မဟူရာနတ်ဆိုးဘုရင်ကြီး
Vol. 45 Ch. 625
ဇွပ်..
လောထျန်း ဓားဖြင့် ထပ်ခုတ်လိုက်သော်လည်း ဘာကိုမှ မတွေ့ရပါ...
" ချီး... မျိုးမစစ်ကောင်.. မင်းကို အဲ့လောက်ကြီး အကောင်ကြီးအောင် ဘယ်သူလုပ်ပေးလိုက်တာလဲ ။ အတွင်းအမြုတေလေးတောင် ရှာမရဘူးကွာ "
လောထျန်း မကျေမနပ် ပြောလိုက်သည်။
သူ့ရှေ့မှသားရဲမှာ တောင်ငယ်တစ်လုံးစာခန့် ကြီးမားပြီး သူက ၎င်းအား တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့်လည်း သားရဲကို သတ်ပြီးနောက် သူ့ကိုယ်ထဲမှ အတွင်းအမြုတေကို ရှာရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်အပ်ရှာသလို ဖြစ်နေခြင်းပင်..
ရုတ်တရက်... လောထျန်း ခေါင်းမော့လာပြီး
မလှမ်းမကမ်းတွင် ရှိနေကြသည့် များစွာသော အသွင်ပြောင်းသားရဲများကို ကြည့်လိုက်သည်။
ထိုသားရဲများမှာ အစောပိုင်းတွင် လောထျန်းအား သတ်ရန်အတွက် တစ်ယောက်နှင့်တစ်ယောက် ပြိုင်လုနေခဲ့ကြသော်လည်း..
ယခုတွင်မူ အားလုံး ကြောက်ရွံ့တုန်လှုပ်ကာ အုပ်စုလိုက် ပူးကပ်ပြီး တုန်နေကြပါ၏။
သို့သော် လောထျန်းအား တိုက်ခိုက်ရန်ပြင်ခဲ့သည့် ဝံပုလွေနတ်ဆိုးကမူ.. တုန်မနေပါ...
ထိုအစား... သူ့ဘောင်းဘီများသာ စိုရွှဲနေပါသည်။
" ဟိုကောင်တွေ "
လောထျန်းက သားရဲများအား အော်လိုက်သည်။
" ဗျာ...... "
ထိုသားရဲများ၏ ပြန်ထူးသံမှာ သေမတတ် ကြောက်ရွံ့နေဟန်ဖြင့် တုန်ယင်နေ၏။
" ဒီကိုလာပြီး ငါ့အတွက် အတွင်းအမြုတေ လာကူရှာကြစမ်း "
လောထျန်း အေးစက်စက် ပြောလိုက်သည်။
သားရဲများမှာ အနည်းငယ် တွန့်ဆုတ်နေကြသေးသော်လည်း မည်သို့မှ မတတ်နိုင်သဖြင့် ရောက်လာကြသည်။
" လာကြ.. ဒီကောင်ကြီးရဲ့ အတွင်းအမြုတေကို ရှာပေးနိုင်ရင် မင်းတို့အသက်ကို ချမ်းသာပေးမယ် "
လောထျန်း အေးစက်စက် ဆက်ပြောလိုက်၏။
" ဟုတ်.. ဟုတ်ကဲ့ပါ "
သားရဲများ သဘောတူလိုက်ရပြန်သည် ။
ရှေ့မှ ဧရာမသားရဲကြီး၏ အလောင်းကို ကြည့်ရင်းလည်း သူတို့ အလွန်ကြောက်ရွံ့နေပါ၏။
ဘာတွေ ဖြစ်နေပါသနည်း...
