ကန္တာရကျွန်များ
Vol. 20 Ch. 291
ထိုပန်ကိတ်များသည် သူတို့ခါတိုင်းစားနေကျပန်ကိတ်များနှင့်မတူပေ။ မာကြောလွန်းသဖြင့် ထိုပိုင်မုန့်နှင့် လူသတ်၍ပင်ရလောက်သည်။
ရှောက်ရွှမ်သည် ပန်ကိတ်ကို ဖဲ့ယူရန်အတွက် အတော်အားသုံးလိုက်ရပါသည်။ မျိုးနွယ်စုစစ်သည်တော်တစ်ယောက်၏ ခွန်အားမရှိသူများအတွက်တော့ ထိုပန်ကိတ်ကို ဖဲ့ရန်ပင်လွယ်ကူမည် မဟုတ်။
ပန်ကိတ်အစအသေးလေးကို စားကြည့်လိုက်ပြီး ရှောက်ရွှမ်တစ်ခု တွေးမိသွားသည်။ ထိုပန်ကိတ်ပေါ်တွင် ‘သွားမကောင်းသူများ မစားသင့်” ဟူသော တံဆိပ်ပေးစာသားရေးထားသင့်သည်။
“မာတော့မာတယ်…ဒါပေမဲ့ ဆာလောင်တဲ့ပြဿနာကိုတော့ ဖြေရှင်းနိုင်ပါတယ်လေ” ရှောက်ရွှမ်က
ပြောလိုက်သည်။
“ငါတို့ပေးလိုက်တဲ့ပစ္စည်းတွေက ခရီးသွားတွေအတွက် မရှိမဖြစ်ပဲ…ငါတို့ပေးလိုက်တဲ့ ပန်ကိတ်တွေက သူများတွေဆီက လဲယူထားတာမဟုတ်ဘူး…ငါတို့ကိုယ်တိုင်လုပ်ထားတာ…ငါတို့က ကုန်ပစ္စည်းခြင်းလဲလှယ်လေ့သိပ်မရှိဘူး…သေမင်းနယ်မြေထဲမှာ အစားအစာဆိုလို ဘာမှ သိပ်မရှိဘူး…ဒါတွေယူသွားရင်တော့ မင်းတို့ရှင်သန်နိုင်ဖို့ အခွင့်အရေးရှိနိုင်တယ်” ထိုသို့ပြောလိုက်ပြီး ယန်ဆွေ့သည် သစ်ရွက်များဖြင့်ပတ်ထားသော ကျောက်တုံးအနက်တစ်လုံးကို ရှောက်ရွှမ်ကိုပေးလိုက်သည်။ “ဒီကျောက်တုံးကလည်း မင်းအတွက် အသုံးဝင်မှာပါ”။
“ဒါဘာကျောက်တုံးလဲ” အေးမြမှုကို ခံစားလိုက်ရသဖြင့် ရှောက်ရွှမ်သည် “မိုးကျောက်တုံးလား” ဟုမေးလိုက်သည်။
“ဟုတ်တယ်…အဲဒါမိုးကျောက်တုံးပဲ…ဒါပေမဲ့
သာမန်မိုးကျောက်တုံးတော့ မဟုတ်ဘူး…မိုးကျောက်တုံးအလုံးရေတစ်ထောင်လောက်မှာမှ အဲဒီလိုကျောက်တုံးမျိုး တစ်တုံးလောက်ပဲပါတယ်…ငါတို့ကတော့ အဲဒီကျောက်တုံးကို လိုတရမိုးကျောက်တုံးလို့ခေါ်ကြတယ်…နတ်ဘုရားတွေက ပေးတဲ့လက်ဆောင်ဆိုပါတော့ကွာ…ဒီကျောက်တုံးနဲ့ဆိုရင် ငါတို့မျိုးနွယ်စုကလူတွေ သဲကန္တရကို ဖြတ်ကျော်နိုင်တယ်” ယန်ဆွေ့ကပြောလိုက်သည်။
