The art of ကောက်နှုတ်ယူခြင်း
Vol. 45 Ch. 623
" သခင်ကြီးက ဘယ်လိုသိတာလဲ "
လောထျန်း မေးလိုက်သည်။
သွမ့်ချန်ချိုးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေ၏။
" ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျုပ်နဲ့ ယွမ်လင်နတ်ဆိုးသခင်ကြီးတို့ အချင်းများပြီးတော့ ကျုပ်တစ်ယောက်တည်း တောင်ပိုင်းဒေသကို သွားခဲ့သေးတယ် ။ အဲ့မှာ သူတို့တွေ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို လက်ဆောင်တွေ ပို့နေတာ တွေ့ခဲ့ရတာပဲ "
" အဲ့ထဲမှာ ကျိုးနေတဲ့ မသေမျိုးဓားတစ်လက်လဲ ပါတယ် ။ ကျုပ်က ဓားသမားတစ်ယောက်မို့လဲ ဓားတွေကို ပိုပြီးအာရုံစိုက်မိတာပေါ့လေ။ ဒါပေမယ့် အဲ့တုန်းကတော့ ကျုပ်က ယွမ်လင်နတ်ဆိုးသခင်ကြီးနဲ့ တိုက်ခိုက်နေတာရော ၊ ဓားအကျိုးက ဘာမှတန်ဖိုးသိပ်မရှိဘူးလို့ တွေးမိတာကြောင့်ရော.. ဘာမှ မလုပ်ခဲ့မိဘူး..... "
ထိုစကားကို ကြားသောအခါ ထျန်းယွမ်ကမ္ဘာသခင်
ကြီးက သွမ့်ချန်ချိုး၏ အပြုအမူအား စိတ်ပျက်ဟန်ဖြင့် မျက်မှောင်ကြီး ကြုံ့သွားသည်။
သို့သော် လောထျန်းကမူ ဂရုမစိုက်ဟန်ဖြင့် ဆက်ပြော၏။
" ဘယ်မှာ ရှိထားလဲသိတော့ ကောင်းတာပေါ့ဗျာ "
သူ ထိုသို့ပြောပြီး ထျန်းယွမ်ကမ္ဘာသခင်ကြီးဘက် လှည့်ကြည့်ကာ မေးလိုက်သည်။
" သခင်ကြီး ၊ အဲ့ဒီ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို ဘယ်လိုသွားရလဲ သိလား "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ရှက်နေပုံ ပေါက်သွားကာ ပြန်ဖြေ၏။
" ငါ အဲ့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို တစ်ခါမှ မရောက်ဖူးတော့.. အရောင်အဝါကို အာရုံမခံနိုင်ဘူးကွ "
လောထျန်း မျက်မှောင်ကြုံ့သွားရသည်။
" ဒါဆို အချိန်တဲ့နေရာဗိမ္မာန်ကို ထပ်သုံးလိုက်ရင်ရော... ။ ဒါပေမယ့် အချိန်နဲ့နေရာဗိမ္မာန်ကို တစ်ခါတစ်ခါ အသက်သွင်းရတာ စိတ်စွမ်းအင်တွေ အများ
ကြီးကုန်တယ်ဗျ ၊ ပြီးတော့.. ဘယ်လမ်းက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို ရောက်လဲဆိုတာလဲ မသိဘူး... "
ထိုစဥ်မှာပင် ချင်းဝူချုံက ရုတ်တရက် ဝင်ပြောသည်။
" သခင်လေးလောထျန်း ၊ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကနေ သွားလို့ရတယ်လေ "
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်... "
လောထျန်း အံ့အားသင့်သွား၏။
ချင်းဝူချုံက ခေါင်းညိတ်၍ ဆက်ပြောသည်။
" ဟုတ််တယ်ဗျ ။ ကျုပ်တို့ တွက်ချက်ထားတဲ့အတိုင်းဆိုရင် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက ကျုပ်တို့ ထျန်းယွမ်ကမ္ဘာကို နောက်ထပ် လနည်းနည်းနေရင် ရောက်လာတော့မှာ ။ အဲ့ကျရင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကနေ ဖြတ်ပြီး သွားလို့ရတယ်လေ "
အားလုံးမှာလည်း သူ့စကားကြောင့် စိတ်လှုပ်ရှားသွားကြ၏။