" ဘာလုပ်ရမှာလဲဟင်.. ဒီတိုင်း တူးရမှာလား "
ကြောင်နတ်ဆိုးတစ်ကောင်က သူတို့အုပ်ထဲမှ အစွမ်းအထက်ဆုံး ကျားနတ်ဆိုးကြီးအား လေသံတိုးတိုးဖြင့် မေးလိုက်သည်။
" မတူးလို့လဲ ရမလားကွ ။ မြန်မြန်သာ လုပ်ကြတာပေါ့ "
ကျားနတ်ဆိုးကြီးက ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ဖြေရှာ၏။
ဤသို့ဖြင့် သူတို့လူစု ဧရာမသားရဲကြီး၏ အလောင်းဘေးသို့ ရောက်လာကြသည်။
" သခင်ကြီး.. ကျုပ် တောင်းပန်ပါတယ်ဗျာ "
နတ်ဆိုးသားရဲတစ်ကောင်က အလောင်းကိုကြည့်ရင်း စိတ်ထဲမှကြိတ်၍ တောင်းပန်စကား ဆို၏။
ထို့နောက်တွင်မူ.. သူ့လက်ထဲမှ လက်နက်ကိုယမ်းကာ သားရဲကြီး၏ အလောင်းအား ဖြတ်လိုက်သည်။
သို့သော်..
ခွမ်း...
အသံတစ်သံနှင့်အတူ သူ့လက်ထဲမှ လက်နက်က ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပါ၏။
သားရဲမှာလည်း အနောက်သို့ လွင့်ထွက်သွားသည်။
" ဒါ... ဘယ်လိုဖြစ်သွားတာလဲ "
ထိုသားရဲ မြေပြင်သို့ ပြန်ကျသွားသည့်အခါ တအံ့တသြ ပြောလိုက်သည်။
" ဒါ... ဒါကြီးက ကြောက်စရာမကောင်းလွန်းဘူးလား ။ သေပြီးသားအလောင်းကတောင် အဲ့လောက်မာနေတာ ၊ ဘယ်လိုလုပ်ပြီး အဲ့လောက် လွယ်လွယ်လေးနဲ့ သတ်လို့ရသွားတာလဲ "
သူ နားမလည်နိုင်တော့ပါချေ။
" ဟင်.. ဟိုကောင်.. အပျင်းတစ်နေတာလား "
ထိုစဥ် လောထျန်းက အေးစက်စက် မေးလာသည်။
" မဟုတ်ပါဘူးဗျာ... ကျုပ် မပျင်းဝံ့ပါဘူး "
သားရဲမှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်
သွားကာ လက်နက်ကို ချက်ချင်း ပြန်ကောက်ကိုင်လိုက်သည်။
" ကောင်းကင်ဘုံဝံပုလွေ... ဓားတစ်လက်နဲ့ဖြတ်စေ "
သူ ဒေါသတကြီးအော်ကာ ရှေ့မှ သားရဲအလောင်းအား ဓားဖြင့် ခုတ်လိုက်သည်။
ဇွပ်..
သို့သော်.. ၎င်းကပင် သားရဲကြီး၏ အရေပြားအား အနည်းငယ်လေးသာ ဖြတ်လိုက်နိုင်ပါသည်။
" ဒါ.... "
အနီးနားမှ သားရဲများအားလုံး ရုတ်ချည်း တိတ်ဆိတ်သွားကြတော့သည်။
ထိုစဥ်မှလည်း လောထျန်းက မည်မျှအစွမ်းထက်ကြောင်းကို သူတို့ နားလည်လိုက်ကြ၏။
လောထျန်းက ကြောက်မက်ဖွယ် ခန္ဓာကိုယ်နှင့်
သားရဲကြီးအား အလွယ်တကူ သတ်ပစ်နိုင်ခဲ့ရုံမက..
အလောင်းကိုလည်း တိုဟူးတစ်တုံးလို အပိုင်းပိုင်း ဖြတ်ပစ်ခဲ့ပါသေးသည်။
" အတူတူ လုပ်ကြမယ်ဟေ့ "
သူတို့အုပ်၏ ဦးဆောင်သူ ကျားနတ်ဆိုးကြီးက သက်ပြင်းချကာ အစွမ်းကုန်သုံး တိုက်ခိုက်လိုက်သည်။
ကျန်သားရဲအုပ်ကလည်း သူ့ဦးဆောင်မှုအတိုင်း သားရဲကြီး၏ အလောင်းကို ဓားများ ၊ ပုဆိန်များဖြင့် ဖြတ်တောက်လိုက်ကြ၏။
တဖက်မှ လောထျန်းမှာကား ပျင်းရိဟန်ဖြင့် အကြောဆန့်လျက်..
