← Chapters

အောင်မြင်စွာ ကျွန်ပြုနိုင်ခြင်း

Vol. 20 Ch. 300

အောင်မြင်စွာ ကျွန်ပြုနိုင်ခြင်း

Vol. 20 Ch. 300

အများအမြင်တွင် အသုံးမကျသူတစ်ယောက်ဖြစ်နေသော်လည်း စူးကုကတော့ အရှုံးမပေးသေး။ သူသည် သူ့အခြေအနေကို သူသိသည်။ မအောင်မြင်လျှင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ထားသည်။ အချို့လူများက သူ့ကို သူ့အကို၂ယောက်ထံတွင် အခစားဝင်လိုက်ရန် ပြောကြသည်။ မြို့စားအရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ပါဟု ပြောခိုင်းကြသည်။ သို့သော် စူးကုကတော့ သူ့အကို၂ယောက် အကြောင်းကို ကောင်းကောင်းသိထားသူဖြစ်သည်။ ထို၂ယောက်ထဲက မည်သူမြို့စားဖြစ်ဖြစ်၊ စူးကုသည် ပျော်ရွှင်စွာနေရမည်မဟုတ်ဘဲ မြို့စားနေရာလုရင်းနှင့်ပင် သူ့ဘဝအချိန်ကုန်သွားမည် ဖြစ်သည်။

ထို့ကြောင့် စူးကုသည် သူ့အကို၂ယောက်နှင့်

ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ရည်မှန်းချက်မရှိသော ကျွန်ပိုင်ရှင်တစ်ယောက်သည် ပြိုင်ပွဲဝင်ရန် အဆင့်အတန်းမမီပါဟု ပြော၍ရသည်။

စူးကုသည် ဆုံးဖြတ်ချက်ချပြီးသော နေ့မှစ၍ သူ့အခန်းထဲတွင် ကျွန်ပြုနိုင်စွမ်းရည်ကို နေ့စဉ်လေ့ကျင့်လေသည်။ အခြားလူများကတော့ မရိပ်မိကြပေ။ သို့သော် အကြိမ်များစွာ မအောင်မြင်သောကြောင့် စူးကုတစ်ယောက် စိတ်ဓာတ်ကျချင်လာသည်။

ကျွန်ပြုနိုင်မှုစွမ်းရည်ကို ကြိမ်ဖန်များစွာအသုံးပြုခဲ့ခြင်းကြောင့် စူးကု၏ စိတ်သည် သူ့စွမ်းရည်နည်းနည်းပြောင်းလဲလာသည်ကိုပင် သိနိုင်စွမ်းရှိလာသည်။ ထိုနေ့က ထူးခြားသည်ဟု စိတ်ထဲက ခံစားရသဖြင့် ယခင်ဖြစ်နေကျ အမှားမျိုးမဖြစ်အောင် ဆင်ခြင်ရင်း ကျွန်ပြုနိုင်မှုစွမ်းရည်ကို ဆက်လက် လေ့ကျင့်နေလေသည်။ စူးကုပျော်သွားသည်။ သူသည် ကျွန်ပြုနိုင်မှုစွမ်းရည်

ကို အရင်အခေါက်များတုန်းကထက် အကျိုးရှိအောင် အသုံးချနိုင်လာသည် မဟုတ်ပါလား။

“ဘာတွေဖြစ်နေတာလဲ”

စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် စူးကုသည် ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲအတွက် ဖြစ်နိုင်သည့်အကြောင်းရင်းကို စဉ်းစားကြည့်နေသည်။ ပထမတော့ နေ့စဉ်လေ့ကျင့်မှုကြောင့်တိုးတက်လာသည် ဟုထင်လိုက်သည်။ သို့သော် ခဏအကြာတွင် ဘယ်လောက်လေ့ကျင့်လေ့ကျင့် ဘာမှထူးခြားမလာသည်ကို ပြန်စဉ်းစားမိပြီး ထိုအချက်မှာ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။ လွန်ခဲ့သော ရက်များအတွင်းက အခြားလုပ်စရာကိစ္စများ ရှိနေသောကြောင့် လေ့ကျင့်ချိန်မှာ ပုံမှန်ထက်ပင် ပိုနည်းခဲ့သေးသည်။ သို့သော် ယနေ့ရလာဒ်များကို မြင်ရသောအခါ သူဆွံ့အသွားသည်။

