← Chapters

ရှောက်ထျန်းလုံလေး၏ အသွင်ပြောင်းခြင်း

Vol. 45 Ch. 630

ရှောက်ထျန်းလုံလေး၏ အသွင်ပြောင်းခြင်း

Vol. 45 Ch. 630

ဒုတိယ အတွင်းအမြုတေမှာ ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီး၏ အမြုတေပင် ။

ရှောက်ထျန်းလုံလေးက တုန့်ဆိုင်းမနေဘဲ ၎င်းကို တစ်လုတ်တည်း မြိုလိုက်ပြန်၏။

ဝီ..

ယခင်လိုပင် ကြောက်မက်ဖွယ်အစွမ်း သက်ရောက်မှုကြောင့် သူ့ခန္ဓာကိုယ် ပိုကြီးသွားပြန်သည်။

သို့သော် ယခင် နှစ်ကြိမ်တိတိ အတွေ့ကြုံရှိထားပြီး ဖြစ်သဖြင့် ဤတစ်ကြိမ်၌ များစွာ ပိုအဆင်ပြေချောမွေ့သွားပါ၏။

အတွင်းအမြုတေကို သန့်စင်ရန်လည်း ယခင်ကြာချိန်၏ တစ်ဝက်ခန့်သာ ကြာတော့သည်။

ထို့နောက်. .. ရှောက်ထျန်းလုံလေးက ပါးစပ်ဟလိုက်ရာ...

ချွှင်...

သူ့ပါးစပ်ထဲမှ မြည်သံတစ်ခု ထွက်လာသည်။

လောထျန်း အံ့အားသင့်သွားပြီး သေချာကြည့်လိုက်မှသာ ရှောက်ထျန်းလုံလေး၏ သွားများက ရွှေကင်းခြေများ နတ်ဆိုးသူတော်စင်မကြီး၏ သွားများအတိုင်း မသေမျိုးလက်နက်များသဖွယ် ချွန်ထက်နေသည်ကို မြင်လိုက်ရသည်။

လောထျန်း စကားပြောရန် ပြင်လိုက်ချိန်၌... တဖက်မှ ရှောက်ထျန်းလုံလေး တစ်ကိုယ်လုံး တုန်ကာ တွန့်လိမ်သွား၏။

ထို့နောက်...

ဝုန်း...

ကောင်းကင်ယံ၌ မိုးတိမ်တိုက်များ စုစည်းလာသည်။

လောထျန်း ခေတ္တမျှ အံ့အားသင့်နေပြီးနောက်

ချက်ချင်းဆိုသလို သဘောပေါက်သွား၏။

နဂါးလေးက တုကျဲ့အဆင့် ကောင်းကင်ဘုံ ပျက်စီးခြင်းနှင့် ကြုံရပေတော့မည် ။

ထိုကောင်လေးမှာ မွေးစကတည်းက မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပြီး ...

မွေးဖွာလာပြီးနောက်တွင်လည်း လောထျန်းက သူ့အား ရှားပါးရတနာပေါင်းစုံကို ကျွေးမွေးခဲ့သဖြင့် သူ့ခန္ဓာကိုယ်က ပိုပို၍ ကြောက်စရာကောင်းလာခဲ့ပါသည်။

သို့သော်.. ကောင်လေး၏ ခန္ဓာကိုယ်က သေးလွန်းသည့်အပြင်.. အပျင်းလည်း အလွန်ထူသဖြင့် ကျင့်ကြံခြင်းအဆင့်ကမူ လုံးဝ တိုးတက်မလာခဲ့ပါ ။

ယခု သားရဲကြီးများ၏ အတွင်းအမြုတေများကို ဝါးမြိုပြီး နောက်တွင်မူ သူ့ကျင့်ကြံခြင်းက တုကျဲ့အဆင့်သို့ တန်းရောက်သွားခဲ့သည့်အတွက် ကောင်းကင်ဘုံပျက်စီးခြင်းနှင့် ကြုံရခြင်းပင် ။

သို့သော်.. လောထျန်းမှာ လေထဲမှ ကောင်းကင်ဘုံပျက်စီးခြင်း တိမ်တိုက်များကို မော့ကြည့်ပြီး စိုးရိမ်စိတ် အလျဥ်းပင် မဖြစ်မိပါချေ ။

ဝုန်း...

