← Chapters

မိုးခေါ်ခြင်းအပိုင်း(၄)

Vol. 20 Ch. 286

မိုးခေါ်ခြင်းအပိုင်း(၄)

Vol. 20 Ch. 286

ရှောက်ရွှမ်သည် သားကောင်ကို သူတို့၃ဦး၏ညစာအဖြစ် ယူဆောင်လာခဲ့လေသည်။ ရှောက်ရွှမ်အပြင်သွားနေတုန်း ငှက်မွှေးမျိုးနွယ်စုမှ ချွီဆဲ့နှင့် ဟုန်ရှီတို့က ရှောက်ရွှမ်ကိုလာရှာကြသည်။ ချွီဆဲ့ကတော့ ရှောက်ရွှမ်ကို အပျင်းပြေလာရှာခြင်းဖြစ်သည်။ ရှောက်ရွှမ်ကို မတွေ့သောအခါ သူသည် လဲ့တို့နှင့် စကားပြောနေလိုက်သည်။ ဟုန်ရှီကတော့ ရှောက်ရွှမ်နှင့်တိုက်ခိုက်ရန် လာခြင်းဖြစ်သည်။ သူကတော့ ရှောက်ရွှမ်ကိုမတွေ့ရသည့်အခါ ပြန်သွားလေသည်။

မိုးမျိုးနွယ်စု၏ အကြောင်းကိစ္စများအကြောင်းကို ချွီဆဲ့ဆီမှ သိခဲ့ကြပြီးနောက် လဲ့နှင့်ထွော်တို့သည် ရှောက်ရွှမ်ကို မေးကြပြန်သည်။ ရှောက်ရွှမ်ကတော့ ဖြစ်ကြောင်းကုန်စဉ်မပြောပြဘဲ အကြမ်းဖျဉ်းလောက်သာ ပြန်ဖြေလိုက်သည်။ လက်ရှိအခြေအနေကို သိလျှင်လည်း သူ

တို့၂ယောက် ယုံနိုင်လိမ့်မည် မဟုတ်ပါ။

နတ်ဆေးဆရာတစ်ယောက်ကို ဘာကြောင့် ထိုသို့ ဆက်ဆံရသနည်း။ မီးတောက်ဦးချိုမျိုးနွယ်စုထဲမှာဆိုလျှင် နတ်ဆေးဆရာသည် အခရာ ဖြစ်သည်။

သို့သော် သူတို့၂ယောက်မှာ မိုးမျိုးနွယ်စုနတ်ဆေးဆရာအတွက် သိပ်ခံစားမနေကြဘဲ သက်ပြင်းချလိုက်ကာ “သနားစရာ သတ္တဝါပဲ” ဟု ပြောလိုက်ကြသည်။

အခြားအဖွဲ့မှ လူများလိုပင် သူတို့သည်လည်း နတ်ဆေးဆရာက မိုးခေါ်နိုင်လိမ့်မည် ဟုမယုံကြည်ကြပါ။ ထို့ကြောင့် သတ်ဖြတ်မည့်အချိန်ရောက်ရန်သာ စောင့်ဆိုင်းနေကြတော့သည်။

ညရောက်လာသောအခါ ယန်ဆွေ့က သူ့လူတစ်ယောက်ကို ရှောက်ရွှမ်ထံစေလွှတ်လိုက်သည်။ မိုးမျိုးနွယ်စု၏ နတ်ဆေးဆရာတစ်ယောက်

အနေဖြင့် သူကိုယ်တိုင် လာ၍ မသင့်တော်ပေ။ သူရှောက်ရွှမ်ကို လိုက်ရှာသည်အား တစ်ယောက်ယောက် သိသွားလျှင် ရှောက်ရွှမ် ဒုက္ခရောက်မည် ဖြစ်သည်။

ယန်ဆွေ့သည် အခုတစ်ခေါက်တွင်တော့ သစ်သားအိမ်လေးထဲတွင် တစ်ကိုယ်တည်း ဖြစ်နေသည်။ သူသည် မီးပုံတစ်ခုပြုလုပ်လိုက်ပြီး ရှောက်ရွှမ်လာမည်ကို မြေပြင်ပေါ်တွင် ထိုင်စောင့်နေလေသည်။ ယန်ဆွေ့ဘေးတွင်တော့ သားရေအိတ်တစ်လုံး ရှိပါသည်။