“ဘာကြောင့်လဲ”

“ဘာလို့ အခုလိုဖြစ်နေတာလဲ”

လွန်ခဲ့သော ၂ရက်အတွင်း သူလုပ်ခဲ့သော၊ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်နေသည်။ စားပွဲပေါ်တွင် လက်ချောင်းများကို တတောက်တောက်ခေါက်နေရာမှ ရပ်တန့်လိုက်ပြီး ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိလိုက်သည်…”မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်…နတ်ဆေးဆရာတစ်ယောက်လို အနာဂတ်ကို ခန့်မှန်းနိုင်တဲ့ ရှောက်ရွှမ်” “ဟုတ်သည် သူ့တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲသည် ထိုနေရာတွင်ဖြစ်ခဲ့ခြင်း ဖြစ်မည်”။ စူးကုထိုအချိန်တုန်းက တခြားပြဿနာများရှိနေသဖြင့် ထိုကိစ္စကို အာရုံမစိုက်ဖြစ်ပါ။ အခုတော့ ရှောက်ရွှမ်နှင့်တွေ့ဆုံစဉ်အချိန်တုန်းက သူ့စိတ်ထဲတွင် သာမန်ထက်ထူးခြားသောခံစားမှု တစ်ခုဖြစ်ပေါ်ခဲ့သည်ကို မှတ်မိသွားသည်။ စူးကုသည် သူ့ကျွန်ပြုနိုင်မှုစွမ်းရည်သည် ယခင်ထက် ပိုအစွမ်းထက်လာသလို ခံစားနေရသည်။

စူးကုသည် ထိုအကြောင်းကို စဉ်းစားလေ ပို

သေချာလေ ဖြစ်လာသည်။

စူးကုတစ်ယောက် စိတ်များလှုပ်ရှားနေသဖြင့် အခန်းထဲတွင် လမ်းလျှောက်နေသည်။ လက်သီးကိုဆုပ်ထားပြီး ဝှေ့ယမ်းနေသည်။ ခဏအကြာတွင်တော့ အသက်ကိုဝအောင် ရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

သူ့အထင် မှန်၊မမှန်သိနိုင်ရန် ထိုနေ့တွင်ပင် စူးကုသည် ရှောက်ရွှမ်ကို သွားတွေ့ပြန်လေသည်။

အချိန်သည် ညအချိန်ဖြစ်နေလေပြီ။ သူ့ရှေ့တွင် ကျွန်ပြုနိုင်မှုစွမ်းရည်ကို စိတ်အားတက်ကြွစွာ လေ့ကျင့်ပြနေသာ တတိယမြောက်သခင်လေးကို ရှောက်ရွှမ်ကြည့်နေလိုက်သည်။

အခန်းထဲတွင် လင်းသွားစေရန်ရှောက်ရွှမ်သည် ရေလကျောက်တုံးတစ်တုံးကို ထုတ်လိုက်သည်။ ထိုအချိန်တွင် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးနေသော တတိယမြောက်သခင်လေးကို ရှောက်ရွှမ်ကြည့်လိုက်မိသည်။

ထို့နောက် ရှောက်ရွှမ်သည် သူ့စိတ်ထဲတွင် ဖြစ်ပေါ်နေသော မီးလျှံများ၏ အပြောင်းအလဲကို စောင့်ကြည့်နေလိုက်သည်။ သူ့စိတ်ထဲမှ ဥခွံကြောင့် စုကူးသည် စိတ်ကျေနပ်လောက်သော အပြောင်းအလဲမျိုးကို ကြုံတွေ့နေရကြောင်း ရှောက်ရွှမ်သိထားသည်။ စူးကုက ရှောက်ရွှမ် အကူအညီလိုအပ်သည်။ ရှောက်ရွှမ်က ကျွန်ပိုင်ရှင်များ၏ စွမ်းအင်ကို လေ့လာချင်သည်။ ထို့ကြောင့် အခြေအနေက ၂ဦး၂ဖက် အကျိုးရှိသော အခြေအနေတစ်ခုဖြစ်သွားလေသည်။

