ရှောက်ထျန်းလုံလေး၏ တိုးတက်မှု
Vol. 45 Ch. 626
မဟူရာနတ်ဆိုးဘုရင်ကြီးမှာ ရှေ့မှမြင်ကွင်းက အမှန်တကယ်လား ၊ သူ အမြင်မှားနေသည်လား ဆိုသည်ကို သေချာရန်အတွက် မျက်လုံးပွတ်၍ ထပ်ကြည့်လိုက်ရသည်။
သူ့ရှေ့မှ ဧရာမ သားရဲကြီးက အမှန်တကယ်လည်း နတ်ဆိုးသူတော်စင်ကြီးပါပင်.. ။
သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာတွင် နတ်ဘုရားတစ်ပါးနှင့် နတ်ဆိုးသူတော်စင်ကြီး ကိုးယောက်တို့မှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ပါသည်။
ယခု သူ့ရှေ့မှ နတ်ဆိုးသူတော်စင်မှာ ထိုသူတော်စင် ကိုးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး..
သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာတွင် ဒုတိယအစွမ်းအထက်ဆုံးနှင့် သြဇာအကြီးဆုံး ဖြစ်ပါ၏။
သူသည် ဝမ်လီနတ်ဆိုးနိုင်ငံကို အုပ်ချုပ်သည့်
မဟူရာနတ်ဆိုးဘုရင်ကြီးတစ်ယောက် ဖြစ်သည့်တိုင်..
နတ်ဆိုးသူတော်စင်ကြီးနှင့် ယှဥ်လျှင်မူ သူတော်စင်ကြီး၏ လက်ချောင်းလေးတစ်ချောင်းတည်းဖြင့်ပင် အလွယ်တကူ အသတ်ခံရနိုင်ပါသည်။
ဤမျှ ကြောက်စရာကောင်းသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က အမှန်တကယ် သေသွားပြီတဲ့လား ။
" အဲ့လူ လုပ်ခဲ့တာလား "
မဟူရာနတ်ဆိုးဘုရင်ကြီးက ဘေးမှ ကျားနတ်ဆိုးဘက် ချက်ချင်းလှည့်ကာ တိတ်တဆိတ် အသံလွှင့်နည်းဖြင့် မေးလိုက်သည်။
ကျားနတ်ဆိုးကြီးက အသည်းအသန် ခေါင်းညိတ်ပြ၏။
" သူ တစ်ယောက်တည်းက လုပ်ခဲ့တာလား "
မဟူရာနတ်ဆိုးဘုရင်ကြီး သေချာအောင် ထပ်မေးလိုက်ပြန်သည်။
တဖက်လူ ခေါင်းထပ်ညိတ်ပြ၏။
မဟူရာနတ်ဆိုးဘုရင်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ထိုလူသားက နတ်ဆိုးသူတော်စင်ကြီး တစ်ယောက်ကို အလွယ်တကူ သတ်နိုင်ခဲ့သတဲ့လား...
သို့ဆိုလျှင် ထိုလူသားက နတ်ဆိုးနတ်ဘုရားတစ်ပါးလိုပါပင်..
မဟူရာနတ်ဆိုးဘုရင်ကြီး ၊ ဟိုင်ချန်၏ အရောင်အဝါ ချက်ချင်း လျော့သွားတော့သည်။
" ဒါနဲ့... မင်းခုနက ဘာလုပ်မယ်လို့ ပြောခဲ့တာလဲ "
ထိုစဥ်တွင် လောထျန်းက ဟိုင်ချန်အား မျက်မှောင်ကြုံ့ကြည့်ရင်း မေးလာ၏။
ဂလု...
မဟူရာနတ်ဆိုးဘုရင်ကြီး ဟိုင်ချန်မှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီးနောက် အလေးနက် ပြော
လိုက်သည်။
" ကျုပ်.. သခင်ကြီးအတွက် အတွင်းအမြုတေ ရှာပေးရမယ်လို့ ပြောမလို့ပါ... "
သူ့ဘေးမှ ကျားနတ်ဆိုးကြီး : " ............. "
သူ အော်၍သာ ဆဲပစ်လိုက်ချင်ပါတော့သည်။
အစောကလေးတွင်ပင် ဟိုင်ချန်က သူ့အား အရှက်ရစရာဟုပြောကာ သတ်ချင်နေခဲ့ပါသေး၏။
သို့သော် မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်း ထိုသို့ ပြောင်းလဲသွားသတဲ့လား ။
မည်မျှ ရှက်စရာကောင်းလိုက်ပါသနည်း ။
သူ့လိုပါပင်...
