သူတို့က ငါ့ကို သတ်ချင်နေကြတာလား
Vol. 7 Ch. 689
ပိုင်ရှောင်ချန်းမှာ သူ၏အတွေးများထဲတွင် နစ်မျောနေစဥ် ဒုတိယမင်းသားနှင့် ချင်းမေ့ယွမ်တို့၏နောက်ရှိလူမှာ ရှေ့သို့လှမ်းလာပြီး အသံသြသြဖြင့် ဆိုလိုက်သည်။
" ကြည့်ရတာ လူစုံပြီထင်တယ်။ အခု ဒီမှာရောက်နေတဲ့ ဒုတိယမင်းသားကို လမ်းပြဖို့ တာဝန်အပြင် ဝိညာဥ်ရေနွေးအိုးကိုဖွင့်တဲ့နေရာမှာ ကြီးကြပ်ဖို့ မဟာကောင်းကင်သခင်က ကျုပ်ကို တာဝန်ပေးလိုက်ပါတယ် "
သူသည် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး အသက်မပါသည့် အမူအရာရှိကာ သူ့မျက်ဝန်းများမှာလည်း ရေခဲတမျှအေးစက်နေသည်။ သူ၏ ခပ်သြသြအသံကြီးကြောင့် ပိုင်ရှောင်ချန်းမှာလည်း သူ၏အတွေးများထဲမှ ပြန်လည် သတိလည်လာတော့သည်။
" တာအိုရောင်းရင်း သေမင်းအော်သံ၊ တာအိုရောင်းရင်း ယွမ်ရှန်၊ တာအိုရောင်းရင်း ဟုန်လော်တို့ရေ။ ခင်ဗျားတို့ ကျုပ်ကို အကူညီပေးလို့ရတယ်မလား "
သူက နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်သောအခါ ဝိညာဥ်ရေနွေးအိုး အပေါ်သို့ ရောက်ရှိသွားတော့သည်။ ထိုအခါ နယ်စားကြီး သေမင်းအော်သံ အပြင် ကျိုးဟုန်၊ ရွှီရှန်တို့နှင့် အတူလာခဲ့သည့် အဘိုးကြီးနှစ်ယောက်မှာလည်း ခေါင်းညိတ်ကာ သူ့နောက်သို့ လိုက်သွားတော့သည်။
ဝိညာဥ်ရေနွေးအိုး၏ အထက်တွင် သူတို့အားလုံးမှာ မန္တန်လက်ကွက်များဖော်လိုက်ကြသဖြင့် နတ်အဆင့်ကျင့်ကြံသူများ၏ စွမ်းအင်များမှာ အခိုးအငွေ့များအဖြစ် ပျံ့နှံ့ထွက်ပေါ်လာတော့သည်။
ခဏအကြာတွင် ကျယ်လောင်သော ထစ်ချုန်းသံများ မြည်ဟည်းလာပြီး ဝိညာဥ်ရေနွေးအိုးမှာ တုန်ရီစပြုလာတော့သည်။ ထိုအထဲမှ အနက်ရောင်မြူခိုးများ ထပ်မံ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ လွင့်ပျံသွားတော့သည်။
" အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်လောက် ပြီးသွားပြီဆိုရင် ဝိညာဥ်ရေနွေးအိုးက ပွင့်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် မင်းတို့အားလုံး ချက်ချင်းဝင်ကြ။ ငါတို့လေးယောက်က ဒီဝိညာဥ်ရေနွေးအိုးကို အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာ အချိန်လောက်ပဲ ဖွင့်ထားနိုင်မှာ။ အဲဒါကြောင့် အချိန်မဆွဲကြနဲ့။ ဝိညာဥ်ရေနွေးအိုးကို နောက်တစ်ခေါက်ထပ်ဖွင့်ဖို့ဆိုတာ တော်တော်ခက်တယ်။ ဒါပေမဲ့ ပန်းက အဆုံးထိပွင့်သွားပြီဆိုရင်တော့ အလိုအလျောက်ပြန်ပွင့်လာမှာ။ အဲဒီအချိန်ရောက်ရင် မင်းတို့က နှစ်နာရီအတွင်း အပြင်ကို ပြန်ထွက်လာမှရမယ်။ မဟုတ်လို့ကတော့ မင်းတို့ အသက်အန္တရာယ်နဲ့ ကြုံရမှာပဲ "
