ကျွန်းစုနိုင်ငံသို့ ဒုတိယအကြိမ်မြောက်ထွက်ခွာခြင်း
Vol. 17 Ch. 226
ရဲရှင်းဟွေ့သည် မီးအိမ်ငယ် နှင့် သက်စွမ်းကျောက်တို့ကို သူ၏ကိုယ်ပွားများထံသို့ ပေးအပ်လိုက်လေသည်။
သူ၏ကိုယ်ပွားများကလည်း အလျင်မြန်ဆုံးသောအရှိန်အဟုန်ဖြင့် ခွဲခြမ်းစိတ်ဖြာမှုများကို လုပ်ဆောင်ကြလေ၏။
တိုနီစတာ့ခ်၏ဉာဏ်ပညာအပြင် ရဲရှင်းဟွေ့၏ကိုယ်ပွားများမှာ သူတို့၏ ကြိုးစားလုပ်ကိုင်သောလက်များဖြင့် ယခုအခါတွင် အဆင့်မြင့်နည်းပညာဓာတ်ခွဲခန်းများစွာကို တည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်ပေသည်။
ရဲရှင်းဟွေ့မှာ ဆယ်မိနစ်ကျော်မျှသာစောင့်ဆိုင်းလိုက်ရပြီး ပစ္စည်းနှစ်ခု၏အချက်အလက်အမျိုးမျိုးမှာ သူ၏လက်ဝယ်သို့ရောက်ရှိလို့လာခဲ့သည်။
အချက်အလက်များကိုကြည့်ရှုနေသော ပင်မခန္ဓာကိုယ်အား ရစ်ခ်ကဲ့သို့ဝတ်ဆင်ထားသည့် ကိုယ်ပွားက ရှင်းပြလိုက်၏။
“လောလောဆယ်တော့ဗျာ… ကျွန်တော်တို့ မီးအိမ်ငယ် နဲ့ သက်စွမ်းကျောက်ရဲ့ နည်းပညာကို ဖော်ထုတ်လို့မရသေးဘူး…”
“မီးအိမ်ငယ် က နည်းပညာမလုံလောက်လို့မဟုတ်ဘဲ စမ်းသပ်ပြီးတဲ့နောက်မှာ ဒီမီးအိမ်ငယ် က တကယ်တော့… သာမန်ဓာတ်မီးတစ်လက်ပဲ… ဟုတ်ပါတယ်… ဖြစ်နိုင်တာတစ်ခုကတော့ ကျွန်တော်တို့ရဲ့အဆင့်က မလုံလောက်သေးလို့ မီးအိမ်ငယ် ထဲမှာ ဘယ်လိုအမည်မသိနည်းပညာမျိုးတွေအသုံးပြုထားလဲဆိုတာကို ရှာမတွေ့နိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်…”
“သက်စွမ်းကျောက်ကတော့… နည်းပညာတစ်ခုတည်းနဲ့ဖန်တီးထားတာမဟုတ်ဘူး… သူ့ထဲမှာ တခြားလောကီပညာရပ်တွေလည်းပါဝင်နေတယ်… ကျွန်တော်တို့ သေချာလေ့လာကြည့်ပြီးပြီ… ဒါက ဝိညာဉ်နဲ့ပတ်သက်နေလိမ့်မယ်…”
…
ရစ်ခ်၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် ရဲရှင်းဟွေ့က ခေါင်းညိတ်ကာပြောလိုက်သည်။
“ဟာသကာတွန်းတွေကနေထွက်လာတဲ့အရာတွေက တကယ်ပဲ အဓိပ္ပာယ်မရှိဘူးလို့ထင်ရတာပဲ…”
ရဲရှင်းဟွေ့သည်ကား မီးအိမ်ငယ် အကြောင်းကို ပြောဆိုနေခြင်းပင်ဖြစ်၏။
သူ ဤသို့ပြောရခြင်း၏အဓိကအကြောင်းရင်းမှာ မီးအိမ်ငယ် ကိုရရှိပြီးနောက် သူ၏စိတ်ထဲတွင်ရရှိလိုက်သော မီးအိမ်ငယ် နှင့်ပတ်သက်သည့် မိတ်ဆက်အချက်အလက်များမှာ အလွန်ပင်မရှင်းမလင်းဖြစ်နေသောကြောင့်ပင်တည်း။