ထိုစဥ်မှာပင် မိုးကြိုးလျှပ်စီးများ တစ်ခုပြီးတစ်ခု ရှောက်ထျန်းလုံလေးပေါ် ကျလာကြ၏။ သို့သော် ၎င်းတို့က သူ့အပေါ် မည်သို့မှ အကျိုးသက်ရောက်နိုင်ဟန် မတူပါ ။

ဤသို့ဖြင့် မကြာခင်မှာပင် မိုးကြိုးတိမ်တိုက်များ ပြန်ပျောက်ကွယ်သွားပြီး ရှောက်ထျန်းလုံလေး တုကျဲ့အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားသည်။ သူ့ခန္ဓာကိုယ်မှာလည်း သုံးပေကျော် ပိုကြီးလာ၏။

၎င်းကိုကြည့်နေသော လောထျန်း၏ မျက်လုံးများထဲ ဝမ်းသာပျော်ရွှင်နေသော အရိပ်အယောင်အချို့ ပေါ်လာတော့သည်။

" အင်း.. သူ့ပုံကတော့ ခန့်ခန့်ကြီး ဖြစ်သွားပြီ "

သူ့စိတ်ထဲမှလည်း တွေးလိုက်သည်။

သို့သော်.. ထိုစဥ်တွင် ရှောက်ထျန်းလုံလေးကမူ နာကျင်နေပုံ ပေါက်နေရှာပါ၏။

ထို့ကြောင့် လောထျန်း အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

" ဘာတွေဖြစ်နေတာလဲ ကောင်လေး "

သူ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

ကောင်လေးက သားရဲ အတွင်းအမြုတေ ဝါးမြိုခြင်း၏ ဆိုးကျိုးများကို ခံနေရသည်လား..

သို့ဆိုလျှင် အခြေအနေ မဟန်ပါချေ ။

သူ ထိုသို့တွေးပြီး လှုပ်ရှားရန် ပြင်လိုက်စဥ်မှာပင်..

ဝီ..

ရှောက်ထျန်းလုံလေးကိုယ်မှ အရောင်အဝါက ရုတ်တရက် အလွန်လျင်မြန်စွာ တိုးလာသည်။

" အဆုံးအစမဲ့ အဆင့်လား.. "

ထိုကောင်လေးက ကျင့်ကြံခြင်းအဆင့်ကို ဆက်ပြီးဖိနှိပ်မထားနိုင်တော့မှန်း လောထျန်း ချက်ချင်း သဘောပေါက်လိုက်သည်။

ထင်သားသလိုပင်.. ရှောက်ထျန်းလုံလေး၏ ကျင့်ကြံခြင်းအဆင့်က တခဏလေးအတွင်း အဆုံးအစမဲ့အဆင့်သို့ ရောက်သွားတော့၏။

" ပိုကောင်းသွားပြီနဲ့ တူတယ် "

လောထျန်း တွေးလိုက်သည်။

သို့သော်.. အဆုံးအစမဲ့အဆင့်သို့ ရောက်ပြီးနောက်မှာပင်.. ရှောက်ထျန်းလုံလေးက နာကျင်နေဟန် ဖြစ်နေသေးသဖြင့် လောထျန်း ပိုအံ့သြသွားရပါ၏။

" ဘာတွေ ဖြစ်နေတာလဲ "

သူ စိုးရိမ်စိတ် ဝင်သွားရတော့သည်။

ထိုစဥ်မှာပင်..

ဝီ...