ရှောက်ရွှမ်သည် ကျောက်တုံးအနက်ကလေး၏ မျက်နှာပြင်ကို ကိုင်ကြည့်လိုက်သည်။ ခဏချင်းအတွင်း သစ်ရွက်ဖြင့်ပတ်ထားသော မျက်နှာပြင်သည် မြူငွေ့များ သီခိုသွားသည်။ သို့သော် တခြားနေရာမှ မြူငွေ့များကတော့ အငွေ့ပျံကုန်ပြီ ဖြစ်သည်။ ထိုနည်းလမ်းမှာ ရေရှားပါးသောနေရာများတွင် ရေထုတ်လုပ်သော နည်းလမ်းတစ်ခုဖြစ်လေသည်။
“ကျေးဇူးတင်ပါတယ်” ရှောက်ရွှမ်သည် ယန်ဆွေ့၏ ရက်ရောမှုကို လက်ခံ လိုက်သည်။ လိုတရ
မိုးကျောက်တုံးလေးကို သစ်ရွက်များနှင့် ပြန်ပတ်လိုက်ပြီး သန့်ရှင်းသောအိတ်တစ်လုံးထဲတွင် ထည့်သိမ်းလိုက်ပါသည်။
“ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး..မင်းကိုယ်မင်းသာ ကျေးဇူးတင်ရမှာပါ…မင်းကြောင့်သာ မဟုတ်ရင် ငါအခုအချိန်လောက်ဆို မီးရှို့သတ်ခံနေရလောက်ပြီ” ယန်ဆွေ့သည် ပြောနေရာမှ ခဏရပ်လိုက်ပြီး ဆက်ပြောသည် “သေမင်းနယ်မြေမှာ ကျွန်ပိုင်ရှင်တွေနဲ့တွေ့ရင် သူတို့နဲ့မတိုက်ခိုက်နဲ့…သူတို့ကိုရှောင်သွားလိုက်ပါ”။
“ကျွန်ပိုင်ရှင်တွေအကြောင်း မင်းဘာများသိထားသေးလဲ” ရှောက်ရွှမ်ကမေးလိုက် သည်။ ထိုဒေသနားတွင်နေသော မိုးမျိုးနွယ်စုသည် ကျွန်ပိုင်ရှင်များအကြောင်းကို သိကောင်းသိနိုင်သည် မဟုတ်ပါလား။
“ကျွန်ပိုင်ရှင်တွေလား” ယန်ဆွေ့မျက်လုံးများတွင် ကြောက်လန့်သည့် အရိပ်အယောင်ပေါ်ထွက်လာသည်။ “ကျွန်ပိုင်ရှင်တွေဆိုတာ အတွင်းမီးလျှံမရှိ
ကြတဲ့လူတွေ”
မျိုးနွယ်စုဝင်မျာ၏ အမြင်တွင် အတွင်းမီးလျှံမရှိလျှင် မျိုးနွယ်စုတစ်ခု ဖွဲ့စည်းရန် မဖြစ်နိုင်ပါ။ မျိုးနွယ်စုတစ်ခုမဖွဲ့စည်းနိုင်ပါက သူတို့အဖွဲ့သည် လေလွင့်သူများဖြစ်သွားမည် ဖြစ်ပြီး အားနည်းသူများဖြစ်သွားလေမည်။ သို့သော် ကျွန်ပိုင်ရှင်များကတော့ ထိုသို့မဟုတ်ပေ။ သူတို့တွင် အတွင်းမီးလျှံမရှိသော်လည်း သူတို့တွင် ထက်မြက်သောစွမ်းအင်များရှိသည်။ ထိုစွမ်းအင်များဖြင့် နောက်ထပ်ကျွန်များကိုပင် ဖန်တီး၍ ရပါသည်။
“သူတို့က အဲဒီစွမ်းအင်တွေကို ဘယ်ကရလာတာလဲ” ရှောက်ရွှမ်နားမလည်နိုင်ဖြစ်နေသည်။
“ငါလည်းမသိဘူး” ယန်ဆွေ့ခေါင်းခါလိုက်သည်။ “အဲဒါကြောင့် ဗဟိုဒေသက မျိုးနွယ်စုတွေက သေမင်းနယ်မြေကို ခဏခဏ သွားကြတာဖြစ်မယ်”။ မိုးမျိုးနွယ်စု၏ ဘိုးဘေးများထားခဲ့သောမှတ်တမ်းများအရ ကျွန်ပိုင်ရှင်များတွင် ဗဟို
