← Chapters

မဟုတ်ဘူး၊ ငါလက်စားချေမှရမယ်

Vol. 7 Ch. 691

မဟုတ်ဘူး၊ ငါလက်စားချေမှရမယ်

Vol. 7 Ch. 691

ဝိညာဥ်ရေနွေးအိုးထဲတွင် တအုန်းအုန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်နေပြီး မြူခိုးများမှာ ယိမ်းနွဲ့လှုပ်ရှားနေကြတော့သည်။ မရေမတွက်နိုင်သော မိစ္ဆာဝိညာဥ်များစွာကို မြင်နိုင်ပြီး သူတို့၏ မျက်ဝန်းများမှာ လောဘစိတ်များဖြင့် စူးရှတောက်ပနေသည်။ လက်ရွေးစင်များ၏ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးများမှာ သူတို့မြင်ဖူးသမျှအရာများထဲတွင် အာဟာရအရှိဆုံး အစားအစာများဖြစ်နေသည့်အလား ထိုလက်ရွေးစင်များကို ကြည့်နေကြတော့သည်။

ထိုစဥ် ပိုင်ရှောင်ချန်းမှာ မတရားခံနေရသည်ဟု တွေးကာ လက်ရွေးစင်များထံမှ လွတ်မြောက်ရန် ကြိုးပမ်းနေရတော့သည်။ သို့သော် အချုပ်အနှောင် မန္တန်ကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလွန်အားနည်းနေသဖြင့် ထွက်ပြေးရသည်မှာ ပို၍ခက်ခဲနေသည်။ တစ်ခဏအကြာတွင် လက်ရွေးစင်ရှစ်ယောက်က သူ့ထံသို့ ပြေးလာနေကြတော့သည်။

ထိုပြိုင်ဘက်အသစ်များထဲမှ တစ်ယောက်မှာ ယင်ယန်ဝိညာဥ်အဆင့် မဟာစက်ဝန်းတွင် ရှိနေသည့် ကျိုးဟုန်ဖြစ်နေကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ မျက်ခုံးမွှေးများပင် တွန့်ကွေးသွားရသည်။

ကျိုးဟုန်၏ မျက်ဝန်းများမှာ ပုရွက်ဆိတ်တစ်ကောင်ကိုသာ ရင်ဆိုင်နေရသည့်အလား သတ်ဖြတ်လိုစိတ်များဖြင့် စူးရှတောက်ပနေသည်။ ပိုင်ရှောင်ချန်းမှာမူ အသက်ရှူသံများပင် မမှန်တော့ပဲ ဒေါသထွက်နေသည့်နဂါးတစ်ကောင်အလား လူအုပ်ကြီးတစ်ခုလုံးကိုဝင်တိုက်ကာ နီမြန်းနေသည့် မျက်ဝန်းများဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးေနသည်။

လူတိုင်းနှင့် တိုက်ခတ်မိလိုက်စဥ် အုန်းခနဲအသံကျယ်ကြီးတစ်သံမှာ ကောင်းကင်နှင့် မြေပြင်တစ်ခွင် ပြည့်နှက်သွားပြီး လက်ရွေးစင်အားလုံးမှာ ချီများ၊ သွေးများ ပွင့်ထွက်လျက် နောက်သို့လွင့်စင်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ ကြောက်မက်ဖွယ်ကောင်းသော အပြင်အားကြောင့် ကျိုးဟုန်၏အမူအရာအနည်းငယ် ပြောင်းလဲသွားသည်။ အခြားသော လက်ရွေးစင်များမှာလည်း သူ့နည်းတူ တုန်လှုပ်နေကြပြီး ပိုင်ရှောင်ချန်း၏ အမြန်နှုန်းကို လျှော့တွက်မိလိုက်ကြောင်း သိလိုက်ကြသည်။ ထို့အပြင် သူထွက်ပြေးနေသည်ကို တားနိုင်မည်မဟုတ်သည်ကိုလည်း သိလိုက်တော့သည်။

ပိုင်ရှောင်ချန်း၏ အရှိန်အဟုန်မှာ တဖြည်းဖြည်းမြန်ဆန်လာနေဆဲ။ သူ၏အပြင်ခန္ဓာကိုယ်အစွမ်းမှာ အံ့သြဖွယ်ကောင်းသော ခွန်အားများဖြင့် ပြည့်နှက်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း ကောင်းကင်တာအို ယင်ယန်ဝိညာဥ်၏ အစွမ်းများ ထွက်ပေါ်နေသည်။ သူသည် မည်သူမှ မတားဆီးနိုင်သည့် ကောင်းကင်စစ်သည်တော် တစ်ယောက်အလား ဖြစ်နေတော့သည်။