ထိုစကားများကြောင့် ဘေးနားရှိ ကျင့်ကြံသူများမှာ စိုးရိမ်စပြုလာတော့သည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို လည်ပတ်စေလိုက်ပြီး တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကာ အများစုမှာ သတင်းများ ပေးပို့နေကြတော့သည်။
ပိုင်ရှောင်ချန်းမှာ ဝိညာဥ်ရေနွေးအိုးကိုကြည့်ကာ နောက်ဆုံးမှ အတွင်းသို့ဝင်သောသူ ဖြစ်စေဖို့ရာ အချိန်ဆွဲရန်ဆုံးဖြတ်လိုက်သည်။ သို့သော် အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာ အချိန်ခန့်သာ ရသဖြင့် သူကမည်သို့လုပ်ရမည်မှန်း မသိလောက်အောင် ဖြစ်နေရတော့သည်။
" အာ၊ ထားလိုက်ပါတော့ကွာ "
သူက စိတ်ဓာတ်ကျစွာ တွေးလိုက်တော့သည်။ သို့သော် ထိုအချိန်တွင် သူသည် တစ်စုံတစ်ခုမှာ အလွန်ထူးဆန်းနေကြောင်း သတိထားမိလိုက်သည်။ သူ့ကို မျက်ဝန်းဒါဇင်ပေါင်းများစွာက စိုက်ကြည့်နေသည့်အလား ခံစားလိုက်ရသဖြင့် ဘေးဘီဝဲယာသို့ သတိရှိရှိ အကဲခတ်လိုက်တော့သည်။
ထိုအခါ မရေမတွက်နိုင်သော လက်ရွေးစင်များစွာမှာ အဓိပ္ပါယ်ပါသည့် အမူအရာများနှင့် သူ့ကို မကောင်းကြံလိုသော အကြည့်များဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ ကျိုးဟုန်၊ ရွှီရှန်နှင့် ကုန်းစွန်းရီတို့ပင် ပါသည်။ ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိုးရိမ်စပြုလာတော့သည်။
" အော် သူတို့က တကယ်ပဲ အုပ်စုဖွဲ့လိုက်ကြပြီပေါ့ "
သူ၏အသက်ရှူသံများပင်အနည်းငယ်မြန်လာတော့သည်။ ပိုင်ရှောင်ချန်း၏ အတွေးထဲတွင် ထိုလူများအားလုံးမှာ သူ့ကိုတပြိုင်နက်ထဲ ဝိုင်း၍တိုက်ခိုက်ပါက ယခုအဆင့်ထက်ပို၍ စွမ်းအားကြီးနေလျှင်ပင် သူ မည်သို့မျှ တတ်နိုင်မည်မဟုတ်ပေ။ ဤနေရာတွင် လူအယောက်တစ်ရာကျော် ရှိနေသည်ဖြစ်ပြီး သူတို့အားလုံးမှာ အသက်အန္တရာယ်ရှိစေနိုင်သည့် ကိုယ်ပိုင် ဝှက်ဖဲများပိုင်ဆိုင်ထားကြမည်ဖြစ်၍ နတ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ခေါင်းခဲသွားစေနိုင်သည်။