မနက်ဖြန်ဆိုလျှင် မိုးခေါ်ရမည့်နေ့သို့ ရောက်ပြီဖြစ်သည်။ သို့သော် ယန်ဆွေ့မှာ နေ့အချိန်တုနးကထက် ပိုမိုတိတ်ဆိတ်သွားသလို စိတ်အေးလက်အေးလည်း ရှိနေပါသည်။

“အခြေအနေ…” ရှောက်ရွှမ်က အိမ်ထဲဝင်လာရင်း လှမ်းမေးလိုက်သည်။

“ရှောက်ရွှမ် ငါမင်းအကူအညီကို လိုအပ်တယ်”

ယန်ဆွေ့က အကူအညီတောင်းနေသည်။ “ဆက်ပြောပါ” ရှောက်ရွှမ်က သင့်တော်ရာတစ်နေရာ ရှာထိုင်ရင်း ယန်ဆွေ့ဘာပြောမည်လဲ နားစွင့်နေလိုက်သည်။

ယန်ဆွေ့သည် သူ့ဘေးတွင်ချထားသော အိတ်ကို ရှောက်ရွှမ်ကိုပေးလိုက်ကာ “မနက်ဖြန် ငါမိုးခေါ်တာ မအောင်မြင်ဘူးဆိုရင်၊ ငါ့မိဘတွေကို ရွာကနေနှင်ထုတ်လိမ့်မယ်…မင်းကူညီပါဦးကွာ”။

ယန်ဆွေ့သည် သူပြောလိုက်သည်မှာ လောသွားသည်ကို သိလိုက်သဖြင့် ပြောနေရင်း ခဏရပ်လိုက်သည်။ အမှန်တကယ်တော့ ယန်ဆွေ့နှင့် ရှောက်ရွှမ်တို့သည် အရမ်းရင်းနှီးကြသူများမဟုတ်ကြပါ။ ရှောက်ရွှမ်သည် ယန်ဆွေ့ကို ကူညီလိုက်ပါက မိုးမျိုးနွယ်စုကို ဆန့်ကျင်လိုက်သလို ဖြစ်သွားလိမ့်မည်။

ရှောက်ရွှမ် ပြန်ဖြေသည်ကို မစောင့်တော့ဘဲ ယန်ဆွေ့သည် အလျင်စလိုဖြင့် “ ငါ့မိဘတွေကို မိုးမျိုးနွယ်စုပိုင်နက်ကနေ ထွက်သွားလို့ရအောင်

ကူညီရုံပါပဲ…ဟဲ့ချောင်အနိုင်ယူချင်နေတာ ငါ့ကိုပါ…ကျန်တဲ့လူတွေကိုတော့ ရွာကထွက်သွားရင် ချမ်းသာပေးလောက်မယ် ထင်ပါတယ်”။

ဆံပင်များကို လက်ဖြင့်ဆွဲလိုက်ရင်း ယန်ဆွေ့က ပြောလိုက်သည် “ ငါ့မိဘတွေ နှင်ထုတ်ခံရမယ်ဆို သူတို့ကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ပိုင်နက်နားက သားရဲတို့ ပျော်စံရာမြေကို သွားစေချင်တယ်…အဲဒီမှာ မင်းတို့မျိုးနွယ်စုနဲ့ပူးပေါင်းထားတဲ့ လေလွင့်သူတွေ ရှိတယ်ဆို” ။

ယန်ဆွေ့သည် ငွေများအပြည့်ပါသော အိတ်တစ်လုံးကု ရှောက်ရွှမ်ကို ပေးလိုက်ပြီးနောက် သူ့အစီအစဉ်များကို ဆက်ပြောနေသည်။ သူ့အပြောအရတော့ ရွာမှ ထွက်ခွာသွားရမည့်သူ အတော်များသည်။

ရှောက်ရွှမ်က ငွေများထည့်ထားသော အိတ်ကိုမကြည့်ဘဲ “တခြားနည်းလမ်းမရှိတော့ဘူးလား” ဟုမေးလိုက်သည်။

