မိတ်ဆွေဟောင်း
Vol. 7 Ch. 688
နယ်စားကြီး သေမင်းအော်သံ ၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းမှာ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
ပိုင်ရှောင်ချန်းက နောက်သို့လှည့်၍ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်စဥ် အလင်းတန်းနှစ်ခုမှာ လေကိုခွင်း၍ သူတို့ဆီသို့ ဦးတည်လာနေသဖြင့် တဝီဝီမြည်သံများ ထွက်ပေါ်လာတော့သည်။ ခဏအကြာတွင် လူနှစ်ယောက်ကို မြင်လိုက်ရလေသည်။
တစ်ယောက်မှာ အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ကာ တည်ကြည်သောအမူအရာနှင့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူ၏မျက်ဝန်းများမှာ တိမ်ကျနေပြီး သူ့မျက်နှာပေါ်တွင် အားပြတ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူသည် ကောင်းကင်၊ ကမ္ဘာမြေကြီးတို့နှင့် တစ်သားတည်း ဖြစ်နေသည့်အလား ထင်မှတ်ရပြီး နတ်ဘုရားအာရုံဖြင့် အာရုံခံကြည့်လျှင်ပင် သူ့ကို မမြင်ရနိုင်ပေ။
သူက ပိုင်ရှောင်ချန်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး နယ်စားကြီး သေမင်းအော်သံကို စိုက်ကြည့်ကာ ပြုံးလိုက်ပြီး တပြိုင်နက်ထဲပင် လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ နယ်စားကြီး သေမင်းအော်သံ မှာလည်း ပြန်၍ လက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။
ထိုအဘိုးကြီး၏ ဘေးတွင် ခရမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားသည့် လူငယ်တစ်ယောက်ရှိသည်။ သူ၏အမူအရာမှာ ရက်စက်ကြမ်းကြုတ်ကာ မောက်မာသည့် ပုံစံရှိပြီး အထူးသဖြင့် သူ၏မျက်လုံးများမှာ စူးရှနေသည်။ သူ၏ကျင့်ကြံခြင်း အခြေခံမှာ ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းတွင် ရှိနေပြီ ဖြစ်သဖြင့် အရာရာတိုင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခုတ်ထစ်နိုင်သည့် ဓားအိမ်မချွတ်ရသေးသော ဓားတစ်လက်ပမာ ဖြစ်နေသည်။
ထိုလူငယ်မှာ ပိုင်ရှောင်ချန်းကို ဖျတ်ခနဲကြည့်လိုက်ပြီး အေးစက်စက် ရယ်မောကာ ဝိညာဥ်ရေနွေးအိုးဆီသို့ အကြည့်လွှဲလိုက်တော့သည်။
ပိုင်ရှောင်ချန်းက ထိုနှစ်ယောက်အား အသေးစိတ်အကဲခတ်နေသည်ကို မြင်လိုက်ရသဖြင့် နယ်စားကြီး သေမင်းအော်သံက သူ့ဆီသို့ သတင်းတစ်ခု ပို့လွှတ်လိုက်တော့သည်။