သို့သော် လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။
" လနဲ့ချီ ကြာဦးမှာလား.. ကြာလွန်းတယ်ဗျာ ။ ကျုပ် အဲ့လောက်အကြာကြီး မစောင့်ချင်ဘူး ။ တခြားနည်းရော မရှိတော့ဘူးလား "
အားလုံး ခဏတာမျှ တိတ်သွားပြီးမှ သခင်ကြီးထျန်းလုံက ရုတ်တရက် ဝင်ပြော၏။
" တကယ်တော့.. တခြားနည်းတစ်ခု ရှိသေးတယ်ဗျ "
" ဟုတ်လား.. "
အားလုံးက သူ့အား လှည့်ကြည့်လိုက်ကြသည်။
သခင်ကြီးထျန်းလုံက ခေါင်းအနည်းငယ်ဟန့်ပြီး ပြော၏။
" အရင်ကတော့ ကျုပ်တို့သုံးယောက်က ကမ္ဘာလည်တဲ့နှုန်းကို ထိန်းချုပ်ပြီး ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု နောက်ကျမှ ရောက်လာအောင်လို့ ကြိုးစားခဲ့ကြတာ ။ အဲ့ဒါကိုသာ ဆန့်ကျင်ဘက်လုပ်လိုက်ရင် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက မြန်မြန်ရောက်လာနိုင်တယ် "
လောထျန်း ထပ်မေးလိုက်သည်။
" ဘယ်လောက်မြန်မြန် ရောက်လာနိုင်လဲဗျ "
သခင်ကြီးထျန်းလုံ မျက်မှောင်အနည်းငယ်ကြုံ့သွားကာ ပြန်ဖြေ၏။
" ကျုပ်တို့သုံးယောက်ရဲ့ အစွမ်းနဲ့ဆို... အလွန်ဆုံးမှ သုံးရက် ၊ မဟုတ်ရင် ငါးရက်လောက်ပဲ စောရောက်အောင် လုပ်လို့ရမှာ ။ ဒါပေမယ့် သခင်လေးလောထျန်းသာ ကိုယ်တိုင်ဝင်လုပ်မယ် ဆိုရင်တော့... လဝက်လောက်အထိ စောရောက်အောင် လုပ်လို့ရမယ်နဲ့တူတယ် "
လောထျန်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီဗျာ ၊ ဒါဆို အဲ့လိုပဲ လုပ်ကြတာပေါ့ "
ထိုစကားကို ကြားသောအခါ သခင်ကြီးထျန်းလုံနှင့် သူ့မိတ်ဆွေများ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
ပြီးခဲ့သော နှစ်များအတွင်းတွင် သူတို့သုံးယောက်မှာ အသက်ကိုပင် စွန့်စားပြီး ကောင်းကင်ဘုံပျက်စီး
ခြင်း အပေါ်သုံးခုကို အချိန်ဆွဲရန် ကြိုးစားခဲ့ကြပါသည်။
ယခုတွင်ကား.. ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ မြန်မြန်ရောက်လာအောင် လုပ်ရတော့မည်တဲ့...
မည်မျှ ရယ်စရာကောင်းလိုက်ပါသနည်း ။
" သခင်လေးလောထျန်း ၊ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာသာ စောရောက်လာရင်.. ကျုပ်တို့ ထျန်းယွမ်ကမ္ဘာက သူတို့ရဲ့ ကျူးကျော်မှုကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ "
သခင်ကြီးထျန်းလုံက စိုးရိမ်တကြီး မေးလိုက်သည် ။
လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ဖြေ၏။
" အဲ့ဒါက လွယ်ပါတယ်ဗျာ.. ပြန်ပြီး ကျူးကျော်လိုက်ရုံပဲပေါ့ "
" အင်... "
သခင်ကြီးထျန်းလုံမှာ ခဏတာမျှ မှင်သက်မိသွားတော့သည်။
သို့သော်... မကြာခင်မှာပင် သူ သဘောပေါက်သွားပါ၏။
မှန်ပါသည်... သူတို့ ထျန်းယွမ်ကမ္ဘာတွင် လောထျန်းကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုး ရှိထားပေရာ.. ဘာကိုစိုးရိမ်နေစရာ လိုပါဦးမည်နည်း။