ရှောက်ထျန်းလုံလေး၏ ကိုယ်မှ အလင်းတန်းတစ်ခု ထွက်လာ၏။

သူ့ခန္ဓာကိုယ်လည်း စတင်ပြောင်းလဲလာသည်။

" အသွင်ပြောင်းခြင်းလား... "

လောထျန်း ချက်ချင်း အသိပြန်ဝင်သွား၏။

ပုံမှန်ဆိုလျှင် နတ်ဆိုးသားရဲများနှင့် မှော်သားရဲများသည် သတ်မှတ် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ရောက်သည်နှင့် အသွင်ပြောင်းနိုင်စွမ်း ရှိကြပါသည်။

သို့သော်... နတ်ဆိုးသားရဲ နှင့် နတ်ဘုရားသားရဲ အများစုမှာ ထုံရွှယ်အဆင့်မှ စတင်ကာ အသွင်ပြောင်းနိုင်ကြ၏။

သို့သော် အသွင်ပြောင်းရန် ပိုခက်ခဲသည့် သားရဲမျိုးစိတ်များလည်း ရှိဆဲပင် ။

ဥပမာဆိုရသော်.. ရှောက်ထျန်းလုံလေးမှာ အဆုံးအစမဲ့အဆင့် ရောက်မှသာ အသွင်ပြောင်းနိုင်ပါသည်။

သူ့ရှေ့မှ အလင်းတန်းကိုကြည့်ရင လောထျန်း အနည်းငယ် စိတ်လှုပ်ရှားသွားရ၏။

ရှောက်ထျန်းလုံလေး အသွင်ပြောင်းပြီးသွားပါက မည်သည့်ပုံ ဖြစ်သွားပါမည်နည်း..

တခဏအကြာတွင်ကား.. ရှောက်ထျန်းလုံ၏ အသွင်ပြောင်းခြင်း ပြီးသွားတော့သည်။

သို့သော်.... သူ၏ အသွင်ပြောင်းပြီး ပုံစံကိုကြည့်ရင်း လောထျန်းတစ်ယောက် နေရာ၌ ကြက်သေသေသွားရသည်။

အဘယ့်ကြောင့်ဆိုသော်... သူ့ရှေ့၌ ယခင်က နဂါးအရိပ် မရှိတော့ဘဲ..

အသက် ၇ ၊ ၈ နှစ်အရွယ်ခန့် မိန်းမငယ်လေးတစ်

ယောက် ရောက်နေသောကြောင့်ပင်...

ထိုမိန်းကလေးက ချောမောလှပသော မျက်နှာလေး ရှိသည့်တိုင် ခန္ဓာကိုယ်ကမူ အလွန်ပိန်လှီပြီး အဟာရမပြည့်သည့်ပုံ ပေါက်နေရှာ၏။

" ဒီကောင်လေးက.... တကယ်ကြီး မိန်းကလေးလား "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်မိလိုက်သည်။

ကောင်းကင်ဘုံနဂါးကြီး ထျန်းလုံကြောင့်.. သူ့မျိုးဆက်မှာလည်း အထီးတစ်ကောင်သာ ဖြစ်ရမည်ဟု လောထျန်းစိတ်ထဲ အမြဲတွေးမိခဲ့ပါသည်။

သို့သော်... နဂါးလေး အသွင်ပြောင်းပြီး နောက်မှသာ သူ့အတွေး မှားသွားခဲ့ကြောင်း သိလိုက်ရတော့၏။

" လော.. လောထျန်း... "

ထိုစဥ်တွင် ရှောက်ထျန်းလုံလေးက လောထျန်းကို ကြည့်ပြီး ပြောလာသည်။

သူမအတွက် စကားပြောရန် ခက်နေသေးသည်မှာ သိသာပါ၏။

သို့သော်.. တခဏအကြာတွင်မူ မိန်းမငယ်လေးက ထခုန်ကာ လောထျန်းရှေ့ အပြေးရောက်လာသည်။

ဝုန်း...