" သူက သောကကင်းဝေး ကိုးသွယ်ဘုရင်ရဲ့ အရိုက်အရာကိုဆက်ခဲ့ရမဲ့ မင်းသားကျိုးဟုန်ပဲ။ သူက ရက်စက်ကြမ်းကြုတ်ပြီး နှလုံးသားကင်းမဲ့တဲ့ လူတစ်ယောက်ဆိုပြီး နာမည်ကြီးနေတာ။ သူ့ဘဝတစ်လျှောက်မှာ လူအများကြီးသတ်ခဲ့ပြီးပြီ "
ပိုင်ရှောင်ချန်းမှာ တံတွေးသာမျိုချလိုက်တော့သည်။ သူက မည်သို့အကြောင်းအရာကြောင့်မှန်း မသိပါသော်လည်း ကျိုးဟုန်ကိုကြည့်လိုက်ရာတွင် ယင်ယန်ဝိညာဥ်အဆင့်သို့ နတ်သားရဲဝိညာဥ်များကို သုံးကာ တက်လှမ်းလာခဲ့ခြင်းဖြစ်ကြောင်း သိနေသည်။ သူ့ထံတွင် ကောင်းကင်တာအို ယင်ယန်ဝိညာဥ် ရှိနေသောကြောင့် ထိုသို့သိနိုင်ခြင်း ဖြစ်နိုင်သည်။ ကျိုးဟုန်မှာ အလွန်အင်မတန် အံ့သြဖွယ်ကောင်းသည့်ပုံပေါ်နေသည်။ သူသည် ဘုရင့်အရိုက်အရာဆက်ခံရမည့် လူတစ်ယောက်ဖြစ်၍ နတ်ဘုရားတစ်ပိုင်းအဆင့် လျှို့ဝှက်မှော်သိုင်းများ ရှိနေမည်မှာ ဧကန်ပင်။ ထို့အပြင် သူသည် ရန်မစသင့်သည့် လူများထဲတွင် ပါဝင်နေသည်မှာ အသေအချာပင်။
" သူ့ကို တစ်ယောက်ချင်း ယှဥ်ချမယ်ဆိုရင်တော့ ငါနိုင်မယ်ဆိုတာ ယုံတယ်။ ဒါပေမဲ့ သူ့အဖေက ဘယ်သူလဲဆိုတာငါသိနေမှတော့ သူ့ကိုပြဿနာသွားမရှာတာပဲ ကောင်းပါတယ် "
ပိုင်ရှောင်ချန်းမှာ ထိုသို့ဆုံးဖြတ်ချက်ချလိုက်စဥ် ခပ်လှမ်းလှမ်းတွင် အမျိုးသမီးနှစ်ယောက်ပါသည့် အလင်းတန်းနှစ်တန်း ထပ်မံပေါ်ထွက်လာသည်။
အမျိုးသမီးတစ်ယောက်မှာ ပွယောင်းယောင်းအဝတ်အစားများကို ဝတ်ဆင်ထားသည့် အဘွားကြီးတစ်ယောက်ဖြစ်သည်။ သူမ၏ အမူအရာမှာ တည်ကြည်နေပါသော်လည်း သူမ၏ဘေးရှိ မိန်းမပျိုလေးမှာမူ ဆရာကြီးပုံစံဖမ်းကာ အပေါ်စီးမှဆက်ဆံတတ်သည့် လူစားမျိုးဖြစ်သည်။ သူမသည် ခရမ်းရောင်လက်အိတ်များကို ဝတ်ဆင်ထားပြီး အလွန်ချောမောလှပနေပါသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များ ထကြွနေသည်ကိုကြည့်ပါက ရန်လိုသော လူစားမျိုး ဖြစ်ကြောင်းသိနိုင်သည်။
ထိုမိန်းမပျို ပေါ်ပေါက်လာသောအခါ ကျိုးဟုန်မှာ သူမကိုမကြည့်ရဲသည့်အလား တုန်လှုပ်စွာဖြင့် မျက်ခုံးလှုပ်သွားရသည်။ ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ တိတ်တိတ်လေး ပင့်သက်ရှိုက်လိုက်တော့သည်။
ထိုအချိန်တွင် နယ်စားကြီး သေမင်းအော်သံမှာ သတင်းများထပ်မံ ပို့လိုက်ပြန်သည်။
" ဝိညာဥ်ခရီးဘုရင်ရဲ့သမီးတော် မင်းသမီးရွှီရှန်ပဲ။ ရန်လိုတတ်တဲ့ မိန်းကလေးတစ်ယောက်နော်။ စကားလေးတစ်ခွန်းမှားတာနဲ့ မိုးမီးလောင်မဲ့ လူမျိုး "