" ခိုင်းပဲ ခိုင်းရတာက တကယ်ကို သက်သာတာပဲ "
သူ အကြောဆန့်လိုက်ပြီးနောက် အေးဆေး အနားယူရန် ဆုံးဖြတ်ကာ... တစ်ချက်တစ်ချက် သားရဲအုပ်အား ဘာလုပ် ညာလုပ်ဖြင့် အမိန့်သာထိုင်ပေးနေ
လိုက်သည်။
သို့သော် ထိုသားရဲအုပ်မှာလည်း သားရဲကြီး၏ အတွင်းအမြုတေက ဘယ်မှာရှိသည်ကို မသိကြပါချေ။
၎င်းကိုကြည့်ကာ လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" ဟူး... ဘယ်တတ်နိုင်မလဲ ၊ မင်းတို့ကောင်တွေ ဒီမှာပဲနေပြီး ရှာထားကြဦး ။ ငါ ခဏနေ ပြန်လာခဲ့မယ် ။ ငါ ပြန်လာလို့ မင်းတို့တွေအချောင်ခိုနေတာ မြင်ရင်တော့ အားလုံး သေပြီသာမှတ် "
လောထျန်း ပြောလိုက်၏။
" ဟုတ်ကဲ့ပါ "
သားရဲအုပ်က ချက်ချင်း သံပြိုင်ပြန်ဖြေကြသည်။
ထို့နောက်တွင် လောထျန်းက သူ့အတွင်းကမ္ဘာငယ်ကို ဖွင့်ပြီး အထဲဝင်ကာ ချောက်တစ်ခုဆီ သွားလိုက်သည်။
ထိုချောက်မှာ စိတ်စွမ်းအင်များဖြင့် ပြည့်နေသည့်အတွက် ကျင့်ကြံရန် နေရာကောင်းတစ်ခုပင် ။
ထိုချောက်၏ အလယ်တွင်ကား လက်တဖဝါးစာ အရွယ်ရှိသည့် နဂါးလေးတစ်ကောင် အိပ်နေ၏။
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ကောင်လေးအား ကောက်ကိုင်လိုက်သည်။
" ငါ မင်းကို ကျင့်ကြံဖို့ ပြောထားတာလေ ၊ ဒီမှာ အိပ်လို့ ပြောထားလို့လား ။ မင်းရဲ့ အဲ့လောက်ပျင်းပုံမျိုးနဲ့ဆို ဘယ်တော့မှ နဂါးအစစ်ကြီးတစ်ကောင် ဖြစ်လာမှာလဲ ။ ငါ့မှာတော့ ဂုဏ်ရှိအောင်လို့ နဂါးပေါ်တက်စီးချင်ပါတယ်ဆိုမှ ... ခုတော့ကြည့်ပါဦး ။ မင်းက အဲ့လောက်သေးနေတော့ ငါ့အတွက် ရှက်စရာကြီးကိုဖြစ်လို့ "
လောထျန်းမှာ တစ်နေ့တာ အဆင်မပြေမှု မှန်သမျှအား ကောင်လေးအပေါ်သို့ ပုံချမိသွား၏။
" ဝု... ? "
ယခုမှ အိပ်ရာနိုးစ ရှောက်ထျန်းလုံလေးမှာကား လောထျန်းတစ်ယောက် ဘာတွေ ကြုံခဲ့ရမှန်း မသိသဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးနေရှာသည်။
သူ့အမူအရာကို လောထျန်း တွေ့သောအခါ ပို၍ပင် ဒေါသထွက်သွား၏။
" ဘာလို့ ဒီတိုင်းကြီး ရပ်နေသေးတာလဲ ။ ခုချိန်ကစပြီး ဘယ်နဂါးကိုမှ ဒီတိုင်းအလကားကြီး မထားတော့ဘူး ။ အခုအပြင်ထွက်ပြီး အလုပ်ကြမ်း သွားလုပ်ချေ "
လောထျန်း ထိုသို့ပြောကာ ရှောက်ထျန်းလုံလေးအား ဆွဲခေါ်လာပြီး အတွင်းကမ္ဘာ အပြင်ဘက်သို့ ထွက်လာလိုက်သည်။
တဖက်ရှိ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာတွင်ကား...
လောထျန်း အတွင်းကမ္ဘာငယ်ထဲသို့ ဝင်လိုက်ချိန်မှာပင်..