ထိုအချိန်တွင် မဟူရာနတ်ဆိုးဘုရင်ကြီးက လေထဲမှ သားရဲအုပ်ကြီးဘက် လှည့်ကြည့်ကာ အော်ပြောလိုက်သည်။
" မင်းတို့ကောင်တွေ ဘာရပ်လုပ်နေကြတာလဲ ။ ဒီကို
မြန်မြန်လာပြီးတော့ သခင်ကြီးအတွက် အတွင်းအမြုတေ လာရှာပေးကြလေ "
မဟူရာနတ်ဆိုးဘုရင်ကြီး မှာ လူအ မဟုတ်ပါချေ ။
နတ်ဆိုး နတ်ဘုရားအဆင့် လူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းက မိမိကိုယ်ကို သေကြောင်းကြံသလိုသာ ဖြစ်သွားမည်မှန်း ကောင်းကောင်းကြီး နားလည်ပါ၏။
သူ့နောက်မှ သားရဲအုပ်မှာလည်း မည်သို့ ဖြစ်နေသည်ကို နားမလည်ကြသည့်တိုင် ရွေးချယ်စရာလည်း မရှိသဖြင့် အကူညီပေးရန် အလျှိုလျှို ရောက်လာကြသည်။
ဤသို့ဖြင့် တခဏအတွင်းမှာပင် ကမ္ဘာနှစ်ခုကြားတံခါးပေါက်ရှေ့၌ ထူးဆန်းသော မြင်ကွင်းကြီးတစ်ခု ဖြစ်သွားတော့၏။
မရေမတွက်နိုင်သော နတ်ဆိုးသားရဲများစွာပင် လောထျန်းအား ကူညီကာ နတ်ဆိုးသူတော်စင်ကြီး၏ အလောင်းထဲမှ အတွင်းအမြုတေကို ရှာဖွေနေကြ
တော့သည်။
လောထျန်းကမူ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်၍ ကြီးကြပ်သူတစ်ယောက်ပမာ ဟိုဟိုဒီဒီ ညွှန်ကြားနေ၏။
" ဝု... "
ထိုစဥ်တွင် စိတ်ရှုပ်နေဟန်တူသော ရှောက်ထျန်းလုံလေးကလည်း ရုတ်တရက် ပျံထွက်သွားကာ သားရဲအလောင်း၏ ခြေတစ်ဖက်ပေါ် တက်လိုက်သည်။
ကောင်လေးက ခေါင်းလေးစောင်းငဲ့ကာ နတ်ဆိုးသားရဲကြီး၏ ခြေထောက်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်၏။
ထို့နောက်တွင် သူ လက်ယမ်းပြီး သားရဲကြီး၏ ပေါင်အား ရိုက်လိုက်သည်။
ဝုန်း..