" မြေရိုင်းဒေသက လက်ရွေးစင်တွေအားလုံးက ဘာလို့ ရက်စက်ကြမ်းကြုတ်နေကြရတာတုံး " ပိုင်ရှောင်ချန်းမှာ တွေးရင်း မျက်ခုံးလှုပ်နေတော့သည်။ " ဒီရွှီရှန်လည်း နတ်သားရဲဝိညာဥ်တွေကိုသုံးပြီး မဟာစက်ဝန်းအဆင့်ရောက်လာခဲ့တာပဲ။ ပြီးတော့ သူ့ဆီမှာ စွမ်းအားကြီးမားတဲ့ အပြင်ခန္ဓာကိုယ်တစ်ခုလည်း ရှိနေတယ် "
ကျိုးဟုန်ပင် သူမကို ကြောက်နေရသဖြင့် ပိုင်ရှောင်ချန်းမှာ သူမကို တစ်ခဏထက်ပို၍ပင် ကြာကြာမကြည့်ရဲပေ။
သို့သော် သူအကြည့်မလွှဲနိုင်ခင်မှာပင် သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားရပြီး ရွှီရှန်မှာ သူ့ကိုပြူးကြည့်လိုက်တော့သည်။ သူမ၏ မျက်ဝန်းများထဲရှိ အကြည့်များအရ သူမသည် သူ့ကို အလွန် တိုက်ခိုက်ချင်နေသည်ဖြစ်သော်လည်း သူမ၏ဘေးနားရှိ အဘွားကြီးက ချောင်းဟန့်လိုက်သဖြင့် ရွှီရှန်မှာ စိတ်ပျက်လက်ပျက်နှင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုမိန်းကလေး၏ ရက်စက် ကြမ်းတမ်းမှုကို အတိုင်းသားမြင်နေရသည်။ သူသည် သူမကိုကြည့်လိုက်မိသည့် အချက်ကြောင့်ပင် သူမက တိုက်ခိုက်ချင်နေပြီဖြစ်သည်။
" ဒီနေရာက တော်တော်ကို အရိုင်းဆန်တာပဲ။ မြေရိုင်းဒေသက ငါနဲ့လုံးဝ မအပ်စပ်ဘူး "
သူက သက်ပြင်းချနေစဥ် အလင်းတန်းများစွာ ထပ်မံပေါ်ထွက်လာပြီး ဤအချိန်တွင် လူဒါဇင်ပေါင်းများစွာ ပါဝင်နေသည်။ သူတို့မှာ မြေရိုင်းဒေသထဲရှိ အုပ်စုအမျိုးမျိုး၏ လက်ရွေးစင်များ ဖြစ်ကြပြီး သူတို့အားလုံးကို တာအိုစောင့်ရှောက်သူများက ခေါ်ဆောင်လာသည်။ ထိုတာအိုစောင့်ရှောက်သူများမှာ ကောင်းကင်ဘုရင်များ စေလွှတ်ခဲ့သည့် စောင့်ရှောက်သူများကဲ့သို့ နတ်အဆင့်ကျင့်ကြံသူများမဟုတ်သော်လည်း အများစုမှာ နတ်အဆင့်သို့ ရောက်လုဆဲဆဲ ဖြစ်နေကြပြီဖြစ်သည်။
ထိုလူသစ်များ ရောက်လာပြီးနောက် အုပ်စုခွဲသွားကြသည်။ သူတို့ထဲမှ အချို့မှာ ကျိုးဟုန်နှင့် ပူးပေါင်းလိုက်ကြပြီး အချို့မှာ ရွှီရှန်၏ အနားတွင် သွား၍ ရပ်လိုက်ကြသည်။ အချို့မှာ အုပ်စုအသေးစားလေးများဖွဲ့ကာ တစ်ယောက်ယောက်ကိုစောင့်မျှော်နေသည့်အလား ကောင်းကင်ပေါ်သို့ မော့ကြည့်နေကြသည်။
" နတ်ဝံပုလွေလေး၊ လီထျန်းရှန်၊ ကျောက်ဒုံရှန်၊ မြောင်လင်းအာ "
ထိုလက်ရွေးစင်များ ရောက်လာသောအခါ နယ်စားကြီး သေမင်းအော်သံက ပိုင်ရှောင်ချန်အား သူတို့၏နာမည်များကို ပြောပြလိုက်တော့သည်။ ထိုအခါ ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ ဆက်၍ ခုန်လာပြန်တော့သည်။
