← Chapters

နောက်ကွယ်မှ ကြိုးကိုင်သူ

Vol. 17 Ch. 234

နောက်ကွယ်မှ ကြိုးကိုင်သူ

Vol. 17 Ch. 234

ကြယ်တာရာဧကရာဇ်ဂိုဏ်းမှ ယုံကြည်သူများက မရေမတွက်နိုင်သော အသက်များကို စတေး၍ အခြားကမ္ဘာတစ်ခုသို့ သွားသော အာကာသလမ်းကြောင်းတစ်ခုကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့၏။

သို့သော်လည်း... ဤယုံကြည်သူများမှာ အာကာသလမ်းကြောင်းအတွင်းသို့ ကိုယ်တိုင်ဝင်ရောက် စွန့်စားကြမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို သာမန်လူတစ်ယောက်နှင့်အတူ အာကာသလမ်းကြောင်းထဲသို့ ခေါ်ဆောင်သွားရန် တောင်းဆိုခဲ့၏။

မိစ္ဆာကျင့်ကြံသူ ခေါ်ဆောင်လာသောသူမှာ ရဲယင် ဖြစ်သည်။

မိစ္ဆာကျင့်ကြံသူနှင့် ရဲယင်တို့မှာ အာကာသလမ်းကြောင်းကို ဖြတ်သန်းပြီးနောက် ကမ္ဘာမြေသို့ ရောက်ရှိလာ၏။ သူတို့ ပထမဆုံး ပေါ်ထွက်လာသည့်နေရာမှာ ကျွန်းစုနိုင်ငံ၏ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို အတွင်း၌ ဖြစ်သည်။

မိစ္ဆာကျင့်ကြံသူတစ်ယောက်အတွက် နျူကလီးယား ရောင်ခြည်ဖြာထွက်မှုများက ရတနာတစ်ခုသဖွယ် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နျူကလီးယား ရောင်ခြည်ဖြာထွက်မှုများက သက်ရှိများကို ကူးစက်ရာ၌ မိစ္ဆာစွမ်းအင်၏ အစွမ်းကို ပို၍ တိုးမြှင့်ပေးနိုင်သောကြောင့် ဖြစ်သည်။

နျူကလီးယား ရောင်ခြည်ဖြာထွက်မှုနှင့် မိစ္ဆာစွမ်းအင်တို့ကို ပေါင်းစပ်မှုကို ပိုမိုပြည့်စုံစေရန် အချိန်အလုံအလောက်သာ ပေးလိုက်ပါက သူက မိစ္ဆာအ‌ေစခံများကို အဆက်မပြတ် ဖန်တီးနိုင်ပေလိမ့်မည်။

မသိသေးသော ကမ္ဘာကို စူးစမ်းရှာဖွေရာ၌ ရှေ့ပြေးတစ်ယောက်အဖြစ် အသုံးချခံရခြင်းက မိစ္ဆာကျင့်ကြံသူ အုပ်စုတစ်ခုလုံးတွင် သူ၏ အဆင့်အတန်းမှာ အလွန်နိမ့်ကျကြောင်း ပြသနေ၏။ ယခုအခါ သူက စွမ်းရည်တစ်ခုကို ပိုင်ဆိုင်သွားပြီ ဖြစ်ရာ လူ့အဖွဲ့အစည်းကို လက်စားချေရန် ရွေးချယ်လိုက်သည်မှာ သဘာဝကျသည်။ သူ့အပေါ် နိုင်ထက်စီးနင်း ပြုခဲ့သော ကျင့်ကြံခြင်းကမ္ဘာကို လက်စားချေရန် သူက ကြံစည်ထား၏။

သုတေသန၌ ယစ်မူးသွားသော မိစ္ဆာကျင့်ကြံသူမှာ ရဲယင်၏ တည်ရှိမှုကို ဂရုမစိုက်တော့ချေ။ ထိုသို့ဖြင့် ရဲယင်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုမှ လွတ်မြောက်သွားခဲ့သည်။

ရဲယင်၏ ခွန်အားမှာ ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံး၌ သိပ်မကောင်းလှသော်လည်း ကမ္ဘာမြေပေါ်တွင်မူ သူက ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်သည်မှာ သေချာ၏။ သူက ကျွန်းစုနိုင်ငံ၌ ကျင့်ကြံခြင်းကမ္ဘာသို့ ပြန်ရန် နည်းလမ်းကို လျင်မြန်စွာ ရှာတွေ့သွားသည်။ ထိုနေရာမှာ ရဲရှင်းချန် ချောက်ကမ်းပါးမှ ခုန်ချခဲ့သည့် နေရာပင် ဖြစ်၏။