ဒေသမှ မျိုးနွယ်စုများကြောက်ရွံ့ရသော အင်အားမျိုးရှိလေသည်။ လွန်ခဲ့သော နှစ်တစ်ထောက်လောက်က ကျွန်ပိုင်ရှင်များသည် သွေးဆာလောင်သော လူသတ်ပွဲကြီးကို ဖန်တီးခဲ့သည်။ ထိုဖန်တီးမှုကြောင့် မျိုးနွယ်စုများစွာ ပျက်စီးခဲ့ရသည်။ ထိုအဖြစ်အပျက်များ ပြီးဆုံသည့်နောက်တွင် သူတို့သည် သေမင်းနယ်မြေသို့ ထွက်သွားခဲ့ကြသည်။ တချို့လူများက သူတို့ကို နားမလည်ကြသလို၊ တချို့လူများက အဖြေကို သိလိုသဖြင့် သူတို့နောက်သို့ လိုက်သွားကြသည်။ ပုံမှန်အားဖြင့်တော့ သေမင်းနယ်မြေကိုသွားသူများအနက် အသက်ရှင်လျက်ပြန်လာသူမှာ ရှားပါးပါသည်။ တချို့က ကျွန်များဖြစ်လာကြပြီး တချို့က သေဆုံးသွားကြသည်။ “မင်းတို့ဗဟိုဒေသက လူတွေပဲ သေမင်းနယ်မြေကိုသွားကြတာကွ…တစ်ခုခုအံ့ဩစရာတွေ့ရင်လည်း မင်းပြန်ရောက်လာရင် ငါ့ကို ပြောပြဦး”ယန်ဆွေ့က ပြုံးရင်း ပြောလိုက်သည်။
“ကောင်းပြီ” ခဏလောက်စကားပြောပြီးသောအခါ ယန်ဆွေ့သည် မီရွှိနှင့်အတူ ထွက်ခွာ
သွားလေသည်။
မိုးမျိုးနွယ်စုဝင်တချို့သည် သူတို့နတ်ဆေးဆရာ ယန်ဆွေ့ကို လိုက်ရှာနေကြသည်။ ယန်ဆွေ့တွင် လုပ်စရာတွေများစွာရှိသေးသည် မဟုတ်ပါလား။ သို့သော် ယန်ဆွေ့က သူတို့ကို စောင့်ဆိုင်းနေရန် အမိန့်ပေးထားသဖြင့် ထိုနားတွင် တန်းစီလျက် ယန်ဆွေ့ကို တိတ်ဆိတ်စွာ စောင့်နေကြလေသည်။ လူအများ၏ ရိုသေလေးစားသော အပြုအမူများကြောင့် ယန်ဆွေ့သည် နောက်နှစ်အနည်းငယ်တော့ နတ်ဆေးဆရာရာထူးတွင် မြဲသွားပြီ ဖြစ်ကြောင်းသိနိုင်သည်။
ရှောက်ရွှမ်သည် သံပြားများနှင့်တူသော ပန်ကိတ်အိတ်ကြီးကို ဆွဲလာလေသည်။ ထို့နောက် လိုတရမိုးကျောက်တုံးကို လည်ပင်းတွင်ဆွဲလိုက်ကာ ဒဏ္ဍာရီလာ တိရစ္ဆာန်တစ်ကောင်ကောင်၏ မျက်နှာနှင့်တူသော ကုလားအုတ်ဘက်သို့ မျက်နှာလှည့်လိုက်လေသည်။ မီရွှိကတော့ ထိုကုလားအုတ်ကို “ရွှံစေး”လို့ခေါ်လေသည်။