နတ်ဝံပုလွေလေး ဆိုသူမှာ သတ်ဖြတ်လိုသည့် အမူအရာများ အထင်းသားပေါ်နေသော မျက်နှာနှင့် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများကိုပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက်ဖြစ်သည်။ လီထျန်ရှန်မှာ အနည်းငယ်ပို၍ သဘောကောင်းမည့်ပုံပေါ်နေသော်လည်း သူ၏ အန္တရာယ်ပြုလိုသည့် အကြည့်ကြီးကြောင့် ပိုင်ရှောင်ချန်းမှာ နေမထိထိုင်မသာ ဖြစ်နေရတော့သည်။ ကျောက်ဒုံရှန်မှာမူ လူ့ဘီလူးကြီးများ၏ သွေးများစီးဝင်နေသည့်အလား အလွန်တုတ်ခိုင် သန်မာနေသည်ဖြစ်သည်။ သူသည် မတ်တတ်ရပ်နေသောအခါ တောင်ငယ်လေးတစ်လုံးနှင့် တူနေပြီး သူ၏လက်တစ်ဖက်တွင် ဧရာမ ဝံပုလွေသွားတင်းပုတ်ကြီးတစ်ချောင်းကို ကိုင်ထားသည်။
လက်ရွေးစင်အများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုးသမီးမှာ အနည်းငယ်မျှသာ ပါဝင်သည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်း၏ အမြင်အာရုံကို ဖမ်းစားနေသည့် အမျိုးသမီးတစ်ယောက် ရှိသည်။ သူမသည် နယ်စားကြီး သေမင်းအော်သံ က မြောင်လင်းအာဟု ဆိုခဲ့သည့် သူဖြစ်သည်။ သူမသည် သူမ၏ သွယ်လျလှပသော ခန္ဓာကိုယ်ကို ထင်ပေါ်နေစေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် အခြားလက်ရွေးစင်များ၏ အာရုံစိုက်မှုကို ခံနေရသည်။
သူမမှာမူ ထိုအချင်းအရာကို ဂရုစိုက်ပုံမရပဲ ပူပင်ကြောင့်ကြမှု မရှိသည့်အလား ပြုံးနေသည်။ ပိုင်ရှောင်ချန်းမှာ သူမကိုကြည့်နေကြောင်း သူမက သတိထားမိလိုက်သောအခါ လက်ဖြင့်ကွယ်ကာ ပြုံးလိုက်လေသည်။ ထို့နောက် သူမက ရှေ့သို့လျှောက်လှမ်းလာသောအခါ သူမ၏ နို့နှစ်ရောင်ကဲ့သို့ဖြူဖွေးနေသည့် ပေါင်တံလေးများမှာ အထင်းသားပေါ်လာသဖြင့် သူမ၏ဘေးနားတွင် ရှိနေသည့် ကျောက်ဒုံရှန်မှာ အသက်ရှူသံများပင် မြန်ဆန်လာရတော့သည်။
ပိုင်ရှောင်ချန်းမှာ နောက်ထပ်တစ်ခေါက် ခိုးကြည့်လိုက်လေသည်။ သူသည် ရင်တဒိန်းဒိန်းခုန်နေရင်းမှ သူမအား အရှိကိုအရှိအတိုင်း ဝေဖန်ပိုင်းခြားလိုက်တော့သည်။
" ဒီမြေရိုင်းဒေသက အမျိုးသမီးတွေက ဖွံ့ထွားကြွရွနေလိုက်ကြတာ ငါ့ကျင်းဝမ်လေးကိုတော့ မယှဥ်နိုင်ကြပါလား "
မြေရိုင်းဒေသတွင် နေထိုင်သူများအားလုံးမှာ ခန့်ညားကာ ချောမောကြပါသော်လည်း သူတို့အားလုံးထံတွင် လူများစွာကိုသတ်ခဲ့ဖူးသည့်အချက်ကိုဖော်ပြနေသည့် သတ်ဖြတ်လိုသောအခိုးအငွေ့များ ရှိနေသည်။
" ငါက သရဲကြီးဘုရင်ရဲ့ ကိုယ်စားပြုတစ်ယောက်အနေနဲ့ လာတာလေ။ ဘယ်မှာလဲ သရဲကြီးဘုရင်ဘက်က တပ်ဖွဲ့တွေ။ ဘာလို့ ဘယ်သူမှ ငါ့ဘေးနား လာမရပ်ကြတာလဲ "