၎င်းမှာ နည်းပညာထုတ်ကုန်တစ်ခုထက် နားလည်ရခက်သော မျက်လှည့်ပစ္စည်းတစ်ခုနှင့်ပင် ပို၍တူနေသေးသည်။
ရှေးခေတ်နတ်ဘုရားများကျင့်ကြံသောကာလမှ မျက်လှည့်လက်နက်တစ်ခုကိုယူလာပြီး တိုနီစတာ့ခ်အား ခွဲခြမ်းစိတ်ဖြာခိုင်းသကဲ့သို့ပင်ဖြစ်နေ၏။
မည်သည့်အရာကိုများ ခွဲခြမ်းစိတ်ဖြာနိုင်မည်နည်း။ အများဆုံးသိနိုင်မည်မှာ ထိုမျက်လှည့်လက်နက်ထဲ၌ ထူးဆန်းပြီး အားကောင်းသောစွမ်းအင်တစ်မျိုးပါဝင်နေသည်ဟူ၍သာ ဖြစ်ပေလိမ့်မည်။
ထိုစွမ်းအင်က မည်သည့်နေရာမှလာသနည်း။
စနစ်များမတူညီသည့်အတွက်ကြောင့် တိုနီစတာ့ခ် မည်မျှပင်တော်နေပါစေ၊ ခဏတာအတွင်း၌တော့ ထိုအရာကိုဖော်ထုတ်နိုင်မည်မဟုတ်သည်မှာ သေချာလှပေသည်။
သက်စွမ်းကျောက်နှင့်ပတ်သက်၍မူ ရဲရှင်းဟွေ့အဖို့ နားလည်ရန် များစွာပိုမိုလွယ်ကူလှပေသည်။
အကြောင်းရင်းကား… ရဲရှင်းဟွေ့သည် ’ထျန်းကန်းပြောင်းလဲခြင်း ၃၆မျိုး’ မှ ’သက်သွင်းခြင်းစွမ်းရည်’ တတ်မြောက်ထားသူတစ်ဦးဖြစ်သောကြောင့်ပင်။
’သက်သွင်းခြင်းစွမ်းရည်’ တွင် သက်မဲ့အရာများအား ဝိညာဉ်ပေးအပ်နိုင်သောနည်းလမ်းများပါဝင်လေသည်။
ထိုတန်ခိုးစွမ်းအားအပြင် သက်မဲ့အရာဝတ္ထုများအား အသိဉာဏ်ရှိလာစေရန် ပြုလုပ်နိုင်သည့် အခြားနည်းလမ်းများလည်း အမှန်စင်စစ်ရှိနေသေး၏။
’သက်သွင်းခြင်းစွမ်းရည်’ သည်ကား နည်းလမ်းအားလုံးထဲတွင် အကောင်းဆုံးဖြစ်ရုံသာမက အခြားသောနည်းလမ်းများမှာလည်း ၎င်းမှဆင်းသက်လာခြင်းဖြစ်သည်ဟုပင်ဆိုနိုင်ပေသည်။
ဥပမာတစ်ခုမှာ မျက်လှည့်လက်နက်များ၏ လက်နက်ဝိညာဉ်ပင်ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်မရှိသော အရာဝတ္ထုတစ်ခုအား ၎င်း၏ကိုယ်ပိုင်ဝိညာဉ်ကိုပေးအပ်လိုက်ခြင်းနှင့်တူညီလှပေသည်။
ဤသို့တွေးမိသောအခါ ရဲရှင်းဟွေ့သည် မီးအိမ်ငယ် ထက် သက်စွမ်းကျောက်ကို ပို၍ပင်စိတ်ဝင်စားလာခဲ့တော့သည်။
အကယ်၍ သူသာ သက်စွမ်းကျောက်ကို ကောင်းမွန်စွာလေ့လာနိုင်ခဲ့ပါလျှင် ’သက်သွင်းခြင်းစွမ်းရည်’ အပေါ် သူ၏နားလည်နိုင်စွမ်းမှာ များစွာတိုးတက်လာလိမ့်မည်ဟု ရဲရှင်းဟွေ့တစ်ယောက် ယုံကြည်မိ၏။
ယခုအချိန်အထိ ရဲရှင်းဟွေ့ရရှိထားသောစွမ်းရည်များထဲတွင် အမြင့်ဆုံးအဆင့်မှာကား ’ထျန်းကန်းပြောင်းလဲခြင်း ၃၆မျိုး’ ပင်ဖြစ်လေသည်။