ပိုင်ရှောင်ချန်းမှာ အကျောမခံချင်သဖြင့် သူ့ကိုယ်သူ နှစ်သိမ့်ကာ အားတင်းလိုက်တော့သည်။
" ဒီကောင်တွေအကုန်လုံးက လူဆိုးတွေပဲ။ အတင့်ရဲလှပါလား။ ငါဆိုတာ မဟာတံတိုင်းက စစ်ဦးစီးမှူးတစ်ယောက် ၊ သရဲကြီးမြို့တော်ရဲ့ အမှုဆောင်ချုပ်တစ်ယောက်၊ နတ်အဆင့်ကျင့်ကြံသူတွေနဲ့တောင် ချလာတဲ့ လူတစ်ယောက်ကွ။ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် ငါပြန်ပေးဆွဲခဲ့တာ။ ဒီလိုကောင်တွေကို ငါကကြောက်နေလို့ရမလား "
" နောက်တစ်နည်းနဲ့ တွေးပြန်တော့လည်း ငါက သူတို့ကို အနိုင်ကျင့်လို့ မဖြစ်ပြန်ဘူး။ အာ၊ ဘာပဲဖြစ်ဖြစ်ပါ။ ငါက ရာထူးကြီးပြီး ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်မှာရှိနေတာဆိုတော့ သူတို့အဆင့်ထိ ဆင်းလို့ ဘယ်သင့်တော်ပါ့မလဲ။ ဒီတစ်ခေါက်တော့ သိုသိုသိပ်သိပ် နေတာပဲကောင်းပါတယ်။ အထဲဝင်ပြီး နည်းနည်းပါးပါး လျှောက်ပတ်ကြည့်ပြီးရင်တော့ ဒီကလေးတွေနဲ့ ရန်မဖြစ်မိအောင် ထိန်းရမှာပေါ့ "
ပိုင်ရှောင်ချန်းက ထိုသို့တွေးတောလိုက်ပြီးနောက် အခြားလက်ရွေးစင်များထက် ပို၍အတွေးအခေါ်မြင့်မားနေပြီဖြစ်ကြောင်း ယုံကြည်နေတော့သည်။ သူ၏မျက်နှာပေါ်တွင် သဘောထားပြည့်ဝသည့် အပြုံးတစ်ခုကိုဆင်မြန်းကာ ထိုလက်ရွေးစင်များအားလုံးကို ကြင်နာသည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။
သို့သော် သူ၏အပြုံးမှာ မည်သို့မျှ မထူးခြားလာပေ။ သူ့ကိုကြည့်နေကြသည့် မျက်ဝန်းများမှာ ပို၍ရက်စက်ကောက်ကျစ်သည့်ပုံစံပေါက်လာရုံသာမက ကျိုးဟုန်နှင့် ကျောက်ဒုံရှန်ကဲ့သို့သော အခြားလက်ရွေးစင်များမှာဆိုလျှင် သူ့ကို ပြန်လည်၍ လှောင်ပြုံး ပြုံးပြနေတော့သည်။
ထိုအချင်းအရာကြောင့် သူက ချက်ချင်းပင် ဒေါပွသွားရတော့သည်။ သူကဲ့သို့ တန်ခိုးအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်က သဘောကောင်းပြသည် ကိစ္စမျိုးမှာ တွေ့ရခဲသည် မဟုတ်ပါလော။ သို့သော်လည်း ယခုတွင်မူ ဤခွေးများမှာ သူ့အား မလောက်လေးမလောက်စား ပြုမူနေသည်မဟုတ်ပါလော။
" တော်တော်ကို ရိုင်းတဲ့ကောင်တွေပဲ။.... အာ ထားပါတော့ကွာ။ မေ့လိုက်တာပဲကောင်းတယ်။ ဘာမှ ကြီးကြီးမားမား ကိစ္စမှ မဟုတ်ပဲ။ သူတို့နဲ့ ပြိုင်ပြီး ငြင်းခုံနေလို့ ဘာမှအကျိုးမထူးပါဘူး "