အနီရောင်နှင့် အပြာရောင်မီးတောက်များ ပိုမိုများပြားလာသည်။ အရောင်မတူသော မီးတောက်၂ခုသည် ပေါင်းစပ်သွားကြပြီး သာမန်ထက် သိသာထင်ရှားလာသည်။ စူးကုသည် ကျွန်ပြုနိုင်စွမ်းရည်ကို ထုတ်သုံးလိုက်သည့်အခါတိုင်း သူ့လက်ပေါ်မှ အပြာရောင်မီးတောက်သည် ပိုပိုတည်ငြိမ်လာသည်ကိုတွေ့ရသည်။ အရင်အခေါက်များကဆိုလျှင် ထိုမီးတောက်သည် လေတိုက်၍ ငြိမ်းတော့မလိုဖြစ်နေခဲ့သည်။

ရှောက်ရွှမ်အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းတွင် အိပ်သော လဲ့သည် ပြတင်းပေါက်မှနေ၍ အပြင်ဘက်မှာသာနေသော လကို ကြည့်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်အခန်းမှ အလင်းရောင်ထွက်ပေါ်နေသည်ကို မြင်လိုက်ရသော “ တတိယမြောက် သခင်လေးက ဘာလာလုပ်နေတာလဲ…ဒီလူစိတ်ကောမှန်သေးရဲ့လား” ဟုတွေးလိုက်မိသည်။

နောက်တစ်နေ့ရောက်သည်အထိ စူးကုသည် ရှောက်ရွှမ်အခန်းထဲတွင် နေနေလေသည်။

မနက်အစောကြီးထကြသော မျိုးနွယ်စုဝင်လူများ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် တတိယမြောက်သခင်လေးတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းများ အကြောင်းကို ပြောဆိုနေကြစဉ်၊ မီးတောက်ဦးချိုမျိုးနွယ်စုနေအိမ်၏ အိမ်ရှေ့တံခါးပွင့်လာသည်။ထိုအချိန်တွင် သူတို့ ပြောနေကြသော တတိယမြောက်သခင်လေးသည် အိမ်ထဲမှနေ၍ ခပ်တည်တည် မျက်နှာနှင့် ထွက်လာသည်ကို တွေ့လိုက်ရသည်။ မျက်နှာက တစ်စုံတရာကို

အလိုမကျသော မျက်နှာ မျိုးဖြစ်သည်။

စူးကုထွက်ခွာသွားပြီးနောက် မျိုးနွယ်စုဝင်များသည် မယုံနိုင်စရာအဖြစ်အကြောင်းကို ပြောဆို၍ကျန်ခဲ့ကြသည်။

“အဲဒီလူက စူးကုလား…ရွက်ကြွေမြို့တော်ရဲ့တတိယမြောက်သခင်လေးလား”

“ဟုတ်မယ်ထင်တယ်”

“အဲဒီလူက စူးကုဆိုတာ သေချာတယ်”

“စူးကုက ဘာလို့ မနက်အစောကြီး မီးတောက်ဦးချိုမျိုုးနွယ်စုအိမ်ကနေထွက်လာရတာလဲ…နေမထွက်ခင်ကတည်းက ထိုအိမ်ကို ရောက်နေခြင်းလား”

“ငါကြားတာတော့ စူးကု မနေ့ညကတည်းက ဒီနေရာကို ရောက်နေတာတဲ့…တစ်ညလုံး ဒီအိမ်မှာပဲနေနေတာထင်တယ်” ။

ကျွန်ပိုင်ရှင်များသည် မျိုးနွယ်စုဝင်လူများနှင့် မဟာမိတ်ဖွဲ့ကြသော်လည်း မျိုးနွယ်စုဝင်လူများနေထိုင်သောနေရာတွင်တော့ ညလုံးပေါက်နေထိုင်ခြင်းမျိုးမပြုလုပ်ကြပါ။ ထို့ကြောင့် မျိုးနွယ်စုဝင်လူများသည် ယခုအဖြစ်အပျက်အကြောင်းကို အလွန်သိချင်နေကြသည်။

“စူးကုမျက်နှာကို ကြည့်ရတာတော့ မီးတောက်ဦးချိုမျိုးနွယ်စုနဲ့ ရန်ဖြစ်လာတာလား မသိဘူး”

