သွားရည်ကျနေတာ ဘာသဘောလဲ
Vol. 45 Ch. 628
" ဘာပြောလိုက်တယ်... "
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်မှာ ကြားလိုက်ရသည့်စကားကြောင့် မှင်သက်ကာ ခေတ္တမျှ မတုန့်ပြန်နိုင်ဘဲ ဖြစ်သွားသည်။
သို့သော်. သူ့အား အပြစ်တင်၍လည်း မရပါချေ။
ပြီးခဲ့သော နှစ်များတွင် ထျန်းယွမ်ကမ္ဘာက သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာအတွက် စားချင်စဖွယ် အသားတုံးကြီးတစ်ခုလိုသာ ဖြစ်နေခဲ့သည် မဟုတ်ပါလား ။
ကမ္ဘာနှစ်ခု ဆုံသည့်အခါတိုင်းလည်း သူတို့ဘက်မှသာ စိတ်ကြိုက်ပြုမူခဲ့ကြသည်ချည်း ဖြစ်ပါသည်။
ယခု ထျန်းယွမ်ကမ္ဘာက အမှန်တကယ် တိုက်ခိုက်လာသတဲ့လား ...
သို့ဆိုလျှင် သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက
အသားတုံး၏ တစ်ဖန်ပြန်ကိုက်ခြင်းကို ခံနေရသည်ဆိုသည့် အဓိပ္ပါယ်ပင်..
" ဟား ဟား.. ထျန်းယွမ်ကမ္ဘာက ပုရွက်ဆိတ်လေးတွေက ပြန်ခုခံဖို့ တကယ်ကြီး လုပ်ထားကြတယ်ပေါ့လေ ။ ကောင်းတယ်ကွာ... ဒီတစ်ခေါက် သူတို့ အင်အားဘယ်လောက် ခေါ်လာလဲ "
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင် အသိပြန်ဝင်လာကာ မေးလိုက်သည်။
သူ့အမြင်တွင်မူ ထျန်းယွမ်ကမ္ဘာက ဤတစ်ကြိမ် တိုက်ခိုက်ရဲနေသည်ဖြစ်ရာ အင်အားတောင့်သော တပ်ဖွဲ့ကောင်းကောင်း စုလာရမည်ဟု ထင်ထားပါသည်။
သို့သော် ဟိုင်ချန်က တံတွေးကို ခက်ခက်ခဲခဲမြိုချပြီး ပြန်ပြော၏။
" တစ်... တစ်ယောက်တည်းပါ "
" ဟင်... "
တဖက်မှ နတ်ဆိုးသူတော်စင် နှစ်ယောက် မှင်သက်
သွားရပြန်တော့သည်။
သူတို့ နားကြားများ လွဲသွားလေသလားဟုလည်း တွေးမိလိုက်ပါ၏။
လူတစ်ယောက်တည်းက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကိုဖြတ်ပြီး လာရဲနေသတဲ့လား ။
ထိုလူက ရူးနေပါသလား..
ထိုစဥ် တဖက်မှ ဟိုင်ချန်က အံကြိတ်၍ ဆက်ပြောသည်။
" အဲ့လူက ကျုပ်ကို သတင်းတစ်ခု ဖြန့်ဖို့လဲ ပြောခဲ့ပါသေးတယ် ။ သူပြောတာတော့.. သူက ကျုပ်တို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို စိန်ခေါ်ပြီးတော့ ကျုပ်တို့ဆီက အစွမ်းထက် ကျင့်ကြံသူတွေအားလုံး သူ့ဆီလာပြီး အသေခံကြတဲ့ ။ တကယ်လို့ သူ့ဆီမလာရင်.... "
" တော်ပြီ.. "
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင် ဒေါသူပုန် ထသွားတော့၏။
သူ့ကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါကလည်း အရပ်မျက်နှာစုံသို့ တမဟုတ်ချင်း ပျံ့သွားကာ သူ့ဘေးပတ်လည်ရှိ မြေပြင် တုန်ခါလာသည်။
" အဲ့လို ပုရွက်ဆိတ်လေးကများ မောက်မာတဲ့စကားတွေ ပြောရဲနေတယ်ပေါ့လေ ။ ဒီကောင်က သေချင်နေတာပဲ "
သွေးနီကြေးခွံမြွေကြီး မျက်နှာထားမာမာဖြင့် အော်လိုက်၏။
ထို့နောက် သူ ဟိုင်ချန်အား ရုတ်တရက် ကြည့်ကာ ထပ်မေးလိုက်သည်။
" ဒါနဲ့ .. မင်း အဲ့ကောင်ကို တိုက်ခိုက်ခဲ့သေးလား "
ဟိုင်ချန် တစ်ကိုယ်လုံးတုန်သွားကာ တီးတိုး ပြန်ဖြေလိုက်၏။
" မတိုက်ခိုက်ခဲ့ပါဘူး..... "
ဝုန်း...