သူက ဝမ်းနည်းသွားပြီး လက်ရှိအခြေအနေကို သည်းခံရန်ဆုံးဖြတ်လိုက်ပြီး အကြည့်လွှဲရန်ပြင်လိုက်စဥ်မှာပင် ကျောချမ်းသွားရတော့သည်။
" ဘာတုံး "
ယခုတွင်မူ သူ့အားကြည့်နေကြသူများ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောစိတ်များကိုပါ သူက မြင်နေရပြီဖြစ်သည်။ ဤလက်ရွေးစင်တိုင်းမှာ သူတို့၏ ခံစားချက်အစစ်အမှန်များကို ဖုံးကွယ်ရာတွင် မကျွမ်းကျင်ကြသလို ဖုံးကွယ်ရန် မလိုဟုလည်း တွေးထားကြပုံရသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် သူ့အားအလွန်သတ်ချင်နေကြောင်းကို ပိုင်ရှောင်ချန်းက ရှင်းရှင်းလင်းလင်း မြင်နေရသည်။
" သူတို့က ငါ့ကိုသတ်ချင်တာလား "
သူ၏ရင်ခုန်နှုန် ချက်ချင်း မြန်ဆန်လာတော့သည်။ လူတိုင်းမှာ သရဲဘုရင် သစ်ခွပန်းကို လုယူရန် လာခဲ့ကြသည်ဖြစ်သော်လည်း သူသည် သရဲကြီးဘုရင်ကိုယ်စား လာခဲ့သည်ဖြစ်ပြီး အန္တရာယ်များ မကြုံစေရန်အလို့ငှာ တိုက်ခိုက်မှုများမှ ရှောင်တိမ်းရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ယခုတွင်မူ လူများစွာမှာ သတ်ဖြတ်လိုသော စိတ်များဖြင့် သူ့အားကြည့်နေကြပြီဖြစ်ရာ သတိရှိရှိနေရန် သူ ဆုံးဖြတ်လိုက်တော့သည်။
အမှန်တွင်လည်း ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ထင်မြင်နေသည့်အတိုင်း အတိအကျဖြစ်နေသည်။ တစ်ယောက်မကျန် မဟုတ်သော်လည်း အများစုမှာ သူ့ကိုသတ်ချင်နေကြသည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်တော့ မဟုတ်ပေ။ သို့သော်လည်း သူသည် လက်ရှိဘုရင်မင်းဆက်ထဲတွင် အရေးပါသည့်လူတစ်ယောက်မဟုတ်ကြောင်းကို သူတို့အားလုံးက သိသည်မဟုတ်ပါလော။ သူသည် သရဲကြီးဘုရင်၏ လက်ပါးစေတစ်ယောက်ထက် မပိုသဖြင့် လူတိုင်းမှာ သူ့ကိုသတ်ရန် သွေးကြောင်နေမည်မဟုတ်ပေ။
သူ့ကိုသတ်လိုက်ပါက သူတို့ရင်ဆိုင်နေရသည့် အကြီးမားဆုံး ပြဿနာကြီးကို ဖြေရှင်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။ ပိုင်ရှောင်ချန်းသာ မရှိတော့ပါက သရဲဘုရင် သစ်ခွပန်းကို မည်သူရရ အရေးမကြီးတော့သည်မဟုတ်ပါလော။ သရဲကြီးဘုရင်သာ အခြားစီစဥ်မှုများကို ထပ်မံ ပြုလုပ်ထားလျှင်တော့ မသိပေ။