သူသည် အရှိန်ကို မလျှော့ချရဲပေ။ သူ အသက်ရှူချိန်တစ်ကြိမ်ခန့်မျှ ရပ်လိုက်လျှင်တောင်မှ သူ့ကို နတ်ဘုရားစွမ်းရည်များဖြင့် တိုက်ခိုက်ရန်အဆင်သင့် ပြင်နေသော ပြိုင်ဘက်ပေါင်းများစွာ သူ၏နောက်တွင် ရှိနေသည်။ သူ့အနေဖြင့် ရင်တဒိန်းဒိန်းခုန်ကာ ဆက်၍ပြေးနေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ သူက ထိုသို့ပြေးနေရင်း သူ၏ အဆင့်ဆယ့်ခြောက်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသည့် လှံကို ထုတ်ယူလိုက်သည်။ ထိုလှံကြီးနှင့် သူ၏အံ့သြဖွယ်ကောင်းသော အမြန်နှုန်းတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ ပုံစံမှာ အလွန်တရာ ရဲစွမ်းသတ္တိရှိနေသည့် ပုံစံပေါ်နေတော့သည်။

ဂျုန်းဂျုန်းဂျုန်း

သူသည် လက်ရွေးစင်များအားလုံးထံမှ လွတ်မြောက်တော့မည့်ဆဲဆဲတွင် သူ၏ရှေ့မှ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်လာတော့သည်။ ၎င်းမှာ ကုန်းစွန်းရီပင်ဖြစ်သည်။

သူက ပိုင်ရှောင်ချန်း၏ အရှေ့တွင် ပျံဝဲကာ သူ၏ညာဖက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ချက်ချင်းပင် အချုပ်အနှောင် စွမ်းအားတစ်ခုပေါ်ပေါက်လာပြီး မရေမတွက်နိုင်လောက်အောင်များပြားသည့် ပုံရိပ်ယောင် မှော်သင်္ကေတများစွာ ပေါ်ထွက်လာကာ ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားတော့သည်။ တစ်ခဏအတွင်း ထိုသင်္ကေတများမှာ ဧရာမပိုက်ကွန်ကြီးတစ်ခုအသွင်ပြောင်းလဲသွားပြီး သူ၏ပတ်ပတ်လည်တွင် ကျုံ့စပြုလာတော့သည်။

ပိုင်ရှောင်ချန်းမှာ မည့်သည့်နည်းနှင့်မျှ အချိန်မီ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူက ပိုက်ကွန်ကိုတည့်တည့်မတ်မတ် ဝင်တိုက်လိုက်တော့သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အားနည်းလွန်းနေသဖြင့် မဖောက်ထွက်နိုင်ပေ။ ပိုက်ကွန်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာရုံမှတစ်ပါး မည်သို့မျှ ဖြစ်မသွားပေ။

ထိုအချက်ကြောင့် ကုန်းစွန်းရီမှာ အံ့သြသွားရသည်။ သူသည် ပိုက်ကွန်၏ အချုပ်အနှောင်စွမ်းအားကို တိုးမြှင့်ရန် ပြင်လိုက်စဥ်တွင် ပိုင်ရှောင်ချန်းကို လိုက်ဖမ်းနေသည့် လက်ရွေးစင်ဒါဇင်များစွာမှာ ရောက်ရှိလာတော့သည်။

သူတို့အားလုံးမှာ တွေဝေမနေပဲ သူတို့၏ဝှက်ဖဲများဖြစ်ဟန်တူသော နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များထုတ်သုံးကာ တိုက်ခိုက်လိုက်ကြသည်။ ထိုလက်ရွေးစင်များထဲတွင် ကျိုးဟုန်လည်းပါပြီး သူသည် အံသြဖွယ်ကောင်းသည့် ဓားအလင်းတန်းကြီးတစ်ခုကို ပိုင်ရှောင်ချန်းဆီသို့ စေလွှတ်လိုက်သည်။

နတ်ဝံပုလွေလေးသည်လည်း ပါဝင်ပြီး တိရစ္ဆာန်တစ်ကောင်ပမာအူကာ ဝံပုလွေတစ်ပိုင်း လူတစ်ပိုင်းပုံစံရှိသော သတ္တဝါတစ်ကောင်အသွင် ပြောင်းလဲသွားသည်။ ထိုပြောင်းလဲမှုကြောင့် သူ၏ အမြန်နှုန်းမှာ တိုးတက်သွားပြီး ပိုင်ရှောင်ချန်းဆီသို့ ပြေးဝင်သွားတော့သည်။

ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် လီထျန်ရှန်မှာမူ အေးစက်စက်ရယ်မောလိုက်ပြီး သူ၏ညာ လက်ညှိုးကိုဝေ့ယမ်းလိုက်သောအခါ ငါးရောင်ခြယ် အဆိပ်ငွေ့များ ထွက်လာတော့သည်။ ထိုဓာတ်ငွေ့များသည် အရိုးခေါင်းငါးခုအသွင် လျင်မြန်စွာ ပြောင်းလဲသွားပြီး မိစ္ဆာဆန်ဆန် ရယ်မောကာ အသေးစား တည်နေရာရွှေ့ပြောင်းခြင်းများကိုသုံးကာ ရှေ့သို့ပြေးသွားကြတော့သည်။

သူတို့အားလုံးမှာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများဖြစ်ကြပြီး အများစုမှာ အစောပိုင်းတွင်သာရှိသေးသော်လည်း အလယ်ပိုင်းအဆင့်တွင်ရှိနေသူမှာလည်း မနည်းပေ။ လီထျန်ရှန်နှင့် နတ်ဝံပုလွေလေးကဲ့သို့သော နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူအချို့လည်း ရှိသေးသည်။ ကျိုးဟုန်တစ်ယောက်ဆိုလျှင် မဟာစက်ဝန်းအဆင့်ထဲသို့ပင် ရောက်နေပြီဖြစ်သည်။ လက်ရွေးစင် တစ်ယောက်ချင်းစီတိုင်းမှာ စွမ်းအားကြီးတိုက်ကွက်များကို ပိုင်ဆိုင်ထားကြသူများဖြစ်ပြီး သူတို့၏ စွမ်းအင်များအားလုံးကို ပေါင်းစည်းလိုက်ကြသောအခါ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် တုန်လှုပ်သွားစေနိုင်သည်။

ပိုင်ရှောင်ချန်းမှာ အသက်အန္တရာယ်နှင့် ကြုံနေရသည့်အလား ခံစားလိုက်ရသည်။ ဤသို့သောအခြေအနေမျိုးအတွက် သူ၏စိတ်ကို ပြင်ဆင်ထားပါသော်လည်း ယခုလို ရုတ်တရက် မထင်မှတ်ထားသည့် အပြောင်းအလဲ အဖြစ်အပျက်များမှာ လက်သင့်ခံနိုင်ရန် ခဲယဥ်းလွန်းလှသည်။

" အနိုင်ကျင့်ဖို့လောက် သိတဲ့ကောင်တွေ "

သူ့နှလုံးသားတစ်ခုလုံး ခါးသီးနာကျည်းမှုများ ပြည့်နှက်နေကာ ခေါင်းကိုနောက်သို့ပစ်၍ အော်ဟစ်လိုက်ပြီး ထာဝရထီးကို ထုတ်ယူလိုက်သည်။ ထိုထီးကိုဖွင့်လိုက်ပြီးနောက် သူသည် ရှိသမျှအားအကုန်သုံးကာ သူ၏နောက်ဘက်ရှိ တိုက်ကွက်များထံမှ အတတ်နိုင်ဆုံး ကာကွယ်ရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏ဘေးဘက်မှနေ၍ အော်ဟစ်သံတစ်သံကို ကြားလိုက်ရပြီး သူ့ထံသို့ လက်သီးချက်တစ်ခုနှင့်အတူ ပြေးလာနေသည့် ရွှီရှန်ကို မြင်လိုက်ရသည်။

" နင်က ဘယ်သွားချင်တာတုံး "

ရွှီရှန်က လေသံမာမာနှင့် အော်လိုက်သည်။ သူမ၏ လက်သီးချက်ထဲတွင် သူမ၏အပြင်ခန္ဓာကိုယ် စွမ်းအင်အပြည့် ပါဝင်နေသဖြင့် မိုးခြိမ်းသံများထက်ပင် သာလွန်သော ထစ်ချုန်းသံများ လေထဲတွင် ပြည့်နှက်နေသည်။ ပိုင်ရှောင်ချန်းမှာမူ အချုပ်အနှောင်ပိုက်ကွန်ကြောင့် မလှုပ်ရှားနိုင်ပေ။ သူက ဒေါသတကြီးအော်ဟစ်ကာ ထာဝရထီးကိုသူ၏နောက်ဘက်တွင် ဒိုင်းကာတစ်ခုအဖြစ်ထားလိုက်ပြီး လက်သီးချက်တစ်ချက်ကိုပါ ထုတ်လွှတ်လိုက်လေသည်။