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်ကြီး ဒေါသ
ပေါက်ကွဲသွားကာ ဟိုင်ချန်၏ ခန္ဓာကိုယ်တစ်ဝက်အား ချက်ချင်း ဖျက်ဆီးပစ်လိုက်တော့သည်။
" အား..... "
ဟိုင်ချန်ထံမှ နာကျင်စွာအော်ဟစ်သံ ထွက်လာကာ တစ်ကိုယ်လုံးလည်း တုန်သွားတော့၏။
ထိုစဥ်တွင် သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်က အေးသက်စက်အသံဖြင့် ဆက်ပြောသည်။
" မင်းက ထျန်းယွမ်ကမ္ဘာက ဘာမဟုတ်တဲ့ အမှိုက်ကောင်နဲ့ တွေ့ခဲ့တာတောင် မတိုက်ခိုက်ခဲ့ဘူးပေါ့ ။ မင်းလို အမှိုက်ကောင်က ဘယ်မှာသုံးစားလို့ ရသေးလဲ ။ အခုက မင်းကို သင်ခန်းစာပဲ ပေးလိုက်တာ ။ ဟို ထျန်းယွမ်ကမ္ဘာကကောင်ကို သတ်ပြီး ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးပြီးရင် မင်းဆီပြန်လာပြီး ထပ်နှိပ်စက်ဦးမယ် "
ပြီးနောက် သူ ရွှေကင်းခြေများဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" ဟို ထျန်းယွမ်ကမ္ဘာက အရူးကောင်ကို သွားသတ်ကြစို့ "
" ကောင်းတယ် "
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးကလည်း အပြုံးဖြင့် ပြန်ပြော၏။
ထိုနှစ်ယောက် ထွက်သွားသည်ကို ကြည့်ရင်း ကျန်နေခဲ့သော ဟိုင်ချန်မှာ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်ပြီး တုန်နေတော့သည်။
" မျိုးမစစ်နှစ်ယောက်.. ငါက ဟိုထျန်းယွမ်ကမ္ဘာကကောင် ဘယ်လောက်အစွမ်းထက်လဲ ပြောပြမလို့ပဲ ရှိသေးတယ် .. ။ ငါ့ကို တိုက်ခိုက်လာတယ်ပေါ့... ။ ဟားဟား.. အဲ့လူ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကိုယ်တိုင်ပဲ ခံစားကြည့်ကြတော့ပေါ့ကွာ ။ ငါတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှာ နတ်ဆိုးနတ်ဘုရားကြီး တစ်ယောက်ကလွဲလို့ အဲ့လူကို အနိုင်ယူနိုင်တဲ့သူ ဘယ်သူမှ မရှိလောက်ဘူး "
ဟိုင်ချန် အံကြိတ်ကာ ပြောလိုက်သည်။
ထိုစဥ်မှာပင် သူ ရုတ်တရက် တစ်ခုကို သတိရကာ မှင်သက်သွား၏။
" ဟုတ်သားပဲ... နတ်ဆိုးသူတော်စင် ကိုးယောက်လုံးသာ အဲ့လူလက်ချက်နဲ့ သေသွားကြရင် ငါက နတ်ဆိုးနတ်ဘုရားကြီး လက်အောက်မှာ အစွမ်းအထက်ဆုံးသူ ဖြစ်လာမှာ "
" အဲ့ကျရင် ငါ့ရဲ့ ကျင့်ကြံခြင်းရော ၊ ပိုင်ဆိုင်မှုတွေရော အများကြီး တိုးသွားတော့မှာ "
" ဟုတ်သားပဲ.... ငါ သတင်းကို မြန်မြန်သွားဖြန့်ရမယ် "
ဟိုင်ချန်တစ်ယောက် ထိုသို့တွေးကာ ဆိုးရွားလှသော နာကျင်မှုကို အံကြိတ်ခံပြီး ခပ်ဝေးဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
တဖက်ရှိ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင်ကား...
