ။ အခု ချက်ချင်း လက်နက်ချပြီး ဒူးထောက်လိုက်ကြစမ်းပါ "

" အခုဆို.. နတ်ဆိုးတွေက ထျန်းယွမ်ကမ္ဘာကို ဆင်းသက်လာကြပြီ... မင်းတို့ ခုခံတော့ရော ဘာလုပ်နိုင်မှာမို့လဲ "

ဟုန်မိသားစုဘိုးဘေး၏ မျက်နှာထက်မှအပြုံးက ပိုပိုကြီးလာသည်။

ထျန်းယွမ်ကမ္ဘာမှ ကျန်လူများမှာကား မျက်နှာဆိုးရွားစွာ ပျက်နေကြတော့၏။

ကမ္ဘာနှစ်ခုကြားတံခါးပေါက်သာ လုံးဝ ပွင့်သွားပါက သူတို့ ထျန်းယွမ်ကမ္ဘာ၏ အဆုံးသတ်ကို ကြုံရပေတော့မည် ။

နျိုထျဲ့ချူမှာလည်း မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်နေရှာတော့သည်။

သို့သော် သူမ အံကြိတ်၍သာ ပြန်ပြောလိုက်၏။

" အားလုံး.. စိတ်မပူကြပါနဲ့ ။ ဒီမှာ ကိစ္စကြီးကြီးဖြစ်နေတာဆိုတော့.. အကိုကြီးလောထျန်းလဲ ဒါကို သေချာပေါက် အာရုံခံမိမှာပဲ ။ သူသာ ရောက်လာရင်.. အားလုံး ဘာမဆို ဖြစ်နိုင်သွားပြီ "

သူမ၏ စကားဆုံးချိန်မှာပင်..

ဝုန်း...

တဖက်ရှိ ကမ္ဘာနှစ်ခုကြားတံခါးပေါက်ဆီမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါတစ်ခု ရုတ်တရက် ပေါက်ထွက်လာသည်။

ကမ္ဘာနှစ်ခုကြားတံခါးပေါက်ကလည်း ဖြည်းငြင်းစွာ ပွင့်လာ၏။

ထိုအရောင်အဝါကို အာရုံခံမိသည်နှင့် နျိုထျဲ့ချူတစ်ယောက် ကြက်သေသေကာ ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။

" ဒီအရောင်အဝါက... အကိုကြီး လောထျန်းရဲ့ အရောင်အဝါထက်တောင် ပိုအစွမ်းထက်နေသလိုပဲ "

သူမ တုန်လှုပ်စွာ ဆိုလိုက်၏။

တဖက် တံခါးပေါက်ဆီမှ ကြောက်စရာကောင်းလှသည့် အရောင်အဝါကို သူမ ကောင်းကောင်းကြီးပင် ခံစားနေရပါသည်။

ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုက ဤမျှ ကြောက်စရာကောင်းသတဲ့လား ။

ဤမျှကြောက်စရာကောင်းသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရလျှင် မည်မျှပင် ကြိုးစားကြိုးစား အားလုံး အလကားသာ ဖြစ်မသွားနိုင်ဘူးလား...

သူမ ကူကယ်ရာမဲ့ ဖြစ်နေတော့၏။

အမှန်တွင်မူ.. သူမ တစ်ယောက်တည်းမက ၊ ကျန်လူများအားလုံးလည်း လုံးဝ တုန်လှုပ်ခြောက်ခြားနေကြပါသည်။

သခင်ကြီးထျန်းလုံတို့ မသေမျိုး သုံးယောက်မှာလည်း လက်နက်များဘေးချ၍ ကမ္ဘာနှစ်ခုကြားတံခါးပေါက်ကိုသာ အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေမိတော့သည်။

သူတို့ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုနှင့် ကြုံဖူးသည့်တိုင် ယခင်တစ်ကြိမ်က ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုမှ အမှန်တကယ်အစွမ်းထက်သော သခင်ကြီးများ ရောက်မလာခဲ့ကြပါ ။

ရောက်လာခဲ့သည့် ဒုတိယတန်းစားအဆင့် အဖွဲ့များသည်ပင် ထျန်းယွမ်ကမ္ဘာကြီးကို ဖျက်ဆီးတော့မလို ဖြစ်ခဲ့ပါ၏။

ယခုတွင်ကား.. အရောင်အဝါကို ကြည့်ခြင်းဖြင့် တဖက်ကမ္ဘာမှ အလွန်အစွမ်းထက်သော လူတစ်ယောက် ရောက်လာသည်မှာ အသိသာပင် ။

သို့သော်... ထိုသူက အဘယ့်ကြောင့် ဤမျှအစွမ်းထက်နေရပါသနည်း ။

တဖက်ရှိ ဟုန်မိသားစုဘိုးဘေးမှာလည်း

အရောင်အဝါကို အာရုံခံမိကာ တုန်လှုပ်သွားဟန်တူသည်။

တခဏအကြာတွင်မူ သူ ပျော်ရွှင်နေဟန်ဖြင့် တအံ့တသြ ရေရွတ်၏။

" မင်းတို့အားလုံး အခုတော့ တွေ့ပြီလား ။ ငါရဲ့ ရွေးချယ်မှုက တကယ်ကိုမှန်တယ် ။ ဒီပွဲမှာတော့ ငါနိုင်သွားပြီပေါ့ကွာ ။ ထျန်းယွမ်ကမ္ဘာက သေဆုံးပြီးတော့ ရှေးဟောင်းနတ်ဆိုးကမ္ဘာ ဆက်ကြီးထွားလာတော့မှာ ။ ရှေးဟောင်းနတ်ဆိုးကမ္ဘာကြီး အဓွန့်ရှည်ပါစေ... "

သူ့ အော်သံဆုံးသည်နှင့် ခပ်လှမ်းလှမ်းရှိ ဟုန်မိသားစုဝင်များကလည်း အော်ဟစ်အားပေးလာကြသည်။

ထျန်းယွမ်ကမ္ဘာဘက်မှ လူများမှာမူ အားလုံး မျက်နှာများ ဖြူရော်လျက်..

အချို့ဆိုလျှင် ငိုပင် ငိုကြွေးကုန်ကြသည်။

ထိုစဥ်မှာပင်..

ဝုန်း

ကမ္ဘာနှစ်ခုကြားတံခါးပေါက်က လုံးဝ ပွင့်သွားတော့၏။

တံခါးတဖက်မှ နေရောင် ဖြာကျလာသည်။

ထိုတံခါးပေါက်၏ တဖက်တွင်ကား လူတစ်ယောက်က နေရောင်ကို ကျောပေးပြီး ရပ်လျက်...

All Chapters