အသံတစ်သံနှင့်အတူ ရှောက်ထျန်းလုံလေး အနောက်ဘက် ပေပေါင်းများစွာ အကွာအထိ လွင့်ထွက်
သွား၏။
" ဟမ့်.. ဒီကောင်လေးကများ သူ့အစွမ်းနဲ့ နတ်ဆိုးသူတော်စင်ကြီးရဲ့ အလောင်းကို ဖျက်ဆီးချင်တယ်ပေါ့ ။ စိတ်ကူးယဥ်နေတာပဲ... ငါတောင် အဲ့လို လုပ်နိုင်တာမဟုတ်ဘူး "
ဟိုင်ချန်က လှောင်ပြုံးဖြင့် ရေရွတ်လိုက်သည်။
သို့သော်... ရှောက်ထျန်းလုံလေးက နောက်သို့ လွင့်သွားပြီးမှ အိပ်ရာကောင်းကောင်း နိုးသွားဟန်ဖြင့် မျက်လုံးများ ပြူးလာပါ၏။
သူ သားရဲကြီး၏ ခြေထောက်အား မျက်မှောင်ကြုံ့ ကြည့်ကာ ချက်ချင်း ဒေါသထွက်သွားဟန်တူသည်။
" ဝု... "
သူ ဒေါသတကြီး အော်ကာ ထပ်တိုက်ခိုက်ရန် ပြင်လိုက်၏။
" ဘယ်နှကြိမ်ပဲ တိုက်ခိုက်တိုက်ခိုက် ရလဒ်က ပြောင်းမှာမဟုတ်ပါဘူးကွာ "
မဟူရာနတ်ဆိုးဘုရင်ကြီး ဟိုင်ချန် စိတ်ထဲမှ ကြိတ်ရယ်လိုက်သည်။
သို့သော်.. ထိုစဥ်မှာပင် .
ဝုန်း...
ရှောက်ထျန်းလုံလေးက လက်မြှောက်လိုက်ရာ သူ့ဘေးမှ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများ တုန်ခါလာကြသည်။
သူ့လက်ထဲတွင်လည်း စည်းမျဥ်းဓားငယ်လေး တစ်လက် တမဟုတ်ချင်း စုစည်းလာ၏။
" ဒါ... "
ဟိုင်ချန်တစ်ယောက် ခဏတာမျှ မှင်သက်သွားပြီးနောက် စကားစရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်တွင် ရှောက်ထျန်းလုံလေးက ဓားကို လွှဲလိုက်၏။
ဝှစ်...
နတ်ဆိုးသူတော်စင်ကြီး၏ ခြေထောက်တွင် အပေါက်ကြီးတစ်ခု ချက်ချင်း ဖြစ်သွားတော့သည်။
" ဘယ်လိုဖြစ်ပြီး... "
ဟိုင်ချန်အပါအဝင် အနီးနားရှိနေကြသူများ အားလုံး တုန်လှုပ်ကုန်ကြသည်။
အစွမ်းနိမ့်ပုံရသော ထိုကောင် သေးသေးလေးက ကြောက်မက်ဖွယ် တိုက်ခိုက်အစွမ်းမျိုး ပိုင်ဆိုင်ထားသတဲ့လား..
သို့သော်... အားလုံးကို ပိုတုန်လှုပ်သွားစေသည့်အရာ ကျန်နေပါသေးသည်။
ဝီ...
နတ်ဆိုးသူတော်စင်ကြီး၏ ခြေထောက်ဒဏ်ရာမှ အလွန်သန့်စင်သော အစွမ်းတစ်ခု ထွက်လာ၏။
ထို့နောက် ... ခပ်ဖျော့ဖျော့ အဖြူရောင်အလုံး
တစ်လုံး လွင့်မျောလာသည်။
" အတွင်းအမြုတေလား... "
ထိုမြင်ကွင်းကြောင့် သားရဲများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့၏။
သူတို့ အချိန်အတန်ကြာ ရှာနေခဲ့သော အတွင်းအမြုတေလုံးကို ထိုကောင်လေးက တစ်ခါတည်းဖြင့် ရှာတွေ့သွားသတဲ့လား ။
ထိုကောင်လေးက ကံကောင်းလွန်းသည်ဟု ပြောရလေမလား...
တဖက်မှ လောထျန်းမှာလည်း ထိုမြင်ကွင်းကို သတိထားမိကာ ရှောက်ထျန်းလုံလေးကို ကြည့်၍ ခေါင်းအသာ ညိတ်လိုက်သည်။
" ကောင်းတယ်... တော်တယ် ကောင်လေး "
သူ ရှောက်ထျန်းလုံလေးအား ချီးကျူးပြီး အတွင်းအမြုတေလုံးအား သူ့ထံသို့ ယူလာရန် ပြောလုဆဲဆဲမှာပင်..
ရှောက်ထျန်းလုံလေးက အမြုတေလုံးကိုကြည့်ရင်း မျက်လုံးများ ပြူးကျယ်လာပြီး သူ့ နှုတ်ခမ်းထောင့်မှလည်း သွားရည်တစ်စက် ကျလာ၏။
ထို့နောက်..