အခြားမည်သည့် ကောင်းကင်ဘုရင်က ထိုသစ်သီးကိုရသည်ဖြစ်ပါစေ သူတို့အတွက် အရေးမကြီးပေ။ မည်သူမဆို ထိုသစ်သီးကို သရဲကြီးဘုရင်ဆီသို့ ပြန်လည် ရောင်းချနိုင်သည်မဟုတ်ပါလော။ ထို့အပြင် ထိုသစ်သီးအား အခြားမည်သည့်လက်ရွေးစင်ရသည်ဖြစ်စေ အရေးမကြီးပေ။ ထိုသို့ရရှိသွားသူမှာ တစ်နည်းနည်းနှင့်တော့ အကျိုးထူးခံစားရမည် ဖြစ်သည်။
ပိုင်ရှောင်ချန်းကို သတ်လိုက်ပါက သရဲကြီးဘုရင်၏ အမျက်တော်ရှခြင်းကိုခံရမည်ဖြစ်ကြောင်း လူတိုင်းသိပြီး ပုံမှန်ဆိုလျှင် သူတို့မှာ ထိုအချင်းအရာကို စိုးထိတ်နေမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ အခြား ကောင်းကင်ဘုရင်သုံးယောက်က ပူးပေါင်းကြံစည်နေသည်ဖြစ်၍ သူတို့၏ သုံးယောက်ပေါင်း အင်အားကြောင့် သရဲကြီးဘုရင် ဒေါသထွက်နေလျှင်ပင် အခြားမည်သည့်အရာကိုမှ လုပ်နိုင်မည်မဟုတ်ပေ။
ကံတရား၏ ကြိုးဆွဲရာအတိုင်း လောကကြီးမှာ ကကြရသည်ဖြစ်ပြီး ကောင်းကင်ဘုရင်လေးပါးမှာ တစ်ပါးနှင့်တစ်ပါး မတည့်ကြသည်ကို လူတိုင်းကသိသည်။ ထို့အပြင် ယခင်က မြေရိုင်းဒေသထဲတွင် လျှို့ဝှက် ရတနာများပေါ်ထွက်လာခဲ့စဥ်က ဘုရင်များမှာ အမြဲတမ်းလုယူနေကြ ဖြစ်ပြီး သရဲကြီးဘုရင်မှာ တစ်ကြိမ်ထက်မနည်း အသာစီးရခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့အံ့သြဖွယ်ကောင်းလောက်အောင် အရေးပါသည့် သရဲဘုရင် သစ်ခွပန်း ပေါ်လာသောအခါတွင် အခြားဘုရင်သုံးပါးမှာ ဤအခြေအနေကို အသုံးချကာ သရဲကြီးဘုရင်ကို ပြန်လည်ထိုးနှက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများ၏ ပဋိပက္ခများအကြားတွင် ယနေ့လက်ရွေးစင်များမှာ ပိုင်ရှောင်ချန်းကဲ့သို့လူများကို ဆန္ဒရှိပါက သတ်ပစ်နိုင်သည့် လူများဟု ထင်မှတ်ထားကြသည်သာ ဖြစ်သည်။
……
ဒုတိယမင်းသားမှာ မတ်တတ်ရပ်ကာ အကြံပေးလမ်းညွှန်မှုအချို့ကို သုံးသပ်နေသည်။ သူသည် ထိုအကြံပေးလမ်းညွှန်မှုများကို မငြင်းပယ်လိုသော်လည်း သူ၏စိတ်ထဲတွင်မူ အေးစက်စက် ရယ်မောနေသည်သာ ဖြစ်သည်။ ယနေ့ခေတ် မြေရိုင်းဒေသတွင် ဗဟိုဧကရာဇ်မှာ အင်အားချိနဲ့နေပြီဖြစ်သည်။ မဟာကောင်းကင်သခင်မှာ ကောင်းကင်၏သားတော်နှင့် မင်းမျိုးမင်းနွယ်များကို ထိန်းချုပ်ထားပြီး ကောင်းကင်ဘုရင်လေးပါးမှာလည်း စိတ်ပါလက်ပါဖြင့် မင်းဆက်ကိုကာကွယ်ပေးလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့် ဒုတိယမင်းသား၏ ဦးစားပေးပန်းတိုင်မှာ သူ၏ အကျိုးတိုးပွားစေမည့် ကိစ္စများကိုဆောင်ရွက်ကာ သူ၏အခြေခံအင်အားကို ခိုင်မာအောင်ပြုလုပ်ရန်ဖြစ်သည်။