“ကိစ္စတစ်ခုခု ညှိနေတာ အဆင်မပြေဖြစ်သွားတာနေမယ်”

“ဟုတ်လောက်တယ်”

လူအများအမြင်တွင်တော့ စူးကုနှင့် ရှောက်ရွှမ်တို့သုံးယောက်သည် သိပ်အဆင်မပြေဟု မြင်ကြသည်။ သူတို့ဆုံလိုက်သည့်အခါတိုင်း ငြင်းခုံနေကြသည်က များသည် မဟုတ်ပါလား။

ထိုအချိန်တွင် စူးကုသည် သူ့စိတ်လှုပ်ရှားမှုများကို လူများသိသွားမည် စိုးရိမ်သဖြင့် မျက်နှာကို တည်ထားလိုက်သည်။ အပျော်လွန်နေသဖြင့် ဖြစ်ပေါ်လာသော ရယ်ချင်စိတ်ကို မျိုသိပ်ထားရသဖြင့် မျက်နှာပေါ်တွင် အပြာရောင် သွေးကြောများထောင်ထနေသည်။ အများအမြင်တွင်တော့ သူ့မျက်နှာမှာ ကြောက်စရာ ကောင်းနေလေသည်။ သူသည် ရယ်ချင်နေပါသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုအိမ်မှ ရယ်ရယ်မောမောနှင့်ထွက်လာပါက သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဆီမှ သူ့အတွက် အကျိုးရှိသည့် တစ်စုံတရာကို ရလာကြောင်း လူများ သိသွားမည် ဖြစ်လေသည်။

ရှောက်ရွှမ်၏ အစွမ်းများကို တခြားလူများမသိအောင် လျှို့ဝှက်ထားရမည်ဟု စူးကု တွေးလိုက်မိသည်။ ထိုအကြောင်းကို စူးကု၏ အကို၂ယောက်သာ သိသွားပါက သူတို့သည် ရှောက်ရွှမ်နှင့် မဟာမိတ်ပြုလုပ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားကြမည် ဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့မိသည်မှာ ကံကောင်းသည်ဟု စူးကုတွေးလိုက်မိသည်။

စူးကုသည် အစတုန်းက မီးတောက်ဦးချိုမျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့မည့်ကိစ္စကို သိပ်အလေးမထားခဲ့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုမဟုတ်ဘဲ၊ တခြားမျိုးနွယ်စုတစ်ခုခုက သူနှင့် မဟာမိတ်ဖွဲ့ခဲ့လျှင်လည်း ထိုသူများကို သဘောထားကြီးကြီးဆက်ဆံရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ အခုတော့ စူးကု၏ မီးတောက်ဦးချိုမျိုးနွယ်စုအပေါ်ထားသော စိတ်ထားများ ပြောင်းလဲသွားခဲ့သည်။ ရှောက်ရွှမ်၏ အကြံပေးချက်များကြောင့် သူ၏ ကျွန်ပြုနိုင်မှုစွမ်းရည်များစွာတိုးတက်လာ သောအခါ စူးကုသည် ရှောက်ရွှမ်ကို အထင်ကြီးလာမိသည်။

“တကယ်ကောင်းတဲ့ မဟာမိတ်ပဲ” ရှောက်ရွှမ်တောင်းဆိုထားသော ကိစ္စကို လုပ်ပေးရန် စူးကုစဉ်းစားလိုက်မိသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် အခြားကျွန်ပိုင်ရှင်များအကြောင်းကို သိချင်နေသည်။ သူသည် ရှောက်ရွှမ်က မဟာမိတ်ဖွဲ့ထားခြင်းကို ဖျက်သိမ်းလိုက်မည် စိုးရိမ်သောကြောင့် ရှောက်ရွှမ်တောင်းဆိုသည်ကို အမြန်လုပ်ပေးရန်