" ဒီလောက်တောင် ကြာနေပြီကို တစ်ယောက်မှလဲ ပေါ်မလာသေးပါလား ။မဟုတ်မှလွဲရော.. ဟိုကောင်က ဘာသတင်းမှ သွားမပို့ပဲ နေလိုက်တာလား မသိဘူး "
လောထျန်း ခပ်လှမ်းလှမ်းသို့ ကြည့်နေရင်း မျက်မှောင်ကြုံ့သွားသည်။
ထိုစဥ်မှာပင်...
ဝုန်း...
ဝုန်း...
ခပ်လှမ်းလှမ်း၌ အစွမ်းထက် အရောင်အဝါနှစ်ခု ပေါ်လာ၏။
မရှေးမနှောင်းမှာပင် ဧရာမ အရိပ်ကြီးနှစ်ခု လေထဲမှ ဆင်းသက်လာကြသည်။
ထိုသူများမှာ သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင် နှင့် ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီး တို့ပင် ။
လောထျန်းက ရုတ်တရက် ပေါ်လာသည့် နှစ်ယောက်ကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။
" ဒီနှစ်ယောက်ရဲ့ အရွယ်အစားက ခုနက ကောင်ကြီးထက် အများကြီး ပိုသေးပါလား ။ သူတို့ပုံ ကြည့်ရတာ သိပ်အစွမ်းမထက်ကြဘူးနဲ့ တူတယ် "
လောထျန်း ရှောက်ထျန်းလုံကိုကြည့်ကာ ပြောလိုက်သည်။
ရှောက်ထျန်းလုံလေးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်၏။
ထို့နောက်တွင်ကား လူတစ်ယောက်နှင့် နဂါးတစ်ကောင်တို့မှာ ရုတ်တရက် ပေါ်လာသော နတ်ဆိုးသူတော်စင်ကြီး နှစ်ယောက်တို့ကို စိတ်ပျက်နေသည့် မျက်နှာထားများဖြင့် ကြည့်နေလိုက်ကြသည်။
သို့သော် တဖက်မှ နတ်ဆိုးသူတော်စင် နှစ်ယောက်မှာကား သူတို့ဖြစ်နေသည့် မျက်နှာများကို သတိမထားမိကြပါချေ။
" တကယ်ကြီး ကမ္ဘာနှစ်ခုကြား တံခါးပေါက်ပါလား ။ တည်လဲ အရမ်းတည်ငြိမ်နေတယ် ။ ဒီတိုင်းဆိုရင်တော့ ဒီတစ်ခေါက် ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးဖို့ အချိန်ကောင်းကောင်း ရတဲ့ပုံပဲ "
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်က အပြုံးဖြင့် ပြောလိုက်သည်။
" ဟား ဟား... ထျန်းယွမ်ကမ္ဘာလောက်ကို ဖျက်ဆီးဖို့ အချိန်ဘယ်လောက်ကြာမှာမို့လဲကွာ ။ မင်းနဲ့ငါ နှစ်ယောက်ထဲက တစ်ယောက် ဝင်လုပ်ရင်တောင် လုံလောက်တယ် "
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်ကလည်း လှောင်ပြုံးဖြင့် ပြော၏။
ထိုစဥ်.. ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင် ရပ်နေသော လောထျန်းအား သွေးနီကြေးခွံမြွေကြီး ရုတ်တရက် မြင်သွားသည်။
" ဒီကောင်က ငါတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ တစ်ခုလုံးကို တစ်ယောက်တည်းအစွမ်းနဲ့ စိန်ခေါ်မယ်လို့ ပြောခဲ့တဲ့ အရူး ထင်တယ် "
သူ အနည်းငယ် မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
ရွှေကင်းခြေများနတ်ဆိုးသူတော်စင် ကလည်း အပြုံးဖြင့် ပြန်ပြော၏။
" လူတွေက အစွမ်းနိမ့်လေလေ ၊ ကိုယ့်အကြောင်း