သူတို့မှာ ပိုက်ကွန်၏ တစ်ဖက်တစ်ချက်ဆီတွင် ရှိနေကြသော်လည်း လက်သီးချက်များမှာ တစ်ခုနှင့်တစ်ခု ထိမိသွားပြီး တချိန်ထဲမှာပင် မြောက်များစွာသော နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များမှာ ထာဝရထီးကို ရိုက်ခတ်သွားကြတော့သည်။

မျက်စိကျိန်းစရာ ကောင်းသည့် အလင်းတန်းများနှင့်အတူ မြည်ဟည်းသံများ မိုးကောင်းကင်သို့တိုင် လွင့်ပျံသွားသည်။ အချုပ်အနှောင်ပိုက်ကွန်မှာ ချက်ချင်းပင် ကွဲအက်သွားပြီး ရွှီရှန်မှာ နောက်သို့လွင့်စင်သွားကာ ဆုတ်ခွာသွားရတော့သည်။ စွမ်းအင်လှိုင်းများရိုက်ခတ်လာခြင်းကြောင့် ကုန်းစွန်းရီမှာလည်း မျက်နှာပျက်သွားပြီး နောက်ဆုတ်သွားတော့သည်။

ပိုင်ရှောင်ချန်း၏ပါးစပ်မှ သွေးများစီးကျလာပြီး ထာဝရထီးနှင့်အတူ အရှေ့ဘက်သို့လွင့်စင်သွားကာ အနက်ရောင်မြူခိုးထဲသို့ ရောက်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ရှိသမျှလူတိုင်းမှာ ကြက်သေသေသွားကြရတော့သည်။ သူတို့၏ စုပေါင်းတိုက်ကွက်အောက်မှ ပိုင်ရှောင်ချန်းသည် ဒဏ်ရာအနည်းငယ်သာရ၍ ထွက်ပြေးသွားနိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားပေ။

ထိုအချိန်တွင် မြောင်လင်းအာ၏ နှုတ်ခမ်းများ လှုပ်ရှားလာပြီး သူမ၏ ပါးစပ်ထဲမှ လေထဲသို့ တုန်ခါလှိုင်းတစ်ခု လွင့်ပျံလာသည်။ ထိုလှိုင်းမှာ ထိတွေ့မိသမျှ လူတိုင်း၏ အတွေးများကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်နိုင်ပြီး ၎င်းသည် ထွက်ပြေးနေသည့် ပိုင်ရှောင်ချန်းထံသို့ ဦးတည်သွားတော့သည်။

ထိုအသံလှိုင်းကို ခုခံရန်မှာမဖြစ်နိုင်ဘဲ ပိုင်ရှောင်ချန်း၏ နားစည်သို့ရောက်ရှိသွားသောအခါ သူ၏အသိစိတ်မှာ တုန်ရီသွားရပြီး သူ၏ဒဏ်ရာအားလုံး ပွင့်ထွက်လာတော့သည်။ သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူသည် ချက်ချင်းပင်ရှေ့သို့ ဒယိမ်းဒယိုင် ဖြစ်သွားတော့သည်။

ထိုအချင်းအရာကြောင့် ကျိုးဟုန်၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းများ တောက်ပလာသည်။ သူသည် ညာလက်ကိုဝှေ့ယမ်းလိုက်ပြီး နတ်အဆင့်အငွေ့အသက်တစ်ခုထွက်ကာ စူးရှတောက်ပနေသည့် အနက်ရောင်အလင်းတန်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ လူတိုင်း တအံ့တသြကြည့်နေကြစဥ် သူသည် ထိုတောက်ပနေသည့် အလင်းတန်းကြီးကို ပိုင်ရှောင်ချန်းဆီသို့ ပစ်လွှတ်လိုက်တော့သည်။

ထိုအနက်ရောင် အလင်းတန်းမှာ မြန်ဆန်လွန်းလှ၍ လေခွင်း၍ ခဏအကြာတွင် ပိုင်ရှောင်ချန်း၏ အရှေ့သို့ ရောက်သွားတော့သည်။ သို့သော် ၎င်းမှာ ပိုင်ရှောင်ချန်းနှင့် မထိမီ အခြားအနက်ရောင် အလင်းတန်းတစ်ခု ပိုင်ရှောင်ချန်းထံမှ ထွက်ပေါ်လာသည်။