မိုးမျိုးနွယ်စုအတွက် ရွှံ့ဆိုသော စကားလုံးမှာ ဂုဏ်သရေနိမ့်ပါးစေသော စကားလုံးမဟုတ်ပါ။ ထိုစကားလုံးမှာ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော စကားလုံး ဖြစ်သည်။ ရွှံ့ဆိုသည်မှာ မြေကြီးနှင့် ရေပေါင်းစပ်ထားတာ မဟုတ်ပါလား။ ခြောက်သွေ့အက်ကွဲနေသော မြေများအစား ရွှံ့စေးမြေမျိုးဖြစ်နေတာက ပိုမကောင်းဘူးလား။
“လာဟေ့ ရွှံ့စေးလေးရေ…” ရှောက်ရွှမ်သည် ကုလားအုတ်ကို သူတို့တည်းနေသော အိမ်ရှေ့တံခါးနားတွင် ကြိုးချည်ထားလိုက်သည်။
လဲ့နှင့်ထွော်တို့ကတော့ ရှောက်ရွှမ်ခေါ်လာသော ကုလားအုတ်ကို အရေးပေါ်အစာအဖြစ် စိတ်ထဲတွင် သတ်မှတ်ထားလိုက်ကြသည်။ ကုလားအုတ်ကိုမြင်သောအခါ သူတို့မျက်လုံးများ အရောင်တောက်ပသွားကြသည်။
“ဘာကောင်ကြီးလဲကွာ…ဒီကောင်နဲ့ဆို ခရီးဖင့်တာပေါ့ကွ…အခုချက်စားပစ်လိုက်ရကြလား” ထျ
န်းရှန်မျိုးနွယ်စုမှ လူတစ်ယောက်က ပြောလိုက်သည်။
ကုလားအုတ်ကြီးကို သူ့ကို လေများဖြင့်မှုတ်ထုတ်လိုက်သည်။
ဟွမ်ယဲ့နှင့် အခြားသူများက ကုလားအုတ်ကြီးနှင့် ရင်းနှီးပြီးသားဖြစ်၍ အဆင်ပြေသည်။ သို့သော် ရှောက်ရွှမ်ကိုတော့ သတိထားရန်နှင့် ခရီးသွားအဖွဲ့နှင့် လူစုကွဲမသွားစေရန် မှာထားရသည်။
နောက်တစ်နေ့တွင် ခရီးသွားအဖွဲ့သည် မိုးမျိုးနွယ်စုဝင်များ၏ ရွာမှထွက်ခွာပြီး သဲကန္တာရဆီသို့ ခရီးထွက်ခွာလာခဲ့ကြသည်။
ရှောက်ရွှမ်မျှော်လင့်ထားသည့်အတိုင်းပင် ရှေ့ဆက်တိုးသောအခါ ပတ်ဝန်းကျင်မှာ ကန္တာရပိုဆန်လာသည်။ ခရီးအစပိုင်းတွင် သစ်ပင်၊မြက်ပင်များကို တွေ့ရသော်လည်း အခုတော့ မြင်မြင်သမျှက သဲများဖြစ်ကုန်ပြီ။
ကောင်းကင်တွင် နေကလည်း ခြစ်ခြစ်တောက်အောင်ပူလောင်နေသဖြင့် မြေပြင်မှ သဲများမှာလည်း အလွန်တရာပူနေပါသည်။
ဟွမ်ယဲ့က မမှောင်ခင် နားစရာနေရာတစ်ခုကို ရောက်အောင် သွားရမည်ဟု မှာထားသောကြောင့် ခရီးသွားအဖွဲ့သည် တက်သုတ်ရိုက်၍သွားနေကြသည်။ ထိုနားစရာနေရာကို ရောက်မှ စိတ်ချရမည်ဟု ဟွမ်ယဲ့ကဆိုသည်။