ကိုယ်ပဲ စိတ်ဝင်စားပြီး တခြားအရာတွေကို လေ့လာဖို့ မေ့လေပဲ ။ သူက ထျန်းယွမ်ကမ္ဘာမှာ အရမ်း အစွမ်းထက်တဲ့အထဲ ပါနိုင်တယ်ကွ။ ဒါ့ကြောင့်မို့လဲ တခြားနေရာမှာပါ အစွမ်းထက်မယ်လို့ သူ့ကိုယ်သူ ထင်နေတာဖြစ်မယ် "
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင် နှုတ်ခမ်းမဲ့လိုက်သည်။
" အဲ့လိုပဲ ဖြစ်မှာ ။ ထျန်းယွမ်ကမ္ဘာက ဘယ်လောက် အမှိုက်ဆန်လဲဆိုတာ ဒီကောင် မသိဘူးနဲ့ တူပါတယ်ကွာ ။ အတင့်ရဲပြီး ငါတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာနဲ့များ လာယှဥ်ရတယ်လို့ ။ ကြည့်နေ.. ဒီကောင့်ကို ငါ တစ်စက္ကန့်အတွင်း သတ်ပြမယ် "
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်ကြီးက ထိုသို့ပြောကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်.. ထိုစဥ် ဘေးမှ ရွှေကင်းခြေများနတ်ဆိုးသူတော်စင်မကြီးက ရုတ်တရက် တားလာ၏။
" ခဏနေဦး... "
" ဟင်.. မင်းက ဘာလုပ်မလို့လဲ "
သွေးနီကြေးခွံမြွေနတ်ဆိုးသူတော်စင် အံ့အားသင့်
သွားရသည်။
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးက ရယ်ရင်းပြန်ပြော၏။
" သူ့ကို ဒီတိုင်းကြီး သတ်လိုက်ရင် အရမ်းကြီး သက်ညှာပေးရာ ကျမနေဘူးလား "
" မင်းက ဘာလုပ်ချင်လို့လဲ "
သွေးနီကြေးခွံမြွေကြီး ပြန်မေးလိုက်သည်။
တဖက်မှ ပြန်ပြော၏။
" သူ့တို့ကမ္ဘာက လူတွေကို အရင်သတ်ပြီး သူတို့ရဲ့ နှလုံးသားတွေကို ဖျက်ဆီးပစ်မယ်လေ ။ အဲ့ကျမှ ဟိုမောက်မာတဲ့ကောင်က သူတို့နဲ့ ငါတို့ကြားက ကွာဟချက် ဘယ်လောက်ကြီးတယ် ဆိုတာကိုမြင်ပြီး ကြောက်သွားမှာ "
" အဲ့ကျမှ သူ့ကို သတ်လိုက်တာက ပိုပျော်စရာ မကောင်းဘူးလား "
သွေးနီကြေးခွံမြွေကြီး မျက်မှောင်ကြုံ့သွားသည်။
" မင်းက လူတွေကို လှည့်ကွက်တွေနဲ့ ကစားရတာ
တယ်လဲ ကြိုက်တာကိုးကွ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မင်းပြောတာ မှန်တယ် ။ သူ ဘယ်လောက် မောက်မာတယ်ဆိုတာ သိအောင် လုပ်ပေးမှရမယ် ။ အဲ့တော့ ငါတို့တွေ ဘာလုပ်ကြမလဲ "
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးက ရယ်ရင်း ပြန်ပြော၏။.
" ငါတို့နှစ်ယောက်ရဲ့ အရောင်အဝါတွေ ထုတ်လွှတ်လိုက်ရင်ကို လုံလောက်ပါပြီ "
သွေးနီကြေးခွံမြွေကြီး၏ မျက်လုံးများ အရောင်လက်သွားသည်။
" မဆိုးဘူးကွ... ဒီကောင်ရဲ့ ကြောက်နေတဲ့မျက်နှာ ဘယ်လိုဖြစ်မလဲဆိုတာ စိတ်တောင် ဝင်စားသွားပြီ "
ထိုသို့ ပြောလိုက်ကြပြီးနောက် နတ်ဆိုးသူတော်စင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အရောင်အဝါများ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။
ဝုန်း...