ထိုသို့ တွေးမိလိုက်သည်နှင့် သူ စိတ်လှုပ်ရှားသွားသည်။
လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီ ကာလအတွင်း ထျန်းယွမ်ကမ္ဘာမှာ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခု၏ ဖျက်ဆီးခြင်း ခံရမည့်အရေးကို အမြဲတွေးပူခဲ့ရပါသည်။
ယခုတွင်မူ... အခြေအနေက ပြောင်းပြန်ပြန်ဖြစ်ကာ သူတို့ အပေါ်စီး ဖြစ်သွားလေပြီ ။
" ကောင်းပြီဗျာ ၊ အခုပဲ စလိုက်ကြတာပေါ့ "
သခင်ကြီးထျန်းလုံ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
" အဲ.. ကျုပ်တို့က ဘာလုပ်ရမှာလဲဗျ "
လောထျန်း မေးလိုက်၏။
" အဲ့ဒါက ရိုးရိုးလေးဗျ ။ ကျေးဇူးပြုပြီးတော့ ဒီ ပြောင်းလဲခြင်းကျင့်စဥ်ကို အရင်ကြည့်လိုက်ပါ သခင်လေးလောထျန်း "
သခင်ကြီးထျန်းလုံ ပြောကာ သူ့အကျ်ီလက်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ လောထျန်းအား ပေးလိုက်သည်။
လောထျန်းက ကျောက်စိမ်းပြားကိုယူပြီး သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် စစ်ဆေးကြည့်ကာ အထဲမှ အကြောင်းအရာများအားလုံးကို မှတ်သားလိုက်၏။
" ရပြီဗျ "
သူ ကျောက်ပြားအား ပြန်ပစ်ပေးလိုက်သည်။
" ဟင်.. သခင်လေး .. အထဲမှာပါတဲ့ အကြောင်းရာတွေကို မကြည့်တော့ဘူးလား... "
သခင်ကြီးထျန်းလုံ မျက်လုံးပြူးသွားရသည်။
သူပေးလိုက်သည့် ကျောက်ပြားထဲမှ ကောက်နှုတ်ယူခြင်း ကျင့်စဥ်မှာ အလွန်ရှုပ်ထွေးလှပြီး ရိုးရိုးဖတ်ရန်ပင်
နာရီများစွာကြာ အချိန်ယူရပါသည်။
သို့သော် လောထျန်းက တစ်ချက်သာကြည့်ပြီး သူ့အား ပြန်ပေးလာ၏။
နောက်နေပါသလား...
သို့သော်.. ထိုစဥ်မှာပင် လောထျန်းက လက်ယမ်းလိုက်သည်။
ဝီ...
သူ့လက်ထဲတွင် အလင်းလုံးတစ်ခု ပေါ်လာ၏။
" ဒါ... "
သခင်ကြီးထျန်းလုံမှာ ၎င်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
ထိုအလင်းလုံးမှာ လောထျန်းတစ်ယောက် ပြောင်းလဲခြင်းကျင့်စဥ်အား အဆုံးသတ်အထိ ကျင့်ကြံပြီးသွားပြီဆိုသည့် လက္ခဏာပါပင်...
ထို့အပြင် အလင်းလုံး၏ အသွင်အပြင်ကို ကြည့်၍ ပြောရလျှင်လည်း... လောထျန်း ကျင့်ကြံခဲ့သည်က သူ ကျင့်ကြံထားသည်ထက်ပင် ပိုသာဟန် တူပါ၏။
" သခင်လေးလောထျန်း ၊ ဒီနည်းကို အရင်ကရော ကျင့်ကြံဖူးလား "
သူ မေးလိုက်သည်။
" မကျင့်ကြံဖူးဖူးလေ.. ခုနကပဲ သခင်ကြီးပေးတဲ့ ကျောက်ပြားကနေ ကျင့်ကြံလိုက်တာ "
လောထျန်းက သူ့အား အူကြောင်ကြောင်အကြည့်ဖြင့် ပြန်ပြောလာ၏။
သခင်ကြီးထျန်းလုံ အပါအဝင် ကျန်လူများ ဆွံ့အကုန်ကြတော့သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက ဝင်ပြော၏။
" သူ့ကို တအားကြီး အာရုံမစိုက်နဲ့ ၊ သူက... ပုံမှန်မဟုတ်ဘူး "
ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်းနှင့် တွေ့စကတည်းက လောထျန်းကြောင့် ကြိမ်ဖန်များစွာ
ပြောစရာစကားမရှိ ဖြစ်ခဲ့ရပြီးသည့်အတွက်..
