ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ
Vol. 45 Ch. 624
ထိုအစိမ်းရောင်အလင်းတန်း ပေါက်ကွဲမှုကြောင့် ယွမ်လင်နတ်ဆိုးသခင်ကြီး မှင်သက်သွားရသည်။
သူ့ရှေ့မှ နတ်ဆိုးကြီးကလည်း ပေါက်ကွဲသွားသည့် အစိမ်းရောင်အလင်းတန်းကို ကြည့်ကာ ခေါင်းကုတ်ရင်း ပြော၏။
" သခင်ကြီး ၊ ကျုပ် မှတ်မိတာသာ မှန်ရင် ဒီအစိမ်းရောင်အလင်းတန်း ပေါက်ကွဲသွားတာက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ရောက်လာပြီဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား "
ယွမ်လင်နတ်ဆိုးသခင်ကြီးက အံ့သြနေလျက်သားဖြင့်ပင် ခေါင်းညိတ်ပြသည်။
၎င်းက အမှန်တကယ်လည်း ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ရောက်လာပြီဆိုသည့် အဓိပ္ပါယ်ပါပင်..
ဘာတွေ ဖြစ်နေပါသနည်း ။
သူ မျက်လုံးမဖွင့်ခင်လေးတွင်ပင် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက နောက်နှစ်လလောက်နေမှ ရောက်လာမည်ကို သေချာတွေ့ခဲ့ရပါသေးသည်။
ယခု အဘယ့်ကြောင့် ရောက်လာပါသနည်း ။
သူ မျက်လုံးဖွင့်ပြီး စကားပြောနေစဥ် အချိန်တခဏလေးအတွင်း ဘာတွေဖြစ်သွားခဲ့ပါသလဲ..
" သခင်ကြီး ၊ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက ဘယ်မှာ ကျလာမှာလဲ "
တဖက်မှ နတ်ဆိုးကြီးက ခေါင်းကုတ်ရင်း ထပ်မေးလာသည်။
ယွမ်လင်နတ်ဆိုးသခင်ကြီး အံ့အားသင့်သွားရပြန်ကာ ဂူရှေ့သို့ လက်ညိုးထိုး၍ ပြော၏။
" တကယ်က.. အဲ့မှာ ဖြစ်သင့်တာ "
နတ်ဆိုးကြီး ခေတ္တမျှ မှင်သက်သွားပြီးနောက်.. ဂူအပြင်ထွက်၍ ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်သော်လည်း မည်သည်ကိုမှ မတွေ့ရပါချေ။
သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင်မူ အပေါ်မှ ဖြတ်ပျံသွားသည့် ငှက်တစ်ကောင်က ချီးပါချသွားသဖြင့် သူ့ခေါင်းပေါ်သို့ ငှက်ချီးများ ကျလာ၏။
သို့သော် နတ်ဆိုးကြီးမှာ လက်ရှိတွင် ထိုအရာများကို ဂရုမစိုက်နိုင်သေးပေ..
သူ ယွမ်လင်နတ်ဆိုးသခင်ကြီးကိုသာ လှည့်ကြည့်လိုက်သည်။
" သခင်ကြီး.. သူတို့တွေ.. ဘယ်မှာလဲ "
ယွမ်လင်နတ်ဆိုးသခင်ကြီးမှာလည်း ထိုစဥ် စိတ်ရှုပ်ထွေးနေပါ၏။
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်က... ပျောက်သွားတာလား "
သူ တီးတိုးရေရွတ်လိုက်သည်။
အကယ်၍ ကမ္ဘာနှစ်ခုကြားတံခါးပေါက် ကျလာပြီး.. ဘယ်နေရာတွင်ရှိမှန်းသာ သူမသိပါက...
ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှ အစွမ်းထက်သူများ
သာ ထိုအကြောင်းကို သိသွားလျှင် သူ ပြဿနာကြီးကြီး တက်ပေတော့မည် ။
" တံခါးပေါက်ကို သွားရှာကြစမ်းကွာ ။ အခုချက်ချင်း လူလွှတ်ပြီး သွားရှာကြ "
ယွမ်လင်နတ်ဆိုးသခင်ကြီး အလန့်တကြား ပြောလိုက်၏။
ထိုစဥ် ကျုံ့ကျိုးဒေသတွင်.....