အထူးသဖြင့် ’သက်သွင်းခြင်းစွမ်းရည်’ သည် ဖန်တီးခြင်း၏စွမ်းအားကိုပိုင်ဆိုင်ထားသော တန်ခိုးတစ်မျိုးဖြစ်ပြီး မဖြစ်နိုင်သောအရာအားလုံးကို ဖြစ်နိုင်အောင်ပြောင်းလဲပေးနိုင်သော တန်ခိုးစွမ်းအားတစ်ခုလည်း ဖြစ်ပေသည်။
…
ဓာတ်ခွဲခန်းရှိကိုယ်ပွားများကိုနှုတ်ဆက်ပြီးနောက် ရဲရှင်းဟွေ့သည် မီးအိမ်ငယ် နှင့် သက်စွမ်းကျောက်တို့ကိုကိုင်ဆောင်လျက် တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲမှ ထွက်ခွာလာခဲ့သည်။
မထွက်ခွာမီတွင် ရဲရှင်းဟွေ့သည် အရာဝတ္ထုနှစ်ခုလုံးကို တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲရှိ သူ၏အခြားပိုင်ဆိုင်မှုများထားရှိရာနေရာတွင် ထားရှိခဲ့လေသည်။
ယခုအချိန်အထိ ရဲရှင်းဟွေ့၌ ကိုယ်ပိုင်သိုလှောင်ပစ္စည်းဟူ၍မရှိသေးပါချေ။
တိတိကျကျဆိုရပါလျှင် ရဲရှင်းဟွေ့သည် မည်သည့်သိုလှောင်ရေးပစ္စည်းမှမလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် တောင်တန်းနှင့် မြစ်ချောင်းများမြေပုံသည် အလွန်အံ့ဖွယ်ကောင်းသော နေရာလွတ်သိုလှောင်ရေးပစ္စည်းတစ်ခုဖြစ်သောကြောင့်ပင်တည်း။
ရဲရှင်းဟွေ့သည် သူပုံမှန်အသုံးပြုလေ့ရှိသောပစ္စည်းများအားလုံးကို တောင်တန်းနှင့် မြစ်ချောင်းများမြေပုံအတွင်းရှိ နေရာတစ်ခုတည်း၌ စုပုံထားလိုက်သည်။ သူ အသုံးပြုလိုသည့်အခါတိုင်း သူ၏တန်ခိုးစွမ်းအားကိုအသုံးပြုကာ ၎င်းတို့ကို သူ၏လက်ထဲသို့ယူဆောင်ခြင်း သို့မဟုတ် သူ၏ရှေ့တည့်တည့်၌ တိုက်ရိုက်ပေါ်လာစေခြင်းတို့ဖြင့် ရယူနိုင်ပေသည်။
.......
တောင်တန်းနှင့် မြစ်ချောင်းများမြေပုံမှထွက်ခွာပြီးနောက် ရဲရှင်းဟွေ့သည် သူတို့အိမ်၏ခေါင်မိုးထပ်ပေါ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။
ခေါင်မိုးထပ်တွင် ရဲလန်ယွဲ့တစ်ယောက်သာ တဲနန်းဆောင်ထဲ၌ထိုင်လျက် ကျန်ရစ်ခဲ့လေသည်။
ရဲလန်ယွဲ့မှာ သူမ၏ရှေ့မှ ရုပ်ပုံထင်ဟပ်နေသောမျက်နှာပြင်မှတစ်ဆင့် ရဲချန်နှင့်အခြားသူများ၏လုပ်ဆောင်ချက်များကို ကြည့်ရှုနေလေ၏။
ရဲရှင်းဟွေ့ကိုသတိပြုမိသောအခါ ရဲလန်ယွဲ့က နောက်သို့လှည့်မကြည့်ဘဲဆိုလာသည်။
“အဖေတို့က သွားရမယ့်လမ်းကြောင်းကို ဆုံးဖြတ်ပြီးသွားကြပြီ… ဒါကြောင့် မင်းလည်းထွက်ခွာဖို့အချိန်တန်ပြီ…”
သူ့အစ်မ၏စကားကိုကြားသောအခါ ရဲရှင်းဟွေ့က ပြုံးလိုက်ပြီးနောက်