စီစဉ်နေသည်။

မျိုးနွယ်စုဝင်များနေသောနေရာမှ နန်းတော်သို့ အပြန်လမ်းတွင် စူးကုသည် အိုးများကိုသယ်ဆောင်လာသော ကျွန်များကို တွေ့လိုက်ရသည်။ အိုးများထဲတွင် ဝိုင်သိမ်းထားရာနေရမှာ သယ်ဆောင်လာသော ဝိုင်များကိုထည့်ထားသည်။ သစ်သီးဝိုင်သောက်ရမည့်အကြောင်းကို တွေးလိုက်မိသောအခါ စူးကုပိုပျော်သွားသည်။ “မီးတောက်ဦးချိုမျိုးနွယ်စုတွေရဲ့နေအိမ်ကို သစ်သီးဝိုင်နည်းနည်းပို့ခိုင်းလိုက်ဦးမယ်”။

စိတ်ကောင်းဝင်နေသောကြောင့် စူးကုသည် ကျွန်များကို ပြုံးပြလိုက်သည်။ စူးကု၏အပြုံးကို မြင်လိုက်ရသော ကျွန်များသည် တုန်လှုပ်သွားပြီး ဝိုင်ထည့်ထားသော အိုးပင်လွတ်ကျမတတ်ဖြစ်သွားသည်။

“ဒါတတိယမြောက်သခင်လေး အစစ်ကော ဟုတ်ရဲ့လား…ဘာဖြစ်လို့ ငါတို့ကို ဒီလိုကြင်နာတဲ့အပြုံးမျိုးပြုံးပြနေတာလဲ”

“သူအသိစိတ်မဝင်သေးဘူးလား”

စူးကုကတော့ အံ့ဩနေသော ကျွန်များကို အရေးမလုပ်ဘဲ သူ့အခန်းဆီသို့ ဆက်လျှောက်သွားသည်။ နန်းတော်ထဲရှိ ရေကန်ကြီးနားသို့ရောက်သောအခါ ထိုနားတွင် ခဏနားရန် ရပ်လိုက်သည်။

သဲကန္တာရထဲတွင် ပန်းပင်များစိုက်ရန်နှင့် လိပ်မွေးမြူရန် ရေကန်တစ်ကန်လုပ်ခြင်းမှာ အမှန်တကယ်တော့ မလိုအပ်ဘဲ ဖြုန်းတီးခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အဆမတန်သုံးဖြုန်းထားခြင်းမျိုးကို မြို့စားကြီး၏ နန်းတော်ထဲတွင်သာ တွေ့နိုင်မည်ဖြစ်သည်။

ရေထဲတွင်ပေါက်နေသော ပန်းများ၏ အမည်ကို စူးကုမသိပါ။ ရေထဲမှ တက်လာပြီး ရေကန်နံဘေးတွင် လာနားနေသော လိပ်တစ်ကောင်ကို သူကြည့်နေလိုက်သည်။

ရေကန်ထဲတွင်မွေးထားသော လိပ်များကို ကျွန်များက အခြားနေရာများမှ သယ်ဆောင်လာခြင်းဖြစ်လေသည်။ ထိုလိပ်များသည် ထိုကဲ့သို့ ပတ်ဝန်းကျင်အခြေအနေမျိုးတွင် ရှင်သန်နိုင်မည် မဟုတ်ဟု လူအများက ထင်ထားကြသည်။ သို့သော် အများစုက ရှင်သန်နိုင်ခဲ့သည်။ သို့သော် တက်ကြွလှုပ်ရှားမှုတော့ မရှိပါ။ သူတို့ကို တုတ်ချောင်းဖြင့်ထိုးလျှင်တောင် သူတို့က ဘာမပြန်မလုပ်ပါ။ တဖြည်းဖြည်းနှင့် လိပ်များ၏ အရောင်များ မှိန်လာပါသည်။ ထိုလိပ်များမည်ကဲ့သို့ အသက်ရှင်နေသလဲတော့ မည်သူမျှမသိပါ။

ထိုရေကန်နှင့် ပန်းများနားမှ လေသည် လတ်ဆတ်သန့်ရှင်းပြီး စိုထိုင်းဆအပြည့်ရှိပါသည်။ စူးကုသည် ရေကန်ဘေးတွင်ထိုင်ပြီ ထိုလိပ်ကို ကြည့်နေသည်။ သူသည် လိပ်ကို လက်ဖြင့် ပုတ်လိုက်သော်လည်း လိပ်က တုတ်တုတ်မလှုပ်ပါ။