ဤကမ္ဘာ၌ နေထိုင်ပါက ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး သူ့ကို လိုက်လံဖမ်းဆီးသူလည်း မရှိနိုင်ကြောင်း ရဲယင် သိသည်။ တစ်ခုတည်းသော ဒုက္ခပေးနိုင်မည့်သူမှာ ထိုမိစ္ဆာကျင့်ကြံသူ ဖြစ်နိုင်၏။ သူက မိစ္ဆာကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သော်လည်း ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးက သူ့ကို လိုက်လံသတ်ဖြတ်နေကြသည် မဟုတ်ပါလား။

သို့ဖြစ်လင့်ကစား ရဲယင်မှာ ကမ္ဘာမြေပေါ်တွင် နေထိုင်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ပို၍ အားကောင်းလာရန် မဖြစ်နိုင်ကြောင်း သူ ခံစားမိသောကြောင့် ဖြစ်သည်။ သူက ပို၍ အားကောင်းလာပြီး သူ့မိခင်အတွက် လက်စားချေလို၏။ ထို့ကြောင့် သူက ကျင့်ကြံခြင်းကမ္ဘာသို့ မဖြစ်မနေ ပြန်ရမည် ဖြစ်သည်။

…

ယနေ့မှာ ရဲရှင်းချန် ချမှတ်ထားသော တံဆိပ်ကို အင်အားသုံး၍ ချိုးဖျက်ကာ ကျင့်ကြံခြင်းကမ္ဘာသို့ ပြန်ရန် ရဲယင် ကြံစည်ထားသောနေ့ ဖြစ်သည်။ သို့သော်လည်း သူ အတွေ့ချင်ဆုံးနှင့် အမတွေ့ချင်ဆုံးသော လူကို တွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ရဲယင်ကို နားမလည်နိုင် ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ ရဲရှင်းချန်၏ မျက်နှာက အလွန်နုပျိုလွန်းနေခြင်း ဖြစ်သည်။ ထို့အပြင် သူနှင့် ရုပ်ချင်းခွဲမရအောင် တူသော ရဲရှင်းဟွေ့လည်း ရှိနေသေး၏။

"ဒါက ဘာတွေ ဖြစ်နေတာလဲ..."

ရဲယင်မှာ အလွန် စိတ်ရှုပ်ထွေးသွားသည်။

ရဲယင်မှာ မွေးကတည်းက ရဲရှင်းချန်ကို မမြင်ဖူးခဲ့ပေ။ သူက ရဲရှင်းချန်ကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း သူတို့မိသားစုတွင် ရဲရှင်းချန်၏ ပုံတူပန်းချီကားများစွာ ရှိပြီး ထိုပန်းချီကားများအားလုံးကို သူ၏ မိခင်က ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

သူ ယခုလေးတင် မြင်လိုက်ရသူမှာ သူသိသော ကြယ်တာရာဧကရာဇ် ဟုတ်မဟုတ် ရဲယင် တွေးတောနေစဉ်မှာပင် ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာလည်း ချောက်ကမ်းပါးအောက်မှ ပျံတက်လာကြသည်။

"ဒီက လမ်းကြောင်းမှာ ပြဿနာ မရှိဘူး..."

"နောက်ဆိုရင် ဖူကူရှီးမားကို သွားကြည့်ကြတာပေါ့..."

ရဲရှင်းချန်၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီး ဝါးဟော့ခ်ကို လေယာဉ်အဖြစ် ပြန်ပြောင်းစေကာ သူတို့နှစ်ယောက်မှာ လေယာဉ်ဖြင့် ဖူကူရှီးမားသို့ သွားရန် ပြင်လိုက်ကြသည်။

…

အဝေးတစ်နေရာမှ ရဲယင်မှာ သူတို့နှစ်ယောက်၏ စကားကို ကြားလိုက်ရသည်။ သူက မူလက ဤကမ္ဘာမှ ထွက်ခွာ၍ ကျင့်ကြံခြင်းကမ္ဘာသို့ သွားရန် ကြံရွယ်ထားသော်လည်း သူ့စိတ်ကူးကို ပြောင်းလိုက်၏။ သူ မြင်လိုက်ရသည့် လူငယ်မှာ သူသိသော ဒဏ္ဍာရီလာ ဧကရာဇ်၊ ကြယ်တာရာဧကရာဇ် ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလိုသည်။

လေယာဉ် ထွက်ခွာသွားပြီးနောက် ရဲယင်ကလည်း သူ၏ အလုပ်သမားဝတ်စုံကို ချွတ်၍ နေရာတစ်ခုခုကို ရှာကာ သူ၏ ဓားပျံကို အသုံးပြု၍ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုဆီသို့ ပျံသန်းသွားသည်။