“ကျွန်တော်သိပါတယ်… အခုသွားတော့မယ်…”
ရဲရှင်းဟွေ့တစ်ယောက် ဝင်ပေါက်ကိုဖွင့်ကာ ထွက်ခွာရန်ပြုလိုက်စဉ်မှာပင် သူ၏အကြည့်များမှာ ခေါင်မိုးထပ်ပေါ်ရှိ လေယာဉ်ပျံတစ်စင်းထံသို့ ဆွဲဆောင်ခြင်းခံလိုက်ရလေသည်။
ဤလေယာဉ်ပျံမှာ အလွန်မကြီးမားလှဘဲ Marvelရုပ်ရှင်များထဲမှ ကွင်းဂျက်၏ သေးငယ်သောပုံစံတစ်မျိုးနှင့် အနည်းငယ်ဆင်တူလှသည်။
“အစ်မ… ကျွန်တော် အစ်မရဲ့လေယာဉ်ပျံကို အဲ့ဒီကိုမောင်းသွားလို့ရလား…”
ရဲရှင်းဟွေ့က ရဲလန်ယွဲ့၏လေယာဉ်ပျံကို လက်ညှိုးထိုးပြလျက် မေးလိုက်သည်။
“ဟင်…”
ရဲလန်ယွဲ့က ရဲရှင်းဟွေ့ကိုပြန်ကြည့်ကာ မေးလိုက်၏။
“ဒီဟာက မင်းရဲ့ဝင်ပေါက်လောက် အဆင်ပြေမှာမဟုတ်ဘူးထင်တယ်နော်…”
သို့သော်လည်း သူမ၏မောင်ဖြစ်သူ၏အသက်အရွယ်ကို စဉ်းစားလိုက်သောအခါ ရဲလန်ယွဲ့တစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လူငယ်များမည်သည် ဤကဲ့သို့သော ခေတ်မီဆန်းပြားသည့်အရာများကို အမြဲတစေစိတ်ဝင်စားကြသည် မဟုတ်လား။
“ကောင်းပြီလေ… နင်လိုချင်ရင်လည်း ဒီလေယာဉ်ပျံကိုယူသွားလိုက်…”
သူ့အစ်မ၏အဖြေကိုကြားပြီးနောက် ရဲရှင်းဟွေ့က သူမကိုကျေးဇူးတင်စကားဆိုကာ လေယာဉ်ပေါ်သို့တက်သွားလေသည်။
ရဲရှင်းဟွေ့ ဤလေယာဉ်ပျံကိုလိုချင်ရခြင်း၏အဓိကအကြောင်းရင်းမှာ သက်စွမ်းကျောက်ကို နောက်တစ်ကြိမ်အသုံးပြုကြည့်လိုသောကြောင့်ပင်ဖြစ်သည်။
ဖုန်းစက်ရုပ်၏ ရဲရှင်းဟွေ့အပေါ်သက်ရောက်မှုမှာ အလွန်သေးငယ်လှသောကြောင့် အရွယ်အစားကြီးမားသောစက်ရုပ်ကို အသုံးပြုခြင်းက ပို၍စိတ်ဝင်စားစရာကောင်းပေလိမ့်မည်။
ယခုချက်ချင်းပင် လေယာဉ်ပျံကို ထရန်စဖော်မာအဖြစ်သို့ပြောင်းလဲကာ ရဲလန်ယွဲ့ကိုအံ့အားမသင့်စေရသည့်အကြောင်းရင်းမှာ ထိုစက်ရုပ်သည် အော်တိုဘော့ဖြစ်လာမည်လား သို့တည်းမဟုတ် ဒီစက်ပ်တီကွန်ဖြစ်လာမည်လား ဆိုသည်ကို သူ မသေချာသောကြောင့်ပင်တည်း။
အကယ်၍ ၎င်းမှာ အော်တိုဘော့အဖြစ်သို့ပြောင်းလဲသွားပါက ကံကောင်းသည်ဟုဆိုနိုင်သော်ငြား ဒီစက်ပ်တီကွန်တစ်ကောင်သာ ထွက်ပေါ်လာခဲ့ပါမူ ဤအဆောက်အအုံကြီးကိုပင် ဖြိုချဖျက်ဆီးသွားနိုင်ပေသည်။
ထို့ကြောင့် ဘေးကင်းလုံခြုံမှုအတွက် ရဲရှင်းဟွေ့သည် လေယာဉ်ပျံကိုမောင်းနှင်ကာ နိုင်ငံပြင်ပသို့ထွက်ခွာပြီးမှ သူ၏စမ်းသပ်မှုကိုပြုလုပ်ရန်စီစဉ်လိုက်လေသည်။
.......