သခင်ကြီးထျန်းလုံမှာ သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကိုကြည့်ရင်း ဘာပြောရမည်မသိ ဖြစ်နေရှာသည်။
" သခင်လေးလောထျန်း... ဘယ်.. ဘယ်လို လုပ်လိုက်တာလဲ "
သူ တအံ့တသြ မေးလိုက်သည်။
လောထျန်းက အနည်းငယ်ရှက်နေဟန်ဖြင့် ပြန်ပြော၏။
" ကျုပ် သခင်ကြီးပြောတဲ့အတိုင်း လုပ်ခဲ့တာပဲလေ "
" ပြောတဲ့အတိုင်း လုပ်ခဲ့တာ.... "
သခင်ကြီးထျန်းလုံ ဆွံ့အသွားရတော့သည်။
သူက လောထျန်းအား ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၏ ကမ္ဘာပတ်လမ်းကို အနည်းငယ်လေး ထိန်းချုပ်ရန်သာ ပြောခဲ့ခြင်း ဖြစ်ပါသည်။
ချက်ချင်းကြီး ရှေ့သို့ ဆွဲခေါ်လာရန် မပြောခဲ့ပါ..
သို့သော်.. လောထျန်းတစ်ယောက်က သူသင်ပေးထားသည့် နည်းဖြင့် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာအား ချက်ချင်းကြီး ဆွဲခေါ်လာခဲ့ပါ၏။
၎င်းမှာ ကောင်းကင်ဘုံ၏ ဆန္ဒကို ဆန့်ကျင်ရာ မကျပေဘူးလား...
ထိုစဥ် တဖက်မှလောထျန်းက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကိုကြည့်ရင်း ပြောသည်။
" ဒါ.. ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာလား. ... ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက ဘာလဲဆိုတာ ကျုပ်ကို တစ်ယောက်ယောက် ပြောပေးလို့ရမလား "
သခင်ကြီးထျန်းလုံမှာ ခဏတာမျှ တွန့်ဆုတ်နေပြီးမှ စကားစ၏။
" ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာဆိုတာက.. နာမည်အတိုင်း နတ်ဆိုးတွေ ကြီးစိုးတဲ့ကမ္ဘာတစ်ခုပဲဗျ ။ လူသားတွေက သူတို့အတွက် အစာလောက်ပဲ ရှိတာ "
လောထျန်း မျက်မှောင်ကြုံ့သွားကာ ထပ်မေးသည်။
" အဲ့လိုလား.. ဒါဆို သူတို့ဆီမှာ ရတနာတွေရော ရှိလား "
ဤတစ်ကြိမ်တွင်မူ ချင်းဝူချုံက ပြန်ဖြေ၏။
" သူတို့ဆီမှာ ထူးခြားတဲ့ လျှို့ဝှက်ဒေသတွေ ရှိတယ်လို့တော့ ကျုပ် မကြားမိဘူး ။ ဒါပေမယ့်.. သူတို့ကမ္ဘာက နတ်ဆိုးတွေရဲ့ခန္ဓာကိုယ်ထဲက အမြုတေလုံးတွေကတော့ ရတနာတွေပဲ ။ ထိပ်တန်းအဆင့် နတ်ဆိုးတွေဆို ပိုတောင်ဆိုးသေး... သူတို့ရဲ့ အမြုတေလုံးတင်မကဘူး ၊ သူတို့ခန္ဓာကိုယ် တစ်ခုလုံးကပါ ရတနာလို့ ပြောလို့ရတယ် "
သူ့စကားကြောင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" ကျုပ် သဘောပေါက်ပါပြီ "
ဝုန်း...
ထိုစဥ်မှာပင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်က ဖြည်းညင်းစွာ ပွင့်လာ၏။
လောထျန်းက အားလုံးဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" ဒီတစ်ခါတော့ ကျုပ် အရင်သွားလိုက်မယ် ။ သခင်ကြီးတို့က ဒီမှာပဲနေပြီး စောင့်ကြပ်ထားကြဦးနော် ။ ဟို နတ်ဆိုးကောင်တွေ ထွက်လာပြီး လူတွေကို ပြဿနာမရှာအောင် တားထားပေးပါ "
လူများစွာပင် ခေါင်းညိတ်ပြကြ၏။
" ကောင်းပါပြီ "
လောထျန်းကလည်း ခေါင်းညိတ်ပြကာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှတဆင့် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာထဲသို့ ဝင်သွားလိုက်သည်။
ဝီ...
သူ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ဖြတ်လိုက်သည်နှင့် ခပ်ကြမ်းကြမ်း လေပြင်းတစ်ချက် သူ့ထံသို့ တိုးဝင်လာသည်ကို လောထျန်း ခံစားမိလိုက်၏။
သူ ခေါင်းမော့ကြည့်လိုက်ရာ သစ်ပင်အိုကြီးများက မိုးထိုးနေသည့်အတွက် မြေပြင်၌ အရိပ်ကြီးဖြစ်နေကာ မှောင်မည်းခြောက်ခြားဖွယ် ကောင်းနေသည်ကို မြင်လိုက်ရသည်။
လောထျန်း အနည်းငယ် တွန့်ဆုတ်သွားစဥ်မှာပင်..