ပိုင်ရှောင်ချန်းမှာ တစ်ခုခုထူးဆန်းနေကြောင်း ရိပ်မိလိုက်တော့သည်။
" ဒီကိုများ မရောက်သေးတာလား။ ဒါမှမဟုတ် သူတို့ရဲ့သရုပ်မှန်တွေကို ဖုံးကွယ်ထားကြတာလား "
တဖြည်းဖြည်းများလာသည့် လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် သရဲကြီးဘုရင်က သူ့အားကူညီပေးရန် စီစဥ်ထားသည့် လူက မည်သူဖြစ်နိုင်ကြောင်းကို သူကခန့်မှန်းနေသည်။ သို့သော် အချိန်အနည်းငယ်အကြာတွင် သူ၏သံသယမှာ ပို၍ကြီးထွားလာတော့သည်။
လူများစွာထပ်၍ ရောက်ရှိလာပြီး တစ်ဝက်ခန့်မှာ တာအိုစောင့်ရှောက်သူများ ဖြစ်ကြသည်။ တာအိုစောင့်ရှောက်သူ အများစုမှာ တိတ်ဆိတ်ငြိမ်သက်စွာမတ်တတ်ရပ်နေသော်လည်း အနည်းငယ်မှာ အချင်းချင်း စကားစမြည် ပြောဆိုနေကြသည်။
အခြားတစ်ဝက်မှာ ဝိညာဥ်ရေနွေးအိုးထဲသို့ ဝင်ကြမည့် ယင်ယန်ဝိညာဥ်အဆင့် လက်ရွေးစင်များဖြစ်ကြသည်။ ပိုင်ရှောင်ချန်းက သူတို့ကိုအကဲခတ်လိုက်သောအခါ အချို့မှာ သူ့အတိုင်း အကဲခတ်နေကြသည်ကို မြင်လိုက်ရသည်။ အချို့က သူ့ကို အထင်သေးသည့်အကြည့်များဖြင့်ပြန်ကြည့်နေကြပြီး အခြားလူများမှာ အေးစက်စက်အမူအရာများ ရှိနေကြသည်။ အချို့မှာ သူ့အကြောင်းသိလိုသည့် ပုံစံပေါ်နေကြသည်။ သူတို့အများစုမှာ သူ့အကြောင်းကို အနည်းငယ်မျှသာ သိသည်မဟုတ်ပါလော။
ပိုင်ရှောင်ချန်းမှာ အလွန်စိုးထိတ်လာတော့သည်။ လူအနည်းစုမှာ သူ့ကိုမုန်းတီးနေသည့်ပုံစံပေါ်နေသည် မဟုတ်ပါလော။ သူက ကြောက်ရွံ့ထိတ်လန့်ဖြစ်နေစဥ် လူတိုင်းမှာ ရုတ်တရက် ငြိမ်ကျသွားတော့သည်။ ခပ်လှမ်းလှမ်းမှ အလင်းတန်းတစ်တန်း ရုတ်တရက်ပေါ်ထွက်လာသဖြင့် နယ်စားကြီး သေမင်းအော်သံ ၏ မျက်လုံးများပင် ယခင်ကနှင့် မတူလောက်အောင် အာရုံစူးစိုက်နေတော့သည်။
တာအိုစောင့်ရှောက်သူ မပါပဲ သူတို့ဆီသို့ချဥ်းကပ်လာနေသည့် လူတစ်ယောက်သာဖြစ်သည်။ သို့သော် သူ့ထံမှပေါ်ထွက်နေသည့် အံ့သြဖွယ်စွမ်းအင်ကြီးမှာ ဤနေရာရှိအခြား ကျင့်ကြံသူများအားလုံးကို ချေမွပစ်နိုင်သည့် အနေအထားတွင် ရှိသည်။
သူသည် အစိမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ဤကမ္ဘာပေါ်ရှိ မည်သည့်အရာကမှ သူ့ကို မခြောက်လှန့်နိုင်သည့်အလား တည်ကြည်သော အမူအရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူတို့အနားသို့ သူရောက်လာသောအခါ အထူးသဖြင့် အခြားအဖွဲ့ကြီးများနှင့် မပူးပေါင်းရသေးသည့် လက်ရွေးစင်များမှာ နှုတ်ဆက်သည့်အနေဖြင့် လက်ယှက်လိုက်ကြတော့သည်။