သူမ ပြေးလိုက်ချိန်၌ အသံကျယ်တစ်သံ မြည်သွားသဖြင့် လောထျန်း အနည်းငယ်ပင် တုန်သွား၏။

" အားကောင်းလိုက်တဲ့ အစွမ်းပါလား "

လောထျန်းစိတ်ထဲ မနေနိုင်ပဲ အထင်ကြီးမိသွားရသည်။

ထိုစဥ်မှာပင်... ရှောက်ထျန်းလုံလေးနောက်၌ ဧရာမ သားရဲသုံးကောင်၏ အရိပ် စုစည်းနေမှန်းလည်း သူ သိလိုက်ရ၏။

၎င်းတို့မှာ အစောပိုင်းက ရှောက်ထျန်းလုံလေး အမြုတေဝါးမြိုခဲ့သော နတ်ဆိုးသူတော်စင်ကြီး သုံးယောက်၏ အရိပ်များပင်...

" ဟို သားရဲသုံးကောင်ရဲ့ အစွမ်းကို ကိုယ်ပိုင်အဖြစ် ပြောင်းထားတာပဲ "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" လောထျန်း... ကျွန်မ.... ရှင့်ကို.. အမြဲတမ်း စကားပြောချင်ခဲ့... လောထျန်း... ကျွန်မ.. "

ရှောက်ထျန်းလုံလေးက လောထျန်းကိုကြည့်ကာ စကားစလိုက်သည်။

သို့သော် ထိုစဥ်မှာပင်..

" အဟီး... ဟီး... "

သူမ ရုတ်တရက် ထငိုလိုက်၏။

" ဟင်.. ဘာဖြစ်လို့လဲ.. ဗိုက်ဆာလို့လား "

လောထျန်း အလောတကြီး မေးလိုက်သည်။

ရှောက်ထျန်းလုံလေးက ရှက်သွားဟန်ဖြင့် မျက်နှာလေး နီသွားပြီးမှ ခေါင်းညိတ်ပြရှာသည်။

" ကျင့်ကြံခြင်း အဆင့်တက်ပြီးတော့... ကျွန်မကိုယ်

က.. အားနည်းနေသလိုပဲ "

လောထျန်း ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် မေးလိုက်၏။

" မူလအရှုပ်အထွေးမြေ စားချင်လား "

ရှောက်ထျန်းလုံလေး ခေါင်းယမ်းပြသည်။

" အဲ့ဒါကြီး မစားချင်တော့ဘူး.. "

လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

မူလအရှုပ်အထွေးမြေ ကိုမှ မစားချင်လျှင်.. ဘာကို စားချင်ပါသနည်း..

လောထျန်း ဘေးဘီသို့ တစ်ချက်ကြည့်လိုက်ရာ သားရဲအလောင်းဆီ အကြည့်ရောက်သွားသည်။

" ဒါဆိုရင်... ဟို နတ်ဆိုးသားရဲကြီးရဲ့ အသားရော "

" ကောင်းတယ်.. "

ရှောက်ထျန်းလုံလေး၏ မျက်လုံးများ အရောင်

လက်သွား၏။

ဤသို့ဖြင့် မကြာခင်မှာပင် ဟင်းအိုးကြီး စတင်ဆူပွက်လာတော့သည်။

ထိုအိုးထဲတွင်ကား သွေးနီကြေးခွံမြွေ နတ်ဆိုးသူတော်စင်ကြီး၏ အသားများ...

" အင်း.. ကြည့်ရတာတော့ ကျက်နေပြီထင်တယ် "

လောထျန်း အပြုံးဖြင့် ဆိုလိုက်သည်။

သူ့စကားကို ကြားသည်နှင့် ရှောက်ထျန်းလုံလေး ချက်ချင်းလှုပ်ရှားသွားကာ အသားတုံးကြီးတစ်ခုကို ယူ၍ ပါးစပ်အပြည့် စားလိုက်၏။

" နတ်ဆိုးသူတော်စင်ကြီးရဲ့ အသားလို့မပြောရဘူး.. တကယ် အရသာရှိတာပဲ "

သူမ၏ မျက်လုံးလေးများကလည်း အရောင်လက်လျက်...