" ဟင်.. လူသားပါလား.. တကယ်ကြီး လူပဲဟေ့ "
အသံအသံက သူ့ အာရုံကို ဆွဲဆောင်လိုက်ပါ၏။
လောထျန်း အသံလာရာဘက် လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်း၌ များစွာသော အသွင်ပြောင်းသားရဲများ ပေါ်လာကြသည်ကို တွေ့လိုက်ရသည်။
" ထုံရွှယ်... ကွေ့ရှ... တုကျဲ့... ကွေ့ရှ... အစွမ်းနိမ့်ကြတာပဲ "
ထိုသားရဲများကို တစ်ချက်ဝေ့ဝဲကြည့်ကာ လောထျန်း ခေါင်းယမ်းလိုက်သည်။
ထိုအဆင့် သားရဲများကို သတ်လိုက်လျှင်ပင် သူတို့၏ အမြုတေလုံးများက အသုံးဝင်မည် မထင်ပါ ။
" ဟား ဟား.. ဒီနေရာမှာ လူသားတစ်ယောက်နဲ့ တွေ့ရမယ်လို့ ထင်တောင်မထင်ထားဘူး ။ မင်းတို့အားလုံး လုဖို့ မစဥ်းစားကြနဲ့နော်.. ဒီကောင်က ငါ့ရဲ့ သားကောင်ပဲ "
လူသားတစ်ဝက် အသွင်ပြောင်းထားသည့် နတ်ဆိုးဝံပုလွေတစ်ကောင်က အသံကျယ်ကြီးဖြင့် အော်ရယ်ရင်း ပြောလာ၏။
" ဆုတောင်းလေ... ငါ လူသားမစားရတာ သုံးနှစ်တောင် ရှိသွားပြီ ။ အဲ့ဒါကို ဘာလို့ မင်းကို ပေးရမှာလဲ "
" အမှန်ပဲ.. အစွမ်းအရ ပြောရင်လဲ မင်းက အဲ့လောက်မှကောင်းမနေတာ "
" ကောင်းပြီကွာ ။ ဒါဆိုရင် ထုံးစံအတိုင်း စုံ ၊ စမ် ၊ စိ ပဲ ကစားကြမယ် ။ နိုင်တဲ့သူက အဲ့ကောင်ကို အမဲလိုက်ခွင့်ရမယ် "
" ကောင်းပြီ "
သားရဲများက ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ စုံ ၊ စမ် ၊ စိ ကစားလိုက်ကြသည်။
လောထျန်းမှာကား ထိုမြင်ကွင်းကိုကြည့်ရင်း မျက်နှာကြီး မဲ့သွား၏။
ထိုကောင်များက သူတို့ကိုယ်သူတို့ ဘာထင်နေကြပါသနည်း ။
နောက်ဆုံးတွင်မူ..
" ဟား ဟား.. ငါ နိုင်သွားပြီ ။ ငါ အစောတည်းက ပြောသားပဲကွာ.. ဒီကောင်က ငါ့အတွက်ပါဆို "
နောက်ဆုံး အနိုင်ရသွားသူ ဝံပုလွေနတ်ဆိုးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ကျန်သားရဲများကမူ မကျေမနပ် မျက်နှာကြီးများ ဖြစ်နေကြ၏။
ဝံပုလွေနတ်ဆိုးက လောထျန်းအား တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင်... သူ့ဘေးမှ အလင်းရောင်က ရုတ်တရက် မှိန်သွားသည်။
" ဟင်... "
ဝံပုလွေနတ်ဆိုး အံ့အားသင့်သွားကာ ခေါင်းမော့ကြည့်လိုက်၏။
ထိုစဥ်တွင်.. ဧရာမ သားရဲကြီးတစ်ကောင်က သူတို့ခေါင်းပေါ်မှ ဖြတ်၍ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
ထို့နောက်တွင်..
ထိုသားရဲကြီး၏ အရောင်အဝါနှင့်အတူ ကြောက်မက်ဖွယ် ဖိနှိပ်အစွမ်းတစ်ခု သူ့ထံသို့ ရောက်လာသည်။
ဝုန်း..