၎င်းမှာ သူ၏ လိပ်ပုံစံ ဒယ်အိုးလေးပင်ဖြစ်သည်။ အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာပြီး အနက်ရောက်အလင်းတန်းကြီးမှာ ကွဲအက်သွားကာ လိပ်ပုံစံဒယ်အိုးမှာ ပိုင်ရှောင်ချန်းဆီသို့ ပြန်၍လွင့်စင်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ ထိုရိုက်ခတ်မှု၏ အားကိုသုံးကာ ဆက်လက်လှုပ်ရှားလိုက်ပြီး တပြိုက်နက်ထဲမှာပင် ကောင်းကင်ကံကြမ္မာဆေးလုံးတစ်လုံးကို သုံးလိုက်သဖြင့် သူ၏အမြန်နှုန်းမှာ ကျဆင်းမသွားပေ။

" သူ့ကို ထွက်ပြေးခွင့်ပေးလို့ မဖြစ်ဘူး "

" ပိုင်ဟောက်သာမသေရင် အဲဒီအချုပ်အနှောင် မန္တန်က ဘယ်တော့မှ ပွင့်မှာမဟုတ်ဘူး "

လက်ရွေးစင်တစ်ဖွဲ့လုံးမှာ စိုးရိမ်စပြုလာတော့သည်။ ကုန်းစွန်းရီ၊ ကျိုးဟုန်၊ ရွှီရှန်၊ နတ်ဝံပုလွေလေး နှင့် အခြားသော ကျင့်ကြံသူများအားလုံးမှာ အံကြိတ်ကာ သူ့ကိုလိုက်ဖမ်းလိုက်ကြတော့သည်။

ခဏအကြာတွင် လူတိုင်းမှာ မြူခိုးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ဒုတိယမင်းသားမှာ အေးစက်စွာပြုံးကာ လိုက်ဖမ်းသည့်အုပ်စုနှင့် ပူးပေါင်းလိုက်ပြီး ချင်းမေ့ယွမ်ပင် ပိုင်ရှောင်ချန်းအား လိုက်ဖမ်းနေသည်ကို တွေ့မြင်နိုင်သည်။ သို့သော် သူမ၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့် အလင်းရောင်တစ်ခု ရှိနေသည်။ အစက သူမသည် သတိမထားမိခဲ့သော်လည်း ဤပိုင်ဟောက်ဆိုသူ၏တိုက်ခိုက်ပုံများကို သူမ အလွန်ရင်းနှီးနေကြောင်း တဖြည်းဖြည်း ရိပ်မိလာတော့သည်။

ပိုင်ရှောင်ချန်းမှာ မြူခိုးထဲတွင် ဖြတ်ပြေးနေစဥ် အပူဓာတ်ကြီးတစ်ခု သူ၏ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့နေပြီး သူ၏ဒဏ်ရာအားလုံးကို ကုသနေတော့သည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်း သူသည် အကောင်းပတိပြန်ဖြစ်သွားသဖြင့် ယခင်ကထက် အနည်းငယ်စိတ်အေးသွားရတော့သည်။

သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အားနည်းနေဆဲ ဖြစ်ပြီး သရဲကြီးဘုရင်က သူ့အားရောင်းစားခဲ့သည့် ကိစ္စရပ်ကြီးကိုပြန်လည်တွေးတောမိလိုက်သောအခါ စိတ်ပျက်သွားရပြန်သည်။ သူသည် အလွန်ဒေါသထွက်ကာ မတရားခံလိုက်ရသည့်အလား ခံစားနေရသော်လည်း အရှိန်ကိုမူ အနည်းငယ်မျှ မလျှော့ပေ။

သူ၏ အံ့မခန်း အမြန်နှုန်းကြောင့် သူ့ကိုလိုက်ဖမ်းနေသူများမှာ မည်မျှပင် စိတ်ဓာတ်ပြင်းထန်ပါသော်ငြား ဖမ်းမမိနိုင်ပေ။ သူသည် ထိုသူများကို နောက်ကောက်ချနိုင်ခဲ့ပြီပင်ဖြစ်သည်။ ဝိညာဥ်ရေနွေးအိုးထဲရှိကမ္ဘာမှာ မြူခိုးများထူထပ်ကာ ရှောင်တိမ်းရမည့် မိစ္ဆာဝိညာဥ်များနှင့် ပြည့်နှက်နေသဖြင့် သူ့ကိုဖမ်းရန် ပို၍ပင်ခက်ခဲနေတော့သည်။ မကြာမီတွင် မိစ္ဆာဝိညာဥ်များမှာ အော်ဟစ်ကာ လက်ရွေးစင်များကို စတင် တိုက်ခိုက်နေကြတော့သည်။