ဥပမာဆိုရသော် ဤလျှို့ဝှက်နယ်မြေသည် တော်ဝင်မျိုးနွယ်စုပိုင်ဆိုင်သော နယ်မြေရှစ်ခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ သို့သော်လည်း မဟာကောင်းကင်သခင်၏ အမိန့်လေးတစ်ခုထဲနှင့် ဤနေရာမှာ အများပိုင်နေရာတစ်ခုအဖြစ် ပြောင်းလဲသွားရပြီး လူများစွာမှာ လုယူရန်ပြင်နေရကြပြီဖြစ်သည်။ ဒုတိယမင်းသားမှာ သူ၏ရာထူးအဆင့်အတန်းကြောင့် မဟာကောင်းကင်သခင်နှင့် ကောင်းကင်ဘုရင်လေးပါးတို့ကိုပါ မုန်းတီးနေသည်။ ထို့ကြောင့် ဘုရင်လေးပါး အချင်းချင်းရန်ဖြစ်နေကြသည်မှာ သူ့အတွက်မူ ကောင်းမွန်သည့်အချက်တစ်ချက်ဖြစ်သည်။ သို့သော် သူ၏စိတ်ထဲတွင် ခုနေသည့် လူမှာ ချင်းမေ့ယွမ်ဖြစ်သည်။
သူမသည် ဒုတိယမင်းသား၏ ဘေးတွင် ဖြစ်ပျက်နေသည့်အရာများကို လုံးဝစိတ်မဝင်စားသည့်အလား တည်ကြည်သောအမူအရာဖြင့် ရပ်နေသည်။ သူမသည် သူမ၏ဆရာ့အမိန့်အရ သရဲဘုရင်သစ်သီးကို ယူရန် လာခဲ့ခြင်း ဖြစ်သည်။ သူမထက် အရင်ယူမည့်လူတိုင်းကို သူမ၏ရန်သူဟု သတ်မှတ်မည်သာဖြစ်သည်။
အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာ အချိန်မှာ တစ်ခဏအတွင်း ကုန်သွားသည်။ ထိုအတောအတွင်း ပိုင်ရှောင်ချန်း၏ အတွေးမှာ ပို၍ပင် ဂယောင်ခြောက်ခြားဖြစ်လာပြီး ဤနေရာတွင် သူ့ကိုသတ်ချင်နေသည့် လူများရှိနေသည်ဆိုသောအချက်ကို ပို၍ယုံကြည်လာတော့သည်။
" လူတိုင်းတော့မဟုတ်ပါဘူး။ အချို့အဝက်လောက်ပါပဲ၊ ပြီးတော့ ငါသတ်ခံရရင် သရဲကြီးဘုရင်လည်း သေမှာဆိုတော့ သူကငါ့ကို သေမင်းခံတွင်းဝကိုတော့ မပို့လောက်ပါဘူး "
သူက ထိုကိစ္စကိုမျက်မှောင်ကြုတ်ကာတွေးတောနေစဥ် သတ်မှတ်ထားသော အချိန်ပမာဏမှာ ကုန်သွားပြီး တဂျုန်းဂျုန်း မြည်ဟည်းသံများပေါ်ထွက်လာတော့သည်။ ထိုအချိန်တွင် ဝိညာဥ်ရေနွေးအိုးထဲမှ အနက်ရောင်မြူခိုးများထွက်နေခြင်းမှာ ရပ်တန့်သွားပြီး ဝိညာဥ်ရေနွေးအိုးပတ်ပတ်လည်တွင် ရှိနေသည့် မြူခိုးများအတွင်းတွင် လှိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာတော့သည်။