ဂလု...
ကောင်လေးက အတွင်းအမြုတေလုံးအား ငုံလိုက်တော့သည်။
" ဟာ... "
" အခြေအနေ မကောင်းဘူး "
၎င်းကိုမြင်သော သားရဲများထံမှလည်း တအံ့တသြ ရေရွတ်သံများ ညံညံစီစီထွက်လာ၏။
မဟူရာနတ်ဆိုးဘုရင်ကြီး ဟိုင်ချန်က လောထျန်းကိုပင် အော်ပြောလိုက်သည်။
" သခင်ကြီး ၊ နတ်ဆိုးသူတော်စင်ကြီးရဲ့ အတွင်းအမြုတေထဲမှာ အစွမ်းတွေ အများကြီး ပါတယ်ဗျ ။
ဓီတိုင်းကြီး မြိုချလိုက်ရင် ကောင်လေး ပေါက်ကွဲထွက်သွားနိုင်တယ် "
ကျားနတ်ဆိုးကြီးကလည်း ခေါင်းညိတ်၍ ဝင်ပြောသည်။
" ဟုတ်တယ် သခင်ကြီး ။ အတွင်းအမြုတေကို မြိုချလို့ရတယ် ဆိုပေမယ့်.. ခုလိုကြီးတော့ မရဘူး "
သူတို့နှစ်ယောက်မှာ လောထျန်းနှင့် ရှောက်ထျန်းလုံတို့ကြား၌ ထူးခြားသော ဆက်ဆံရေးမျိုးရှိသည်ကို မြင်ထားကြပြီး ဖြစ်သည့်အတွက်..
ရှောက်ထျန်းလုံလေးသာ သူတို့ရှေ့တွင် သေသွားပါက သူတို့၏ အသက်အန္တရာယ် စိုးရိမ်ရမည်ကို ကြောက်သောကြောင့် ပြောလိုက်ကြခြင်းဖြစ်၏။
" ဟင်... ဒါဆို ဘာလုပ်ကြမလဲ "
လောထျန်း လန့်သွားကာ ပြန်မေးလိုက်သည်။
" သူ့လည်ပင်းကို လက်ထိုးပြီး ပြန်အန်ခိုင်းလိုက်ပါလား သခင်ကြီး "
မဟူရာနတ်ဆိုးဘုရင်ကြီးက အကြံပြုလိုက်သည်။
လောထျန်း ခေါင်းညိတ်ပြီး လှုပ်ရှားရန် ပြင်လိုက်၏။
သို့သော်.. တဖက်မှ ရှောက်ထျန်းလုံလေးကမူ လောထျန်း လာလုမည်ကို စိုးရိမ်ဟန်ဖြင့် အမြုတေအား ဗိုက်ထဲရောက်သွားအောင် တန်းမြိုချလိုက်သည်။
ဂလု..
" သွားပါပြီကွာ "
၎င်းကို မြင်လိုက်သော နတ်ဆိုးသားရဲများအားလုံး မျက်နှာများ ဖြူရော်သွားကြတော့သည်။
၎င်းမှာ နတ်ဆိုးသူတော်စင်ကြီး၏ အတွင်းအမြုတေလုံး ဖြစ်ပါ၏။
၎င်းကို ဒီတိုင်းမြိုချပြီး အသက်ရှင်နိုင်ပါမည်လား..
ထိုစဥ်..
" ဝု... "
အတွင်းအမြုတေကို မြိုလိုက်သော ရှောက်ထျန်းလုံလေး တစ်ကိုယ်လုံး တုန်သွားကာ နဂိုဖြူဖွေးနေခဲ့သည့် သူ့ခန္ဓာကိုယ်လည်း အနီရောင်ပြောင်းလာသည်။
သူ့ကိုယ်က စ၍ ဖောင်းလာ၏။
" သူ ပေါက်ကွဲပြီး သေရတော့မယ် "
မဟူရာနတ်ဆိုးဘုရင်ကြီးက ဖြူရော်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
သူ့အမြင်တွင်လည်း ရှောက်ထျန်းလုံတစ်ယောက် သေရလိမ့်မည်ဟုသာ သေချာပေါက် ထင်နေပါ၏။
သို့သော်.. ထိုစဥ်မှာပင် ရှောက်ထျန်းလုံလေးက နာကျင်စွာ တွန့်လိမ်နေရာမှ ရပ်သွားသည်။
ထို့နောက်...