" မင်္ဂလာပါ စစ်အောင်ဘုရင်လေး "
" မင်္ဂလာပါ စစ်အောင်ဘုရင်လေး "
အလားတူအသံများစွာ ထွက်လာသော်လည်း ထိုလူငယ်လေးမှာ သူတို့ကို လျစ်လျူရှုလိုက်သည်။ တစ်ခဏကြာသောအခါ သူကမျက်လုံးများမှိတ်ကာ လေပေါ်တွင်ရစ်ဝဲနေတော့သည်။ သူသည်ပိုင်ရှောင်ချန်းကို လှမ်းပင်မကြည့်ပေ။
ကျိုးဟုန်၏ မျက်ဝန်းထဲတွင် အနည်းငယ် ကလန်ကဆန်ပြုလုပ်လိုသည့် အကြည့်များရှိနေသော်လည်း သူက ဖုံးကွယ်လိုက်လေသည်။ ဝိညာဥ်ခရီးမြို့မှ ရွှီရှန်မှာ ယခင်ကထက်ပင် ပို၍တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာပြီး ယခုပုံစံအရဆိုလျှင် သူမသည် ပိုင်ရှောင်ချန်းထက် အနှီစစ်အောင်ဘုရင်လေးကို ပို၍စိတ်ဝင်စားနေသည်။
" သူက စစ်အောင်ဘုရင်ရဲ့သား " နယ်စားကြီး သေမင်းအော်သံ ကရှင်းပြလိုက်သည်။
" အဲဒါကြောင့် သူ့ကို စစ်အောင်ဘုရင်လေးလို့ ခေါ်တာ။ သူ့နာမည်က ကုန်းစွန်းရီတဲ့ "
ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်တော့သည်။ သူ၏အမြင်အရဆိုလျှင် ဤ စစ်အောင်ဘုရင်လေးဆိုသူမှာ မဟာစက်ဝန်းအဆင့်သို့ ရောက်နေပြီဖြစ်ပြီး နတ်အဆင့်သို့ ရောက်လုနီးနီးအခြေအနေသို့ ရောက်တော့မည်ဖြစ်သည်။
သူ့ကို ကူညီမည့်သူများမှာ မည်သည့်နေရာ သို့ရောက်နေကြောင်း နယ်စားကြီး သေမင်းအော်သံကို သူ မေးမြန်းရန် ပြင်လိုက်ချိန်တွင် နောက်ထပ်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြန်သည်။
ယခုအချိန်တွင် လူသုံးယောက်ပါဝင်ပြီး နှစ်ယောက်မှာ မျက်စိအာရုံကို အထူးဖမ်းစားနိုင်သည်။ တစ်ယောက်မှာ ခန့်ညားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာ တုနှိုင်းမရလောက်အောင် ချောမောလှပသည့် အမျိုသမီးတစ်ယောက်ဟုသာ ဖော်ပြ၍ရနိုင်မည်ဖြစ်သည်။ သူတို့ပေါ်လာသောအခါ လူတိုင်းမှာ သူတို့ကိုလှမ်းကြည့်လိုက်ကြတော့သည်။
" ဒုတိယမင်းသား "
" ဒါ၊ မဟာကောင်းကင်သခင်ရဲ့တပည့်... ချင်းမေ့ယွန်ပဲ "
ထိုစကားသံများ ထွက်လာကြသောအခါ နယ်စားကြီး သေမင်းအော်သံမှာ သူတို့ကိုမိတ်ဆက်ပြလိုက်တော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ အတွေးမှာ ဂယောက်ခြောက်ခြားဖြစ်နေသဖြင့် နယ်စားကြီး သေမင်းအော်သံ ၏ စကားသံကိုပင် မကြားနိုင်ပေ။ သူ၏အာရုံအားလုံးမှာ ထိုရင်သက်ရှုမောဖွယ်ကောင်းလောက်အောင် ချောမောလှပသည့် မိန်းမပျိုလေးထံသို့ ရောက်နေသည်။