" ဒီအသား တစ်မျိုးတည်းရှိတာတော့ စိတ်မကောင်းစရာကြီး ။ စားရတာ အီတယ် ။ တခြား အသားလေး

တွေပါ ထပ်ရှိရင် ပိုကောင်းသွားမှာ "

သူမ စားနေရင်း တီးတိုးရေရွတ်လိုက်သေးသည်။

လောထျန်းမှာ ၎င်းကိုကြည့်ရင်း ဘာပြန်ပြောရမည်ပင် မသိတော့ချေ။

သူ ဤနေရာသို့ အလောတကြီး လာခဲ့ရခြင်းဖြစ်ရာ.. အစားအသောက်ကောင်းကောင်း ရှာဖွေရန်အတွက် အချိန်မရခဲ့ပေ ။

သို့သော် ထိုစဥ်မှာပင်..

" ဟား ဟား... ကြားထားတဲ့သတင်းက မှန်နေတာပဲ ။ ကမ္ဘာနှစ်ခုကြား တံခါးပေါက်က တကယ်ကြီး စောပွင့်သွားတာ "

" အားလုံး... ထျန်းယွမ်ကမ္ဘာထဲကို သွားပြီး လူသားတွေကို သတ်ကြမယ်ဟေ့. "

" ဟီး ဟီး.. ငါကတော့ လူသားစားရမှာ စိတ်မဝင်စားဘူး ။ သူတို့ရဲ့ ရတနာတွေကိုပဲ စိတ်ဝင်စားတယ် "

မလှမ်းမကမ်း၌ စကားပြောရင်း လာနေကြသော သားရဲဆယ်ကောင်ကျော် ပေါ်လာ၏။

" ဟင်... "

သူတို့ သားရဲအုပ်မှာ အဝေးမှပင် လောထျန်းနှင့် ရှောက်ထျန်းလုံလေးအား တွေ့သွားကြသည်။

" အိုး.. ဟိုကောင်တွေပြောတာ တကယ်ကြီးပဲဟ ။ လူသားတွေက ငါတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာထဲကို တကယ်ကြီး လာခဲ့ကြတာပဲ "

ပုဇွန်ပုစံ နတ်ဆိုးဘုရင်တစ်ယောက်က အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ဆိုသည်။

" ဟား ဟား.. ဒီလူသားကောင်က ငါတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာကို စော်ကားခဲ့တာဆိုတော့ သေဖို့ ထိုက်တန်တယ် "

ဂဏန်းပုံ အခြားနတ်ဆိုးဘုရင်တစ်ယောက်ကလည်း အေးစက်စက်ပြော၏။

" ဟို လူသားနှစ်ကောင်.. အခုချက်ချင်း ဒူးထောက်ပြီး မြန်မြန်သေလိုက်စမ်း "

ခေါင်းတွင် အခွံတစ်ခု ဆောင်းထားသည့် အခြားနတ်ဆိုးဘုရင် တစ်ယောက်ကလည်း လေသံမာမာဖြင့် အော်ပြောလာသည်။

သို့သော်.. သူတို့၏ အော်သံများကို ကြားသည့်တိုင် လောထျန်းနှင့် ရှောက်ထျန်းလုံလေးတို့မှာ နေရာပင် မရွှေ့ကြပါ ။

နှစ်ယောက်လုံးက ရှေ့မှ သားရဲအုပ်အား တအံ့တသြသာ ကြည့်​နေကြ၏။

ဂဏန်းပုံ နတ်ဆိုးဘုရင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

" ဘာလဲ.. ကြောက်နေကြပြီလား အရူးလေးတွေ ။ ဟား ဟား.. လူသားတွေက တကယ့် ငကြောက်တွေပဲကွ "

သို့သော်... ထင်မထားစွာပင် .. ထိုစဥ် ဟင်းအိုးကြီးဘေး၌ ရှိနေသော ရှောက်ထျန်းလုံလေးက လောထျန်း၏ လက်မောင်းကိုဆွဲကာ ပြောလာ၏။

" လောထျန်း... ဟင်းပွဲတွေ ရောက်လာပြီ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" အင်း.. ဒီတစ်ခေါက်တော့ ပင်လယ်စာတွေ "

စာစဉ်ပြီး၏

All Chapters