ယန်ဆွေ့တစ်ယောက် ကူကယ်ရာမဲ့နေပါသည်။ စိတ်ပျက်လက်ပျက်ဖြင့် “တခြားနည်းလမ်းမရှိတော့ဘူး” ဟုပြောလိုက်သည်။

“မင်းမိုးခေါ်တာ အောင်မြင်ချင်လည်း အောင်မြင်မှာပါ” ရှောက်ရွှမ်ကထက် ပြောလိုက်သည်။

“မျှော်လင့်ရတာပဲ” ယန်ဆွေ့က ဖြစ်ညှစ်ပြုံးလိုက်ရသည်။ သူကတော့ သူ့ကိုယ်သူ မယုံကြည်ပါ။ သာမန်ကာလျှံကာ ပြောလိုက်ခြင်းသာ ဖြစ်သည်။ သူသာ မိုးကို အမှန်တကယ်ခေါ်နိုင်သည်ဆိုပါက သူသည် အကြီးအကဲအသစ်နှင့် ဟဲ့ချောင်တို့ကို ဂရုစိုက်နေမည် မဟုတ်ပါ။ သူသည်လည်း ရာထူးမှ ဖြုတ်ခံရမည်မဟုတ်ပါ၊ သူသည် မျိုးနွယ်စုအတွင်း ယခုထက်ပိုအရေးပါသောနေရာတစ်နေရာသို့ ရောက်နေမည် ဖြစ်သည်။

အခုတော့ မဖြစ်နိုင်တော့။

“စိတ်မပူပါနဲ့…ငါတက်နိုင်တဲ့ကိစ္စဆိုရင် ငါကူညီမှာပါ၊ ချာချာလည်း လာတော့မှာလေ၊ သဲတွေအရမ်း

ထူထပ်နေတော့ အခုတော့ ငါတို့နဲ့အတူမပါလာသေးဘူး…”ရှောက်ရွှမ်သည် ခရုခွံငွေကြေးများထည့်ထားသော အိတ်ကို ပြန်မပေးပါ။ ထို့ကြောင့် ယန်ဆွေ့၏မိဘများကို ရှောက်ရွှမ်က ပြန်ကူညီမည်လား၊ မကူညီဘူးလားကို ယန်ဆွေံသေချာမသိပါ။ ယန်ဆွေ့၏ မိဘများနှင့် ဆွေမျိုးသားချင်းများ ရွာမှနှင့်အထုတ်ခံရပါက ရှောက်ရွှမ်သည် ထိုခရုခွံငွေကြေးများကို သူတို့ကို ပေးလိုက်ပြီး မီးတောက်ဦးချိုမျိုးနွယ်စုထံသို့သွားသော မြေပုံတစ်ချပ်ကို ဆွဲပေးလိုက်မည် ဖြစ်သည်။

ရှောက်ရွှမ်၏ စကားကို ကြားသောအခါ ယန်ဆွေ့စိတ်သက်သာရာရသွားသည်။ ထို့နောက် “ကျေးဇူးတင်ပါတယ်ကွာ” ဟုပြောလိုက်သည်။

ရှောက်ရွှမ်က သူ့လက်ဝှေ့ယမ်းပြရင်း “မိုးခေါ်တာ နည်းလမ်းတစ်ခုနဲ့ မအောင်မြင်ဘူးဆိုရင် အရင်နည်းလမ်းအဟောင်းတွေကို သုံးကြည့်လို့မရဘူးလား၊ကျောက်တုံးကို ကြာပွတ်နဲ့ရိုက်ပြီး မိုးခေါ်တဲ့နည်းမျိုးကို သုံးကြည့်ရင်ရော …”။

ယန်ဆွေ့ပြုံးလိုက်ပြီး သူ့ဟာသူလှောင်ပြောင်ချင်သောလေသံဖြင့် “ဘိုးဘေးတွေ သတ်မှတ်သွားတဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ လွယ်လွယ်မပြောင်းဘူး…မိုးကိုခေါ်ဖို့က အဓိက မဟုတ်ဘူး…မင်းမှာ ဩဇာအာဏာရှိနေရင် မင်းဘာလုပ်လုပ်မှန်တယ်…တစ်ခုခုအမှားဖြစ်သွားရင်တော့ မင်းဘယ်လောက်ကောင်းအောင် ကြိုးစားထားသည်ဖြစ်စေ၊ အောင်မြင်မှာ မဟုတ်တော့ဘူး”