ဝုန်း..
နတ်ဆိုးအရောင်အဝါနှစ်ခု လေထဲ တက်သွား၏။
ထိုတခဏ၌ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တုန်ခါသွားတော့သည်။
" ဟားဟား.. ဘယ်လိုလဲ ၊ ကူကယ်ရာမဲ့ ဖြစ်သွားပြီလား "
နတ်ဆိုးကြေးခွံမြွေကြီးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ထိုစဥ်တွင် လောထျန်းတစ်ယောက် ရင်ထဲအသည်းထဲမှ ကြောက်ရွံ့နေတော့မည်ဟုလည်း သူ ထင်လိုက်၏။
သူ့အစွမ်းမှာ အမှန်တကယ်လည်း ကြောက်စရာကောင်းလှသည် မဟုတ်ပါလား..
သို့သော်..
" ဟင်... "
လောထျန်းနှင့် ရှောက်ထျန်းလုံလေးတို့က တစ်ပြိုင်နက်တည်းနီးပါး ခေါင်းမော့ကာ သားရဲနှစ်ကောင်အား ကြည့်လာကြသည်။
ထို လူတစ်ယောက်နှင့် နဂါးတစ်ကောင်တို့၏ မျက်လုံးလေးလုံးမှာ အရောင်လက်လွန်း၍ ကြယ်များ ထွက်လာတော့မလိုပါပင် ။
" နှစ်ကောင်လုံး ကောင်းတယ်ကွ "
လောထျန်း ပြောလိုက်၏။
ရှောက်ထျန်းလုံလေးကလည်း ခေါင်းတဆတ်ဆတ် ညိတ်သည်။
သူတို့နှစ်ယောက်၏ အမူအရာကိုကြည့်ရင်း တဖက်မှ နတ်ဆိုးသားရဲကြီး နှစ်ယောက် မှင်သက်သွားရတော့၏။
" ဟေ့... ရွှေကင်းခြေများ ၊ အဲ့နှစ်ကောင်က ငါတို့ကို အဲ့လိုမျက်လုံးမျိုးနဲ့ ဘာလို့ ကြည့်နေကြတာလဲ "
သွေးနီကြေးခွံမြွေကြီးက တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သတိထားမိကာ ပြောလိုက်သည်။
" ဟိုလူသားကောင်ကို ကြည့်ပါဦး ၊ သူ့ပုံက ဘာလို့ အဲ့လောက်ပျော်နေရတာလဲ ။ အဲ့ဒါလဲ ထားလိုက်ပါဦးလေ... ဟို နဂါးလေးကိုလဲ ကြည့်လိုက်ဦး ။ သူက ဘာလို့ သွားရည်ကျနေရတာလဲ "
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်ကြီး နားမလည်နိုင်စွာ မေးလိုက်၏။
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးမှာလည်း သူ့နည်းတူပင် နားမလည်နိုင် ဖြစ်နေတော့သည်။
" မပြောတတ်ဘူး.. သူတို့ ငါတို့ကြားက ကွာဟချက်ကိုတွေ့လို့ အကြောက်လွန်ပြီး စိတ်လွတ်သွားတာများလား ။ အဲ့လိုဆိုရင်တော့ ပျော်စရာလဲ မကောင်းတော့ဘူး "
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးမှာ ချက်ချင်းပင် ပျင်းသွား၏။
" ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ "
သွေးနီကြေးခွံမြွေကြီး မေးလိုက်သည်။
" ပျင်းစရာ ကောင်းသွားပြီ ။ အဲ့နှစ်ကောင်ကို စက္ကန့်
ပိုင်းလေးနဲ့ပဲ သတ်လိုက်တော့ ။ ပြီးရင် ထျန်းယွမ်ကမ္ဘာကို သွားကြမယ်လေ ။ ဒီတစ်ခေါက်တော့ ငါ့ရဲ့ တာအိုကမ္ဘာသစ်သီးကို ထုတ်နိုင်အောင် အနည်းဆုံး လူသားမျိုးနွယ်ရဲ့ ဒေသကြီးတစ်ခုလောက် မျိုးတုန်းပစ်ရမယ် "
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီး ပြန်ပြောလိုက်သည်။