ခပ်လှမ်းလှမ်း ကောင်းကင်ယံ၌ လေကိုခွင်းကာ လာ
နေသောအသံများ ရုတ်တရက် ထွက်လာသည်။
မရှေးမနှောင်းမှာပင် ဧရာမ သားရဲတပ်ဖွဲ့ကြီး ပျံသန်းရောက်လာသဖြင့် ကောင်းကင်ယံတစ်ခွင်လုံး နေရောင်ပင် ပျောက်သွား၏။
" ကမ္ဘာနှစ်ခုကြားတံခါးပေါက်က တကယ်ကြီး ပေါ်လာတာပဲ... ငါက... ဟင် "
ထိုသားရဲအုပ်၏ ခေါင်းဆောင်သားရဲကြီးက ပြောနေရင်း ဘေးသို့ အကြည့်ရောက်သွားရာ.. ကျားနတ်ဆိုးနှင့် အခြားသူများက တစ်စုံတစ်ခုအား မွှေနှောက်ရှာနေကြသည်ကို မြင်သွားသည်။
" ဒီကောင်တွေ ဘာလုပ်နေကြတာလဲ "
ခေါင်းဆောင် နတ်ဆိုးသားရဲကြီး အံ့အားသင့်သွားကာ ချက်ချင်းလက်ပြ၍ သူ့လူအုပ်အား ရပ်ခိုင်းလိုက်သည်။
ဝှစ်..
ထို့နောက် သူ ချက်ချင်း မြေပြင်သို့ ဆင်းသက်လိုက်၏။
" ဟေ့.. ဟိုကောင်တွေ ၊ ဘာလို့ ဒီကိုရောက်နေကြတာလဲ "
သူ လေသံမာမာဖြင့် အော်မေးလိုက်သည်။
" ဟင်.... "
ကျားနတ်ဆိုးကြီးနှင့် အခြားသူများမှာ အသံကြားသည်နှင့် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
လှည့်ကြည့်လိုက်သည့်အခါတွင်လည်း ခေါင်းဆောင်နတ်ဆိုးသားရဲကြီးကို မြင်ပြီး တစ်ကိုယ်လုံး တုန်သွားကြတော့သည်။
" မ.. မဟူရာနတ်ဆိုးဘုရင်ကြီး .. "
ကျားနတ်ဆိုးကြီးက တုန်တုန်ယင်ယင် ပြောလိုက်သည်။
" ဟင်.. မင်းက ငါ့ကို သိတယ်ပေါ့ ။ အဲ့ဒါကို ထားလိုက်ပါ.. ၊ အခု ဒီမှာ ဘာတွေလုပ်နေတာလဲပဲ ပြော "
မဟူရာနတ်ဆိုးဘုရင်ကြီးက အေးစက်စက်မျက်နှာထားဖြင့် မေး၏။
ကျားနတ်ဆိုးကြီးက သူ့နဖူးမှ ချွေးများကိုသုတ်ကာ ပြန်ဖြေသည်။
" ဟို... လူသားတစ်ယောက်က.. တူး ... တူးခိုင်းထားလို့.. "
သို့သော်.. သူ့စကား မဆုံးခင်မှာပင် မဟူရာနတ်ဆိုးဘုရင်ကြီး၏ ကိုယ်မှ လူသတ်အရိပ်အငွေ့များ တမဟုတ်ချင်း ထွက်လာကာ အစိုင်အခဲအဖြစ် ပြောင်းတော့မလိုပင် ဖြစ်သွား၏။
" လူတစ်ယောက်က လုပ်ခိုင်းထားတယ်.. ဟုတ်လား ။ မျိုးမစစ်ကောင်တွေ.. မင်းတို့က ဘာမဟုတ်တဲ့ အစွမ်းနိမ့်လူသားတစ်ယောက်ရဲ့ အမိန့်ကို နာခံနေကြတယ်ပေါ့လေ ။ မင်းတို့ကောင်တွေက နတ်ဆိုးကမ္ဘာအတွက် အရှက်ရစရာတွေပဲ ။ ဒီနေ့တော့ မင်းတို့အားလုံးကို သတ်မယ် ၊ ပြီးရင် ဟို အမိန့်ပေးတဲ့ လူသားကောင်ကိုရော အပိုင်းပိုင်း ဖြတ်ပစ်မယ် "
မဟူရာ နတ်ဆိုးဘုရင်ကြီးက ဒေါသတကြီး အော်လိုက်သည်။
သူ ထိုသို့ ဒေါသထွက်သည်မှာလည်း မဆန်းပါချေ။
သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာတွင် နတ်ဆိုးများမှာ အားလုံး၏ လေးစားမှုကို ခံရသူများဖြစ်ကာ.. လူသားများ၏ အမိန့်ကို နာခံခြင်းက သူတို့နတ်ဆိုးမျိုးနွယ်အနေဖြင့် လုံးဝ လက်မခံသည့် လုပ်ရပ်တစ်ခုပင် ။