ရှောက်ရွှမ်သည် တုန်လှုပ်သွားပြီး “ ဒါဆိုမင်းပြောချင်တာက အဓိကကျတာက နတ်ဆေးဆရာပေါ့…နတ်ဆေးဆရာက ဒီနည်းလမ်းတွေထက် အရေးပါတာပေါ့ ဟုတ်လား”

“အဲဒီလိုတွေးလို့လည်း ရပါတယ်…ဒါပေမဲ့ အရေးကြီးတာက အတွင်းမီးလျှံပဲ…နတ်ဆေးဆရာမဟုတ်ဘူး” ယန်ဆွေ့က ခဏလောက်တုန့်ဆိုင်းသွားသည်၊ ထို့နောက် အကြောင်းပြချက်ကို ဆက်ပြောသည် “မိုးမျိုးနွယ်စုရဲ့ အတွင်းမီးလျှံမှာ ပြဿနာတစ်ခုခုရှိနေတယ်”

“မိုးမျိုးနွယ်စုရဲ့ အတွင်းမီးလျှံမှာ ပြဿနာတစ်ခုခုရှိနေတယ် ဟုတ်လား” ရှောက်ရွှမ် စိတ်ရှုပ်သွားသည်။

“နတ်ဆေးဆရာက မိုးခေါ်ဖို့အတွက် ပူဇော်ပသတာတွေလုပ်ရတယ် ဒါပေမဲ့ အောင်မြင်တာ မအောင်မြင်တာက အတွင်းမီးလျှံနဲ့ဆိုင်တယ်…မိုးမျိုးနွယ်စုရဲ့အတွင်းမီးလျှံမှာ ပြဿနာတစ်ခုခုရှိနေတယ်…အဲဒီတော့ ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး မိုးကတော့ ရွာမှာ မဟုတ်ဘူး…အဲဒီအကြောင်းကို နတ်ဆေးဆရာတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာ မှတ်တမ်းတွေထဲက ဖတ်ဖူးထားတာ…အဲဒီမှတ်တမ်းထဲမှာရေးထားတာကတော့ အတွင်းမီးလျှံက အိပ်ပျော်နေရင် နတ်ဆေးဆရာက မိုးခေါ်နေတဲ့အချိန်အတွင်း မီးလျှံကို ထွန်းညှိနိုင်မှာ မဟုတ်ဘူး…အတွင်းမီးလျှံက မျိုးနွယ်စုရဲ့နှစ်ပတ်လည် အခမ်းအနား လုပ်တဲ့အချိန်ကျမှ နိုးထတယ်လို့ပြောတယ်…တခြားအချိန်တွေမှာ အဲဒီအတွင်းမီးလျှံက မနိုးထဘူးတဲ့…နှစ်ပတ်လည်အခမ်းအနားမှာ မိုးခေါ်တယ်ဆိုရင်တော့ အောင်မြင်နိုင်တယ်…ဒါပေမဲ့

နှစ်ပတ်လည်အခမ်းအနားကို အခုလို ခြောက်သွေ့တဲ့အချိန်မှာ လုပ်လေ့မရှိဘူး…နှစ်ပတ်လည်အခမ်းအနားကျင်းပတဲ့အချိန်က အရမ်းအေးတဲ့အချိန်ဆိုတော့ မိုးမျိုးနွယ်စုက လူတွေက မိုးခေါ်တာမျိုးမလုပ်ချင်ကြဘူး…နောက်ပြီးတော့ နှစ်ပတ်လည်အခမ်းအနားကျင်းပတဲ့အချိန်ကလွဲ၍ အတွင်းမီးလျှံက အိပ်ပျော်နေလေ့ရှိပြီး ၎င်းကိုမည်သူမျှ မနှိုးနိုင်ပါ၊ ထို့ကြောင့်မိုးလည်းမခေါ်နိုင်ပါ။