…

အခြားတစ်ဖက်တွင်…

ကွန်ပျူတာရှေ့တွင် ထိုင်၍ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုကို ဂြိုလ်တုများဖြင့် စောင့်ကြည့်နေသော ရဲလန်ယွဲ့မှာ ပြဿနာကို နောက်ဆုံး၌ ရှာတွေ့သွား၏။

ယခင်က ရဲလန်ယွဲ့မှာ နျူကလီးယား ဓာတ်ပေါင်းဖိုထဲ၌ မည်သည့် မိစ္ဆာစွမ်းအင်ကိုမျှ မတွေ့ရှိခဲ့ပေ။ သို့သော်လည်း ခေတ္တခဏ စောင့်ကြည့်ပြီးနောက် ဘာတွေဖြစ်နေသည်ကို ရဲလန်ယွဲ့ သိရှိသွားသည်။

မိစ္ဆာစွမ်းအင်များ ဖြစ်ပေါ်လာခဲ့သော်လည်း ထိုစွမ်းအင်များမှာ သိပ်မပြင်းထန်လှချေ။ အကြောင်းရင်းမှာ မိစ္ဆာစွမ်းအင်အားလုံးကို နျူကလီးယား ရောင်ခြည်ဖြာထွက်မှုထဲသို့ ပေါင်းစပ်ထည့်သွင်းထားသောကြောင့် ဖြစ်သည်။ မိစ္ဆာစွမ်းအင်နှင့် ပေါင်းစပ်ထားသော နျူကလီးယား ရောင်ခြည်ဖြာထွက်မှုကို ထုတ်လွှတ်လိုက်ပါက အချိန်တိုအတွင်း ဧရိယာကျယ်ကြီးတစ်ခုလုံးရှိ သက်ရှိအားလုံးကို မိစ္ဆာအဖြစ် ပြောင်းလဲပစ်ပေလိမ့်မည်။

အစကတည်းက နောက်ကွယ်မှ ကြိုးကိုင်သူမှာ မိစ္ဆာစွဲကပ်နေသော သတ္တဝါများကို စားသုံးစေခြင်း သို့မဟုတ် နျူကလီးယား ရေဆိုးများကို သောက်သုံးစေခြင်းဖြင့် လူများကို ဗီဇပြောင်းလဲစေရန် ကြံစည်နေခြင်း မဟုတ်ပေ။ သူတို့က ပိုမိုမြန်ဆန်စွာ ပျံ့နှံ့စေရန် ပို၍ပင် ရူးသွပ်သောအရာတစ်ခုကို ကြံစည်နေကြခြင်း ဖြစ်သည်။ ဧကရာဇ်ရှိုဂို စားသုံးခဲ့သော မိစ္ဆာစွဲကပ်နေသည့် သတ္တဝါများမှာ စမ်းသပ်မှု၏ ထွက်ကုန်များသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရ၏။

"နောက်ကွယ်ကလူက ပြင်ဆင်မှု နှစ်ခု လုပ်ထားပုံပဲ... ကျွန်းစုနိုင်ငံရဲ့ ဧကရာဇ်ကို ထိန်းချုပ်ထားရင်းနဲ့ တစ်ဖက်မှာလည်း မိစ္ဆာစွမ်းအင်ကို ရောင်ခြည်ဖြာထွက်မှုထဲ ပေါင်းစပ်ဖို့ စမ်းသပ်မှုတွေ လုပ်နေတာ..."

"ရောင်ခြည်ဖြာထွက်မှုထဲ ပေါင်းထည့်တဲ့နည်းလမ်း အလုပ်မဖြစ်ရင် သူက နျူကလီးယား ရေဆိုးတွေကို ကျွန်းစုနိုင်ငံတစ်ခုလုံးထဲ စီးဝင်စေပြီး ကျွန်းစုနိုင်ငံက နိုင်ငံသားအားလုံးကို မိစ္ဆာဖြစ်အောင် လုပ်လိမ့်မယ်..."

နောက်ကွယ်မှ ကြိုးကိုင်သူမှာ အလွန် ပါးနပ်ပြီး စူးစမ်းလိုစိတ် ရှိကြောင်းကို ရဲလန်ယွဲ့မှာလည်း ဝန်ခံရမည် ဖြစ်သည်။

နောက်ကွယ်မှ ကြိုးကိုင်သူ၏ အတွေးများကို သိရှိသွားသောအခါ ရဲလန်ယွဲ့က ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့တို့ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

"ရှင်းချန်၊ ရှင်းဟွေ့... နင်တို့နှစ်ယောက် ဘယ်မှာလဲ..."

