အတွင်းအမြုတေကို သန့်စင်ခြင်း
Vol. 45 Ch. 629
သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်က ခေါင်းညိတ်၍ ပြောလိုက်သည်။
" ငါလဲ အဲ့ဒါကိုပဲ ပြောချင်နေတာ "
ထို့နောက် လောထျန်းကိုကြည့်ကာ အေးစက်စက် ပြော၏။
" ကောင်လေး ၊ နောက်ဆုံးစကားအနေနဲ့ ဘာပြောချင်လဲ "
သူ့စိတ်ထဲတွင်မူ လောထျန်းက သေလူပင် ..
တဖက်မှ လောထျန်းမှာ ထိုစကားကို ကြားသောအခါ စိတ်မဆိုးပဲ တဖက်လူအား စိတ်ဝင်တစား ကြည့်၍သာ မေးလိုက်သည်။
" မင်းရဲ့ အတွင်းအမြုတေက ဘယ်နားမှာ ရှိတာလဲ "
သူ့ရှေ့မှ သွေးနီကြေးခွံမြွေကြီးမှာ ပထမသားရဲထက် သေးငယ်သည့်တိုင် ဧရာမသားရဲကြီးတစ်ကောင် ဖြစ်နေဆဲပါပင် ။
ထို့ကြောင့် ပထမတစ်ယောက်ကဲ့သို့ အတွင်းအမြုတေအား အကြာကြီး ရှာနေရမည်ကို လောထျန်း မလိုချင်ပါချေ။
သူ့စကားကို ကြားသောအခါ သွေးနီကြေးခွံမြွေကြီးက အသံကျယ်ကြီးဖြင့် အော်ရယ်၏။
" ဟား ဟား.. မင်းက ခုထိတောင် လက်မလျှော့သေးဘူးပေါ့လေ ။ ငါတို့ နတ်ဆိုးသားရဲတွေရဲ့ အတွင်းအမြုတေ ရှိတဲ့နေရာက အားနည်းချက်ပဲဆိုတာ သိလို့ အဲ့နေရာကို တိုက်ခိုက်ချင်လို့မဟုတ်လား "
" ဒါပေမယ့်.. မင်းအစွမ်းလောက်နဲ့တော့ ... ပြောပြလဲ ကိစ္စမရှိပါဘူးလေ "
စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ် တစ်နေရာက ရုတ်တရက် အရောင်လက်လာသည်။
" ငါ့ရဲ့ အတွင်းအမြုတေက ဒီနားမှာပဲကွ ။ မင်း သတ္တိရှိရင် လာပြီး တိုက်ခိုက်ကြည့် "
သွေးနီကြေးခွံမြွေကြီးက လှောင်ပြောင်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
အကယ်၍ လောထျန်းက တိုက်ခိုက်ရဲလျှင်လည်း သူ့အနေဖြင့် လောထျန်းအား တစ်ခါတည်း သတ်လိုက်မည်ဟုသာ သူ တွေးထားပါ၏။
တဖက်မှ လောထျန်းက ၎င်းကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။
" ဒီမြွေက တော်တော်သဘောကောင်းတာပဲ "
သူ ထိုသို့ပြောကာ လက်သီးဆုပ်လိုက်၏။
မှိန်ဖျော့ဖျော့ လူသတ်အရိပ်အငွေ့ တစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။
တဖက်မှ သွေးနီကြေးခွံမြွေမှာလည်း တစ်ခုခုလွဲနေကြောင်း မသိစိတ်ထဲမှ အာရုံခံမိကာ လှုပ်ရှားရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင်..
သူ့ရှေ့၌ လက်သီးတစ်ခု ရုတ်တရက် ပေါ်လာ၏။
ထို့နောက် .
ဘုန်း...
သွေးနီကြေးခွံမြွေကြီး၏ ခေါင်းမှာ သွေးမှုန်များအဖြစ် ပြောင်းသွားတော့သည်။
ဘုတ် ..
၎င်း၏ ခေါင်းမဲ့ခန္ဓာကိုယ်ကြီးကလည်း မြေပြင်သို့ ကျသွားကာ ဖုန်လုံးကြီး ထသွား၏။
အစွမ်းထက်လှသည်ဟု နာမည်ကျော်သော သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်ကြီး သေသွားရလေပြီ ။
" ဟင်... "
သူ့ဘေးရှိ ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးမှာ နားမလည်နိုင် ဖြစ်သွားရတော့သည်။
မည်သို့ ဖြစ်နေသည်ကို သူမ မသိလိုက်ခင်မှာပင်
သူမ၏ မိတ်ဆွေက အသက်ဆုံးသွားရသတဲ့လား ။
ဘာတွေ ဖြစ်နေပါသနည်း..