ထိုလျှို့ဝှက်အကြောင်းအရာကိရေးထားသော သားရေချပ်ကို ယန်ဆွေ့တွေ့ခဲ့ရသည်မှာ တိုက်ဆိုင်မှုတစ်ခုပင်ဖြစ်သည်။ ထိုသားရေချပ်မှာ မြေကြီးထဲတွင် မြုပ်ထားခြင်းဖြစ်ပြီး ထိုလျှို့ဝှက်အကြောင်းအရာကို နတ်ဆေးဆရာများသာ နားလည်နိုင်သော ဝှက်စာများဖြင့် ရေးထားခဲ့သည်။

“မင်းတောင်မှ အဲဒီမီးလျှံကို နှိုးထနိုင်စွမ်းမရှိဘူးလား” ရှောက်ရွှမ်ကမေးလိုက်သည်။

“ငါသာအဲဒီမီးတောက်ကို နှိုးနိုင်ရင် မိုးခေါ်တာ အောင်မြင်တာကြာလှပြီပေါ့…အခုအချိန်ထိ ဒီလိုတောင် စောင့်နေစရာမလိုဘူး... နောက်ပြီးတော့ အခုလိုအခြေအနေဖြစ်နေတာ ကြာလှပြီလေ…နတ်ဆေးဆရာအလောင်းလျာတွေက နယ်မြေအနှံ့ခရီးထွက်ရတယ်…ခရီးထွက်ရတယ်ဆိုတာလည်း ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ နည်းလမ်းရှာတာ မဟုတ်ဘူး…နတ်ဆေးဆရာတစ်ယောက်လို စွမ်းအင် ရှိမယ့်လူတစ်ယောက်ကို လိုက်ရှာတာ ဆိုပါတော့…နတ်ဆေးဆရာတစ်ယောက်ပဲ အတွင်းမီးလျှံကို တောက်လောင်စေနိုင်တယ်လေ”။

စကားပြောနေရင်းနှင့် ယန်ဆွေ့သည် ရှောက်ရွှမ်ပုခုံးကို ပုတ်လိုက်ပြီး “ငါပြောတဲ့အကြောင်းတွေ တခြားဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်…မဟုတ်ရင် မိုးမျိုးနွယ်စုဝင်တွေအကုန်လုံး အကြောက်လွန် ကုန်လိမ့်မယ်”

မိုးမျိုးနွယ်စုဝင်များ အုတ်အော်သောင်းတင်းဖြစ်ပါက လက်ရှိအကြီးအကဲက ထိန်းချုပ်နိုင်

ကောင်း ထိန်းချုပ်နိုင်မည် ဖြစ်သော်လည်း ၊ မျိုးနွယ်စုအတွင်း ဖြစ်ပေါ်လာသော အကြောက်တရားကိုတော့ ထိန်းချုပ်၍ရမည်မဟုတ်ပါ။ ရေရှည်ဆိုလျှင် မိုးမျိုးနွယ်စု၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နိုင်သည်။ မျိုးနွယ်စုပျက်သုဉ်းသွားသည်အထိ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ထိုလျှို့ဝှက်ချက်များကို သိထားသူများသည် သေသည်အထိ မည်သူ့ကိုမျှ မပြောပြရန် ဆုံးဖြတ်ထားကြသည်။

“စိတ်မပူပါနဲ့…ငါတခြားလူတွေကို လျှောက်မပြောပါဘူး”ရှောက်ရွှမ် ကတိပေးလိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုနယ်မြေက မိုးမျိုးနွယ်စုတို့ဒေသနှင့် အလှမ်းကွာသည့်အပြင် သူတို့မျိုးနွယ်စုကိစ္စက မီးတောက်ဦးချိုမျိုးနွယ်စုအပေါ် သက်ရောက်မှု သိပ်မရှိပေ။ ထို့ပြင် ရှောက်ရွှမ်သည် အခြားလူများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်တတ်သော သစ္စာမရှိသည့် လူစားမျိုးမဟုတ်။