အခုထိတော့ အားလုံး လူစုံတက်စုံပင်။ ခရီးသွားအဖွဲ့ဝင်များကို စံပြုထားသော စည်းဘောင်များဖြင့် စစ်စိရွေးချယ်ထားခြင်းဖြစ်သည်။ လိုအပ်ချက်များနှင့် မကိုက်ညီသော သူများကို ခရီးသွားအဖွဲ့ဝင်အဖြစ် မရွေးချယ်ပါ။ တချို့လူများသည် ဝါစဉ်ကြီးပုဂ္ဂိုလ်များနှင့် အဆင်မပြေဘူးဆိုလျှင် ဝါစဉ်ကြီးပုဂ္ဂိုလ်များက ထိုလူများကို ပြန်ခွင့်ပြုလိုက်မည် ဖြစ်သည်။ လူတချို့ကြောင့် ခရီးစဉ်ကိုအချိန်ကြာအောင် လုပ်
မည် မဟုတ်ပါ။
“ရွှံ့စေး”ဟုခေါ်သော ကုလာအုတ်ကို ရှောက်ရွှမ်ကြည့်လိုက်သည်။ ထိုကုလားအုတ်သည် သူ့နောက်မှ လိုက်လာသည်။ အစားအသောက်များထည့်ထားသော အိတ်နှင့် လက်နက်ကိရိယာများထည့်ထားသောအိတ်ကို ကျောပေါ်တွင် တင်ထားသည်။ အခုအချိန်ထိတော့ ထိုကှလားအုတ်သည် ခရီးသွားအဖွဲ့နှင့် အတူပါလာဆဲဖြစ်သည်။
ရှောက်ရွှမ်တို့သုံးယောက် ထိုအခါကျမှ စိတ်သက်သာရာ ရသွားသည်။ ကုလားအုတ်ကျောပေါ်က အိတ်များလောက်ကတော့ သူတို့သယ်သွား၍လည်း ရပါသည်။ သို့သော် အခုတော့ အလေးသယ်ပိုးစရာမလိုတော့သဖြင့် လမ်းသွားရင်း အားမွေးမြူသွားလို့ ရပါသည်။ လဲ့နှင့်ထွော်တို့လို အခုလိုခြောက်သွေ့သောနေရာကို အခုမှ ရောက်သူများအတွက် သယ်စရာဝန်စလွယ်ပစ္စည်းများမပါလေ ပိုကောင်းလေဖြစ်သည်။
အခြားသော သဲကန္တာရကို အခုမှ ရောက်လာဖူး
သူများအတွက်တော့ သူတို့တွင် ကူညီစရာ ကုလားအုတ်ပါမလာခြင်းမှာ ကံဆိုးခြင်းဖြစ်ပေသည်။အရင်တုန်းက ရှောက်ရွှမ်ကို လှောင်ပြောင်ခဲ့သူများသည် အခုတော့ ရှောက်ရွှမ်ကို အားကျစွာကြည့်နေလေသည်။
ပြင်းထန်သောနေရောင်ဒဏ်ကို ကာကွယ်ရန် နဖူးအရိုးကြီးများမှာ မောက်ထွက်နေသည်။ သဲမုန်တိုင်းများကို ကာကွယ်ရန် မျက်တောင်များမှာ ရှည်လျားစွာ ရှိနေသည်။ကုလားအုတ်သည် လည်ပင်းကိုလိမ်၍ လူများကို ငုံ့ကြည့်လိုက်သောအခါ၊ သူ့မျက်နှာမာ မြင့်မြတ်သယောင်၊ မာနကြီးသယောင်ဖြစ်နေပါသည်။
ကောင်းကင်ပေါ်တွင်တော့ ခရီးသွားအဖွဲ့နှင့်ပါလာသော သိမ်းငှက် ၅ ကောင် ဝဲပျံနေပါသည်။ ကန္တာရတစ်နေရာတွင် လှုပ်ရှားမှုတစ်ခုကို တွေ့မြင်ရလျှင် သူတို့သည် ထိုသားကောင်နောက်သို့ လိုက်မည်ဖြစ်သည်။
ညနေရောက်သောအခါ ဟွမ်ယဲ့ပြောသောနေရာ