ဝိညာဥ်ရေနွေးအိုးဖွင့်ခြင်းကို သဘာပတိအဖြစ်ဆောင်ရွက်နေသည့် သက်လတ်ပိုင်း လူကြီးက အော်ပြောလိုက်တော့သည်။
" မင်းတို့က ဘာရပ်ကြည့်နေကြတာတုံး "
ထိုအခါ ကုန်းစွန်းရီနှင့် ကျိုးဟုန်တို့မှာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး သူတို့နောက်တွင် အခြားလူများပါ လိုက်ပါသွားကြတော့သည်။ ပိုင်ရှောင်ချန်းမှာလည်း သက်ပြင်းချကာ လှုပ်ရှားလိုက်တော့သည်။
" သူတို့ကို အငိုက်ဖမ်းပြီး ပူးပေါင်းလို့မရအောင် လုပ်မှရမယ်။ အဲဒါ ဘေးအကင်းဆုံးနည်းပဲ "
သူက အံကြိတ်ကာ ဝိညာဥ်ရေနွေးအိုးထဲသို့ လမ်းပေါက်သည့် လှိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားတော့သည်။
ထို လှိုဏ်ခေါင်းမှာ ရှည်လျားသည်ဟု ထင်ရသော်လည်း ၎င်းထဲသို့ဝင်ရောက်သွားသောအခါတွင် ပိုင်ရှောင်ချန်းအပါအဝင် လက်ရွေးစင်အားလုံးမှာ ပျောက်ကွယ်သွားတော့သည်။ ခဏအကြာတွင် သူတို့အားလုံးမှာ ဝိညာဥ်ရေနွေးအိုးထဲရှိ ကမ္ဘာကြီးထဲတွင် ပေါ်ပေါက်လာကြတော့သည်။
အထက်တွင် မည်းမှောင်ကာ တိမ်ဖုံးနေသည့် ကောင်းကင်ကြီးတစ်ခုကိုမြင်နိုင်သည်။ မြေပြင်မှာ ခရမ်းရောင်သန်းနေပြီး နေရာတိုင်းတွင် အနက်ရောင်မြူခိုးများက ပျံ့လွင့်နေကြကာ ထိုမြူခိုးများအတွင်းတွင် မရေမတွက်နိုင်သော မိစ္ဆာဝိညာဥ်များကို မြင်နိုင်သည်။ ထိုဝိညာဥ်များ၏ မျက်ဝန်းများထဲရှိ ရက်စက်ကြမ်းကြုတ်သော အကြည့်များအရ သူတို့မှာ လူများကို ခုန်အုပ်ရန် စောင့်နေကြသည်ဖြစ်ကြောင်း သိနိုင်သည်။
အသက်ရှူကြပ်စေသည့် ဖိအားကြီးတစ်ခုမှာ နေရာတိုင်းတွင် သက်ရောက်နေသဖြင့် လက်ရွေးစင်များစွာ၏ စိတ်နှလုံးများထဲတွင် အန္တရာယ်ကြီးတစ်ခုကို ခံစားနေရတော့သည်။
သူတို့၏ ပတ်ပတ်လည်တွင် မြင့်တက်နေသည့် တောင်စဥ်တန်းများကို ခပ်ရေးရေးသာမြင်ရပြီး အဝေးတစ်နေရာတွင်မူ ဧရာမချိုင့်ဝှမ်းကြီးတစ်ခုကို တွေ့နိုင်သည်။
ထိုချိုင့်ဝှမ်းကြီးကို မြူခိုးများက လွှမ်းခြုံထားပြီး ထိုမြူခိုးများမှာ အပြင်ဘက်ရှိ သရဲဘုရင်သစ်ခွပန်းအလား တစ်ပုံစံတည်း ဖြစ်ပေါ်လာသည်။
ထိုပန်းပွင့်မှာ ပွင့်နေဆဲဖြစ်ပြီး အပြီးတိုင်ပွင့်ရန် အချိန်အနည်းငယ်လိုသေးကြောင်း သိသာထင်ရှားလှသည်။