ခဏလောက်စကားပြောပြီးသောအခါ ယန်ဆွေ့

သည် မနက်ဖြန်ရင်ဆိုင်ရမည့် သေဘေးအတွက် ရင်ဆိုင်ဖို့ အိမ်ပြန်ရန် မတ်တပ်ထလိုက်သည်။။ သူ့အတွက်တော့ မိုးခေါ်ခြင်းအခမ်းအနားသည် သူ့ဈာပနာအခမ်းအနားပင်ဖြစ်လေသည်။

ရှောက်ရွှမ်သည် ခရုခွံငွေကြေးများထည့်ထားသော အိတ်ကို ယူလာပြီး အိမ်သို့ ပြန်လာလိုက်သည်။

နောက်တစ်နေ့တွင် လေထုထဲတွင် ပါလာသော ဖုန်မှုန့်များနှင့် သဲများမှာ ပိုထူထပ်လာသည်။ သဲမုန်တိုင်းတစ်ခုလို တိုက်ခတ်နေသောလေများကြောင့် မြင်ကွင်းမှာလည်း မရှင်းလင်းပေ။

ခရီးသွားအဖွဲ့မှ လူများသည်လည်း အစားအစာအတွက် အလဲအလှယ်လုပ်ရန်မှတပါး အခြားအရာများအတွက် အိမ်ထဲကအိမ်ပြင်မထွက်ကြပါ။ ရာသီဥတုမှာ အလွန်ဆိုးရွားနေသည်။

ထို‌နေ့သည် မိုးမျိုးနွယ်စုဝင်များ မိုးခေါ်သည့် အခမ်းအနားပြုလုပ်မည့်နေ့ဖြစ်သည်။

ထို့ကြောင့် သူတို့သည် မိုးမျိုးနွယ်စုဝင်များနေထိုင်ရာနားသို့ မသွားကြပါ။ ထိုကဲ့သို့ အချိန်မျိုးတွင် မိုးမျိုးနွယ်စုဝင်များနေထိုင်သော နေရာနားတွင် အစောင့်အကြပ်များ ထူထပ်စွာ ချထားမည် ဖြစ်သည်။

“အပြင်မှာဘာတွေဖြစ်နေလဲ မမြင်ရဘူး…ရာသီဥတုက ဆိုးရွားလိုက်တာ” ချွီဆဲ့က ပြတင်းပေါက်ကို မှီလိုက်ကာ အပြင်တွင် တိုက်ခတ်နေသော သဲမုန်တိုင်းကို ကြည့်နေလေသည်။

“ပြတင်းပေါက်ပိတ်ထားလိုက်…သဲတွေဝင်တယ်” အခန်းထဲက လူများက ဝိုင်းဆူပူနေ ကြသည်။ ချွီဆဲ့လည်း သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်သည် “မိုးမျိုးနွယ်စုက လူတွေ မိုးခေါ်နိုင်တယ်ဆိုတာ မင်းတို့ယုံလား…ဒီကောင်စုတ်လေးတွေ ချဲ့ကားပြီး အပိုတွေ ပြောနေတာပါကွာ…”။

မန်မျိုးနွယ်စုဝင်များသာမဟုတ် ကျန်သူများ

လည်း ထိုကဲ့သို့ တွေးမိကြသည်။ သူတို့သည် မိုးရွာမရွာကို စောင့်နေကြမည်မဟုတ်၊ သူတို့နားနေရာအိမ်ခန်းများတွင်သာ အနားယူနေကြမည် ဖြစ်သည်။ ရာသီဥတုကောင်းမွန်သွားသောအခါ သူတို့က ခရီးဆက်လက်သွားမည် ဖြစ်သည်။ ရှေ့ဆက်ရမည့် ခရီးလမ်းသည် ကြမ်းတမ်းပါသည်။ အနားယူရန် နေရာတစ်နေရာပင် လွယ်လွယ်နှင့် ရှာ၍ရမည် မဟုတ်ပါ။

မိုးမျိုးနွယ်စုထဲတွင်…။

မီးဖိုကြီးအပေါ်ပိုင်း စင်္ကြံလမ်းတလျှောက်တွင် မိုးခေါ်ခြင်းအတွက် လိုအပ်သောပစ္စည်းများကို စီတန်း၍ တင်ထားသည်။