" နတ်ဆိုးဘုရင်ကြီး... အဲ့လို မဟုတ်ပါဘူးဗျာ.... "
ကျားနတ်ဆိုးကြီးမှာ ငိုချတော့မလိုပင် ဖြစ်သွားသည်။
မဟူရာနတ်ဆိုးဘုရင်ကြီးက သူ့အား လျစ်လျူထားရှုပြီး အေးစက်စက် ဆက်ပြော၏။
" ငါ့ကို လျှောက်လိမ်ဖို့ မစဥ်းစားနဲ့နော် ။ ဒီနေ့ မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး "
သူ ထိုသို့ပြောကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်.. ထိုစဥ်မှာပင်...
ဝီ ....
လေထဲတွင် အက်ရာပေါ်လာပြီး လောထျန်းနှင့် ရှောက်ထျန်းလုံလေးတို့ ပေါ်လာ၏။
" ဟင်... "
မဟူရာနတ်ဆိုးဘုရင်ကြီးမှာလည်း ရုတ်တရက် ပေါ်လာသော လောထျန်းကြောင့် မှင်သက်ကာ တိုက်ခိုက်မည် ပြင်နေရာမှ ရပ်သွားသည်။
" ဟင်... ဒီမှာ ဘာလို့နောက်သားရဲတစ်ကောင် ထပ်ရောက်နေတာလဲ "
လောထျန်းမှာလည်း မဟူရာနတ်ဆိုးဘုရင်ကြီးကိုမြင်ပြီး အံ့အားသင့်သွား၏။
သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင်မူ လေထဲ ပြွတ်သိပ်နေသည့် သားရဲအုပ်ကို တွေ့ကာ မျက်နှာချက်ချင်း ဝင်းသွားသည်။
ထို့နောက် သူ ကျားနတ်ဆိုးကြီးကို လှည့်ကြည့်၍ မေးလိုက်၏။
" ဒီကောင်တွေကို မင်း အကူအညီခေါ်ထားတာလား
"
ကျားနတ်ဆိုးကြီး : "........... "
အကူအညီတဲ့လား.. ထိုသားရဲများက ကူညီရန်လာသည့်ပုံနှင့် တူပါရဲ့လား ..
ထိုစဥ် မဟူရာနတ်ဆိုးဘုရင်ကြီးက လှောင်ပြုံးဖြင့် ပြောလာသည်။
" မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး ။ ဒီနေ့တော့ မင်းကို ငါ..... "
သူ ပြောနေရင်းပင် လောထျန်းအား တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော် သူ့စကား မဆုံးခင်တွင် လောထျန်းက သူသတ်ထားသည့် သားရဲကြီး၏ ခေါင်းပြတ်ကို ကောက်ကိုင်၍ မဟူရာနတ်ဆိုးဘုရင်ကြီး ရှေ့သို့ ပစ်ချပေးလိုက်သည်။
" ငါထင်တာတော့ အတွင်းအမြုတေလုံးက အဲ့ထဲမှာ ထင်တယ် ။ မင်းလူတွေခေါ်ပြီး ကူရှာပေးစမ်းကွာ "
လောထျန်း ပြောလာသည်။
မဟူရာနတ်ဆိုးဘုရင်ကြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားပြီးနောက် ဆဲရန် ပြင်လိုက်၏။
သို့သော်.. သူ့ရှေ့ရောက်လာသော ဧရာမခေါင်းပြတ်၏ ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ချိန်တွင်မူ... သူ တုန်လှုပ်သွားကာ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
" နတ်.... နတ်ဆိုးသူတော်စင် သခင်ကြီး.. "