သူသည်နောက်တစ်ကြိမ်ထပ် ပုတ်လိုက်သည်။

လိပ်က မလှုပ်ရှားပေ။ ထိုအခါ စူးကုသည် ထိုလိပ်ကို လျစ်လျူရှုထားလိုက်တော့သည်။

ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ ပတ္တရောင်လှည့်နေသော ကျွန်တစ်ဖွဲ့ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့အပြင် အခြားလူများ မရှိပါ။

ညတုန်းက ကြိုးစားခဲ့သည်များကို ပြန်စဉ်းစားမိသောအခါ စူးကုသည် သူ့ကိုယ်ထဲမှ စွမ်းအင်များကို လှုပ်ရှားသွားလာစေလိုက်သည်။ မကြာမီတွင် သူ့လက်ဝါးပေါ်တွင် အပြာရောင်မီးတောက်တစ်ခု ပေါ်လာသည်။ ထိုမီးတောက်သည် အခုအခါတွင်တော့ အလွန်တည်ငြိမ်နေပြီ ဖြစ်ပါသည်။

အထစ်အငေါ့မရှိ စွမ်းအင်ကို ထုတ်လိုက်နိုင်သဖြင့် စူးကု စိတ်အာရုံများလန်းဆန်းသွားသည်။ သူ့တစ်ကိုယ်လုံးကို ရေအေးအေးဖြင့် လောင်းချလိုက်သလို ခံစားလိုက်ရသည်။

“ငါတော့ ကျွန်ပြုနိုင်မှုစွမ်းရည်ကို အသုံးပြုနိုင်တော့မယ်…မကြာခင်မှာ ငါ့ကိုယ်ပိုင်ကျွန်တွေရှိလာတော့မယ်”

စူးကုသည် သူ့လက်ဝါးပေါ်မှ မီးတောက်ကို ကြည့်နေရင်း အမှတ်မထင် ဖြည်းညှင်းစွာလှုပ်ရှားနေသော လိပ်ကို ကြည့်မိလိုက်သည်။ သူသည် လိပ်ကို လက်ဖြင့်လှမ်းထိကြည့်လိုက်မိသည်။

လိပ်၏ကျောကုန်းကို လက်ဖြင့်ထိလိုက်ချိန်တွင် အပြာရောင်မီးတောက်က လိပ်ကိုယ်ပေါ်သို့ ကူးစက်သွားသည်။ မီးတောက်များ ပျံ့လွင့်သွားချိန်တွင် လိပ်ကျောကုန်းပေါ်တွင် အနက်ရောင်အစင်းများပေါ်လာလေသည်။ သူ့လက်မောင်းမှာ အင်အားတချို့သည် လိပ်ဆီသို့ရောက်သွားသည်ကို စူးကု ခံစားလိုက်မိသည်။

ခဏအကြာတွင် သူ့ကိုယ်ထဲမှ စွမ်းရည်များ ပြန်လည်တည်ငြိမ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့လက်ဝါးပေါ်မှ မီးတောက်သည်လည်း ပြန်လည် ပျောက်ကွယ်သွားလေသည်။

မောပန်းသွားသဖြင့် စူးကုသည် သူ့နဖူးသူ လက်ဖြင့် ဖိနှိပ်လိုက်သည်။ ထို့နောက် တစ်စုံတရာကိုတွေးမိသွားပြီး စူးကုသည် ရေကန်နံဘေးမှ လိပ်ကို ပြန်ကြည့်လိုက်မိသည်။ သူ့မျက်နှာပေါ်တွင် မယုံနိုင်ခြင်း၊ အံ့ဩခြင်း၊ စိတ်ဆိုးခြင်း စသော စိတ်ခံစားချက်များ ဖြတ်သန်းသွားသည်။ အချိန်ခဏအတွင်းမျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲသွားသည်။

ကျွန်ပြုလုပ်ရာတွင် စူးကုအောင်မြင်သွားပြီဖြစ်သည်။ စိတ်ကျေနပ်စရာကောင်းသည့် အဖြစ်ပင်။

သို့သော် ကျွန်ပြုနိုင်မှုစွမ်းရည်ကို လိပ်တစ်ကောင်ပေါ်တွင် ပထမဆုံးအကြိမ်ထုတ်သုံးမိခြင်းအား အခြားလူများသိသွားမည်ကို စူးကုစိုးရိမ်နေလေသည်။

All Chapters