လေယာဉ်ပျံ၏လုပ်ဆောင်ချက်အတွက် ရဲရှင်းဟွေ့ စိုးရိမ်ပူပန်စရာမလိုအပ်ပါချေ။
အကြောင်းမှာ ရဲရှင်းဟွေ့သည် ဂျားဗစ်အား လေယာဉ်၏အသိဉာဏ်စနစ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခိုင်းလိုက်သောကြောင့်ဖြစ်၏။
သို့သော်… သူ့အစ်မပြုလုပ်ထားသော အသိဉာဏ်စနစ်ထဲသို့ ဂျားဗစ်အနေဖြင့်ဝင်ရောက်ရန်မှာ မလွယ်ကူလှပါချေ။
သို့ပေသိ ရဲလန်ယွဲ့က သူ့အားလေယာဉ်ပျံကိုမောင်းနှင်နိုင်ရန်အတွက် အမိန့်ပေးနိုင်သည့်အခွင့်အာဏာကိုပေးအပ်လိုက်သောအခါ အရာအားလုံးမှာ ရိုးရှင်းလွယ်ကူသွားခဲ့လေသည်။
လေယာဉ်ပျံသည် အလွန်လျင်မြန်သောအရှိန်ဖြင့် နိုင်ငံအတွင်းမှပျံသန်းထွက်ခွာသွားလေ၏။
အစပိုင်းတွင် ရဲရှင်းဟွေ့မှာ အနည်းငယ်စိုးရိမ်နေခဲ့သေးသည်။ တရုတ်နိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေးစနစ်က သူ့ကိုပစ်ချမည်ကို သူစိုးရိမ်မိလေသည်။
နိုင်ငံမှထွက်ခွာပြီးနောက်တွင်မူ သူ၏စိုးရိမ်ပူပန်မှုများမှာ မလိုအပ်ကြောင်းကို ရဲရှင်းဟွေ့သဘောပေါက်သွားခဲ့သည်။
တရုတ်နိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေးအဆောက်အအုံများမှာ သူ၏လေယာဉ်ပျံကို လုံးဝသတိပြုမိခြင်းမရှိခဲ့ပါချေ။
ပင်လယ်ပြင်ဆီသို့ရောက်ရှိလာပြီးနောက် ရဲရှင်းဟွေ့သည် လေယာဉ်ပျံထဲမှ ပျံသန်းထွက်လာခဲ့သည်။
ထိုအချိန်တွင် လူတိုင်းကိုစောင့်ကြည့်နေသော ရဲလန်ယွဲ့သည် ရဲရှင်းဟွေ့မောင်းနှင်နေသောလေယာဉ်ပျံက လမ်းခုလတ်၌ရပ်တန့်သွားသည်ကို တွေ့ရှိလိုက်ရသည်။
“ဟင်… ရှင်းဟွေ့ ဘာလုပ်နေတာလဲ…”
ရေရွတ်လိုက်ပြီးနောက် ရဲလန်ယွဲ့သည် သူ၏အခြေအနေကို ချဲ့ကြည့်လိုက်လေသည်။
သူမသည် ရဲရှင်းဟွေ့တစ်ယောက် ကုဗတုံးတစ်ခုကိုကိုင်ဆောင်ထားသည်ကို မြင်လိုက်ရပြီးနောက် ထိုကုဗတုံးမှအလင်းတန်းများ ထွက်ပေါ်လာသည်ကိုတွေ့လိုက်ရ၏။ ဤထူးဆန်းသောအလင်းရောင်သည် လေယာဉ်ပျံကို လျင်မြန်စွာဖုံးလွှမ်းသွားပြီးနောက် တချွတ်ချွတ်မြည်သံများ ထွက်ပေါ်လို့လာသည်။
အသံများထွက်ပေါ်ပြီးနောက်တွင် လေထဲ၌ပျံဝဲနေသောလေယာဉ်ပျံသည် အဆင့်မြင့်နည်းပညာစက်ရုပ်ကြီးတစ်ရုပ်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
“ဟင်… ဒါက ဘယ်လိုဖြစ်ရတာလဲ…”
အရာအားလုံးကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသော ရဲလန်ယွဲ့မှာ အနည်းငယ်စိတ်ရှုပ်ထွေးသွားရလေသည်။