"ငါတို့လား... ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုကို မကြာခင် ရောက်တော့မှာ... ဘာဖြစ်လို့လဲ..."

"နင်တို့ နောက်ကွယ်ကလူကို အမြန်ဆုံး ရှာတာ ပိုကောင်းမယ်... သူက မိစ္ဆာစွမ်းအင်ကို ရောင်ခြည်ဖြာထွက်မှုထဲ ပေါင်းထည့်ထားတယ်... ရောင်ခြည်ဖြာထွက်မှု ပေါက်ကွဲသွားတာနဲ့ ဖူကူရှီးမားထဲမှာနဲ့ အနီးအနားက သက်ရှိအားလုံး ချက်ချင်း မိစ္ဆာဖြစ်သွားလိမ့်မယ်..."

ရဲလန်ယွဲ့၏ စကားများက ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့ကို တုန်လှုပ်သွားစေသည်။

သို့သော်လည်း ရဲရှင်းဟွေ့က တစ်စုံတစ်ခု မမေးမီမှာပင် ရဲလန်ယွဲ့က ဆက်ပြောလိုက်၏။

"အတိုချုပ်ပြောရရင် နင်တို့ နောက်ကွယ်ကလူကို အမြန်ဆုံး ရှာသင့်တယ်... သူက မိစ္ဆာစွမ်းအင်ကို ထိန်းချုပ်ထားနိုင်တယ်... သူသာ ဆန္ဒရှိရင် ရေဒီယိုသတ္တိကြွမိစ္ဆာစွမ်းအင်က အချိန်မရွေး ပေါက်ကွဲနိုင်တယ်..."

ရဲရှင်းဟွေ့က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "နေရာအတိအကျ သိလား..."

"မသိဘူး... နင်တို့ကိုယ်တိုင် ရှာရမှာပဲ... ငါ နင်တို့ကို ကူညီဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်... ဒါပေမဲ့ သူ့နေရာက နျူကလီးယား ဓာတ်ပေါင်းဖိုနဲ့ သိပ်မဝေးလောက်ဘူးလို့ ငါထင်တယ်... အရမ်းဝေးနေရင် မိစ္ဆာစွမ်းအင်ကို ထိန်းချုပ်ရတာ လွယ်မှာမဟုတ်ဘူး..."

"ငါ နားလည်ပြီ..." ရဲရှင်းဟွေ့က ပြန်ဖြေ၍ ဖုန်းချလိုက်သည်။

တိုက်ဆိုင်စွာပင် ဝါးဟော့ခ်မှာလည်း ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုသို့ ရောက်ရှိလာ၏။ ဝါးဟော့ခ်က အောက်သို့ ဆင်းသက်တော့မည့်ဆဲဆဲတွင် ရဲရှင်းချန်က သူ့ကို တားလိုက်သည်။

"ဆင်းစရာ မလိုဘူး... ငါ့နာမ်အာရုံနဲ့ သူ့ကို ရှာလိုက်မယ်..."

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရဲရှင်းချန်၏ ဝိညာဉ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး သူ၏ နာမ်အာရုံက နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။

တစ်ချိန်တည်းမှာပင်…

ဝါးဟော့ခ်၏ နောက်မှ ဓားပျံဖြင့် လိုက်ပါလာသော ရဲယင်မှာလည်း ဤကြီးမားသော ဝိညာဉ်စွမ်းအားကို ခံစားလိုက်မိသည်။ သူ ခံစားမိသည့် အချိန်တွင် အချိန်နှောင်းသွားလေပြီ။ ရဲရှင်းချန်က သူ့ကို သိရှိသွားနှင့်ပြီ ဖြစ်၏။

နျူကလီးယား ဓာတ်ပေါင်းဖိုအနီးတွင် ရှိနေပြီး ဓားပျံဖြင့် ပျံသန်းနိုင်သောလူ… သူက လမ်းကြုံ၍ ဖြတ်သွားခြင်းသာ ဖြစ်သည်ဟု ဆိုပါက ရှောင်ဟာ့ပင်လျှင် ယုံမည် မဟုတ်သဖြင့် ရဲရှင်းချန်မှာ အဘယ်မှာလျှင် ယုံမည်နည်း။

"တွေ့ပြီ..."

ရဲရှင်းချန်က မျက်လုံးဖွင့်လိုက်လျှင် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွား၏။ သူ တစ်ဖန် ပြန်ပေါ်လာသောအခါ၌ သူက ရဲယင်၏ ရှေ့မှောက်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။

All Chapters