နတ်ဆိုးသူတော်စင်ကြီး တစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်သည့်သူ ရှိလိမ့်မည်ဟု သူမ တစ်ခါမှပင် မတွေးခဲ့ဖူးပါ ။
သို့သော်.. သူမ မိတ်ဆွေဟောင်းကြီး၏ မြေပြင်တွင် လဲကျနေသော အလောင်းက ထိုသို့သောလူမျိုး အမှန်တကယ် ရှိသည်ဆိုသည့် သက်သေပင် ။
" ဒီ လူသားကောင် "
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီး လောထျန်းဘက် ချက်ချင်း လှည့်ကြည့်လိုက်သည်။
ထိုစဥ်တွင် လောထျန်းကလည်း ရွှေကင်းခြေများကို ကြည့်ကာ မေးလာ၏။
" မင်းရဲ့ အတွင်းအမြုတေကရော ဘယ်မှာရှိတာလဲ "
ထိုစကားတစ်ခွန်းဖြင့်ပင် ရွှေကင်းခြေများ နတ်ဆိုး
သူတော်စင်မကြီး၏ တစ်ကိုယ်လုံးမှ အမွေးများ ထောင်သွားသလိုပင် ခံစားလိုက်ရသည်။
ထွက်ပြေးရမည် ...
လက်ရှိ သူမ တွေးမိသည်မှာ ထိုတစ်ခုတည်းပင် ..
ဝှစ်..
သူမ ချက်ချင်း ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။
သူမရှေ့မှ လူသားက အမှန်တကယ် ထူးဆန်းလှပေရာ ..
နတ်ဆိုးနတ်ဘုရားကြီးကို မဖြစ်ဖြစ်အောင် ရှာရန်လိုပါသည်။
မဟုတ်သေးပါ.... နတ်ဆိုးနတ်ဘုရားကြီးက သူမထက် အမှန်တကယ် အစွမ်းထက်သည့်တိုင်..
ထိုလူသားနှင့် ရင်ဆိုင်နိုင်ပါမည်လား ။
သူမ အတွေးနယ်ချဲ့နေစဥ်မှာပင်..
ဝုန်း..
ရွှေရောင်လက်ဝါးကြီးတစ်ခုက သူမကို ဖမ်းဆုပ်လာ၏။
" ဟင်.. "
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီး အလွန်ကြောက်လန့် တုန်လှုပ်ကာ လိပ်ပြာလွင့်တော့မတတ်ပင် ဖြစ်သွားသည်။
အမှန်တွင်မူ သူမသည် သူမ၏ အမြန်နှုန်းကို ယုံကြည်ချက်အပြည့်ရှိပါ၏။
သို့သော်.. သူမက အသက်လုပြီး ထွက်ပြေးနေသည့်တိုင် အလွယ်တကူ အဖမ်းခံလိုက်ရသတဲ့လား..
" မဖြစ်ဘူး.. သေမှာကို ဒီတိုင်းကြီး ထိုင်စောင့်လို့ မဖြစ်ဘူး "
သူမ တစ်ခု စဥ်းစားမိသွားကာ ရုတ်တရက် ပါးစပ်ဟလိုက်သည်။
ချွှင်..
သူမပါးစပ်ထဲတွင် အစွယ်နှစ်ချောင်း ပေါ်လာ၏။
" ငါ့သွားတွေက မူလမသေမျိုးလက်နက်ထက် နည်းနည်းလေးပဲ ပိုအစွမ်းနိမ့်တာ။ မင်းလက်လောက်နဲ့ ငါ့ကို မတားနိုင်ဘူး "
သူမ၏ မျက်လုံးထဲတွင်လည်း အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ခနဲလက်သွားပြီး သူမကို ဆုပ်ကိုင်ထားသည့် လက်ကြီးအား ကိုက်လိုက်တော့သည်။
သို့သော်...
ဂွပ် ..
ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ... မရေမတွက်နိုင်သော သွားကျိုး အပိုင်းအစများ လွင့်ထွက်
သွား၏။
" ဘယ်လိုဖြစ်ပြီး... "
ပါးစပ်တစ်ခုလုံး သွေးချင်းချင်းနီသွားသော ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးမှာ လွင့်သွားသော သွားကျိုးများအား ကြောက်လန့်တကြား လှမ်းကြည့်လိုက်သည်။
သူ့ရှေ့မှလူက မည်သို့သော လူပါနည်း ။
သူမ၏ သွားက လက်ကြီးကို ပေါက်အောင် မကိုက်နိုင်လျှင်ပင် သူမ နားလည်နိုင်သေးသော်လည်း.. ယခု အဘယ့်ကြောင့် သွားကျိုးသည်အထိ ဖြစ်သွားရပါသနည်း ။
ထိုစဥ်တွင် လောထျန်းက ရွှေရောင်လက်ကြီးအား ထျန်းချုပ်ကာ သူ့ရှေ့ ဆွဲခေါ်လိုက်သည်။
" ဟေ့.. မင်းရဲ့ အတွင်းအမြုတေက ဘယ်မှာလဲလို့ မေးနေတယ်လေ "
လောထျန်း ထပ်မေးလိုက်၏။
" ကျွန်မ.... "
ထိုစဥ်တွင် ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးမှာ အလွန်ကြောက်ရွံ့တုန်လှုပ်နေလေပြီ ။
သူမ ကျင့်ကြံခြင်းလမ်းပေါ်သို့ တက်လှမ်းစအချိန်မှစ၍ ယနေ့ထိ ထိုသို့ ကြောက်စရာ ပြိုင်ဘက်မျိုးနှင့် လုံးဝ မတွေ့ဖူးသေးပါ ။
ထိုတခဏ၌ သူမ ကြောက်လွန်း၍ တုန်နေသောကြောင့် စကားပင် မပြောနိုင်ပါချေ။
လောထျန်းက ၎င်းကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။
" ဟင်.. မင်းက ခေါင်းမာတယ်ပေါ့လေ ။ မပြောဘူးဆိုရင်.. ငါ မင်းကို ခံစားရအောင် လုပ်မှာနော် "
လောထျန်း ပြောကာ သူ့လက်ထဲသို့ အစွမ်းများ ပို့လွှတ်လိုက်သည်။
ဂျွတ်... ဂျွတ် ..
ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးမှာ သူမကိုယ်ထဲမှ အရိုးများစွာပင် ကျိုးကြေပြီး သူမ၏ အသက်အစွမ်း အားနည်းလာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။
သူမ အသနားခံ တောင်းပန်လိုက်ချင်သော်လည်း လောထျန်းက ခပ်တင်းတင်း ဆုပ်ထားသဖြင့် အမှန်တကယ်ပင် အသံမထွက်နိုင်တော့ပါ ။
ဤသို့ဖြင့် စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ.. ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီး အသက်ဆုံးသွားရတော့သည်။
တဖက်မှ လောထျန်းမှာကား တဖက်လူက အချိန်အတန်ကြာ အသံတိတ်နေသည်ကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။
" မင်းက တကယ်ကြီးကို ဘာမှမပြောဘူးပေါ့လေ ။ မင်း တော်တော်တော့ သတ္တိကောင်းသားပဲကွ ။ ဘယ်လောက် ဆက်တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့ "
သို့သော်.. နောက်ထပ် အချိန်အတန် ကြာသွားသည့်တိုင် သူ့လက်ထဲမှ ရွှေကင်းခြေများမှာ အသံတိတ်နေ
ပြီး လှုပ်ပင်မလှုပ်ပါ ။
" ဟူး... တော်တော် ခေါင်းမာတာပဲ "
လောထျန်း မနေနိုင်ဘဲ သက်ပြင်းချမိလိုက်သည်။
ထိုစဥ်တွင် ရှောက်ထျန်းလုံလေးက တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီးရှေ့သို့ သတိထား၍ ပျံသန်းလာသည်။
ဖြန်း..