လက်ရှိတွင် လောထျန်း ဘာလုပ်သည်ကို ဤမျှ ဂရုမစိုက်လှတော့ချေ။
သခင်ကြီးထျန်းလုံက ကြောင်အအ ခေါင်းညိတ်ပြီး လောထျန်းအား ပြောလိုက်သည်။
" ကောင်းပါပြီ ။ သခင်လေးလောထျန်း ၊ အခု ဆက်လုပ်ရမှာက.. ဒီ ပြောင်းလဲခြင်းကျင့်စဥ်ကို သုံးပြီးတော့ ထျန်းယွမ်ကမ္ဘာကို ရှာကြည့်လိုက်ပါ ။ ပြီးရင် အစွမ်းကို ထပ်ချဲ့ပြီး သူ့ရဲ့ ကမ္ဘာပတ်လမ်းကို ရှာကြည့် "
လောထျန်း ခေါင်းညိတ်ကာ မျက်လုံးများ မှိတ်လိုက်သည်။
ဝီ...
ချက်ချင်းမှာပင် သူ့လက်ထဲ အလင်းတန်းတစ်ခု လင်းလာပြီး နေစကြဝဠာတစ်ခုပုံ ပေါ်လာ၏။
" တွေ့ပြီ "
လောထျန်း ပြောလိုက်သည်။
" ဟင်... အဲ့လောက် မြန်တာလား "
အားလုံး မျက်လုံးပြူးသွားရပြန်၏။
လောထျန်း လုပ်သွားသည့် နှုန်းမှာ အလွန်ပင် မြန်လှပေသည်။
ထိုမျှမက.. သူတို့ လောထျန်းလုပ်ထားသည့် စကြဝဠာငယ်လေးကို ကြည့်လိုက်ချိန်တွင်လည်း လောထျန်းက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ လည်နေသည့် လမ်းကြောင်းအတိအကျကို အမှန်တကယ်ပင် တွေ့သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ပို၍ပင် အံ့သြမှင်သက်သွားရ၏။
ထိုတခဏ၌ အားလုံး နဖူးချွေးများ ပြန်သွားကြတော့သည်။
" အခု ဘာဆက်လုပ်ရမလဲ "
လောထျန်း မေးလာ၏။
သခင်ကြီးထျန်းလုံ အသက်ပြင်းပြင်း ရှိုက်လိုက်
သည်။
" အခုက ပြောင်းလဲခြင်းနည်းကိုသုံးပြီး ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ လည်ပတ်နှုန်းကို နှောင့်ယှက်လို့ရပြီ ။ ဒါပေမယ့်.. နည်းနည်းလေးပဲ လုပ်နိုင်မှာမို့ အစပိုင်းမှာ သတိထားမိချင်မှ ထားမိမှာ ။ ဒါပေမယ့် ဒါကလဲ ထုံးစံပဲမို့ သခင်လေး ဘာမှစိတ်ပူစရာ မလိုဘူး "
လောထျန်း ခေါင်းညိတ်ပြီး မျက်လုံးမှိတ်၍ အလုပ်ပြန်စလိုက်သည်။
" ပြောင်းလဲခြင်းနည်းကိုသုံးပြီး ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်အောင် လုပ်ရမယ်... "
လောထျန်း ပြောနေစဥ်မှာပင် ရွှေရောင်အားတစ်ခုက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာအား လွှမ်းခြုံလာ၏။
တစ်ချိန်တည်းမှာပင်.. တောင်ပိုင်းဒေသ၌...
ဂူတစ်ခုအတွင်း ရှိနေသော ယွမ်လင်နတ်ဆိုးသခင်ကြီး၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာ၏။
" နတ်ဆိုးသခင်ကြီး.. နိုးလာပြီလား.. ၊ ဘာတွေ ဖြစ်လို့လဲဗျ "
သူ့ရှေ့မှ အသွင်ပြောင်းနတ်ဆိုးကြီးတစ်ယောက်က ယွမ်လင်နတ်ဆိုးသခင်ကြီး နိုးလာသည်ကို မြင်သည်နှင့် တအံ့တသြ မေးလိုက်သည်။
ယွမ်လင်နတ်ဆိုးသခင်ကြီးသည် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ မြန်မြန်ရောက်လာစေရန်အတွက် ကျင့်ကြံနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။
ယခု သူ နိုးလာပြီဖြစ်ရာ... ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက....
မျှော်လင့်ထားသလိုပင် ယွမ်လင်နတ်ဆိုးသခင်ကြီးက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြော၏။
" ပြီးသွားပြီ ၊ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက အကြာဆုံးဆိုရင်တောင် နောက် နှစ်လအတွင်း ရောက်လာလိမ့်မယ် "
သို့သော်.. သူ့စကား ဆုံးချိန်မှာပင်..
ဝုန်း ..
သူ့လက်ထဲမှ အစိမ်းရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။