မီးရုတ်တရက်ထလောင်မည်ကို သူတို့ စိုးရိမ်နေစရာမလိုပါ။ သူတို့သည် နှစ်စဉ်ပြုလုပ်နေသော ရိုးရာအခမ်းအနားကို မြင်ဖူးနေကျဖြစ်သည်။

မီးဖိုကြီးနားတွင် လူများပြည့်နှက်လျက်ရှိသည်။ အားလုံးသည် တီးတိုးပြောဆိုနေကြ

သည်။ တချို့က မိုးရွာစေချင်ကြသည်။ နတ်ဆေးဆရာက ဘယ်သူဖြစ်ဖြစ်၊ လယ်ထဲမှ သီးပင်များအတွက် မိုးရေကို လိုအပ်နေပြီ မဟုတ်ပါလား။ တချို့လူများက ယန်ဆွေ့ကိုလှောင်ပြောင်ချင်နေကြသည်။

ဟဲ့ချောင်ဦးဆောင်သော လူများဖြစ်သော အကြီးအကဲအသစ်၏ ပါတီဝင်အသစ်များသည် ယန်ဆွေ့ကို ပျော်ရွှင်ခြင်း၊မျှော်လင့်ခြင်းတို့နှင့်စောင့်ကြည့်နေကြသည်။ ယန်ဆွေ့တစ်ယောက်မိုးခေါ်ရာတွင် မအောင်မမြင်ဖြစ်မည်ကို စောင့်မျှော်နေကြသည်။ ထို့နောက် ယန်ဆွေ့ကို မျိုးနွယ်စု၏ မီးဖိုကြီးနားသို့ ဝိုင်းတွန်းနေကြသည်။

“ဟိုမှာ ကြည့်ပါဦး”

“အဓိပ္ပါယ်မရှိလိုက်တာ…တော်တော်အတင့်ရဲတဲ့ ယန်ဆွေ့ပဲ…”

“သူတို့က မိုးတကယ်ခေါ်မလို့လား…မိုးနတ်ဘုရား

ကတော့ စိတ်ဆိုးတော့မှာပဲ”

ဟဲ့ချောင်သည် လူအများ၏ မျက်လုံးများကို လိုက်ကြည့်လိုက်သည်။ ထိုအခါ စိမ်းဝါရောင် အင်္ကျီကို ဝတ်ဆင်ထားသော ယန်ဆွေ့ကို တွေ့မြင်လိုက်သည်။ သူ့နောက်တွင် နတ်ဆေးဆရာမ ၈ယောက်ပါလေသည်။ ထိုနတ်ဆေးဆရာမများကို မြင်လိုက်ရသောအခါ ဟဲ့ချောင်အံ့ဩသွားသည်။

တချို့နတ်ဆေးဆရာမများကို ယန်ဆွေ့ဆီမှ ထွက်ခွာရန် သူတို့ ဖိအားပေးဆောင်ရွက်ခဲ့ကြသည်။ ယန်ဆွေ့အနေဖြင့် မိုးခေါ်ခြင်းအခမ်းအနားအတွက် နတ်ဆေးဆရာမ၈ယောက်ကို ရှာမတွေ့စေရန် ဖြစ်သည်။ သို့သော် ယန်ဆွေ့သည် ထိုသို့လုပ်လိမ့်မည်ဟု ဟဲ့ချောင်မမျှော်လင့်ထားပါ။

ကောင်ကြောင်းများနှင့်တောင့်တင်းသော ခန္ဓာကိုယ်များ ဘယ်ရောက်နေသလဲ။ ငယ်ရွယ်သော အလှတရားများဘယ်ရောက်နေ

လဲ။ ဘာကြောင့် အမျိုးသမီးအိုကြီးများ ဖြစ်နေရသနည်း။ ဟိုဟာကြီးက ဘာကြီးလဲ။ ဘောလုံးကြီးလား။