သူမသည် ချင်းမေ့ယွမ်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ မှတ်ဉာဏ်ထဲတွင်ရှိနေသည့်အတိုင်း ဖြူဆွတ်နေသော အသားရေ၊ စွဲမက်ဖွယ်ခန္ဓာကိုယ်လေးဖြင့် လှပနေဆဲ။ သူမ၏ပတ်ပတ်လည်တွင် ဆံပင်ရှည်များ ယိမ်းနွဲ့နေခြင်းကြောင့် သူမသည် မသေမျိုး နတ်သမီးတစ်ပါးအလားဖြစ်နေပြီး သူမကိုမြင်လိုက်ရသည့် ယောက်ျားသားတိုင်း ပင့်သက်ရှိုက်နေရမည်သာဖြစ်သည်။
သို့သော် သူမသည် ဖြေဖျောက်၍ မရနိုင်သည့် စိုးရိမ်မှုအနည်းငယ် ရှိနေဟန်တူသော်လည်း ထိုအချင်းအရာကြောင့် သူမ၏ အလှမှာပို၍ပင် သိမ်မွေ့နူးညံ့လာသည့် အလားပင်။
" ချင်းမေ့ယွမ် "
မည်သူမှ မသိသော်လည်း ပိုင်ရှောင်ချန်း၏ရင်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်နေပြီဖြစ်သည်။ မြေရိုင်းဒေသထဲတွင် သူနှင့်ရင်းနှီးနေသည့် မျက်နှာတစ်ခုကိုမြင်လိုက်ရသည်မှာ ယခုသည် သူ၏ပထမဆုံး အကြိမ်မဟုတ်ပါလော။
အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းသူ ချင်းမေ့ယွမ်၊ သူမသည် ပိုင်ရှောင်ချန်းကို အဖော်ပြုကာ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ လိုက်ခဲ့သည်ဖြစ်သော်လည်း မဟာတံတိုင်းကြီးသို့သွားသည့် ခရီးစဥ်အပြီးတွင် သူမသည် ခြေရာခံ၍မရအောင် ပျောက်ဆုံးသွားခဲ့သည်။ သူမသည် သူမ၏အိမ်သို့ ပြန်ရောက်နေမည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက တွေးမိထားသော်လည်း သူမအတွက် အနည်းငယ်စိုးရိမ်နေခဲ့သည်။ ယခုတွင်မူ သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းက အမှတ်တရများစွာကို ပြန်လည်တွေးတောနေတော့သည်။
သူမသည် ရည်းစားစာများနှင့် ပတ်သက်သည့်ကိစ္စများကို ကြိုးကိုင်ဖန်တီးခဲ့သူဖြစ်ပြီး ထိုကိစ္စကြောင့် ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့ မနာလိုသဝန်တိုခဲ့ရသည့်ကိစ္စများကို ပြန်အမှတ်ရသွားတော့သည်။ သူမကို အလွန်စွဲလမ်းနေသည့် ရွှီပေါက်ချိုင်ကိုလည်း သူကပြန်အမှတ်ရသွားတော့သည်။
ချင်းမေ့ယွမ်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံမှာ သူတို့နောက်ဆုံးတွေ့ခဲ့စဥ်ကနှင့် မတူတော့ပေ။ သူမထံမှ အားကောင်းသည့် ယင်ယန်ဝိညာဥ်အဆင့် အငွေ့အသက်တစ်ခု ထွက်နေပြီဖြစ်သည်။ မြေရိုင်းဒေသသို့ပြန်ပြီးနောက် သူမ ကံထူးခဲ့သည်မှာ အသေအချာပင်။
ချက်ချင်းပင် ပိုင်ရှောင်ချန်းမှာ အဏ္ဏဝါခေါ်သံဂိုဏ်းကို လွမ်းဆွတ်နေသည့် အတွေးများထဲတွင် နစ်မျောသွားတော့သည်။ သို့သော်လည်း ယခုတွင် သူသည် အိမ်နှင့်အလွန်ဝေးရာ မြေရိုင်းဒေသထဲသို့ ရောက်နေရပေသည်။