သို့သော် မိစ္ဆာဝိညာဥ်တစ်ကောင်တစ်လေပင် ပိုင်ရှောင်ချန်းကို နှေးကွေးသွားအောင် မလုပ်နိုင်ကြပေ။ ထိုသို့ မလုပ်နိုင်ရသည်မှာလည်း အကြောင်းအရင်းရှိနေသည်။ အခြားသော လက်ရွေးစင်များမှာ မြူခိုးများကြောင့် သူတို့၏အမြင်အာရုံများ လျော့ကျသွားရသဖြင့် အရှိန်နှေးသွားရသည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ သူ၏ဘေးပတ်ပတ်လည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

" ဟွန်း ငါ့ရဲ့မျက်နှာဖုံးရှိနေသရွေ့ မင်းတို့ငါ့ကို ဖမ်းမိဖို့ အိပ်မက်တောင်မက်မနေကြနဲ့ "

သူက အေးစက်စက် နှာမှုတ်လိုက်ပြီး ဆက်၍ အရှိန်တင်လိုက်လေသည်။ နှစ်နာရီကျော်ကြာ ကုန်ဆုံးသွားသောအခါတွင် ပိုင်ရှောင်ချန်းမှာ သူ့ကိုလိုက်ဖမ်းနေသူများ၏ အသံတစ်သံကိုမှ မကြားရတော့ပေ။ ထိုအခါ သူက ထိုနေရာတစ်ဝိုက်ရှိ တောင်တစ်လုံးပေါ်တွင် အခြေချလိုက်ပြီး နောက်ထပ် ကောင်းကင်ကံကြမ္မာ ဆေးလုံးတစ်လုံးကို သောက်လိုက်တော့သည်။ အဆုံးတွင် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အားနည်းမနေတော့ပဲ ပြန်လည်အားအင်ပြည့်ဖြိုးစပြုလာပြီဖြစ်သည်။ နောက်ထပ် ဆေးလုံးတစ်လုံး ထပ်သောက်လိုက်သောအခါ သူသည် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားတော့သည်။ ထို့နောက် သူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုပြန်တွေးမိလိုက်သောအခါ သူ၏နှလုံးသားထဲတွင် ဖြေဆည်၍မရနိုင်သည့် နာကျည်းမှုများ ပြည့်နှက်လာတော့သည်။

" ငါ့ကို လူအများကြီးလိုက်ဖမ်းနေတာ မယုံနိုင်လောက်အောင်ပဲ။ ငါသူတို့ကို ဘာမှလည်းမလုပ်မိပါဘူး။ အနိုင်ကျင့်တဲ့ကောင်တွေကွာ။ အဓိပ္ပါယ်မရှိလိုက်တာ။ အဲဒီလောက်တောင်သတ္တိရှိနေကြရင် ငါနဲ့ တစ်ယောက်ချင်း လာချပါလား "

" ပြီးတော့ သောက်အဘိုးကြီး သရဲကြီးဘုရင်ရှိသေးတယ်။ ခင်ဗျားကြီးကို ကျုပ်ကယ်ခဲ့တာလေ သောက်ရူးကြီးရဲ့။ ကျုက်အသက်ကိုပါ စွန့်စားခဲ့ရတာ။ အခုတော့ ခင်ဗျားက ကျုပ်ကို ဒီလိုပြန်ကျေးဇူးဆပ်တယ်ပေါ့ "

" တော်တော်။ ငါဒီလို ငြိမ်ခံမနေနိုင်ဘူး ငါလက်စားချေမှရမယ် "

သူက ထိုအကြောင်း ပိုတွေးမိလေလေ ပို၍ဒေါသထွက်လာလေလေဖြစ်နေပြီး အဆုံးတွင် သူ၏ အနှုတ်လက္ခဏာဆောင်သော ခံစားချက်များကြောင့် သတ္တိများထွက်ပေါ်လာပြီး ယခုအချိန်သည်က အလျှော့ပေးရန် အချိန်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။

All Chapters