မီရွှိ၏အမေသည် ဆေးစားမှာကာ သူ့အရိုးများသည် ပုံပျက်နေပြီး သူ့ခန္ဓာကိုယ်မှာ ဘောလုံးတစ်လုံးနှင့် တူနေပါသည်။ သူမသည် အစာရေစာမစားဘဲနေမည်ဆိုလျှင်တောင် ခန္ဓာကိုယ်မှာ ဘောလုံးနှင့်တူနေမည် ဖြစ်ပါသည်။ အခမ်းအနားအတွက် အဝတ်အစားကို ညတွင်းချင်းပြင်ဆင်ထားရသဖြင့် သူမနှင့် အနည်းငယ်ပွနေပြီး သူမဝတ်ဆင်လိုက်သည့်အခါ ရှိရင်းစွဲထက် ပိုဝနေသယောင် ထင်ရပါသည်။

ယန်ဆွေ့အမေကတော့ မဝသော်လည်း အပျိုလေးများနှင့်တော့ မတူပါ။ သူတို့အရွယ်ကြီးများတွင် အလှတရားဟူ၍ မရှိတော့ပါ။ ယန်ဆွေ့အဖွားဆိုလျှင်တော့ ပြောစရာပင် လိုတော့မည် မဟုတ်ပါ။

ကိုးယောက်အဖွဲ့တို့သည် မီးဖိုနားက အခန်းတစ်

ခန်းထဲမှ ထွက်လာပြီး ယဇ်ပုလ္လင်ဆီသို့ တန်းတန်းမတ်မတ်သွားပါသည်။ သူတို့ဖြတ်သွားသောနားမှ လူများသည် သူတို့ကို အလျင်အမြန်ပင် ရှောင်ဖယ်ပေးကြပါသည်။ အချို့ကတော့ အံ့ဩသင့်နေသဖြင့် မလှုပ်ရှားမိပါ။တချို့ကလည်း ထိုလူများနှင့် ပတ်သက်မိတာ မှားပြီးဟုတွေးနေရင်း နောက်သို့ ဆုတ်သွားကြလေသည်။

ကိုယ့်ကိုယ်ကိုယ် အားလုံးထက် မြင့်မြတ်သည် ဟုထင်နေသော မျိုးနွယ်စုထဲမှ ဝါစဉ်ကြီးပုဂ္ဂိုလ်များကတော့ ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးများပြူးသွားကြသည်။

“အဓိပ္ပါယ်မရှိလိုက်တာ…ဒါအရူးထတာပဲ”

မျိုးနွယ်စုဝင်များကို အရူးလုပ်နေတာလား သို့မဟုတ် ဘိုးဘေးများကို စော်ကားနေတာလား။ သူတို့အပြုအမူမှာ နတ်ဘုရားများကို စော်ကားမော်ကား ပြုလုပ်သလို ဖြစ်နေသည်။

“သေလိုက်ပါတော့”

“နတ်ဘုရားများက ယန်ဆွေ့၏ စည်းမျဉ်းမလိုက်နာခြင်းကို ဒေါသထွက်ပြီးမိုးလုံးဝမရွာပေးတော့လျှင် ဘယ်လိုလုပ်မလဲ”

အချို့ ဝါစဉ်ကြီးပုဂ္ဂိုလ်များမှ, အသက်အလွန်ကြီးနေပြီဖြစ်သဖြင့် ယခုလိုအခြေအနေကို လက်မခံနိုင်ဖြစ်နေကြသည်။ မျိုးနွယ်စုဝင်များအကြား ဆူပူမှုများပင် ဖြစ်လာလေတော့သည်။

ကောင်းကင်တွင် ဝဲပျံနေသော သဲများကြောင့် လူများသည် ယဇ်ပုလ္လင်နားကို သိပ်မကပ်ကြသဖြင့် ထိုနားတွင် ဘာဖြစ်နေလဲ မသိကြရပါ။ သို့သော် အများပြောနေသော သတင်းစကားများကို ကြားလိုက်ရသဖြင့် သူတို့လည်း အံ့ဩသွားကြပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ထို့နောက် ယန်ဆွေ့တို့ မိသားစုကို ကြိမ်းမောင်းပြစ်တင်နေသော အဖွဲ့နှင့် ပူးပေါင်းလိုက်ကြသည်။

“သူတို့ကို မီးရှို့သတ်ပစ်ရမယ်”

“နတ်ဘုရားတွေရဲ့ အမျက်ဒေါသကနေ လွတ်အောင် သူတို့ကို မီးရှို့ပစ်ရမယ်…”

All Chapters