သို့ ရောက်သွားကြလေသည်။ ထိုနေရာမှာ လူမနေတော့သော ရွာတစ်ရွာနှင့်တူပါသည်။ အိမ်နံရံများကို ခြောက်သွေ့သော သစ်သားတိုင်များဖြင့် ပြုလုပ်ထားသည်။ ကျိုးပဲ့နေသော အိုးခွက်ပန်းကန်များနှင့် ကျောက်အိုးကျောက်ခွက်များမှာ မြေကြီးထဲတွင် နစ်ဝင်နေလေသည်။
ထိုနေရာသို့ရောက်လာသည်မှာ ရှောက်ရွှမ်တို့တစ်ဖွဲ့တည်း မဟုတ်ပါ။ သူတို့မရောက်မီ အခြားအဖွဲ့တစ်ဖွဲ့က အရင်ရောက်နေသည်။ သူတို့ကို ကြည့်ရသည်မှာ ကျွန်များနှင့်တူသော်လည်း ရှောက်ရွှမ်တို့လမ်းမှာတွေ့လာသော ကျွန်များနှင့်တော့ မတူပါ။
သူတို့ကို ကြိုးများဖြင့် တုပ်နှောင်မထားပေ။
“အဲဒါ ကန္တာရကျွန်တွေပဲ” တစ်ယောက်က ပြောလိုက်သည်။
သဲကန္တာရထဲတွင် မွေးသော ကျွန်များကို ကျန်မျိုးနွယ်စုတွေက ကန္တာရကျွန်များဟု ခေါ်ဆိုကြ
သည်။ သူတို့၏ဘိုးဘေးများမှာလည်း ကျွန်များဖြစ်သလို မျိုးရိုးစဉ်ဆက်မှာလည်း ကျွန်များဖြစ်ကြသည်။
ထိုလူများမှာ အခြားလူသစ်များနှင့်မတူပါ။ သူတို့ကို ကြိုးများနှင့် မချည်နှောင်ထားသလို သူတို့ကလည်း ထွက်ပြေးရန် မကြိုးစားကြပါ။ တစ်ချက်ကြည့်လိုက်သောအခါ ထိုကျွန်များသည် မျိုးနွယ်စုဝင်လူများနှင့် တူနေသည်ကို ရှောက်ရွှမ်သိလိုက်သည်။ သို့သော် သူတို့မှာ ပိုပိန်ပြီး အသားအရည်များမှာလည်း ပိုနက်မှောင်သည်။ ကန္တာရထဲတွင် နေထိုင်သူများအားလုံး အသားအရည်များမည်းလေ့ရှိသည်။
ခြစ်ခြစ်တောက်ပူသော နေရောင်ခြည်နှင့် ပြင်းထန်သော ရာသီဥတုတို့ပေါင်းစပ်လိုက်သောအခါ သဲမုန်တိုင်းများကို ဖြစ်ပေါ်စေပါသည်။ အေးလာသောအခါ မီးဖိုနားတွင်ထိုင်၍ အချမ်းဖြေသောအခါတွင်လည်း သူတို့အရေပြားများသည် ရှုံ့တွမာကြောကြမ်းတမ်းကုန်လေသည်။
သူတို့သွားများမှာ အဝါရောင်ရှိကြလေသည်။ ခြေထောက်တွင်တော့ ဘာဖိနပ်မှ မစီးထားပါ။ ခြေဖဝါးကြီးများက သာမန်လူများထက် ကြီးမားကြ၏။
ရှောက်ရွှမ်နှင့်ခရီးသွားများကိုတော့ သိလိုစိတ်၊စူးစမ်းလိုစိတ်တို့ဖြင့် ပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ မျိုးနွယ်စုဝင်များသယ်ဆောင်လာသော ပစ္စည်းများကို မြင်လိုက်ရသောအခါတွင်တော့ သူတို့ မျက်လုံးများသည် လောဘအရောင်တက်သွားလေသည်။