“မဟုတ်မှလွဲရော… တခြားတာအိုရသေ့ကြီးတစ်ပါးပါးကမသေခင် သူ့ရဲ့အမွေအနှစ်တွေကို ငါ့မောင်လေးကို ပေးသွားပြန်ပြီလားမသိဘူး…”
ရဲလန်ယွဲ့၏ညည်းတွားစကားမှာ အမှန်စင်စစ် နောက်ပြောင်ခြင်းတစ်ခုသာဖြစ်လေသည်။
ရဲလန်ယွဲ့သည် သူမ၏မောင်နှစ်ယောက်အပေါ်၌ ပို၍ပို၍သိချင်စိတ်ပြင်းပြလာခဲ့သည်။
အငယ်ဆုံးတစ်ယောက်မှာ… အခါအားလျော်စွာ ထူးဆန်းသောစွမ်းရည်များ သို့မဟုတ် ပစ္စည်းများကိုရရှိလာတတ်၏။
နောက်တစ်ယောက်မှာမူ သူမပင်မမြင်နိုင်လောက်အောင် အလွန်အမင်းစွမ်းအားကြီးမားလှပေသည်။
အမှန်တကယ်တွင်မူ… ရဲရှင်းဟွေ့သည် ကုန်တင်ကားဖြင့်တိုက်ခံရသော တာအိုရသေ့အိုကြီးတစ်ပါးနှင့်တွေ့ဆုံခဲ့သည်ဟုဆိုရမည့်အစား ရဲရှင်းချန်၏အခြေအနေကသာ ကုန်တင်ကားဖြင့်တိုက်ခံရသော တာအိုရသေ့အိုကြီးတစ်ပါးနှင့်တွေ့ဆုံခဲ့သည်နှင့် ပို၍တူညီလှပေသည်။
အကြောင်းမှာ… ရဲရှင်းချန်သည် အမှန်တကယ်ပင်ကျင့်ကြံနေသူဖြစ်ပြီး သူ၏ကျွမ်းကျင်မှုအဆင့်မှာ အလွန်မြင့်မားလှရာ သူမကဲ့သို့ ဆယ်ကြိမ်တိုင်တိုင်ဝင်စားခဲ့သူတစ်ဦးပင်လျှင် သူ့ကိုမမြင်နိုင်လောက်အောင်ဖြစ်နေသောကြောင့်တည်း။
ရဲရှင်းချန်သည် ယခင်က မည်သည့်အခါမှကျင့်ကြံခဲ့ခြင်းမရှိပေ။ လွန်ခဲ့သောအချိန်အနည်းငယ်က သူ ရုတ်တရက်ကျင့်ကြံနိုင်စွမ်းရရှိခဲ့သည်ကို ရဲလန်ယွဲ့တစ်ယောက် သေချာပေါက်သိရှိလေသည်။
ဤသည်မှာ ဝတ္ထုများထဲတွင်ပါရှိသော မသေဆုံးမီ ကျွမ်းကျင်မှုများကိုလွှဲပြောင်းပေးခြင်းနှင့် အနည်းငယ်ပို၍ဆင်တူလှပေသည်။
ဤသို့တွေးမိသောအခါ ရဲလန်ယွဲ့တစ်ယောက် ခေါင်းခါလိုက်မိသည်။
သူမ အတွေးလွန်သွားပြီဟု ခံစားလိုက်ရလေသည်။
အိမ်တွင်… သူမ၏အဖေ၊ သူမ၏ဒုတိယဦးလေး၊ သူမ၏အငယ်ဆုံးဦးလေးနှင့် သူမ၏မောင်နှစ်ယောက်တို့အနက် မည်သူကများ သာမန်လူတစ်ယောက်ဖြစ်ပါသနည်း။
ဘယ်သူမှ သာမန်မဟုတ်ကြပါချေ။
လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိကြပြီး တစ်ယောက်ထက်တစ်ယောက် ပို၍အင်အားကြီးမားကြလေသည်။
မိသားစုထဲမှလူတိုင်း ဘေးကင်းသရွေ့တော့ အရာအားလုံးအဆင်ပြေသည်သာဖြစ်၏။
ရဲလန်ယွဲ့က သူမ၏ မရေရာသောအတွေးများကိုဖယ်ရှားလိုက်ပြီးနောက် သူမ၏အာရုံကို ရှေ့မှမျက်နှာပြင်ထံသို့ တစ်ဖန်ပြန်လည်စူးစိုက်လိုက်လေတော့သည်။