မြေပြင်တွင် ရှိနေကြသည့် သားရဲများအားလုံး ဒူးထောက်ကျသွားကြ၏။
" ဒါ.. ဘယ်လို ဖြစ်နိုင်မှာလဲ ။ သူက ဘာလို့ ဒီမှာ ပေါ်လာတာလဲ "
ဝံပုလွေနတ်ဆိုး အံ့သြမှင်သက်သွားရတော့သည်။
ထိုစဥ်မှာပင် လေထဲမှ သားရဲကြီး ရပ်သွား၏။
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်ပါလား ။ ဟားဟား.. ငါ တော်တော်ကံကောင်းတာပဲ ။ ထူးခြားတဲ့ အရောင်အဝါတစ်ခုကို အာရုံခံမိလို့ လာလိုက်တာ မမျှော်လင့်ပဲ ကမ္ဘာနှစ်ခုကြား တံခါးပေါက်နဲ့မှ လာတိုးရတယ်လို့ ။ ဒီကို ငါ အရင်ဆုံးရောက်တာ ဆိုတော့.. ဒီတစ်ခါ... တစ်သန်း .. မဟုတ်သေးဘူး ၊ ထျန်းယွမ်ကမ္ဘာက လူသားတွေ ဆယ်သန်းကို စားမယ်ကွာ "
သားရဲကြီးက ကျောချမ်းဖွယ် အသံကြီးဖြင့် အော်ရယ်ရင်း ပြောလာသည်။
သူ ထိုသို့ပြောပြီးသည်နှင့် အမြီးနှင့်ခေါင်းကို ခါ
ယမ်း၍ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ ပြေးဝင်သွားရန် ပြင်လိုက်၏။
သို့သော်.. ထိုစဥ်မှာပင်..
" ရပ်လိုက်စမ်း ၊ မင်းကို ငါ သွားခွင့်ပေးလို့လား "
လောထျန်း၏ အေးစက်စက်အသံ ထွက်လာသည်။
" ဟင်... "
သားရဲကြီး အံ့အားသင့်သွားပြီး အသံလာရာဘက် ကြည့်လိုက်ရာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင် ရှိနေသော လောထျန်းအား မြင်လိုက်ရသည်။
" ဟင်.. မင်းက ထျန်းယွမ်ကမ္ဘာကလား.. ၊ မင်းကများ ငါ့ကို တားချင်တယ်ပေါ့လေ "
သားရဲကြီး မေးလိုက်၏။
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" မဆိုးဘူး .. ငါပြောတာကို နားလည်သားပဲ "
သားရဲကြီးမှာ ခဏတာမျှ တိတ်နေပြီးမှ ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်၏။
" စိတ်ဝင်စားစရာပဲကွာ.. တကယ်ကို စိတ်ဝင်စားစရာပဲ.. ။ ဘာမဟုတ်တဲ့ လူသားတစ်ယောက်ကများ ငါသွားမယ့်လမ်းကို ပိတ်ချင်တယ်ပေါ့ ။ ဘာလဲ.. မင်းက ထျန်းယွမ်ကမ္ဘာကို ကာကွယ်ပေးတဲ့ သူရဲကောင်းကြီးတစ်ယောက် ဖြစ်ချင်လို့လား "
သားရဲကြီးက လောထျန်းကိုကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
လောထျန်း ခေတ္တ အံ့အားသင့်သွားရကာ ပြန်ပြော၏။
" သူရဲကောင်း .. ဟုတ်လား ၊ ငါ့မှာ အဲ့လိုစိတ်ကူးမျိုး ရှိကိုမရှိတာ ။ ငါက မင်းရဲ့ အမြုတေကို လိုချင်ရုံသက်သက်ပဲ "
သားရဲကြီးမှာ သူ့စကားကြောင့် အံ့သြသွားဟန် တူပြီးမှ အသံကျယ်ဖြင့် အော်ရယ်သည်။
" အမြုတေ.. မင်းက ငါ့ရဲ့ အမြုတေကို လိုချင်တယ်.. ဟုတ်လား ။ အဲ့လို ဟာသမျိုး မကြားရတာတောင် နှစ်ထောင်ချီ ကြာသွားခဲ့ပြီကွာ ။ ရယ်ရလွန်းလို့ သေတော့မှာပဲ ။ လာလေ.. ငါ မင်းကို အခွင့်ရေးတစ်ခု ပေးလိုက်မယ်။ ငါ ဒီမှာပဲ ရပ်နေမယ်..
တကယ်လို့ မင်း ငါ့ကို သတ်နိုင်ရင် ငါ့ရဲ့အမြုတေကို ရမယ် "
သားရဲကြီးက ထိုသို့ပြောကာ ဆက်ရယ်နေ၏။
လောထျန်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်မေးလိုက်သည်။
" မင်းပြောတာ သေချာရဲ့လား "
" ဒါပေါ့ကွ.. "
သားရဲကြီးက သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြော၏။
....
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ..
" ချီး.. ဒီကောင်ကြီးရဲ့ အမြုတေက ဘယ်မှာလဲ "
လောထျန်းက ဓားတစ်လက်ကို လက်ထဲကိုင်ရင်း အပိုင်းပိုင်းဖြတ်ခံထားရသော သားရဲကြီးပေါ် တက်လိုက်သည်။