သူ ရုတ်တရက် လက်မြှောက်၍ ရိုက်လိုက်ရာ .... ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီး၏ ခေါင်း တဖက်စောင်းသွား၏။
" ဝု... "
ရှောက်ထျန်းလုံလေးက သူမ၏ခေါင်းကို ညွှန်ပြရင်း လောထျန်းအား အော်ပြောလိုက်သည်။
လောထျန်းမှာလည်း ထိုအချိန်မှသာ အသိဝင်လာပြီး
တဖက်လူအား သူ့ရှေ့ ဆွဲခေါ်လိုက်၏။
" သေတာလား.. တကယ်ကြီး သေသွားတာလား ။ ငါက ဘာလို့ အသံမထွက်တာလဲဆိုပြီး တွေးနေတာ "
လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။
" မသေခင်လေး အတွင်းအမြုတေ ဘယ်မှာရှိတယ်ဆိုတာတောင် ပြောမသွားဘူး ။ ငါ့အချိန်ကို လာဖြုန်းနေတာပဲကွာ "
လောထျန်းက တဖက်လူ၏ အလောင်းအား မြေပြင်သို့ ပစ်ချပြီးနောက် ရှောက်ထျန်းလုံလေးကို ပြောလိုက်၏။
" လာကွာ.. မင်းနဲ့ငါ အတူတူရှာကြည့်ရအောင် "
ရှောက်ထျန်းလုံလေးကလည်း ခေါင်းညိတ်ပြရှာသည်။
ပြီးနောက်တွင်မူ သူတို့နှစ်ယောက်သား အလောင်းကို တစစီ စဖျက်လိုက်ကြတော့၏။
မကြာမီမှာပင်..
ချွှင်...
လောထျန်းက ရွှေကင်းခြေများ၏ နောက်ကျောအား ဓားဖြင့် လွှဲခုတ်လိုက်ရာ.. ရွှေရောင် အတွင်းအမြုတေလုံးတစ်ခု ပျံထွက်လာသည်။
" နောက်ဆုံးတော့ တွေ့ပြီပေါ့ကွာ "
လောထျန်း၏ မျက်နှာကြီး ရုတ်ချည်း ဝင်းပသွား၏။
ထို့နောက်တွင် သူ သွေးနီကြေးခွံမြွေကြီး၏ အတွင်းအမြုတေကိုပါ တစ်ခါတည်းထုတ်ပြီး ရှောက်ထျန်းလုံလေးအား ပေးလိုက်သည်။
" ဒါကို တစ်ခုချင်းစီ သန့်စင်ဖို့ ကြိုးစားကြည့်လိုက် ။ စိတ်ရှည်ရှည်ထားကွ "
လောထျန်း ပြော၏။
ရှောက်ထျန်းလုံလေး၏ မျက်လုံးများ အရောင်လက်သွားကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
ထို့နောက်တွင် သူ သွေးနီကြေးခွံမြွေကြီး၏ အတွင်းအမြုတေကို ယူပြီး တစ်လုတ်တည်း မြိုလိုက်၏။
ဝုန်း..
ချက်ချင်းမှာပင် အမြုတေလုံးက ရှောက်ထျန်းလုံကိုယ်ထဲ ပေါက်ကွဲထွက်သွားကာ ကြောက်မက်ဖွယ် အစွမ်းများ ထွက်လာပြီး ရှောက်ထျန်းလုံ၏ ခန္ဓာကိုယ်လည်း ပိုကြီးလာသည်။
သို့သော်.. ဤတစ်ကြိမ်တွင်မူ ရှောက်ထျန်းလုံလေးက အတွေ့အကြုံ ရှိထားပြီး ဖြစ်သဖြင့် မျက်လုံးများမှိတ်၍ အစွမ်းများကို စနစ်တကျ စုပ်ယူလိုက်၏။
ဝီ..
ဤသို့ဖြင့် အချိန်တရွေ့ရွေ့ ကုန်သွားပြီးနောက် ..
ရှောက်ထျန်းလုံလေး၏ နဂို သုံးပေခန့်ရှိသော ခန္ဓာကိုယ်လေးက ဆယ်ပေနီးပါးအထိ ကြီးထွားလာတော့သည်။
ထိုမျှမကသေးပဲ... သူ့ကိုယ်ပေါ်ရှိ နဂါးကြေးခွံများမှလည်း သွေးနီကြေးခွံမြွေကြီး၏ ကိုယ်ပေါ်မှ အလင်းတန်းနှင့် ဆင်တူသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာပါ၏။
" ဟင်... အကာအကွယ်အစွမ်းပါ တိုးသွားတာနဲ့တူတယ် "
လောထျန်းက ၎င်းကိုကြည့်ပြီး မှတ်ချက်ချကာ ခေါင်းတတွင်တွင် ညိတ်လိုက်သည်။
ဝီ..
နောက်ဆုံးတွင်မူ ရှောက်ထျန်းလုံလေးက အတွင်းအမြုတေအား သန့်စင်၍ ပြီးသွားပြီး ဒုတိယအတွင်းအမြုတေကို ထပ်သန့်စင်ရန် ပြင်လိုက်၏။