ဝီ...
အားလုံး၏ အကြည့်အောက်မှာပင် ကောင်လေး၏
ခန္ဓာကိုယ်က တစထက်တစ ကြီးထွားလာတော့သည်။
စက္ကန့်အနည်းငယ်လေး အတွင်းမှာပင် သူ့မူလ လက်တစ်ဖဝါးစာ အရွယ်လေးမှ သုံးပေအရွယ်အစားသို့ ရောက်သွား၏။
သူ့ကိုယ်ပေါ်မှ ကြေးခွံများလည်း ပိုပို၍ ထင်ရှားလာကာ သူ့ခေါင်းတွင်လည်း နဂါးချိုများ အသွင်ပေါ်လာကြသည်။
သူ့အသွင်က နဂါးတစ်ကောင်အသွင် ပေါက်လာလေပြီ ။
" ဒါ.... ဘာကြီးလဲ "
ထိုမြင်ကွင်းကို ကြည့်နေသော ဟိုင်ချန် အံ့သြမှင်သက်သွားရ၏။
နတ်ဆိုးသူတော်စင်ကြီး၏ အမြုတေလုံးကို မြိုခဲ့သည့်တိုင် ကောင်လေးက သေမသွားသည့်အပြင် ပို၍ပင် ကြီးလာသေးသတဲ့လား...
၎င်းက မည်သို့ ဖြစ်နိုင်ပါသနည်း..
ထို အမြုတေလုံးတွင် နတ်ဆိုးသူတော်စင်ကြီး၏ ကျင့်ကြံခြင်းအားလုံး ပါဝင်ပါသည်။
၎င်းကို မြိုချပြီးသည့်တိုင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်မသွားခဲ့ဘူးတဲ့...
ထိုကောင်လေးက နတ်ဆိုးသူတော်စင်ကြီးထက် ပိုအစွမ်းထက်နေသောကြောင့်ပေလား...
" ဝု "
ထိုစဥ် ရှောက်ထျန်းလုံလေးမှာလည်း သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်ပြီးနောက်.. သူ့ခန္ဓာကိုယ်အသစ်ကို မြင်ကာ တုန်လှုပ်သွားတော့သည်။
ထို့နောက်.. သူ ကြောက်လန့်တကြား မျက်နှာကြီးဖြင့် လောထျန်းဘေးသို့ ချက်ချင်း ပျံသန်းသွားလိုက်၏။
တဖက်မှ လောထျန်းကမူ ရှောက်ထျန်းလုံလေးကို ကြည့်ကာ မျက်လုံးများ အရောင်လက်သွားသည်။
" နတ်ဆိုးသားရဲရဲ့ အတွင်းအမြုတေက တကယ်လဲ အစွမ်းထက်တာပဲ ။ တစ်လုံးတည်းနဲ့တောင် မင်းကို အဲ့လောက်ကြီးလာအောင် လုပ်ပေးနိုင်တယ် ။ ငါ အရင်က လမ်းမှားလိုက်ပြီး မင်းကို မြေကြီးတွေပဲ ကျွေးခဲ့မိတာ မှားတာပဲ ။ အတွင်းအမြုတေက မင်းကို ကြီးထွားလာအောင် လုပ်ပေးနိုင်မယ်မှန်း ငါ တကယ်မထင်ခဲ့မိဘူး "
" ကောင်းတယ်ကွာ.. သိပ်ကောင်းတယ် ။ မင်းသာ အဲ့လိုအဆင့်မျိုးရှိတဲ့ အတွင်းအမြုတေလုံးတွေ နောက်ထပ်ရာဂဏန်းလောက် ရလိုက်ရင်.. အစွမ်းအထက်ဆုံး ကောင်းကင်ဘုံနဂါးတစ်ကောင် ဖြစ်လာမှာ သေချာတယ် "